(ယင်စွမ်းအင်အား ရှာဖွေလိုခြင်း)
Vol. 3 Ch. 44
ပထမဆုံးအကြိမ် လက်ကျန်ငွေ ပမာဏဟာ ဆယ်ဂဏန်းသို့ ရောက်ရှိသွား၏။ ဟန်ကျောက်ကို ကြီးစွာ ကျေနပ်သွားစေသည်။ အမှန်တကယ်ကို ချမ်းသာခြင်းမှာ အန္တရာယ်အကြားမှ လာ၏။
အစမ်းရှင်သန်ခြင်းနှင့် သူဟာ အန္တရာယ်ကို အနည်းဆုံးဖြစ်အောင် လျှော့ချနိုင်ပါသည်။ ယခုအချိန်၌ ဝိညာဉ်အဆီအနှစ်လုံးကို လုံလောက်သည့် ယင်စွမ်းအင်တို့ ရရှိသည်အထိ စုဆောင်းစေပြီး ထပ်မံ အစမ်းရှင်သန်မှု ပြုလို့ရ၏။
ကျန်ရှိသည့် ငွေ၃၀၀လျန်တွင် ၂၀၀လျန်ကို ရှလင်အား ပေးမည်ဖြစ်သည်။ သူ့တွင် ငွေ၁၀၀လျန်နှင့် ငွေ၁၂၀လျန်တန် ဘဏ်စာရွက်တို့ ကျန်၏။ အချိန်တစ်ခုအတွင်း အစမ်းရှင်သန်မှု ပြုရန် ကုန်ကျစရိတ်နှင့် ကျင့်ကြံမှုအတွက် ရိက္ခာတို့အတွက် စိတ်မပူစရာ မလိုပေ။
ဟန်ကျောက်ဟာ အလင်းရောင်ထွက်သည်အထိ တောထဲ၌ စောင့်ပြီးမှ ကျောက်နက်မြို့သို့ ပြန်ခဲ့၏။ ဘာပဲဖြစ်ဖြစ် ညအချိန်တွင် ပြန်ခြင်းက သံသယဝင်စရာ ကောင်းလှသည်။
အိမ်သို့ ရောက်ရှိပြီးနောက် သူဟာ လှောင်အိမ်ကို ထောင့်တစ်ခုတွင် ထားရှိပြီး အစာစားရန် အနီးရှိ စားသောက်ဆိုင်ငယ်သို့ ထွက်ခဲ့၏။ ဗိုက်ဖြည့်ပြီးနောက် အိမ်သို့ပြန်သည်။ တံခါးကို ပိတ်ကာ အိပ်ယာပေါ်တွင် လဲလျောင်းပြီး အိပ်ပျော်သွား၏။
ဒီအတောအတွင်းတွင် သွေးသန့်စင်ခြင်းအဆင့် သိုင်းသမားအား ရှင်းလင်းရန် သူဟာ စိတ်တင်းကြပ်နေခဲ့သည်။ အထူးသဖြင့် မနေ့ညက နဂါးပျံအဖွဲ့သို့ ဝင်ရောက်စဉ်တွင် ဖြစ်၏။ ပထမဆုံးအကြိမ် သွေးသန့်စင်ခြင်းအဆင့် သိုင်းသမားတစ်ယောက်အား ရင်ဆိုင်ခဲ့လေသည်။
နိုးထလာပြီးနောက် ပြတင်းပေါက်ပြင်ပရှိ ကောင်းကင်ဟာ ညနေရောင်နီ သန်းနေပြီ ဖြစ်၏။ ဟန်ကျောက်ဟာ အိပ်ယာထပြီး သွေးစိတ်ဝိညာဉ်မူကို ထုတ်ကာ သေသေချာချာ ဖတ်သည်။ အာရုံစိုက်သည်နှင့်အမျှ တဖြည်းဖြည်း လျှို့ဝှက်ကျမ်းပေါ်ရှိ သင်္ကေတများ၏ ဆွဲဆောင်မှုကို ခံလိုက်ရ၏။
အမည်မသိ အချိန်တစ်ခု အပြီးတွင် ကောင်းကင်ဟာ လုံးဝ မဲမှောင်သွားသည်။ ထိုအချိန်၌ သိုင်းပညာဇယားကွက်တွင် နောက်ထပ် စာသားအသစ်တို့ ပေါ်လာကြောင်းကို ဟန်ကျောက် သတိထားမိလိုက်၏။
“သိုင်းပညာများ- သွေးစိတ်ဝိညာဉ်မူ(ပထမအဆင့် မစတင်သေး(အဆင့်မြှင့်တင်နိုင်)”
