(အကြွေးဆပ်ခြင်း)
Vol. 4 Ch. 47
အိမ်မှ ထွက်ခွာပြီးနောက် နှစ်ယောက်သားဟာ ရှင်းချောင်ဒေသရှိ ဈေးဆီသို့ လျှင်မြန်စွာ ရောက်ရှိလာကြသည်။ ယုနျန်ဟာ တောသူမလေး မြို့ရောက်သကဲ့သို့ ရှိနေ၏။ သူမဟာ လမ်းနှစ်ဖက်ရှိ ဆိုင်များမှ အရောင်စုံသည့် ပစ္စည်းများကို သိလိုစွာ လိုက်ကြည့်နေပါသည်။ ထိုအခြေအနေကို တွေ့ရပြီးနောက် ဟန်ကျောက်က သတိပေးသည်။
“အိုး.. ဒါနဲ့… ငါအိမ်မှာ မရှိတဲ့အခါ တစ်ယောက်တည်း အပြင်သိပ်မထွက်နဲ့နော်။ တစ်ခုခုထွက်ဝယ်ဖို့ လိုလာရင်လည်း ပြဿနာတက်တဲ့အခါ ငါ့နာမည်ကိုသာ ပြောလိုက်။ ရှင်းချောင်ဒေသမှာ ငါ့ကို ထိပါးရဲတဲ့လူ သိပ်မရှိဘူး”
“ကျွန်မ မှတ်ထားပါမယ် အစ်ကိုဟန်”
ယုနျန်က ဟန်ကျောက်ကို လေးစားစွာ ကြည့်သည်။
“အရင်ဆုံး ရှင်းချောင်ဒေသနဲ့ ရင်းနီးအောင် နင့်ကို လျှောက်ပတ်ခေါ်သွားပေးမယ်။ ငါမရှိတဲ့အချိန် နင်မဖြေရှင််းနိုင်တဲ့ ကိစ္စတစ်ခုခု ရှိလာရင် ရဲကျင်းဒေသက တောင်ဖြိုလက်သီးသိုင်းကျောင်းဆီကို သွားလို့ရတယ်။ ငါအဲ့မှာ သိုင်းကျင့်လေ့ရှိတယ်”
ဟန်ကျောက်က ဆက်လက်ပြော၏။
“ပြီးတော့… ဟိုင်လင်းဒေသကို မသွားနဲ့”
“ဟုတ်ကဲ့”
ယုနျန်က နာခံစွာ ခေါင်းညှိတ်သည်။
..
ညစာစားပြီးနောက် ဟန်ကျောက်ဟာ ယုနျန်ကို ခေါ်ကာ
လျှောက်ပတ်ပြီး အိမ်သို့ ပြန်ခဲ့၏။ ထို့နောက် ငွေကိုယူကာ ရှလင်ကို သွားတွေ့သည်။ သို့ရာတွင် သိုင်းကျောင်းဆီသို့ သူရောက်ရှိပြီးနောက် ရှလင်မရှိကြောင်းကို သိလိုက်ရသည်။ ဟန်ကျောက်ဟာ မြို့တွင်းပိုင်းရှိ သူမ၏ အိမ်သို့ သွားရောက်၏။
ရှလင်၏ အိမ်ထဲတွင် ဧည့်သည်တစ်ယောက်ကို ဧည့်ခံနေမှုအား သိရပြီးနောက် ဂိတ်စောင့်ကို သတင်းပို့ခိုင်းကာ တံခါးဝ၌ စောင့်နေလိုက်သည်။ ခဏအကြာ၌ ဂိတ်စောင့်က အပြုံးတစ်ခုနှင့် ပြန်လျှောက်လာ၏။
“သခင်လေးဟန်… ကျွန်တော်တို့ သခင်မလေးက ခင်ဗျားနဲ့ တွေ့လို့ရပါတယ်တဲ့”
ဟန်ကျောက်က ခေါင်းညှိတ်ကာ တံခါးစောင့်နောက်မှလိုက်ရင်း အိမ်ထဲသို့ ဝင်ရောက်သည်။ တံခါးစောင့်က သူ့ကို အနောက်ဘက်ခြံဝန်းဆီသို့ ခေါ်ဆောင်သွား၏။
