(အခြေခံပုံကြမ်းအားပြသခြင်း)
Vol. 3 Ch. 32
“ဆရာလု.. ကျေးဖူးပြုပြီး ဒီကိစ္စကို ကျွန်တော့အတွက် အချိန်တစ်ခုလောက် ဖုံးကွယ်ထားပေးပါ”
ဟန်ကျောက်က လက်သီးနှစ်ဖက်ကို ဆုပ်ကာပြောသည်။ လုယီက သူ့ကို နက်ရှိုင်းစွာ ကြည့်ကာ ဟာသနှောကာ ပြောဆို၏။
“မင်းက တကယ့်ဉာဏ်နီဉာက်နက် များတဲ့ကောင်ပဲ”
ဟန်ကျောက်၏ ဆိုလိုရင်းကို သူနားလည်ပါသည်။ ဆေဘာဓါး ကျင့်ကြံရာတွင် သူဟာ တစ်နှစ်ခွဲပင် မပြည့်သေးပဲ အရိုးသန့်စင်ခြင်း အဆင့်ကို ရောက်ရှိခဲ့၏။ အဓိက အဖွဲ့ကြီးများအားလုံးဟာ ထိုပါရမီရှင်ကို ဝိုင်းလုကြမှာပါ။ ဟန်ကျောက်သာ ကောင်းကောင်း မကိုင်တွယ်နိုင်ပါက မထိပါးနိုင်သည့် လူအချို့ကို ထိပါးမိနိုင်၏။
သို့ရာတွင် နောက်နှစ်ဝက်လောက်ကြာမှ ဖော်ပြလျှင်တော့ သူ့အပေါ် သုံးသပ်ချက်ဟာ ပါရမီရှင်မှ ထူးချွန်သူအဖြစ်သို့ ကျဆင်းသွားမှာပါ။ အဖွဲ့ကြီးများစွာဟာ သူ့ကို လိုချင်ကြဦးမှာ ဖြစ်ပေမယ့် ထိုအတွက် တိုက်ခိုက်နေကြမည် မဟုတ်ပေ။
ဟန်ကျောက်၏ နောက်ခံဟာ သာမန်ဆန်ပြီး ပါရမီဟာ နိမ့်ပါးပေမယ့် သူ၏ နားလည်သဘောပေါက်နိုင်စွမ်းနှင့် စိတ်အခြေအနေဟာ အမှန်တကယ်ကို ဆန်းကြယ်လှသည်။ ဒီအချိန်၌ မူလက အေးအေးလူလူ အနားယူချင်သည့် လုယီပင်လျှင် အစစ်အမှန် တပည့်တစ်ယောက်ကို လက်ခံရန် ရည်ရွယ်ချက်ရှိလာခဲ့သည်။
ဤသည်မှာ သင်တန်းကျောင်းရှိ တပည့်များနှင့် မတူပေ။ သူ၏ သိုင်းအမွေကို ဆက်ခံမည့် နောက်ဆုံးတပည့် ဖြစ်၏။
“စိတ်မပူနဲ့.. ဒီကိစ္စကို ငါတို့နှစ်ယောက်ပဲ သိတယ်။ ယွမ်ထုကို ပြောမပြောဆိုတာတော့ မင်းသဘောပဲ”
ခဏတာ စဉ်းစားပြီးနောက် လုယီဟာ ဟန်ကျောက်ကို သေချာစူးစမ်းကြည့်ရန် ပြင်ဆင်သည်။ ဘာပဲဖြစ်ဖြစ် ဒီကိစ္စဟာ သေးသေးလေးမဟုတ်ပေ။ ရံဖန်ရံခါတွင် ပါးနပ်သည့် လူများဟာ အကျိုးအမြတ်ကို ပိုမိုကြည့်ကာ သွေးအေးကြ၏။
“ကျေးဇူးတင်ပါတယ် ဆရာလု”
ဟန်ကျောက်က လေးစားစွာ ဦးညွှတ်သည်။
“ငါ့အခန်းထဲကို လိုက်ခဲ့”
လုယီက ဆက်လက်ပြော၏။
“မင်းရဲ့ နားလည်သဘောပေါက် နိုင်စွမ်းနဲ့ တောင်ခွဲဆေဘာဓါးသိုင်းရဲ့ အခြေခံပုံကြမ်းနဲ့ စောစောစီးစီး ထိတွေ့သင့်တယ်”
“ဟုတ်ကဲ့”
