← Chapters

(ဖြေဆေးဝယ်ခြင်း)

Vol. 3 Ch. 38

(ဖြေဆေးဝယ်ခြင်း)

Vol. 3 Ch. 38

“အရင်ဆုံး စွမ်းအားကြီးတဲ့ ဖြေဆေးအချို့ကို ပြင်ဆင်ထားရမယ်။ ပြီးရင် စုံစမ်းရမယ်”

ဟန်ကျောက်ဟာ ရှလင်ကို ချက်ချင်းပင် သွားရှာ၏။ သွေးသန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူများကို အဆိပ်ဖြေပေးနိုင်သည့် ဆေးများမှာ သေချာပေါက် ဝယ်လိုအားမြင့်မားမှာပါ။ ပိုက်ဆံရှိလျှင်တောင် အဆက်အသွယ် မရှိပဲ ဝယ်ယူရန် ခက်ခဲလှသည်။

ရှမိသားစု၏ အရောင်းအဝယ်လုပ်ငန်းမှာ ကျောက်နက်မြို့တွင် ရေပန်းစား၏။ စုမိသားစုအောက်သာ ကျ၏။ ရှလင်ကို အကူအညီ တောင်းပါက သေချာပေါက် ကူညီပေးမှာပါ။

…

မြို့တွင်းပိုင်းတွင်..

ဟန်ကျောက်ဟာ ရှလင်၏အိမ်သို့ သွားရောက်ပြီး ရောက်လာရခြင်း အကြောင်းကို ပြော၏။

“သွေးသန့်စင်ခြင်း အဆင့်အတွက် ဖြေဆေးတွေကို ဝယ်ချင်လို့လား”

ရှလင်ဟာ မှင်သက်သွား၏။ သွေးသန့်စင်ခြင်းအဆင့်အတွက် ဖြေဆေးမှာ အဆိပ်သုံးသည့် သွေးသန့်စင်ခြင်းအဆင့် သိုင်းသမားကို ရင်ဆိုင်လို့ရပါသည်။ ဂျူနီယာမောင်လေးဟန်ဟာ မည်သည်ကို လုပ်ဖို့ ကြိုးစားနေသနည်း။

“ဟုတ်ပါတယ်”

ဟန်ကျောက်က လေးနက်စွာ ပြောသည်။

ရှလင်ဟာ အနည်းငယ် မျက်မှောင်ကြုတ်သွား၏။

“ဂျူနီယာမောင်လေးဟန်…. နင့်ရဲ့ လိုအပ်ချက်အတိုင်း ကိုက်ညီမယ့် ဘယ်ဖြေဆေးမဆိုက အဖိုးအရမ်းတန်တယ်။ ပေါ်လာတာနဲ့ ရောင်းထွက်တာ”

“ပြီးခဲ့တုန်းက ရှမိသားစုရဲ့ ကုန်တန်းက မိစ္ဆာသွေးသန့်စင်ခြင်းအဆင့် သိုင်းသမားတစ်ယောက်နဲ့ ကြုံတွေ့ခဲ့တယ်။ အစ်ကိုကြီးနဲ့ အခြားအကြီးအကဲတစ်ယောက်က ဖြေဆေးကို မှီခိုပြီး တစ်ဖက်လူရဲ့ အဆိပ်ကို ခုခံခဲ့ကြတာ။ အဲ့တော့မှ ရန်သူကို ဒဏ်ရာအပြင်းအထန် ရစေခဲ့တာ။ ဒါပေမယ့် ဖြေဆေးတွေလည်း သုံးလို့ကုန်သွားတယ်။ အခု ရှမိသားစုမှာက.. နေပါဦး”

ရှလင်ဟာ တစ်ခုခုကို တွေးမိပြီး ရုတ်တရက် တုန့်ပြန်လာ၏။ ဟန်ကျောက်ကို အံ့ဩစွာ ကြည့်သည်။

“ဂျူနီယာမောင်လေးဟန်.. ဖြေဆေးဝယ်တာ အဲ့ဒီမိစ္ဆာကျင့်ကြံသူကို ရင်ဆိုင်မလို့တော့ မပြောနဲ့နော်။ တစ်ဖက်လူက ဒဏ်ရာအပြင်းအထန် ရထားရင်တောင် အရိုးသန့်စင်ခြင်းအဆင့် လေးငါးယောက်လောက်ကို ရင်ဆိုင်ဖို့ ပြဿနာမရှိဘူး။ အလောတလျှင် မလုပ်နဲ့”