“အခုဆို အရင်ကလို ပိုက်ဆံမလိုတော့ဘူး။ အဲ့ဒီအစား ယင်စွမ်းအင်က မလုံလောက်တော့ဘူး”
ဟန်ကျောက်ဟာ မျက်မှောင်ကြုတ်သွားသည်။ အိပ်ယာမှ ထ၏။ ဝိညာဉ်အဆီအနှစ်လုံးကို ကြမ်းပြင်ရှိ လျှို့ဝှက်အကန့်ထဲမှ ထုတ်ယူသည်။
ဒီအချိန်၌ ဝိညာဉ်အဆီအနှစ်လုံးမှာ အနက်ရောင် မရှိပေ။ အတွင်းထဲရှိ ယင်စွမ်းအင်ဟာ အလွန် ပါးလျနေ၏။ အချက်ပေးအပိုင်းအစ ၁၀ခုအတွက်ပင် ထောက်ပံ့ပေးနိုင်ခြင်း မရှိလောက်ပါ။
သို့ရာတွင် ဟန်ကျောက်ဟာ အချက်ပေးအပိုင်းအစ ၁၆ခုတို့ကို စုဆောင်းပြီး ဖြစ်သည။ အစမ်းရှင်သန်မှု ပြုရန် အချက်ပေးအပိုင်းအစ ၄ခုကိုသာ လိုတော့၏။ အလုံးထဲရှိ ယင်စွမ်းအင်ဟာ လုံလောက်သည်ဟု ဆိုရပေမည်။
အတွင်းထဲရှိ ယင်စွမ်းအင်အားလုံးတို့ကို စုပ်ယူပြီးနောက် သူ၏ အာရုံက အခန်းထဲရှိ ပရိဘောဂ လေးခုတို့အပေါ် အာရုံစိုက်လိုက်သည်။ မကြာခင် အသုံးမဝင်သည့် အချက်ပေးအပိုင်းအစ လေးခုတို့ကို စုဆောင်းရရှိ၏။ သို့ရာတွင် ထိုအသုံးမဝင်သည့် အချက်ကြောင့်ပင် ယင်စွမ်းအင် အနည်းငယ်ကိုသာ ကုန်ဆုံးခဲ့၏။
“အချက်ပေးအပိုင်းအစ ၂၀အား စုဆောင်းထားသည်။ ဝင်ရောက်ခွင့်အား ပေါင်းစပ်မည်လား”
“တစ်ကြိမ်ပေါင်းစပ်ခြင်း- အချက်ပေးအပိုင်းအစ ၂၀နှင့် ရွှေ၅လျန်တို့ကို အသုံးပြုပါသည်။ သင်သည် အခြေခံ ဝင်ရောက်ခွင့်(အစမ်းရှင်သန်ခြင်း) တစ်ကြိမ်ကို သေချာပေါက် ရရှိမည်။ အဖြူရောင် ပါရမီကို ရရှိနိုင်သည့် အခွင့်အရေး ၄%အထိ ရှိလာသည်။ အစိမ်းရောင် ပါရမီကို ရရှိနိုင်သည့် အခွင့်အရေး ၃%အထိ ရှိလာသည်။ အပြာရောင် ပါရမီကို ရရှိနိုင်သည့် အခွင့်အရေး ၁%အထိ ရှိလာသည်”
“ဈေးက မြင့်သွားပြန်ပြီ”
သက်ရှည်ကျမ်း အဆင့်သုံးသို့ ချိုးဖျက်ပြီးနောက် အစမ်းရှင်သန်ရန် လိုအပ်သည့် ရွှေပမာဏမှာ တိုးလာခဲ့သည်။ သို့ရာတွင် ထိုတိုးလာမှုနှင့်အတူ ပါရမီ ရရှိနိုင်ခြေမှာလည်း တိုးလာခဲ့၏။ ထို့အပြင် အဖြူနှင့် အစိမ်း ပါရမီတို့အား ရရှိနိုင်ချေမှာ တစ်ခါတည်း ၂% တိုးလာခဲ့သည်။
“ပေါင်းစပ်မယ်”
ဟန်ကျောက်ဟာ နှလုံးသားထဲ၌ ရေရွတ်လိုက်သည်။ အသုံးပြုလိုက်ရသည့် အချက်ပေးအပိုင်းအစများကို ကြည့်ကာ ပိုမိုများပြားသည့် ယင်စွမ်းအင်တို့ကို ရှာဖွေရန် စဉ်းစားမိ၏။ ထိုအတွေးကြောင့် အစမ်းရှင်သန်မှု၌ သူ၏ လုပ်ဆောင်ချက်တို့ကို သက်ရောက်စေသည်။
