(ဓါးပြတောင်သို့ ဝင်ရောက်ခြင်း)
Vol. 3 Ch. 39
ဆယ်ရက်ကြာပြီးနောက် ရှလင်၏ အစေခံဟာ ရှင်းချောင်ဒေသသို့ ရောက်လာပြီး ဟန်ကျောက်ကို သတင်းပို့၏။ ဟန်ကျောက်က ချက်ချင်းပင် ရှလင်ကို သွားတွေ့သည်။
“ဒါက ဖြေဆေးလား”
ဟန်ကျောက်ဟာ လက်ထဲတွင် လက်ဝါးအရွယ် ကြွေပုလင်းတစ်ခုကို ကိုင်ထား၏။ ဖွင့်ကြည့်ပြီးနောက် ပုလင်းအောက်ခြေတွင် အဖြူရောင် အမှုန့်အနည်းငယ်ကို တွေ့ရသည်။ အနံ့တစ်ခု ထွက်လာ၏။ ရှူမိလိုက်သည်နှင့် ခန္ဓာကိုယ်ဟာ အနည်းငယ် အပူမြင့်လာခဲ့သည်။
“ဒါက လေပြေမှုန့်။ ခန္ဓာကိုယ်ကို ထုံထိုင်းပြီး သွေးချီကို နှောင့်ယှက်တဲ့ အဆိပ်အမျိုးအစားတွေအပေါ် အထူးခံနိုင်ရည်ရှိတယ်”
ရှလင်က ရှင်းပြသည်။
“ကျေးဇူးတင်ပါတယ် စီနီယာအစ်မရှ”
ဟန်ကျောက်က လက်သီးနှစ်ဖက်ကို ဆုပ်သည်။
“အဆိပ်ပမာဏမများရင် ဒါကို ရှူလိုက်ရုံနဲ့ အဆိပ်ပြေတယ်။ များရင်တော့ ပုလင်းအောက်ခြေက အမှုန့်အားလုံးကို နှာခေါင်းထဲကိ ရှူထည့်ဖို့လိုတယ်။ အားလုံးကို ရှူလိုက်ရင် အသက်နှစ်ဆယ်ရှူစာလောက် ခံတယ်”
ရှလင်က ထပ်ပေါင်းပြော၏။
“ကျွန်တော် မှတ်ထားပါ့မယ်”
ဟန်ကျောက်က လေးနက်စွာ ပြောသည်။ အသက်တစ်ကြမ်ရှူစာမှု သုံးစက္ကန့်နှင့် ညီမျှ၏။ နှစ်ဆယ်ဆိုပါက စက္ကန့်ခြောက်ဆယ် ဖြစ်သည်။ သူသာ အနီးကပ် အလစ်တိုက်ခိုက်ပါက ရန်သူကို အသက်တစ်ခါရှူစာအတွင်း သတ်ဖြတ်နိုင်လောက်သည်။ အလွန်ဆုံး အသက်ဆယ်ကြိမ် ရှူစာအတွင်းသာ ကြာမှာဖြစ်၏။
ပြီးခဲ့သည့် ဆယ်ရက်အတွင်းတွင် သူဟာ ကိုးသွယ်တောင်၏ အနီးအနားရှိ အခြေအနေကို စူးစမ်းနေခဲ့ပြီး သဲလွန်စအချို့ကို ရရှိပြီး ဖြစ်သည်။ သူဟာ ရှလင်၏ အဆိပ်ဖြေဆေးကို ရရှိရန် စောင့်နေတာသာ ရှိ၏။ ယခုအချိန်၌ လှုပ်ရှားရန် အချိန်ကျပါပြီ။
မိစ္ဆာ သွေးသန့်စင်ခြင်းအဆင့် သိုင်းသမားဟာ နဂါးပျံအဖွဲ့တွင် ပုန်းအောင်းနေမည့် အခွင့်အရေး များ၏။ သူသာ တိုက်ပွဲကို လျှင်မြန်စွာ အဆုံးသတ်နိုင်ပါက ချက်ချင်း ထွက်ပြေးရပေမည်။
နဂါးပျံအဖွဲ့၏ ခေါင်းဆောင်ဖြစ်သူ ချီရှင်းမှာ သွေးချီချိုးဖျက်မှု ပထမအဆင့်တွင် ရှိ၏။ ထို့အပြင် သန်မာသည့် ဓါးပြ ၁၀၀ကျော် ရှိပါသေးသည်။ အဝိုင်းခံရပါက ပြဿနာတက်မှာပါ။
“ငွေ၂၀၀လျန်ကို ကျွန်တော် အမြန်ဆုံး ပြန်ပေးပါမယ်။ ဒီတစ်ကြိမ် စီနီယာအစ်မရှကို အလုပ်ရှုပ်စေမိပြီ”
ဟန်ကျောက်က လက်သီးနှစ်ဖက်ကို ဆုပ်ကာ ဦးညွှတ်သည်။
“ကျွန်တော့မှာ လုပ်စရာရှိသေးလို့.. အရင်သွားနှင့်ပါမယ်”
သူဟာ ဈေးကွက်ကို နားလည်ပြီး ဖြစ်၏။ ဒီအဆင့်ရှိသည့် ဖြေဆေးဟာ အနည်းဆုံး ငွေ၂၀၀လျန် ကုန်ကျပါသည်။ ရှလင်ကို အရှုံးမပေါ်စေလိုပေ။ သူတင်ထားသည့် ကျေးဇူးကျွေးကိုတော့ သန်မာလာမှ ပြန်ပေးလျှင်လည်း နောက်ကျမည်မဟုတ်ပါ။
“ဂျူနီယာမောင်လေးဟန်..”