လုယီဟာ ဟန်ကျောက်ကို သူ၏အိပ်ခန်းဆီသို့ ခေါ်ခဲ့၏။ အပြင်ဘက်သို့ ဘေးဘီကြည့်ကာ မည်သူမှ မရှိကြောင်းကို အတည်ပြုပြီးနောက် တံခါးကို ပိတ်သည်။
“မင်းကို တောင်ခွဲဆေဘာအတတ်ရဲ့ ဒုတိယဓါးကွက်ကို မသင်ပေးခင်မှာ အရင်ဆုံး စကားလုံးအစဉ်ကို အရင်မှတ်ထား။ ပြီးရင် ငါမင်းကို အခြေခံပုံကြမ်းကို သင်ပေးမယ်”
လုယီက ဟန်ကျောက်ကို စကားလုံးအစဉ်အား တစ်လုံးပြီးတစ်လုံး ပြောပြ၏။
ဟန်ကျောက်က သေသေချာချာ နားထောင်သည်။ ၎င်းတို့ကို မှတ်သားပြီးကြောင်း အတည်ပြုပြီးနောက် လုယီက သူ၏ အင်္ကျီအတွင်းမှ အစိမ်းရောင် စာရွက်ခေါက်တစ်ခုကို ထုတ်ကာ သေသေချာချာ ဖွင့်သည်။
“ဒါက အခြေခံပုံကြမ်းပဲ။ စိတ်ကို တည်ငြိမ်အောင်လုပ်ပြီး အာရုံစိုက်”
ဟန်ကျောက်က ကြည့်လိုက်သည်။ အစိမ်းရောင် စာရွက်ပေါ်တွင် မဲနက်နေသည့် တောင်တစ်ခု ရှိ၏။ တစ်ချက်ကြည့်သည်နှင့် ကလေးခြစ်ထားသည်နှင့် တူပါသည်။ ဤသည်မှာ မှင်တုံးတစ်ခုနှင့် ဆင်တူ၏။
“ပုံကို ကြည့်ချိန်မှာ စိတ်အာရုံကိုသုံး။ အတွေးတွေအားလုံးကို ရှင်းထုတ်လိုက်။ အတွင်းပိုင်းကို အာရုံစိုက်ပြီး ပြင်ပကို မကြည့်နဲ့။ စိတ်ကို စူးစိုက်ပြီး အသွင်သဏ္ဍာန်ကို မကြည့်နဲ့”
စနစ်၏ အချက်ပေးချက််က ပေါ်လာ၏။
ဟန်ကျောက်ဟာ စိတ်ကို တည်ငြိမ်အောင် လုပ်သည်။ ဆက်လက် ကြည့်ရှု၏။ သူ၏ နှလုံးသားထဲတွင် ဖိနှိပ်ထားသည့် ရက်စက်မှုတို့ ပေါ်လာ၏။ မနေနိုင်ပဲ ပေါက်ကွဲထွက်တော့မည်ဟု ခံစားရသည်။
“ဗလာစိတ်အခြေအနေကို အာရုံစိုက်ထား။ နှလုံးသားက ရေခဲလို ကြည်လင်ရမယ်။ ဘာကမှ တုန်လှုပ််အောင် မလုပ်နိုင်ဘူး”
ဟန်ကျောက်ဟာ သူ၏ မြင်ကွင်းတို့ တဖြည်းဖြည်း ပြောင်းလဲလာကြောင်းကို ခံစားရသည်။ သစ်ပင်များ၊ ကျောက်တုံးများနှင့် ပန်းမန်များဟာ တောင်ထိပ်ပေါ်တွင် ရှင်းလင်းစွာ ပေါ်လာခဲ့၏။ မြစ်တစ်စင်းဟာ တောင်ကို ဝိုင်းပတ်နေပြီး အဆက်မပြတ် စီးဆင်းနေပါသည်။ ရေစီးသံနှင့် ငှက်အော်သံတို့ကို ကြားရပုံ ပေါ်၏။ သူ၏စိတ်ဟာ တဖြည်းဖြည်း တည်မြဲလာခဲ့သည်။ အချိန်အတော်ကြာပြီးနောက် သတိပြန်လည်လာခဲ့၏။
“ဒါက မင်းရဲ့ ပထမဆုံးအကြိမ် အခြေခံပုံကြမ်းကို ကြည့်တာပဲ။ ဒါပေမယ့် ဘာဆိုးကျိုးမှ မသက်ရောက်လာဘူး။ မဆိုးပါဘူး”
