(ရက်စက်သည့် တိုက်ခိုက်မှု)
Vol. 4 Ch. 60
“ဟုတ်ပြီကွ”
ခြံဝန်းအတွင်းရှိ သိုင်းသမားများဟာ စိတ်လှုပ်ရှားကုန်ကြသည်။ သွေးသန့်စင်ခြင်းအဆင့် အကြီးအကဲ လေးယောက်တို့က ဒဏ်ရာရထားသည့် ဒေါ်လေးထောကို ဆက်လက်ဝိုင်းထားကြသည်။ တစ်ယောက်က အခြားသိုင်းသမားများနှင့် ဟိုင်ဝါကို ဝိုင်း၏။
“ငါဒေါသထွက်လပြီ”
ဟိုင်ဝါက ဒေါသတကြီး အော်သည်။ လူသားသဏ္ဍာန် ဒိုင်နွန်ဆောတစ်ကောင် သောင်းကျန်းတော့မည်ကဲ့သို့ ရှိနေ၏။
အရေအပြား သန့်စင်ခြင်းအဆင့် သိုင်းသမားများဆိုလျှင် တွေ့ဆုံမိသည်နှင့် သေရလေသည်။ အရိုးသန့်စင်ခြင်းအဆင့် သိုင်းသမားများဟာ သူ၏ တိုက်ခိုက်မှုနှစ်ချက်ကို ခံနိုင်ခြင်းမရှိပေ။ သွေးသန့်စင်ခြင်းအဆင့် အကြီးအကဲများသာလျှင် ခံနိုင်ရုံ ရှိ၏။
အချိန်မှီ ရှောင်နိုင်ခြင်း မရှိလိုက်သည့် အမျိုးသမီးသိုင်းသမား၏ လက်ထဲမှ ဓါးရှည်ဟာ ဟိုင်ဝါ၏ လက်သီးချက်ဖြင့် ကျိုးသွားသည်။ သူမ၏ ရင်ဘတ်ကို ချိုင့်တစ်ခု ဖြစ်သွားစေ၏။
“အား..”
ခန္ဓာကိုယ်ဟာ ပေါက်ထွက်သွားပြီး ဟိုင်ဝါ၏ ညာဘက်လက်၌ တွဲချိတ်ကာ အလွန်ဆိုးရွားစွာ အော်သည်။
ဒီအချိန်၌ ဟိုင်ဝါ၏ မျက်လုံးများဟာ သတ်ဖြတ်မှုဖြင့် အနီရောင် ပြောင်းလို့နေပါပြီ။ သူက ဘယ်ဘက်လက်ဖြင့် ညာဘက်လက်တွင် တွဲကျနေသည့် အမျိုးသမီးသိုင်းသမားကို နှစ်ခြမ်းဆွဲဖြဲ၏။ သွေးနှင့် အတွင်းကလီစာများ မြေပြင်တစ်ခုလုံး ပြန့်ကြဲသွားသည်။
ယခုကဲ့သို့ ဆိုးရွားလှကာ သွေးလွှမ်းသည့် သေခြင်းက ဟိုင်ဝါကို ဝိုင်းထားသည့် သိုင်းသမားများကို လန့်ဖြန့်သွားစေသည်။ မည်သူမှ ရှေ့သို့ ထပ်မံမတက်ရဲအောင် ဖြစ်နေ၏။ သွေးသန့်စင်ခြင်းအဆင့် သိုင်းသမားသာလျှင် အားတင်းကာ ဆက်လက်တိုက်ခိုက်သည်။
တစ်ယောက်က ရွှေနက်လက်အိတ်ဖြင့် လက်သီးတစ်လုံးကို ရုတ်တရက် ပစ်သွင်းလိုက်သည်။ ဟိုင်ဝါ၏ ရင်ဘတ်သို့ ထိမှန်၏။ သို့ရာတွင် ထိုလက်သီးဟာ သာမန်လူတစ်ယောက်၏ အရိုးများကို ချိုးဖျက်နိုင်စွမ်း ရှိပေမယ့် ဟိုင်ဝါကို အနည်းငယ်သာ ယိုင်သွားစေပြီး ပြန်လည်တည်ငြိမ်သွားခဲ့သည်။
ဟန်ကျောက်က အခွင့်ကောင်းကို လက်လွှတ်မခံပဲ ရုတ်တရက် တိုက်ခိုက်သည်။ သူ၏လက်သီးက အားကုန်ဖြင့် ဟိုင်ဝါ၏နောက်ကျောကို ထိမှန်၏။
“ဘုန်း”
ဟိုင်ဝါ၏ သန်မာသည့် ခန္ဓာကိုယ်ဟာ မြေပြင်ပေါ်သို့ လဲကျသွားသည်။