ရှလင်၏ နှုတ်ခမ်းများက ပွင့်ဟလာ၏။
ဂျူနီယာမောင်လေးဟန်ဟာ အလွန် မာနကြီးကြောင်းကို သူမသိပါသည်။ ထို့ကြောင့် မည်သည်ကိုမှ မပြောတော့ပဲ ဒီအအတိုင်း ကြည့်နေခဲ့၏။
…
ကိုးသွယ်တောင်တွင်…
လဟာ တိမ်မဲများ၏ ဖုံးလွှမ်းခြင်းကို ခံထားရ၏။ အလင်းရောင်သဲ့သဲ့သာ ထူထဲသည့် တိမ်မဲအကြားမှ ထွက်လာနိုင်၏။ ထူထဲသည့် တောအတွင်း၌ လေလမ်းကြောင်းတစ်ခုဟာ တစ်နေရာရာသို့ ဦးတည်ရွေ့လျားနေ၏။ လေဟာ မြင့်မားသည့် သစ်ပင်များထိပ်တွင် လွင့်လူးနေပြီး တရှဲရှဲမြည်နေပါသည််။
အနက်ရောင်ဝတ်စုံနှင့် မျက်နှာဖုံးကို ဝတ်ဆင်ထားသည့် အရပ်ရှည်ရှည် လူတစ်ယောက်ဟာ ညအမှောင်ထဲတွင် ပြီးပြည့်စုံစွာ ရောစပ်နေပြီး တဖြည်းဖြည်းနှင့် တောနက်အတွင်းသို့ တဖြည်းဖြည်း ဝင်ရောက်သွားသည်။
“အူးးးးး”
ဝံပုလွေအော်သံ တစ်ခုဟာ တစ်နေရာရာမှ ပေါ်လာ၏။ တောနက်အတွင်းသို့ ဟန်ကျောက်ဝင်လာပြီးနောက် စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းလှသည့် နွေပုဇဉ်းသံများဟာ ရပ်တန့်သွားသည်။ အဝေးတွင် မီးတောက်ေရာင်များက ပေါ်လာ၏။ ဓါးပြရွာ၏ အသွင်ဟာ မြင်ကွင်းအတွင်းတွင် ပေါ်လာခဲ့သည်။
သူဟာ သစ်ပင်ထိပ်ဖျားသို့ တက်ကာ အဝေးသို့ လှမ်းကြည့်သည်။ သူ၏ သက်ရှည်ကျမ်း အဆင့်ထပ်မံတက်ပြီးနောက် အာရုံငါးပါးဟာ ထက်မြလာ၏။ သာမန်လူများထက် များစွာ သာလွန်လှသည်။
သူဟာ ရွာပတ်ဝန်းကျင်တွင် လှည့်လည်နေပြီး နဂါးပျံအဖွဲ့၏ မြောက်ဘက်တွင် ချောက်ကမ်းပါးတစ်ခုကို တွေ့ရသည်။ အရှေ့ဘက်၊ အနောက်ဘက်နှင့် တောင်ဘက်မှသာလျှင် သွားရောက်နိုင်သည်။ ထိုဘက်သုံးခုလုံးတွင် စောင့်ကြည့်ရေးကင်းများ ရှိကြ၏။
သူဟာ တောင်ဘက်တံခါးတွင် သုံးနာရီကြာအောင် စောင့်နေခဲ့သည်။ နောက်ဆုံးတွင် ကင်းပြောင်းချိန်၌ ကွာဟချက်တစ်ခု ရှိလာခဲ့သည်။
“ဆွစ်”
ဟန်ကျာက်ဟာ အစစ်အမှန်ချီကို အခြေထောက်အောက်တွင် လှည့်ပတ်ပြိးနောက် ခန္ဓာကိုယ်တစ်ခုလုံးဟာ သွက်လက်လှသည့် ကျားသစ်တစ်ကောင်သဖွယ် အကွယ်နေရာ မျိုးစုံတို့မှ ရွေ့လျားသွားသည်။ ဓါးပြများ၏ ကင်းပေါ်သို့ တက်ချိန်တွင် အတွင်းထဲသို့ ခိုးဝင်ခဲ့၏။