လုယီက ပြုံးသည်။ ပုံကို သိမ်းလိုက်၏။ ထို့နောက် ဟန်ကျောက်၏ ခါးရှိ ဆေဘာဓါးဆီသို့ လက်လှမ်းလိုက်သည်။
“ကလန်”
“ဆေဘာဓါးသိုင်းကို အမှတ်ရဖို့က မင်းအတွက် ရိုးရှင်းပါတယ်။ နောက်ပိုင်း အခြေခံပုံကြမ်းကို ကြည့်တဲ့အချိန်မှာ ဆေဘာဓါးသိုင်းကို ပြန်ပြီး စဉ်းစားပေး”
လုယီက သူ၏ဆေဘာဓါးကို ထုတ်ကာ ရှင်းပြသည်။ ရေခဲဆေဘာဓါးကို မြှောက်လိုက်ချိန်တွင် ဓါးပေါ်၌ သိသာသည့် အက်ကြောင်းနှစ်ခုတို့ ရှိနေကြောင်းကို တွေ့ရ၏။
“ကြည့်ရတာ ဒီအတောအတွင်း မင်းအတွက် မလွယ်ကူခဲ့ပုံပဲ။ သွေးတွေ မြင်ခဲ့ပြီးပြီပေါ့”
လုယီက ဟန်ကျောက်ကို နက်ရှိုင်းစွာ ကြည့်ကာ ဆက်လက်ပြောသည်။
“နောင်မှာ.. ရက်အနည်းငယ်တိုင်း ငါ့ဆီလာပြီး အခြေခံပုံကြမ်းကို ကြည့်ရမယ်။ အခြားလူတွေ မသိစေနဲ့။ မင်းရဲ့ ဆေဘာဓါးကို ကျင့်ကြံချိန်မှာ အခြေခံပုံကြမ်းက သဘောတရားကို စိတ်ကူးကြည့်။ တောင်ရဲ့ ထူထဲပုံနဲ့ စီးဆင်းနေတဲ့ရေရဲ့ သွက်လက်မှုတို့ကို မင်းမှတ်ထားရမယ်။ ရေက အထူးအရေးကြီးတယ်”
“ဟုတ်ကဲ့ပါ ဆရာလု”
ဟန်ကျောက်က လေးနက်စွာ ပြောသည်။
“ဒါနဲ့.. ခုနက ပုံကိုကြည့်ချိန်မှာ ရေစီးနေတာကို မင်းတွေ့ခဲ့ရဲ့လား”
လုယီက ရုတ်တရက် နဖူးကိုပုတ်သည်။
“တွေ့ခဲ့ပါတယ်”
ဟန်ကျောက်က ဖြေ၏။
“ကောင်းတယ်။ အရမ်းကောင်းတယ်”
လုယီဟာ ပျော်ရွှင်မှုတို့ဖြင့် ပြည့်နှက်နေ၏။ သူဟာ ဟန်ကျောက်နှင့် ပက်သက်ပြီး အလွန်ကျေနပ်နေပါသည်။ သူသင်ကြားပေးခဲ့သည့် တပည့်များထဲတွင် အရိုးသန့်စင်ခြင်း အဆင့်၌ အခြေခံပုံကြမ်းကို ကြည့်ရာတွင် လူအနည်းငယ်သာ စီးဆင်းနေသည့် ရေကို တွေ့မြင်နိုင်ကြသည်။
“ကလေး.. မင်းကိုပြောလိုက်မယ်.. အပြင်လူတွေက တောင်ခွဲဆေဘာအတတ်ကို ကြီးမားတဲ့ စွမ်းအားပေါက်ကွဲမှုကို အခြေခံတယ်လို့ ထင်ကြတယ်။ တောင်ဖြိုလက်သီးလိုပဲပေါ့။ ဒါပေမယ့် တကယ်တမ်းကျ တောင်ခွဲဆေဘာအတတ်ရဲ့ လက္ခဏာရပ်က အလွှာပဲ။ ဆက်တိုက် ထွက်ပေါ်နေတဲ့ လှိုင်းလိုပဲ”
လုယီက ဆက်လက်ပြောသည်။
“ဆက်တိုက်ထွက်ပေါ်တယ်”
ဟန်ကျောက်က မှင်သက်သွားသည််။ သူလက်ရှိ ကျင့်ကြံသည့် သိုင်းပညာများဟာ စွမ်းအားကို ချက်ချင်း ထုတ်လွှတ်ကြ၏။ တောင်ခွဲဆေဘာအတတ်နှင့် သက်ရှည်ကျမ်း၏ အစစ်အမှန်ချီတို့လည်း တူညီစွာပင်။