ခြံဝန်းအလယ်တွင် ရှလင်ဟာ ကျောက်စားပွဲတစ်ခု၌ ထိုင်နေပြီး လက်ဖက်ရည် သောက်နေ၏။ စုယွင်လည်း ရှိနေပါသည်။ ကျောက်စားပွဲတွင် အသီးမျိုးစုံနှင့် သရေစာမျိုးစုံတို့ ရှိနေပါသည်။ အစေခံ နှစ်ယောက်စီတို့ဟာ သူမတို့နှစ်ယောက်၏ အနောက်တွင် ရပ်နေကြ၏။
ရှလင်ဟာ အစိမ်းရောင် ဝတ်စုံရှည်ကို ဝတ်ဆင်ထားပြီး သူမ၏ တင့်တယ်သည့် ခန္ဓာကိုယ်ကို ပြီးပြည့်စုံစွာ ပြသနေပါသည်။ သူမဟာ မိန်းမငယ်တစ်ဦး၏ အငွေ့အသက်တို့ဖြင့် ပြည့်နှက်နေ၏။
တစ်ဖက်ရှိ စုယွင်မှာ ခရမ်းရောင် ဝတ်စုံရှည်ကို ဝတ်ဆင်ထားသည်။ သူမဟာ ကုတ်အင်္ကျီတို တစ်ခုကို ခြုံထားပြီး ချမ်းသာကြွယ်ဝမှု အငွေ့အသက်တို့ဖြင့် ပြည့်နှက်နေ၏။ သူဌေးသမီး ပီသလှပါသည်။ သူမ၏ နေထိုင်မှု စံနှုန်းဟာ သာမန်မဟုတ်ပေ။
“သခင်မလေး… သခင်လေးဟန် ရောက်လာပါပြီ” တံခါးစောင့်က အပေါက်ဝသို့ ရောက်ရှိပြီးနောက် ရှလင်ကို လေးစားစွာ ဦးညွှတ်သည်။ ဟန်ကျောက်ကို တွေ့ရပြီးနောက် ရှလင်၏ မျက်နှာက လင်းလက်သွား၏။ သူမက မတ်တပ်ရပ်ကာ သူ့ကို လက်ဝှေ့ပြသည်။
“ဂျူနီယာမောင်လေးဟန်”
ဟန်ကျောက်က ရှေ့သို့ လျှောက်လာခဲ့၏။
“စီနီယာအစ်မရှ”
သူက ပြောရင်းနှင့် စုယွင်ကိုလည်း နှုတ်ဆက်သည်။
“စီနီယာအစ်မစု”
စုယွင်က ခေါင်းညှိတ်ကာ တုံ့ပြန်၏။
“ဂျူနီယာမောင်လေးဟန်က ကိစ္စမရှိရင် မလာဘူးနော်”
ရှလင်က ဟန်ကျောက်ကို ကျီစယ်စွာ ကြည့်သည်။ သူမဟာ ပြန်ထိုင်လိုက်ပြီး ဘေးရှိ ကျောက်ထိုင်ခုံကို ပုတ်၏။
“ဒီနေ့ အစ်မကို ဘာလို့ လာရှာတာလဲ.. ထိုင်ပြီးပြောပါဦး”
“အစ်မရှက နောက်နေပြန်ပါပြီ။ ဒါပေမယ့် တကယ်ပဲ ကိစ္စတစ်ခုရှိလို့ ရောက်လာတာ”
ဟန်ကျောက်က နေရခက်စွာ ပြုံးသည်။ သူက ပြောရင်းနှင့် သူမတို့နှစ်ယောက်၏ အနောက်ရှိ အစေခံတို့ကို ကြည့်သည်။
ရှယွင်က မျက်မှောင်ကြုတ်သွား၏။ ဟန်ကျောက်ဟာ ရှယွင်ဆီမှာ ပိုက်ဆံလာချေးပြန်သည့် ပုံပါ။ ပြီးခဲ့တုန်းက လေပြေမှုန့်ကို တောင်းဆိုတုန်းကပင် များနေပြီ ဖြစ်၏။ ယခု ထပ်ဖြစ်ပြန်လေပြီ။
ငွေ၂၀၀လျန်ဟာ သွေးသန့်စင်ခြင်းအဆင့် သိုင်းသမားတစ်ယောက်အား အမည်ခံအဖြစ် ငှားယမ်းရန် လုံလောက်၏။ တကယ့်ကို ဆိုးလှသည်ပင်။
သူမက ဝင်ပြောတော့မည် အပြုတွင် ရှယွင်က အရင်ပြော၏။