“စီနီယာအစ်မရှ.. စိတ်မပူပါနဲ့။ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ရှင်းရှင်းလင်းလင်း နားလည်ပါတယ်။ စိတ်လိုက်မာန်ပါ မလုပ်ပါဘူး”

ဟန်ကျောက်က ရယ်၏။

“အခုက အခြားတစ်ယောက်အစား မေးပေးတာပါ။ ဒါပေမယ့် ဘယ်သူလဲ ဆိုတာကိုတော့ လူသိရှင်ကြား ဖော်ထုတ်လိုက်ဖို့ မသင့်တော်ဘူး။ ကျွန်တော် တကယ်တောင်းပန်ပါတယ်”

ထိုစကားကို ကြားရပြီးနောက် ရှလင်က စိတ်သက်သာရာ ရသွားပြီး ပြောသည်။

“ဒါက.. လုံးဝ ဝယ်နိုင်မယ်လို့တော့ အစ်မ အာမမခံနိုင်ဘူး။ အကောင်းဆုံး ကြိုးစားဖို့ပဲ တတ်နိုင်တယ်”

ထိုစကားကို ပြောပြီးနောက် ထပ်ပေါင်းပြောသည်။ “အဆိပ်ကို ခုခံနိုင်တဲ့ ဖြေဆေးအမျိုးအစားတွေ အများကြီးရှိတယ်။ ဒါပေမယ့် အားလုံးက သေသေချာချာ သတ်မှတ်မှပါ။ နင်က သက်ဆိုင်ရာ အဆိပ်တစ်ခုခုကို ဖြေပေးတဲ့ အဆိပ်ဖြေဆေးကို လိုချင်တာလား.. ဒါမှမဟုတ် အဆိပ်အများစုကို ခုခံပေးတဲ့ အဆိပ်ဖြေဆေးကို လိုချင်တာလား။ ရှေ့တစ်ခုက သူနဲ့သက်ဆိုင်တဲ့ အဆိပ်မဟုတ်ရင် အာနိသင် အရမ်းနည်းသွားတယ်။ နောက်တစ်ခုကတော့ အချိန်ကို ဆွဲပေးတယ်”

ဟန်ကျောက်က ပြော၏။။

“ကျွန်တော် သိရသလောက်တော့ အဆိပ်က ခန္ဓာကိုယ်ကို ထုံထိုင်းစေပြီး သွေးချီကို တံ့သွားစေတယ်”

“ကြည့်ရတာ ရှင့်ကို အကူအညီတောင်းတဲ့လူက တကယ်ပဲ အဲ့ဒီ မိစ္ဆာသွေးသန့်စင်ခြင်းအဆင့် သိုင်းသမားကို ရင်ဆိုင်မလို့ပဲ”

ရှလင်က ဟန်ကျောက်ကို လောင်ကျွမ်းနေသည့် မျက်လုံးများဖြင့် ကြည့်၏။ ဟန်ကျောက်က ပြုံးကာ မည်သည်ကိုမှ မပြောပေ။

“ဟုတ်ပါပြီ။ အစ်မထပ်ပြီး မမေးတော့ဘူး”

ရှလင်က ခေါင်းညှိတ်သည်။

“ဒါပေမယ့် ဒီဖြေဆေးရဲ့ ဈေးနှုန်းက အရမ်းမြင့်တယ်။ အသက်ဆယ်ကြိမ်ရှူစာလောက်ပဲ အာနိသင်ရှိရင်တောင် ငွေ၁၀၀လျန်ကျော်လောက် ကျမှာ”

“ပိုက်ဆံကတော့.. ရှမိသားစုကပဲ ရှင်းပေးထားလို့ ရမလား။ ဒါမှမဟုတ် အရင်ဆုံး အကြွေးမှတ်ထားပေး။ သုံးလအတွင်းမှာ ကျွန်တော်သေချာပေါက် ပြန်ဆပ်ပါမယ်”

ဟန်ကျောက်ဟာ အနည်းငယ် မျက်နှာပူနေ၏။ သူ့တွင် ငွေအနည်းငယ်လောက်သာ ရှိပါသည်။ စရန်ငွေပင် ရှင်းပေးနိုင်ခြင်း မရှိပေ။