ဒီတစ်ကြိမ် အောင်မြင်သည့် တိုက်ခိုက်မှုအပြီးတွင် ဟန်ကျောက်ဟာ ဟိုင်ဝါကို အသက်ရှူရန်ပင် အခွင့်အရေး မပေးတော့ပါ။ သူက လက်သည်းများကို ကွေးကာ အစစ်အမှန်ချီဖြင့် စုပ်ယူလိုက်သည်။ မြေပြင်ပေါ်ရှိ ဆေဘာဓါးရှည်ကို ဆုပ်ပ်ယူလိုက်ခြင်း ဖြစ်၏။ ထို့နောက် လက်နှစ်ဖက်နှင့် တင်းကြပ်စွာကိုင်ကာ ညာခြေကို ဆောင့်သည်။
ခန္ဓာကိုယ်ဟာ လေထဲသို့ မြောက်တက်သွားပြီး တစ်ပတ်လည်ကာ အနက်ရောင် ဆေဘာဓါးက အနက်ရောင်နဂါးတစ်ကောင်သဖွယ် ထွက်ပေါ်လာပြီး ဟိုင်ဝါ၏ လည်ပင်းကို ဦးတည်သွားသည်။
“ဇွက်”
မြေပြင်ပေါ်မှ ထကာစရှိသေးသည့် ဟိုင်ဝါဟာ သူ၏မျက်စိရှေ့တွင် အနက်ရောင် အလင်းတစ်ခု လက်သွားကြောင်းကို တွေ့လိုက်ရပြီး ဦးခေါင်းဟာ ရွေ့လျားသွားခဲ့သည်။
“အမေ.. နာတယ်”
ဟိုင်ဝါ၏ ဦးခေါင်းဟာ မြေပြင်ပေါ်သို့ ပြုတ်ကျသွား၏။ သူဟာ စကားပြောနိုင်ဆဲရှိကာ ငိုယိုပြန်လေသည်။
“ဘောင်း”
ဟန်ကျောက်က အစစ်အမှန်ချီကို ခြေထောက်၌ စုစည်းကာ ဦးခေါင်းကို ရုတ်တရက် နင်းချပြီး ဖရဲသီးကဲ့သို့ ပေါက်ကွဲထွက်သွားစေ၏။
သူက ဟိုင်ဝါကို သတ်ဖြတ်ပြီးသည်နှင့် များပြားလှသည့် ယင်စွမ်းအင်တို့ ခန္ဓာကိုယ်တွင် စုစည်းလာကြောင်းကို နားလည်လိုက်သည်။ အနည်းငယ် အေးစက်သွားစေ၏။
သို့ရာတွင် ဝိညာဉ်အဆီအနှစ်လုံးက ယင်စွမ်းအင်အများစုတို့ကို စုပ်ယူသွားသည်။ ထို့အပြင် သူဟာ အစစ်အမှန်ချီကို လှည့်လည်ပြီး ခန္ဓာကိုယ်ကို ချက်ချင်း ပုံမှန်အတိုင်း ပြန်ဖြစ်စေလိုက်၏။
“ဟိုင်ဝါ”
ဒေါ်လေးထောက သွေးသန့်စင်ခြင်းအဆင့် အကြီးအကဲလေးယောက်တို့၏ တိုက်ခိုက်မှုများကို ထားကာ ဆိုးရွားစွာ အော်သည်။ သူမ၏ ခန္ဓာကိုယ်ဟာ ဓါးချက်များ ထိမှန်ပြီး အရိုးများပင် မြင်လာနိုင်၏။ သွေးမဲများ စီးကျလာခဲ့သည်။
ရှင်းလင်းစွာပင် သူမဟာ အမြန်နှုန်းတွင် အားသာချက်ရှိပေမယ့် ခန္ဓာကိုယ်ကြံ့ခိုင်မှုက ဟိုင်ဝါထက် နိမ့်ကျသည်။
ဒေါ်လေးထောဟာ ရူးသွပ်စွာဖြင့် ခုခံမှုကို လုံးဝ လက်လျှော့ကာ ဒဏ်ရာချင်းလဲပြီး တိုက်ခိုက်၏။ သူမ၏ ကြက်သွေးနီရောင် လက်သည်းများက သွေးသန့်စင်ခြင်းအဆင့် သိုင်းသမားနှစ်ယောက်တို့၏ လည်ချောင်းများကို ချက်ချင်းပင် ထိုးဖောက်သွားသည်။ အခြားနှစ်ယောက်မှာလည်း အန္တရာယ်တွင်းသို့ ကျရောက်သွား၏။
သို့ရာတွင် ဟန်ကျောက်ကို တားဆီးထားမည့် ဟိုင်ဝါမရှိတော့ရာ အားလုံး၏ ဝိုင်းဝန်းတိုက်ခိုက်မှုအောက်တွင် ဒေါ်လေးထောဟာ လျှင်မြန်စွာ အရေးနိမ့်လာခဲ့သည်။
တစ်ဖက်တွင်..