“ချွမ်ထောင်၊ ချုံးကျူ.. နင်တို့တွေ အရင်သွားနှင့်”
သူမက နောက်ရှိ အစေခံနှစ်ယောက်တို့ကို လက်ဝှေ့ကာ ထွက်သွားခိုင်းလိုက်သည်။
“ဟုတ်ကဲ့ပါ သခင်မလေး”
အစေခံ နှစ်ယောက်တို့က ဒူးညွှတ်ကာ ပြောပြီးနောက် ခြံဝန်းအတွင်းမှ ထွက်ခွာသွား၏။
ထိုအချိန်၌ ရှလင်က စုယွင်ကို ကြည့်သည်။ ထိုပုံကို တွေ့ရပြီးနောက် စုယွင်က အလိုမကျစွာ နှာခေါင်းရှုံ့၏။ သူမနောက်ရှိ အစေခံနှစ်ယောက်တို့ကိုလည်း သွားခိုင်းလိုက်သည်။ သို့ရာတွင် မည်သည့်လှုပ်ရှားမှုကိုမှ မတွေ့ရပေ။
စုယွင်က နောက်သို့လှည့်ကာ ကြည့်၏။ သူမ၏ အစေခံနှစ်ယောက်တို့ဟာ ဟန်ကျောက်အား တည့်မတ်စွာ ကြည့်နေကြကြောင်းကို တွေ့လိုက်ရသည်။ ဘယ်တုန်းကမှ လောကကို မမြင်ဖူးသကဲ့သို့ ကြည့်နေခြင်းမှာ အလွန် ရုပ်ပျက်လှ၏။
“ထွက်သွားကြ”
စုယွင်၏ မျက်နှာက မဲမှောင်သွားသည်။
“ဟုတ်ကဲ့”
အစေခံနှစ်ယောက်တို့ဟာ သတိပြန်လည်လာပြီး အမြန် ထွက်ခွာသွားကြ၏။
“ဂျူနီယာမောင်လေးဟန်… အခု ပြောလို့ရပြီလား”
ရှလင်က အပြုံးတစ်ခုနှင့် မေး၏။
ဟန်ကျောက်က ခေါင်းညှိတ်သည်။ ပြည့်ဖောင်းသည့် အဝတ်အိတ်တစ်ခုကို ထုတ်ကာ ကျောက်စားပွဲပေါ်၌ တင်လိုက်၏။ အဝတ်အိတ်ကို ဖွင့်လိုက်ပြီးနောက် အတွင်းထဲတွင် ငွေချောင်း၂၀တို့ကို တွေ့ရသည်။ ငွေချောင်းတစ်ခုချင်းစီမှာ ငွေ၁၀လျန်နှင့် ညီမျှ၏။ စုစုပေါင်း ငွေ၂၀၀လျန် ဖြစ်ပါသည်။
“ဂျူနီယာမောင်လေးဟန်… ဒါက”
ရှေ့ရှိ ငွေချောင်းများကို ကြည့်ကာ ရှလင်၏ ဦးခေါင်းက အံ့ဩစွာ မော့လာခဲ့သည်။
“ဒါက ကျွန်တော်တင်ထားတဲ့ အကြွေးပါ အစ်မရှ… လေပြေမှုန့်ရဲ့ ဈေးကွက်နဲ့ ပမာဏတန်ကြေးအတိုင်းဆို ငွေ၂၀၀လျန်တောက် ရှိတယ်မလား”
ဟန်ကျောက်က ပြုံး၏။
“ဖြစ်နိုင်တာက ဂျူနီယာမောင်လေးဟန်တို့ တကယ်ပဲ..” ရှလင်၏ မျက်နှာက အံ့ဩနေပြီး လျှင်မြန်စွာ တုံ့ပြန်လာခဲ့၏။ အစေခံများကို ထွက်သွားစေချင်တာ အံ့ဩစရာ မရှိပေ။
“ဟုတ်ပါတယ်။ စီနီယာစုန့်က မိစ္ဆာသွေးသန့်စင်ခြင်းအဆင့် သိုင်းသမားကို အောင်အောင်မြင်မြင်ပဲ သတ်ခဲ့ပါတယ်။ ဒီကိစ္စအားလုံးအတွက် အစ်မရဲ့ ကူညီမှုကို ကျေးဇူးတင်ရမယ်။ စီနီယာစုန့်က ကျွန်တော့ရဲ့ ကြိုးစားမှုအတွက်လည်း အများကြီး ပေးထားပါတယ်”