“တစ်ကြိမ်သုံး အခြေခံဝင်ရောက်ခွင့်(အစမ်းရှင်သန်ခြင်း)ကို ရရှိသည်။ သင်သည် အစမ်းရှင်သန်ခြင်းကို ပြုမည်လား”
“အင်း”
“အသက်၁၈နှစ်တွင် သင်၏ သက်ရှည်ကျမ်းဟာ တတိယအဆင့်သို့ ချိုးဖျက်သွားသည်။ သင်၏ ခွန်အားဟာ ကြီးစွာ တိုးတက်လာ၏”
“သင်သည် စုန့်ချွေအဖြစ်နှင့် သွေးသန့်စင်ခြင်းအဆင့် သိုင်းသမားတစ်ယောက်ကို သတ်ဖြတ်သည်။ သင်၏ ဂုဏ်သတင်းဟာ ကျယ်ပြန့်စွာ ပျံ့နှံ့သွား၏”
“သင်သည် ရှလင်၏ အကြွေးကို ပြန်ဆပ်ခဲ့သည်”
“ရှစ်လကြာပြီးနောက် ရှ၊ စုနှင့် ကျန်းမိသားစုတို့ ပူးပေါင်းထားသည့် ကုန်တန်းဟာ ကျောက်စိမ်းလေမြို့ဆီသို့ ထွက်ခဲ့သည်။ မိသားစု သုံးခုတို့ဟာ တစ်ခုလျှင် သွေးသန့်စင်ခြင်းအဆင့် သိုင်းသမား နှစ်ယောက်တို့ကို စေလွှတ်ပြီး အဖွဲ့အား ဦးဆောင်စေ၏”
“ရှလင်ဟာ သင်မှတစ်ဆင့် စုန့်ချွေကို ခေါ်ချင်မိသည်။ သင်က မေးပေးမည်ဟု ဖြေခဲ့၏”
“တွေးတောမှုအချို့ ပြုလုပ်ပြီးနောက် စုန့်ချွေဟာ ငြင်းဆန်မှု ပြုခဲ့သည်”
“လဝက်ကြာပြီးနောက် သတင်းဆိုးတစ်ခု ရောက်လာခဲ့သည်။ ကုန်တန်းဟာ ကြီးမားသည့် ကပ်ဘေးကို ကြုံရပြီး ရှိမိသားစုရှိ သွေးသန့်စင်ခြင်းအဆင့် သိုင်းသမားသာလျှင် ရှလင်ကို ခေါ်ကာ ကျောက်နက်မြို့သို့ ပြန်လာနိုင်ခဲ့သည်။ နှစ်ယောက်သားဟာ ဒဏ်ရာအပြင်းအထန် ရရှိပြီး ပြန်လာပြီးသည်နှင့် သတိလစ်သွားကြ၏”
“သင်သွားလည်ပတ်သော် ရှလင်နှင့် ရှမိသားစု၏ သွေးသန့်စင်ခြင်းအဆင့် သိုင်းသမားတို့ဟာ ယင်စွမ်းအင်တို့ လွှမ်းခြုံနေကြောင်းကို တွေ့လိုက်ရသည်”
“ရှလင် သတိလည်လာပြီးနောက် သင်က မေးလေသည်။ ကုန်တန်းကို တောထဲရှိ ရွာငယ်တစ်ခုမှ မကောင်းဆိုးရွားများက တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု သိရ၏။ အသေးစိတ်ကို ဆက်လက်မေးမြန်းနိုင်ခြင်း မရှိခင်တွင် ရှလင်ဟာ သေဆုံးသွားခဲ့သည်”
“ထိုကိစ္စဟာ ယင်စွမ်းအင် အရင်းအမြစ်နှင့် သက်ဆိုင်နေရာ သင်ဟာ ကိုယ်တိုင် စုံစမ်းရန် ဆုံးဖြတ်လိုက်သည်”
“လဝက်ကြာပြီးနောက် ရှလင် ဖော်ပြသည့်အတိုင်း ရွာငယ်ကို သင်တွေ့ရ၏။ အပြင်ပန်းတွင် ရွာဟာ ပုံမှန်သာ ရှိသည်။ သင်ဟာ ရွာထဲသို့ ဝင်ရောက်ကာ စစ်ဆေးကြည့်ရန် ဆုံးဖြတ်လိုက်သည်”