သူ၏အမြန်နှုန်းဟာ သွေးသန့်စင်ခြင်း အဆင့်နှင့် နှိုင်းယှဉ်နိုင်ပါသည်။ အလွန်ဆုံး အရေအပြား သန့်စင်ခြင်း အဆင့်၌သာ ရှိကြသည့် ဒီကင်းသမားများအတွက် လုံးဝ သဲလွန်စရှာနိုင်သည့် အရာမဟုတ်ပေ။
ရွာတစ်ခုဟု ခေါ်ပေမယ့် အိမ်များမှာ အစီအရီ ရှိနေကြပြီး လမ်းများဟာ သေသပ်သည်။ တိုးတက်သည့် ရွာတစ်ခုဟာ ဆိုနိုင်၏။ ဓါးပြအသိုက် တစ်ခုဖြစ်သည်ဟု စိတ်ကူးကြည့်ရန် ခက်ခဲလှသည်။
ရွာအတွင်းသို့ ဝင်ရောက်ပြီးနောက် ဟန်ကျောက်ဟာ လှုပ်ရှားမှုပြုရန် အလျှင်လိုမနေပါ။ အဲ့ဒီအစား အရိပ်ထဲတွင် ပုန်းအောင်းနေ၏။ လမ်းထောင့်ဘက်မှ ငြိမ်သက်သည့် အသက်ရှူသံများကို ကြားရပြီးနောက် သူဟာ အံ့ဩသွားခဲ့သည်။
“ကောင်းလှချည်လား.. ပုန်းအောင်းနေတဲ့ ကင်းသမားတွေတောင် ရှိတယ်။ ဘယ်လောက်သတိကြီးလိုက်လဲ” စခန်းပတ်ဝန်းကျင်တွင် ကင်းတဲများ ရှိရံဒမက အတွင်းထဲတွင်လည်း ပုန်းအောင်းကာ စောင့်ကြပ်နေသည့် ကင်းသမားများ ရှိနေပါသည်။ အမှန်တကယ်ကို မကောင်းမှုများစွာကို လုပ်ထားသူများ ပီသ၏။
ထိုစီမံမှုနှင့် သာမန် သွေးသန့်စင်ခြင်းအဆင့် သိုင်းသမားတစ်ယောက် ဝင်ရောက်လာလျှင်တောင် လျှို့ဝှက်ကင်းသမားများက ရှာတွေ့နိုင်ပါသည်။
သို့ရာတွင် သူဟာ သာမန်လူတစ်ယောက် မဟုတ်ပေ။ ထိုပုန်းအောင်းနေသည့် ကင်းသမားများဟာ သူ၏ စွမ်းအားကြီးမားသည့် အာရုံခြောက်ပါးအောက်တွင် ပေါ်လာခဲ့၏။ အကြားအာရုံနှင့် သက်ဆိုင်ရာ တည်နေရာကို ဆုံးဖြတ်ပြီး ရှောင်ရှားသွားလို့ ရပါသည်။
ဟန်ကျောက်ဟာ အဖွဲ့၏ အတွင်းပိုင်းတွင် လှည့်လတ်နေပြန်၏။ အစီအမံမျာကို ရှင်းလင်းစွာ နားလည်လာပြီး လမ်းကြောင်းကို တွက်ချက်သည်။ မကြာခင် တောင်စခန်း၏ အနောက်ဘက်ရှိ အကြီးမားဆုံး အိမ်ကြီးအတွင်းသို့ ဝင်ရောက်သွား၏။ တာဝန်ကျသည့် ဓါးပြတစ်ယောက်ကို ဖမ်းသည်။
သူဟာ တစ်ဖက်လူ၏ လည်ပင်းကို တစ်တစ်ဖက်ဖြင့် ဖမ်းဆုပ်ကာ အခြားတစ်ဖက်ဖြင့် အစစ်အမှန်ချီကို အသုံးပြုပြီး သွေးကြောကို ညှစ်လိုက်၏။ ခန္ဓာကိုယ်ကို အကြောလိုက်ကာ ခုခံ၍ မရနိုင်အောင် ဖြစ်စေသည်။