“ပြေး”
ခြံဝန်းအတွင်းမှ ကြောက်လန့်တကြား ပြေးထွက်သွားကြသည့် သိုင်းသမားသုံးယောက်တို့ဟာ ခြေထောက်အပိုဖြင့် မွေးဖွားမပေးခဲ့သည့် မိဘများကိုပင် မုန်းတီးမိသည်။ သူတို့ဟာ ရွာပြင်သို့ အားကုန် ပြေးနေကြ၏။ သုံးယောက်သားဟာ ခြံစည်းရိုးကို လျှင်မြန်စွာ ဖက်တက်သည်။
ဒီရွာဟာ ကြောက်ဖို့ကောင်းလှ၏။ အလွန် အန္တရာယ်များလှသည်။ အခြား သိုင်းသမားများ ဘာဖြစ်ခဲ့ပြီ ဆိုတာကတော့.. သူတို့နှင့် မဆိုင်ပေ။ ကြာကြာနေပါက သူတို့လည်း သေပေလိမ့်မည်။ အလွန်ဆုံး ကျောက်နက်မြို့သို့ မပြန်တော့ပဲ တောတောင်ထဲသို့ ဝင်ရောက်ကာ ဓါးပြတစ်ယောက် လုပ်ရုံပင်။
သံုးယောက်သားဟာ ခြံစည်းရိုးမှ ထွက်ခွာပြီးနောက် ရှင်းလင်းစွာပင် ရွာပြင်သို့ ရောက်ရှိသွားသည်။ သို့ပေမယ့် မျက်စိတစ်မှိတ်အတွင်းတွင် သူတို့ဟာ ရွာလယ်လမ်းမပေါ်တွင် ပြန်ပေါ်လာခဲ့ပြန်၏။
“ဘာဖြစ်တာလဲ”
“ဘာလို့လဲ”
မလှမ်းမကမ်းရှိ ချန်းလျှို၏ ခြံဝန်းအတွင်းတွင် သိုင်းသမားများ၏ လဲကျနေပုံကို ရေးတေးတေး မြင်ရသည်။
“ဟီးဟီး…”
သုံးယောက်သား၏ ကျောရိုးများဟာ စိမ့်သွားကြ၏။ သွားရိုက်သည့်အသံများပင် ကြားရသည်။
“ဟိုမှာ မီးရောင်ရှိတယ်။ သွားကြရအောင်”
ရုတ်တရက် တစ်ယောက်ယောက်က ရွာအနောက်ဘက်သို့ ညွှန်ပြကာ ပြောသည်။
“စောင့်ဦးဟ”
အခြားနှစ်ယောက်က သူ့ကိုအမှီလိုက်၏။ သုံးယောက်သားဟာ မီးဆီသို့ လိုက်ရင်း ဆက်လက်ပြေးနေကြသည်။ မီးရောင်ကို စူးစိုက်စွာ ကြည့်နေပြီး မျက်စိတစ်မှိတ်အတွင်း ရွာသို့ ပြန်ရောက်လာမည်ကို ကြောက်ရွံ့နေကြသည်။
သူတို့ဟာ လမ်းတစ်လျှောက် ပြေးခဲ့ကြ၏။ ပြောရလျှင် ရွာဟာ သိပ်ကြီးခြင်းမရှိရာ ရောက်နှင့်ပြီးတာ ကြာပြီဖြစ်သင့်သည်။ နောက်တစ်စက္ကန့်တွင် သုံးယောက်သား၏ ရှေ့ရှိ မြင်ကွင်းဟာ လက်ခနဲဖြစ်သွားပြီး ရွာလယ်သို့ ပြန်ရောက်သွား၏။