“ညအချိန်တွင် ရွာထဲ၌ ထူထဲသည့် ယင်စွမ်းအင်များကို သင်တွေ့ရသည်။ သင်ဟာ ဝိုင်းဝန်းတိုက်ခိုက်ခြင်းကို ခံရ၏”
“ရွာထဲမှ ထွက်ပြေးချင်ပေမယ့် တစ်ပတ်လှည့်ကာ လမ်းလျှောက်မိနေကြောင်းကို သင်နားလည်လိုက်သည်”
“နောက်ဆုံးတွင် မကောင်းဆိုးရွားများ၏ တိုက်ခိုက်မှုဖြင့် စွမ်းအင်ကုန်ခမ်းသာ သေဆုံးခဲ့ရ၏”
“အစမ်းရှင်သန်မှု ပြီးဆုံးသည်။ သင်သည် အောက်ပါများထဲမှ တစ်ခုကို ရွေးချယ်နိုင်သည်”
“၁။ ပါရမီအား ရရှိခြင်း(မရွေးချယ်နိုင်)”
“၂။ စွမ်းရည်မှတ်အား ရရှိခြင်း”
“၃။ မှတ်ဉာဏ်အား ရရှိခြင်း”
“လက်ရှိကျန်ငွေ- ရွှေ၂၆လျန်”
“ရှလင် သေသွားတာလား.. သွေးသန့်စင်ခြင်းအဆင့် သိုင်းသမားခြောက်ယောက်က ဦးဆောင်တဲ့ ကုန်လှည်းမှာ လူနှစ်ယောက်ပဲ ပြန်လာနိုင်ခဲ့တာလား”
အစမ်းရှင်သန်မှုမှ အချက်အလက်များကို ကြည့်ကာ ဟန်ကြောက်ဟာ အံ့ဩသွားသည်။ ယင်စွမ်းအင်တို့ စုဆောင်းနေသည့် ထိုရွာဟာ အမှန်တကယ်ကို ကြောက်ဖို့ကောင်းလှ၏။ သူပင်လျှင် အတွင်းထဲတွင် ပိတ်မိသွားခဲ့သည်။
“ယင်စွမ်းအင် အရင်းအမြစ်သစ်တစ်ခုကို ငါတွေ့လိုက်ပြီ။ ဒါပေမယ့် အန္တရာယ်များလွန်းတယ်.. ငါဘာလုပ်သင့်လဲ”
ဟန််ကျောက်ဟာ စဉ်းစား၏။ ဝိညာဉ်အဆီအနှစ်လုံး၏ ယင်စွမ်းအင် စုဆောင်းမှု အမြန်နှုန်းအရ အလွန်ဆုံး တစ်နှစ်လျှင် အစမ်းရှင်သန်မှု နှစ်ကြိမ်သာ ပြုနိုင်ပါသည်။
ကျန်ရှိသည့် ရွှေ၂၆လျန်ကို ၂နှစ်၊ ၃နှစ်အတွင်း သုံးကုန်မည်မဟုတ်ပေ။ အချက်ပေးအပိုင်းအစများ မလောက်ငှသောကြောင့် ဖြစ်၏။
ထို့အပြင် အစမ်းရှင်သန်ရန် လိုအပ်သည့် အချက်ပေးအပိုင်းအစမှာ ပိုမိုများပြားလာမှာ ဖြစ်သည်။ ယင်စွမ်းအင်တို့ စုစည်းနေသည့် ရွာသို့ သွားရောက်ပါက ဝိညာဉ်အဆီအနှစ်လုံးဟာ များပြားလှသည့် ယင်စွမ်းအင်မျးကို စုပ်ယူနိုင်မှာပါ။
“ရှမိသားစုရဲ့ သွေးသန့်စင်ခြင်းအဆင့် သိုင်းသမားတောင် အသက်ရှင်ရက် ပြန်လာနိုင်သေးတာပဲ.. ဆိုလိုတာက ဒီရွာက လုံးဝ သေနိုင််တာတော့ မဟုတ်ဘူး”
“ငါသာ သူ့ထက်ပိုပြီး သန်မာအောင် ပြင်ဆင်ထားရင် မထိမခိုက်ပဲ ပြန်ထွက်လာဖို့ ပြဿနာမရှိလောက်ဘူး”