“ပြော.. ဒီအတောအတွင်း နဂါးပျံအဖွဲ့ထဲကို ဒဏ်ရာအပြင်းအထန်ရထားတဲ့ ကျွမ်းကျင်သူတစ်ယောက် လာသေးလား”
ဟန်ကျောက်က အသံနိမ့်စွာ မေးသည်။
ဓါးပြ၏ မျက်နှာ၌ အကြောက်တရားတို့ဖြင့် ပြည့်နှက်သွား၏။ သူ၏ ပါးစပ်က ပွင့်လိုက်ဟလိုက်နှင့် ရှိနေပါသည််။ သို့ပေမယ့် အသံမထွက်ပေ။
“ရှိတယ်ဆိုရင် ပါးစပ်ကိုဟ.. မရှိဘူးဆိုရင် ပါးစပ်ကိုပိတ်ထား”
ဟန်ကျောက်က အမိန့်ပေး၏။
ဓါးပြဟာ ခွန်အားအားလုံးကို အသုံးပြုပြီး ပါးစပ်ကို ဟသည်။
“ကောင်းတယ်။ မင်းသာ ကောင်းကောင်းပူးပေါင်းရင် ငါစုန့်ချွေက အသက်ချမ်းသာပေးမယ်”
ဟန်ကျောက်က ခေါင်းညှိတ်ကာ မေးသည်။
“အဲ့လူ အခုဘယ်မှာလဲ။ တိကျတဲ့ နေရာကို ငါ့ကိုပြော။ အခုပဲ မင်းကိုငါ ပါးစပ်လွှတ်ပေးမယ်။ အခြား အသံထွက်ရဲရင်တော့ ငါ့လက်ချောင်းက မင်းရဲ့ လည်ချောင်းထဲကို တစ်ခါတည်း ဝင်သွားလိမ့်မယ်။ နားလည်လား”
သူက ပြောရင်းနှင့် ညာလက်မှ လက်တစ်ချောင်းကို ထောင်ကာ တစ်ဖက်လူ၏ လည်ချောင်းကို ထောက်လိုက်သည်။ သို့ရာတွင် ဘယ်လက်ဟာ အကြောကို ဖိထားဆဲ ရှိ၏။ ဓါးပြဟာ အော်ချင်လျှင်တောင် ခွန်အားမရှိပေ။
“အဲ့လူ.. အခု.. အနောက်ခြံဝန်းရဲ့ အနောက်ဘက် တောင်ပံမှာပါ”
ဓါးပြက ခက်ခဲစွာ ပြောသည်။ တုန်ယင်နေသည့် လက်ချောင်းများဖြင့် ဘယ်ဘက်ကို ညွှန်ပြ၏။ သူ၏ အသံက အလွန်တိုးညှင်းကာ သူ့ကိုယ်သူသာ ကြားနိုင်ပါသည်။ သို့ပေမယ့် လက်ရှိ ဟန်ကျောက်၏ အကြားစွမ်းရည်နှင့် အရာအားလုံးတို့ကို ရှင်းရှင်းလင်းလင်း ကြားရ၏။
“အရင်ဆုံး မင်းကို သတိလစ်အောင် လုပ်ခဲ့ပြီး အနောက်ဘက်တောင်ပံကို ငါသွားစစ်ဆေးမယ်။ လိမ်တာဆိုရင်တောင် ဒါက မင်းဘဝရဲ့ နောက်ဆုံးအိပ်စက်ခြင်း ဖြစ်လိမ့်မယ်”
ဟန်ကျောက်က အသံနိမ့်စွာေ ပြာသည်။
“နောက်ဆုံးအကြိမ် မင်းကိုငါမေးမယ်။ မင်းငါ့ကို လိမ်နေတာလား.. မဟုတ်ရင် ပါးစပ်ကိုဟ”
ဓါးပြက ပါးစပ်ကို ကျယ်လောင်စွာ ဟ၏။
“ကောင်းတယ်”