သို့ရာတွင် အဖွဲ့များစွာမှ လခများကို ပေါင်းလိုက်ပါက မိစ္ဆာသွေးသန့်စင်ခြင်းအဆင့် သိုင်းသမားကို အမှန်တကယ် ရှာတွေ့နိုင်ခြင်း မရှိလျှင်တောင် သုံးလလောက်ဆိုပါက ငွေ၁၀၀လျန်ကို ပြန်ရှာရန် ပြဿနာမရှိပါ။ မိစ္ဆာသွေးသန့်စင်ခြင်းအဆင့် သိုင်းသမားကို သတ်ဖြတ်နိုင်လျှင်တော့ ဆုငွေ၅၀၀လျန်နှင့် ပိုက်ဆံကို ချက်ချင်း ပြန်ပေးနိုင်မှာပါ။

“ဂျူနီယာမောင်လေးဟန်.. ဒါက နင့်အတွက် အထူးခံစားခွင့်နော်”

ရှလင်က မျက်တောင်ခတ်သည်။ ပြီးနောက် အသံမာစွာ ပြော၏။

“အခြားတစ်ယောက်ယောက်သာ ငါ့ကို ဒီလိုစကားမျိုးပြောရင် ဘယ်ကနေ သတ္တိတွေ ရလာတာလဲလို့ တကယ်ကို မေးချင်မိတယ်”

“ကျေးဇူးတင်ပါတယ် စီနီယာအစ်မရှ”

ဟန်ကျောက်က ပြုံးသည်။

“စုယွင်ကို ငါမေးကြည့်ဦးမယ်။ စုမိသားစုက ဆေးလောကနဲ့ အဆက်အသွယ် ရှိတယ်။ နင်လိုချင်တဲ့ ဖြေဆေးကို သူတို့ဆိုရင် အမြန်ဆုံး တယ်နိုင်လောက်တယ်”

ရှလင်က လက်ကိုယမ်းသည်။ ကျေးဇူးတင်ရန် မလိုဟု ဖော်ပြ၏။ ထို့နောက် မတ်တပ်ရပ်၏။

“အခုပဲ အစ်မသွားလိုက်မယ်”

ဟန်ကျောက်၏ စကားကို သူမ သံသယဝင်ခြင်း မရှိပါ။ တစ်ယောက်ယောက်က မိစ္ဆာသွေးးသန့်စင်ခြင်းအဆင့် သိုင်းသမားကို ရင်ဆိုင်ရန် ဂျူနီယာမောင်လေးဟန်ကို အကူအညီတောင်းခြင်း ဖြစ်ပေလိမ့်မည်။ မောင်လေးဟန်အနေနှင့် သွေးသန့်စင်ခြင်းအဆင့် သိုင်းသမားတစ်ယောက်ကို ကိုယ်တိုင် စွန့်စားကာ ရင်ဆိုင်မည့်အကြောင်းကိုတော့ တွေးမိသည်နှင့် မဖြစ်နိုင်ဟု ပယ်ချလိုက်၏။ ဤသည်က ယုတ္တိမရှိပေ။

ထိုစကားနှင့်အတူ ရှလင်ဟာ ခြံဝန်းမှ ထွက်ခွာပြီး စုမိသားစု၏ အိမ်တော်ဆီသို့ ထွက်ခဲ့၏။

စုမိသားစု၏ အရောင်းအဝယ် လုပ်ငန်းမှာ ကျောက်နက်မြို့တစ်ခုလုံးတွင် အကြီးဆုံးဖြစ်သည်။ ခွန်အားသန့်စင်ခြင်းအဆင့် သိုင်းသမားကို ပိုင်ဆိုင်ထားခြင်း မရှိပေမယ့် သူတို့၏ လက်အောက်တွင် သွေးသန့်စင်ခြင်းအဆင့် သိုင်းသမား လေးယောက်ရှိပါသည်။

ပိုမို အရေးကြီးသည်ကား ကျောက်နက်မြို့ရှိ စုမိသားစုမှာ ယွမ်ကန်းကောင်တီမြို့ရှိ စုမိသားစု၏ အကိုင်းအခက်တစ်ခုဟု ဆိုကြ၏။ ထိုအကြောင်းကြောင့်ပင် စုမိသားစုကို ထိပါးလိုသည့် အဖွဲ့မှာ အလွန်နည်းပါးလှသည်။