မြန်ဆန်၊ သန်မာကာ ခိုင်မြဲ၏။ သူနှင့်အတူ သင့်တော်ပါသည်။
“အခြေခံ ပုံကြမ်းကို လုံးဝ နားလည်ပြီး တောင်ရဲ့ လေးလံတဲ့ သဘောတရားကို မင်းစိတ်ထဲမှာ ဆွဲထင်နိုင်ပြီဆိုရင် သွေးသန့်စင်ခြင်းအဆင့်ကို မင်းဝင်ရောက်နိုင်လိမ့်မယ်။ ပြီးရင် ရေစီးဆင်းမှုရဲ့ သွက်လက်တဲ့ သဘောတရားကို စိတ်ထဲမှ ဆွဲထင်လာနိုင်လိမ့်မယ်။ အဲ့ဒီအချိန်မှာ အတွင်းပိုင်းခွန်အားကို ဖမ်းဆုပ်နိုင်ဖို့ မင်းမှာ အခွင့်အရေးရှိလာလိမ့်မယ်။ နောက်ဆုံး လှိုင်းရဲ့ သဘောတရားကို မင်းရဲ့စိတ်ထဲမှာ ဆွဲထင်နိုင်ပြီဆိုရင် အဲ့ဒီအချိန်မှာ တောင်ခွဲခွန်အားရဲ့ မဟာကျွမ်းကျင်မှုအဆင့်ကို မင်းရောက်သွားလိမ့်မယ်”
လုယီက ရှင်းပြသည်။
“ဒါဆိုရင် ဆရာလုရော တောင်ခွဲအတွင်းအားရဲ့ မဟာကျွမ်းကျင်မှု အဆင့်ကို ရောက်ပြီလားမသိဘူး”
“ဟင့်အင်း”
လုယီက သက်ပြင်းချသည််။
“ငယ်စဉ်က ငါနီးကပ်ခဲ့တယ်။ ဒါပေမယ့် နောက်ဆုံးမှာ ကျရှုံးခဲ့တာပဲ”
ထိုကိစ္စ၏ နောက်ကွယ်တွင် ပုံပြင်တစ်ခု ရှိမည်ဟု ဟန်ကျောက်ပြောနိုင်၏။ သို့ပေမယ့် ဆက်လက်မေးမြန်းခြင်း မပြုတော့ပေ။
“အရင်တုန်းက တောင်ခွဲဆေဘာအတတ်ကို ငါသင်ပေးခဲ့တဲဲ့ တပည့်အားလုံး အရိုးသန့်စင်ခြင်းအဆင့်မှာ ရပ်တန့်ကုန်ကြတယ်။ အဲ့ဒါက တောင်ခွဲဆေဘာအတတ်က မကောင်းလို့ မဟုတ်ဘူး။ သူတို့တွေ ရှေ့မဆက်နိုင်လို့ပဲ။ အရိုးသန့်စင်ခြင်းကနေ သွေးသန့်စင်ခြင်းအဆင့်ကို တက်လှမ်းရာမှာ ပါရမီထက်စာရင် နားလည်သဘောပေါက်နိုင်စွမ်းက ပိုပြီး အရေးကြီးတယ်”
လုယီဟာ အကူအညီမဲ့စွာ ခံစားရ၏။ ထို့နောက် စကားပြောင်းသွားသည်။
“ဒါပေမယ့် မင်းမှာတော့ အခွင့်အရေးရှိတယ်”
“သင်၏ နားလည်သဘောပေါက်မှုမှာလည်း ထူးချွန်ခြင်းမရှိပါ။ သို့ပေမယ့် ပိုက်ဆံထည့်နိုင်၏”
“ကျွန်တော် ကြိုးစားပါ့မယ်”
ဟန်ကျောက်က ပြောသည်။ သူဟာ မီးဖိုချောင်အတွင်းတွင် လုယီသုံးခဲ့သည့် အတွင်းအားကို စဉ်းစားကာ မနေနိုင်ပဲ မေးသည်။
“ဆရာလု.. အတွင်းအားက ဘာလဲဗျ”
“အတွင်းအား.. အဲ့ဒါက မင်းအတွက် စောပါသေးတယ်။ ဒါပေမယ့် မင်းက မေးလာကတည်းက ငါပြောပြလိုက်မယ်”