ဒီတစ်ကြိမ်၌ မီးရောင်ကို တွေ့ရသည်မှာ.. သူတို့၏ ရှေ့၌ မီးတုတ်ကို ကိုင်ကာရပ်နေသည့် ချန်းလျှို ရပ်နေသောကြောင့် ဖြစ်သည်။
“ငါတို့တွေ မင်းတို့ကို ကောင်းကောင်းဧည့်ခံခဲ့တယ် မဟုတ်ဘူးလား။ ဘာလို့ ညကြီးအချိန်မတော် ထွက်သွားရတာလဲ။ ငါလိုက်ပို့မယ်လေ”
ချန်းလျှို၏ ပိန်ပါးအိုမင်းသည့် မျက်နှာပေါ်၌ အပြုံးတစ်ခု ပေါ်လာခဲ့သည်။
“ယား.. ငါမင်းကိုသတ်မယ်”
သိုင်းသမားတစ်ယောက်က နီရဲသော မျက်လုံးများဖြင့် ဆေဘာကို ထုတ်ကာ ချန်းလျှိုကို ခုတ်ပိုင်းသည်။
“ဘုန်း၊ ဘုန်း၊ ဘုန်း”
၇၊ ၈ ကတ်တီလောက်လေးသည့် ဆေဘာဓါးဟာ အားကုန်ကျဆင်းလာ၏။ သံတုံးကိုပင် အရာထွင်းနိုင်လောက်သည်။ သို့ရာတွင် ကျယ်လောင်သော အသံတစ်ခုသာ ထွက်လာပြီး ချန်းလျှို၏ ခန္ဓာကိုယ်တွင် မည်သည့် ထိခိုက်ရာမှ ပေါ်မလာခဲ့ပေ။
“သေလိုက်.. သွားသေလိုက်”
ထိုသိုင်းသမားက ရူးသွပ်စွာဖြင့် ကြမ်းတမ်းစွာ ဆက်လက်ခုတ်၏။ သို့ပေမယ့် ချန်းလျှိုကို လုံးဝ ဒဏ်ရာရစေနိုင်ခြင်း မရှိပေ။
ထိုအချိန်၌ ချန်းလျှိုက ပြုံးကာ လက်ကိုဆန့်ပြီး ဆေဘာကို ဖမ်းဆုပ်သည်။
“မင်းခုတ်တာ ဝပြီလား။ အဲ့ဒါဆို ငါ့အလှည့်ပဲ”
သူက ပြောရင်းနှင့် ဆေဘာကို ဆွဲယူကာ လွှင့်ပစ်လိုက်သည်။ သိုင်းသမား၏ လည်ပင်းကို ညှစ်ကာ လေပေါ်သို့ မြှောက်လိုက်၏။ တစ်ချိန်တည်းတွင် ချန်းလျှို၏ ခန္ဓာကိုယ်ဟာ ကျယ်ပြန့်လာခဲ့့သည်။ ခြေထောက်တစ်ချောင်း ဖြစ်လျှင်တောင် အရွယ်ရောက်ပြီးသား လူတစ်ယောက်၏ ခါးလောက်ရှိ၏။ ကြွက်သားများက သံမဏိများကဲ့သို့ ရှိသည်။
“မလုပ်နဲ့.. ငါ..”