စုယွင်ဟာ စုမိသားစု၏ တစ်ခုတည်းသော သမီးဖြစ်၏။ မြို့အတွင်းပိုင်းရှိ ယုန်ဟီဒေသတွင် သူမအတွက် ခြံဝန်းကျယ်ကြီးတစ်ခု ရှိပါသည်။ ရှလင်က စုယွင်ကို တွေ့ရချိန်တွင် သူမဟာ အိမ်၏အနောက်ဘက် ကန်အလယ်ရှိ ရေအိမ်ပေါ်တွင် ရှိနေပါသည်။ သူမဟာ သစ်သားလက်ရန်းကို မှီကာ ငါးများကို ကြည့်နေ၏။ ငါးစာများကို အကြိမ်ကြိမ် ပစ်ထည့်နေရာ အလှငါးများကို စုဝေးနေစေသည်။

“စုယွင်”

ရှလင်ဟာ လျှင်မြန်စွာ ရှေ့တက်လာခဲ့၏။

“ရှလင်.. ဒီနေ့ ဘာလို့ ငါ့ကိုရှာဖို့ စိတ်ကူးရလာတာလဲ။ ဘာဖြစ်လို့လဲ”

စုယွင်က ရှလင်ကို အထက်အောက်ကြည့်ကာ ပြုံးသည်။ အကြိမ်တိုင်း ရှလင်ကို သူမသွားရှာတိုင်းတွင် တစ်ဖက်လူဟာ ခြံဝန်းထဲ၌ သိုင်းလေ့ကျင့်နေလေ့ ရှိ၏။ ယနေ့ကဲ့သို့ သူမကို စတင်လာရှာခြင်းမှာ ကြုံတောင့်ကြုံခဲ ဖြစ်သည်။

သို့ရာတွင် လေ့ကျင့်ရေးဝတ်စုံကို ဝတ်ဆင်ထားရာ သူမနှင့် လာကစားတာ မဟုတ်လောက်ပါ။

“တကယ်ပဲ ကိစ္စတစ်ခုရှိလို့”

ရှလင်က ကွေ့ဝိုက်မနေပါ။ လိုရင်းကို ပြော၏။

“ငါနင့်ဆီက အဆိပ်ခုခံတဲ့ ဆေးဝယ်ချင်လို့။ လိုအပ်တာက..”

ရှလင်က သက်ဆိုင််ရာ ဆေးဝါးကို အသေးစိတ် ဖော်ပြသည်။

“ဒီဆေးက ရှမိသားစုရဲ့ ကုန်တန်းကို တိုက်ခိုက်ခဲ့တဲ့ သွေးသန့်စင်ခြင်းအဆင့် မိစ္ဆာသိုင်းသမားကို ရင်ဆိုင်ဖို့လား” စုယွင်က ကြောင်တောင်စွာ မေးသည်။

“ဟုတ်တယ်”

ရှလင်က ခေါင်းညှိတ်သည်။ ဟန်ကျောက်လိုတာဟု မပြောပေ။

“မဟုတ်သေးပါဘူး။ နင်လိုအပ်တဲ့ ပမာဏက အရမ်းနည်းလွန်းတယ်။ သွေးသန့်စင်ခြင်းအဆင့် သိုင်းသမား အများအပြားအတွက် ပြင်ဆင်တာမဟုတ်ဘူး။ ဖြစ်နိုင်တာက ရှမိသားစုက သွေးသန့်စင်ခြင်းအဆင့် သိုင်းသမားတစ်ယောက်တည်းနဲ့ ရန်သူကို ရှင်းလင်းနိုင်မယ်လို့ ယုံကြည်လို့လား”

စုယွင်ဟာ အနည်းငယ် မျက်မှောင်ကြုတ်သွား၏။ ရှလင်၏ စကားမှ ဟာပေါက်ကို တွေ့လိုက်သည်။

ဒဏ်ရာရရှိထားသည့် သွေးသန့်စင်ခြင်းအဆင့် သိုင်းသမားတစ်ယောက်ကို ရင်ဆိုင်ရမည် ဖြစ်လျှင်တောင် အဆင်တူသည့် သိုင်းသမား အများအပြားနှင့် ဝိုင်းဝန်းသတ်ဖြတ်တာ ကောင်းပါသည်။ ထိုအခါ ထိခိုက်မှုကို လျှော့ချနိုင်၏။ အလစ်အငိုက် တိုက်ခိုက််မည်ဆိုလျှင်တော့ တစ်မျိုးပင်။

“နင်ရှင်းရှင်းလင်းလင်း မပြောရင် ငါနင့်ကို မကူညီဘူး” စုယွင်က ရှလင်ကို စိုက်ကာကြည့်သည်။

“ကောင်းပါပြီ။ အမှန်အတိုင်းပဲ ငါပြောတော့မယ်”