လုယီက ခဏတာ စဉ်းစားပြီးနောက် အခန်းထဲရှိ လေးထောင့်စားပွဲတစ်ခုဆီသို့ လျှောက်သွားသည်။ သူ၏လက်ကို စားပွဲပေါ်သို့ တင်လိုက်၏။
ဟန်ကျောက်၏ အကြည့်ကာ လုယီအပေါ်တွင် စူးစိုက်စွာ ရှိနေ၏။ သို့ပေမယ့် လက်ဝါးကို စားပွဲပေါ်သို့ ညင်သာစွာ ဖိလိုက်ခြင်းကိုသာ တွေ့မြင်ရသည်။ ခွန်အားလုံးဝ မပါပုံ ပေါ်ပေမယ့် စားပွဲပေါ်ရှိ လက်ဖက်ရည်ဗန်းဟာ သန်မာသည့် အားတစ်ခု၏ ဆွဲယူခြင်းကို ခံရသည့်အလား ပျံသန်းလာခဲ့သည်။ လုယီက ၎င်းကို လက်နှင့်ဖမ်းလိုက်၏။
ဤသည်မှာ သိုင်းကားများထဲမှ အတွင်းအားနှင့် အနည်းငယ် တူညီ၏။ သို့ပေမယ့် ခြားလည်း ခြားနားသည်။ ဟန်ကျောက်ဟာ ကိုယ့်ကိုယ်ကိုယ် စဉ်းစား၏။ သူကျင့်ကြံသည့် အစစ်အမှန်ချီဟာ လက်ဆုပ်လက်ကိုင် ပြနိုင်ပါသည်။ လုယီအသုံးပြုသည့် အတွင်းအားကသာလျှင် မမြင်နိုင်သည့် အတွင်းအားနှင့် ပိုမိုတူညီ၏။
“ဖြစ်နိုင်တာက အတွင်းအားနဲ့ အစစ်အမှန်ချီနဲ့က တစ်ခုနဲ့တစ်ခု ဖြည့်တင်းပေးတာလား”
လုယီက နောက်သို့လှည့်ကာ ပြောသည်။
“မင်းမြင်လား။ ဒါက အတွင်းအားပဲ”
“အဲ့ဒါ ဘယ်လိုလုပ်တာလဲ။ ပိုပြီး အသေးစိတ်ပြလို့ မရဘူးလား”
ဟန်ကျောက်ဟာ ပိုမိုကာပင် သိလိုသွား၏။
“မရဘူး”
လုယီက ခေါင်းကိုယမ်းသည်။
“အတွင်းအားက အတွင်းအားပဲ”
ထိုစကားနှင့်အတူ ထပ်ပေါင်းပြော၏။
“အတွင်းအားကြောင်းကို မင်းကို ပြောပြီးပြီဆိုတော့ သွေးသန့်စင်ခြင်းအဆင့်ရဲ့ အဓိကအချက်ကို မင်းကိုငါပြောပြမယ်”
‘ဘာမှမပြောရသေးဘူးလေ’
ဟန်ကျောက်မှာ အကူအညီ မဲ့နေ၏။
“သွေးသန့်စင်ခြင်းအဆင့်ဆိုတာ သူ့နာမည်အတိုင်းပဲ.. သွေးချီကို သန်မာအောင် လုပ်တာပဲ။ မင်းရဲ့ သွေးချီကို အားကောင်းလာစေချင်ရင် ပထမဆုံး အခြေခံပုံကြမ်းကို နားလည်အောင် လုပ်ရမယ်။ ဒုတိယအနေနဲ့ အဆင့်မြင့်မားအောင် လေ့ကျင့်ရမယ်။ တတိယအနေနဲ့ ပိုကောင်းတဲ့အစားအသောက်ကို စားသောက်ရမယ်။ အာဟာရဆေးရည် စွပ်ပြုတ်လည်း ပိုသောက်ရမယ်”
“ဒါ့ကြောင့် သွေးသန့်စင်ခြင်းအဆင့် သိုင်းသမားတွေက အခြေခံအားဖြင့် အဖွဲ့ကြီးတွေက ဖြစ်ရင်ဖြစ်(သို့) အဖွဲ့ကြီးတွေကို မှီခိုနေရတာမျိုး ဖြစ်နေတာပဲ။ သိုင်းပညာက ပိုက်ဆံကို မီးရှို့ရသလိုပဲ”