သိုင်းသမားက နာကျင်စွာ ရုန်းကန်ရင်း ချန်းလျှို၏ လက်ကို သူ၏လက်နှစ်ဖက်ဖြင့် ကုပ်ခြစ်သည်။ သူ၏ လက်သည်းတို့ လန်ထွက်ကာ သွေးများ စီးကျလာသည်အထိ ကုပ်ခြစ်၏။ သို့ပေမယ့် တစ်ဖက်လူက လုံးဝမလှုပ်ပါ။
“အားး”
အခြားသိုင်းသမား နှစ်ယောက်တို့လည်း အော်ဟစ်ငိုကြွေးကာ ထွက်ပြေးကြသည်။ သူတို့ဟာ ဝိညာဉ်လွင့်မတတ် ဖြစ်နေပါပြီ။
“ခရက်”
ချန်းလျှိုက သိုင်းသမား၏ လည်ပင်းကို လုံးဝ ချိုးလိုက်ကာ ဆွဲဖြုတ်လိုက်သည်။
“ဘုတ်”
အလောင်းဟာ နှစ်ပိုင်းဖြစ်သွား၏။
“စိတ်မပူနဲ့.. သူတို့ကို ခဏလောက် ကစားခိုင်းလိုက်ဦးမယ်။ ပြီးရင် မင်းကို အဖော်လာပြုကြမှာပါ”
ထိုကဲ့သို့ ပြောပြီးနောက် ချန်းလျှိုက ထွက်ပြေးသွားသည့် သိုင်းသမားများနောက်သို့ လိုက်လံခြင်းမပြုပါ။ အဲ့ဒီအစား အလောင်းကို ခြေထောက်မှဆတွဲကာ ရွာအဝင်ဝဆီသို့ ခုတ်ထွက်သွား၏။
“ဘုတ်”
ဟန်ကျောက်က ဒေါ်လေးထောကို ခေါင်းဖြတ်လိုက်ပြီးနောက် ခြံဝန်းအတွင်းရှိ တိုက်ပွဲဟာ ပြီးဆုံးသွားခဲဲ့သည််။ နောက်ထပ် ယင်စွမ်းအင်တစ်လှိုင်း ခန္ဓာကိုယ်သို့ ဝင်ရောက်လာပြန်ပြီး ဝိညာဉ်အဆီအနှစ်လုံးက စုပ်ယူလိုက်၏။
သုတ်သင်ခြင်းဆေဘာရှိ အပေါက်ကိုကြည့်ကာ ဟန်ကျောက်ဟာ အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ ကံကောင်းစွာပင် စံအိမ်သခင်ကျု၏ ထုလုပ်ခြင်းစကေးက ထူးချွန်လှသည်။ မဟုတ်ပါက အခြား ဆေဘာများကဲ့သို့ပင် ကျိုးထွက်သွားမှာပါ။
“ကလန်”
သူက ဆေဘာကို ပြန်သိမ်းသည်။ သွေးသန့်စင်ခြင်းအဆင့် သိုင်းသမားနှစ်ယောက်နှင့် ရှလင်တို့ မြဲမြံစွာ ရပ်နေနိုင်သေးတာက လွဲ၍ ကျန်သည်များမှာ မြေပြင်ပေါ်၌ အားပြတ်လုနီးပါး ရှိနေပါပြီ။ ခွေးသေကဲ့သို့ မောဟိုက်နေ၏။ ပင်ပန်းမှုအပြင် အကြောက်လွန်မှုကြောင့်လည်း ဖြစ်ပုံပါ။
“ဂျူနီယာမောင်လေးဟန်.. အခု ကျွန်မတို့ ဘာလုပ်ကြမလဲ”
ရှလင်က ညာဘက်ပုခုံးကို နာကျင်သည့်ပုံဖြင့် ဖိကာ ဟန်ကျောက်၏ ဘေးသို့ လျှောက်လာခဲ့သည်။ သူမဟာလည်း ခုနက ဟိုင်ဝါကို တိုက်ခိုက်သည့် တိုက်ပွဲတွင် ပါဝင်ခဲ့၏။ သို့ရာတွင် ဟိုင်ဝါ၏ လက်သီးချက် ထိမှန်ပြီးနောက် ညာဘက်လက်နှင့် ပုခုံးဟာ နာကျင်နေခဲ့သည်။ မောင်လေးဟန်နှင့် အကြီးအကဲဖုန်းတို့၏ ဂရုစိုက်မှုကြောင့်သာ မဟုတ်ပါက ကျိုးသွားပြီး ဖြစ်မှာပါ။
ထိုအချိန်၌ပင် သူမဟာ မောင်လေးဟန်၏ နက်ရှိုင်းစွာ ဖုံးကွယ်နိုင်မှုနှင့် နှိမ့်ချမှုတို့ကို နားလည်လာခဲ့သည်။
“ဒီနေရာကနေ အရင်ထွက်ကြရအောင်”
ဟန်ကျောက်က ခြံဝန်းအတွင်းရှိ လူတိုင်းကို ကြည့်ကာ ပြောသည်။ သွေးသန့်စင်ခြင်းအဆင့် အကြီးအကဲများမှ လွဲ၍ သူ့ကို မည်သူမှ မကြည့်ရဲကြပေ။