ရှလင်၏ပုံက အကူအညီမဲ့သွား၏။

“တကယ်တော့ ဂျူနီယာမောင်လေးဟန်က အကူအညီတောင်းတာ။ ငါ့ကိုလာပြီး…”

ရှလင်၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် စုယွင်က နှာခေါင်းရှုံ့သည်။

“အဲ့လိုဆိုရင် ဘာလို့ သူကိုယ်တိုင် ငါ့ဆီကို မလာတာလဲ။ ဒီကောင်က နင့်အပေါ် အခွင့်အရေးယူဖို့ပဲ သိတယ်”

“စုယွင်.. နင်အဲ့လိုလည်း ပြောလို့မရဘူးလေ။ ငါတို့အားလုံးက တစ်ကျောင်းတည်းကပဲ။ အချင်းချင်းကူညီတာ ဖြစ်သင့်ပါတယ်”

ရှလင်က ပြန်လည်ပြော၏။ စုယွင်က သူမကို အသာပြုံးကာ ကြည့်သည်။ ရှက်ရွံ့သွားစေ၏။

“နင်ငါ့ကို ကူညီမှာလား မကူညီဘူးလား”

ရှလင်ဟာ စိတ်အနှောင့်အယှက်ဖြစ်စွာ ပြော၏။

“ကူညီမှာပေါ့”

စုယွင်က ပြုံးကာ ချက်ချင်းပင် စကားပြောင်းသွားသည်။

“ဒါပေမယ့် နင်လိုချင်တာဆိုရင် ဝယ်ဈေးအတိုင်း ငွေ၁၀၀လျန်နဲ့ ငါပေးနိုင်ပေမယ့် ဂျူနီယာဟန်ဆိုရင်တော့ ဈေးကွက်အတိုင်းပဲ ပေးရမယ်။ ငွေ၂၀၀လျန်.. တစ်စက်မှ မလျှော့ပေးနိုင်ဘူး”

“နင်ဘာလို့ အဲ့လိုလုပ်ရတာလဲ”

ရှလင်က သူမကို ကြည့်သည်။ ခါးသက်စွာ ပြော၏။ “ငွေ၂၀၀လျန်… ငါ့ဆီကတောင် နင်အမြတ်ယူချင်မယ်လို့ ထင်မထားခဲ့ဘူး”

“ငါက နင့်ကို လှန့်တာပါ။ စတာကို ဘာလို့ ဒီလောက်တောင် ဖြစ်သွားတာလဲ။ ဈေးကို နင့်ဘာသာ လျှော့ပြောမှာလို့တော့ မပြောနဲ့နော်”

စုယွင်က အကူအညီမဲ့စွာနှင့် စိတ်ဆိုးစွာ ပြောသည်။

“ဈေးကရတယ်။ ဆယ်ရက်ကြာရင် ပစ္စည်းကို လာယူလှည့်”

“ကျေးဇူး”

ရှလင်က ချိုမြစွာ ပြုံးသည်။ ပါးနှစ်ဖက်တွင် ပါးချိုင့်လေးများ ပေါ်လာ၏။

“ရှလင်”

“ဟမ်”

“ငါတော့.. နင်နဲ့ ဂျူနီယာဟန်နဲ့ကို လိုက်ဖက်တယ်လို့ မထင်ဘူးနော်။ နင်..”

စုယွင်က တစ်ခုခု ပြောချင်ပေမယ့် တုံ့ဆိုင်းနေ၏။ နှစ်နှစ်ကြာ အတူတူရှိပြီးနောက်တွင် သူမဟာ ရှလင်ကို မိတ်ဆွေကောင်းအဖြစ် အမှန်တကယ် သတ်မှတ်ထား၏။ ထို့ကြောင့် အလိမ်ခံရခြင်းအား မြင်တွေ့လိုခြင်း မရှိပေ။

“နင်မဟုတ်တာ လျှောက်မပြောနဲ့… ငါစိတ်ဆိုးမှာနော်”

ရှလင်က ပြန်ပြော၏။ နားရွက်များက နီရဲလာခဲ့သည်။

“ဟုတ်ပါပြီ။ အဲ့အကြောင်းကို မပြောတော့ဘူး.. ဒီပန်းတစ်ရာဝိုင်ကို လာမြည်းကြည့်ဦး။ မြို့တော်က ပို့လိုက်တာ.. တစ်အိုးကို ရွှေ၁၀လျန်ရှိတယ်”

All Chapters