ဟန်ကျောက်ဟာ သူ၏လက်ဖြင့် ဓါးပြ၏ လည်ပင်းကို လိမ်ချိုးပစ်လိုက်၏။
“ဆောရီး.. စုန့်ချွေ ကတိပျက်တာ။ ငါနဲ့မဆိုင်ဘူး”
သူက သက်ပြင်းချသည်။ သူဟာ နဂါးပျံအဖွဲ့ကို စုံစမ်းခဲ့ပြီး ဖြစ်သည်။ ဒီဓါးပြများဟာ လမ်းပေါ်တွင် လုယက်ချိန်၌ ပုံမှန်အားဖြင့် ယောကျားသားများကို အကုန်သတ်ပစ်ပြီး အမျိုးသမီးများကိုသာ ချန်ထားခဲ့သည်။ ထို့ကြောင့် ဓါးပြတစ်ယောက်ကို ဖမ်းမိပါက တစ်ခါတည်း သတ်ပစ်တာ ကောင်း၏။
ဟန်ကျောက်ဟာ အလောင်းကို ထောင့်ရှိ အမှောင်ရိပ်တွင် ဖုံးကွယ်ကာ ဘယ်ဘက်ရှိ အနောက်ဘက်တောင်ပံဆီသို့ အပြေးထွက်ခဲ့၏။ အနောက်ဘက်တောင်ပံအား လျှင်မြန်စွာ တွေ့ရသည်။ သူဟာ အနက်ရောင် ကြောင်တစ်ကောင်သဖွယ် သွက်လက်စွာ လှုပ်ရှားနေပြီး ခေါင်မိုးမှတစ်ဆင့် တိတ်တဆိတ် ဖြတ်သန်းသွားသည်။ ပတ်ဝန်းကျင်ရှိ ဓါးပြများကို အလွယ်တကူ ရှောင်ကျဉ်သွား၏။
သက်ရှည်ကျမ်း၏ အကြားစွမ်းရည်နှင့် အနောက်ဘက်တောင်ပံမှ အသံတစ်ခုကို သူကြားနိုင်ပါည်။ ဟန်ကျောက်ဟာ ပြောစရာစကား မဲ့သွား၏။
“ဒီကောင်က ဒဏ်ရာရထားတာတောင် အရမ်းအားကောင်းနေပါလား”
သူဟာ တိတ်ဆိတ်စွာ စောင့်နေလိုက်၏။ ယခုအချိန်က တိုက်ခိုက်ရန် အကောင်းဆုံးအချိန် မဟုတ်ပေ။
ခဏအကြာ၌ အခန်းထဲမှ အမျိုးသမီးနှစ်ယောက်တို့ လျှောက်ထွက်လာကြသည်။ တစ်ယောက်ဟာ ခါးတွင် ဓါးရှည်တစ်ချောင်း ရှိပြီး တိုက်ခိုက်ရေးသမသဖွယ် ဝတ်စားထားသေး၏။
ဟန်ကျောက်ဟာ အစစ်အမှန်ချီကို အသုံးပြုပြီး အကြားစွမ်းရည်ကို မြှင့်တင်လိုက်၏။ တစ်ဖက်လူ၏ နှလုံးခုန်မှုဟာ အနည်းငယ် ပုံမှန်မကျပဲ အသက်ရှူမှုက ရှုပ်ထွေးနေကြောင်းကို သိလိုက်ရသည်။ သွေးချီထိခိုက်ပြီး ဒဏ်ရာအပြင်းအထန် ရထားတာ အမှန်ဖြစ်၏။
“ဖြစ်နိုင်တာက ကျင့်စဉ်တစ်ခုလား”
သူက စဉ်းစားသည်။ အရက်နှင့် တဏှာရာဂမှာ သိုင်းသမားများအတွက် တားမြစ်ချက် ဖြစ်၏။ အထူးသဖြင့် ဒဏ်ရာရချိန်တွင် ဖြစ်သည်။
တစ်ဖက်လူဟာ အလွန် တုံးအနေမည် မဟုတ်ပေ။ ကြည့်ရတာ ခွိုက်ဝေကဲ့သို့ ဆိုးယုတ်သည့် ကျင့်စဉ်တစ်ခုကို ကျင့်ကြံသည့် ပုံပါ။