“ဘာပဲဖြစ်ဖြစ် ၈လကျန်သေးတယ်။ နောက်ထပ် အစမ်းရှင်သန်မှုတစ်ကြိမ် လုပ်လို့ရသေးတယ်။ နောက်တစ်ကြိမ် ရလဒ်ကျ အရမ်းကြီးဆိုးရွားမှ လက်လျော့လည်း နောက်မကျသေးပါဘူး”
ထိုကဲ့သို့ တွေးမိပြီးနောက် ဟန်ကျောက်၏ အာရုံဟာ စနစ်မျက်နှာပြင်ပေါ်သို့ ပြန််လည်ကျရောက်သွားသည်။
“နံပါတ်၁က မရသေးပြန်ဘူး.. စဉ်းစားစရာ မလိုပါဘူး” သူ၏ ခွန်အားသာ တိုးတက်လာပါက ထူးဆန်းသည့် ရွာတွင် ယင်စွမ်းအင် အများမပြားကို ရရှိနိုင်မှာ ဖြစ်သည်။
“နှစ်”
“စွမ်းရည်မှတ် +၃”
“သိုင်းပညာများ- သွေးစိတ်ဝိညာဉ်မူ(ပထမအဆင့် မစတင်သေး(အဆင့်မြှင့်တင်နိုင်))၊ သက်ရှည်ကျမ်း(တတိယအဆင့် စတင်ခြင်းအဆင့် ၁၀%(အဆင့်မြှင့်တင်နိုင်))”
သိုင်းပညာဇယားကွက်ကို ကြည့်ကာ ဟန်ကျောက်၏ အာရုံဟာ နောက်ဆံုးတွင် သွေးစိတ်ဝိညာဉ်မူနှင့် သက်ရှည်ကျမ်းတို့အပေါ်၌ ကျရောက်သွား၏။
ကုန်တန်း၏ ထွက်ခွာမှုအတွက် ၈လတာ အချိန်ကျန်ပါသေးသည်။ ဒီအတောအတွင်းတွင် လုယီက စစ်ဆေးနေမည် ဖြစ်ရာ တောင်ခွဲဆေဘာအတတ်ကို သေချာပေါက် မြှင့်တင်လို့ မရပေ။ တောင်ခွဲဆေဘာအတတ်နှင့် သွေးသန့်စင်ခြင်းအဆင့်သို့ အသက်၁၈နှင်တွင် ချိုးဖျက်နိုင်ခြင်းမှာ ကောင်းကင်ကို ဆန့်ကျင်လွန်းနေ၏။
ထို့အပြင် စွမ်းရည်မှတ် ၃မှတ်က တောင်ခွဲဆေဘာအတတ်ကို တတိယအဆင့်သို့ ရောက်ရှိစေနိုင်ခြင်း မရှိပါ။ ဘာပဲဖြစ်ဖြစ် သက်ရှည်ကျမ်း ဒုတိယတုန်းက တစ်ဆို့မှုကို ကျော်ဖြတ်ရန် သူဟာ စွမ်းရည်မှတ် ၂မှတ်တို့ကို သုံးခဲ့ရသည်။ ပြီးခဲ့တုန်းက တိုးတက်မှု ဖြစ်စဉ်အရ စွမ်းရည်မှတ် ၃မှတ်ဟာ သက်ရှည်ကျမ်းကို အသေးစားကျွမ်းကျင်မှု အဆင့်သို့ ရောက်ရှိစေနိုင်ခြင်း မရှိလောက်ပါ။
လက်ရှိ သက်ရှည်ကျမ်းဟာ အကန့်အသတ်ကို ကျော်လွန်နေပြီး ဖြစ်၏။ ခဏတာ စဉ်းစားပြီးနောက် ဟန်ကျောက်ဟာ သွေးစိတ်ဝိညာဉ်မူကို လေ့ကျင့်ရန် ဆုံးဖြတ်လိုက်သည်။ ပထမအဆင့်ကို ပြီးမြောက်သွားပါက သူ၏ သွေးချီဟာ နှစ်ဆဖြစ်လာမှာ ဖြစ်၏။ ရှင်းလင်းစွာပင် သက်ရှည်ကျမ်းထက် ပိုမိုတိုးတက်မှု သိသာမှာပါ။
“စမ်းကြည့်တာပေါ့”
ဟန်ကျောက်ဟာ အံကိုကြိတ်ပြီး ဆုံးဖြတ်ချက် ချလိုက်သည်။
“စွမ်းရည်မှတ် ၁မှတ်ကို သုံးပြီး သွေးစိတ်ဝိညာဉ်မူကို မြှင့်တင်မယ်”
စနစ်၏ မျက်နှာပြင်ဟာ လှုပ်ရှားသွား၏။ စွမ်းရည်မှတ် ၃မှတ်တို့ဟာ ၂မှတ်ဖြစ်လာခဲ့သည်။