ဟန်ကျောက်၏ ပုံစံက လေးနက်သွားပြီး ပြောသည်။
“ကျွန်တော်အစ်မအပေါ် တင်တဲ့အကြွေးကိုတော့ နောင်ကျမှပဲ ပြန်ပေးနိုင်တော့မယ်”
ရှလင်တို့၏ မျက်လုံးများက ပြူးကျယ်နေပြီး ပြောစရာစကား မဲ့နေကြ၏။ စုယွင်က မနေနိုင်ပဲ ဘေးဘီသို့ ကြည့်သည်။ ဒီလောကဟာ အလွန် ပရမ်းပတာနိုင်ကာ အကျိုးအမြတ်အတွက် အဆက်မပြတ် တိုက်ခိုက်နေကြပေမယ့် အခြေခံအားဖြင့် သွေးသန့်စင်ခြင်းအဆင့် အောက်ပိုင်းသို့သာ ကန့်သတ်ထားပါသည်။ သွေးသန့်စင်ခြင်းအဆင့် သိုင်းသမားတစ်ယောက် သေဆုံးသည်အထိ တိုက်ခိုက်ခြင်းကို ကြားရသည်မှာ အလွန်ရှားပါး၏။
ဟန်ကျောက်၏ စကားအရ သူပြောသည့် စီနီယာစုန့်ဟာ မိစ္ဆာသွေးသန့်စင်ခြင်းအဆင့် သိုင်းသမားကို တစ်ယောက်တည်း သတ်ခဲ့သည့်ပုံပါ။
သိုင်းသမားတစ်ယောက်ဟာ သွေးသန့်စင်ခြင်းအဆင့်သို့ ရောက်ရှိပြီးပါက အရည်အသွေး ပြောင်းလဲမှုတစ်ခုကို ကြုံရ၏။ သူတို့၏ အသက်ဓါတ်ဟာ ကြီးစွာ တိုးပွားလာလေသည်။ အလွယ်တကူ သတ်လို့မရပေ။
မိစ္ဆာသွေးသန့်စင်ခြင်းအဆင့် သိုင်းသမားဟာ ဒဏ်ရာရထားပေမယ့် အဆိပ်ကို အသုံးပြုရာတွင် ထူးချွန်ပါသည်။ သေချာပေါက် အလွယ်တကူ ရင်ဆိုင်လို့မရပေ။
“ဂျူနီယာမောင်လေးဟန်.. နင်ပြောတဲ့အတိုင်းဆို စီနီယာစုန့်က ဘယ်အဖွဲ့ကမှ မဟုတ်ဘူးပေါ့။ ပြီးတော့ နင်နဲ့လည်း ဆက်ဆံရေး ကောင်းတယ်နော်”
စုယွင် က ပြော၏။
အဆင့်တူသည့် သွေးသန့်စင်ခြင်းအဆင့် သိုင်းသမားတစ်ယောက်ကို သတ်ဖြတ်နိုင်သည့် လူတစ်ယောက်သာ စုမိသားစု၏ လုပ်ငန်းဆီသို့ ဝင်ရောက်လာပါက စီးပွားရေးကို ထပ်မံချဲ့ထွင်နိုင်မှာပါ။ သူမ၏ ဖခင်လည်း အဓိက မျိုးဆက်အတွင်း၌ ပိုမိုအာဏာရလာမှာ ဖြစ်သည်။
သို့ရာတွင် ဟန်ကျောက်နှင့် ရှလင်တို့မှာ ပိုမိုကောင်းမွန်ကြောင်းရာ စီနီယာစုန့် အနေနှင့် အဖွဲ့ရွေးချယ်မည် ဆိုပါက ရှမိသားစုကို ဝင်ရောက်နိုင်ချေ ပိုများပါသည်။
သို့ရာတွင် စုယွင်၏ အမြင်တွင် ဤသည်မှာလည်း မဆိုးလှပေ။ ရှလင်ကို ကူညီပြီး မိသားစု စီးပွားရေး ဆက်ခံမှုအတွက် တိုက်ခိုက်ပေးနိုင်၏။ စုန်မိသားစုတစ်ခုတည်းနှင့် ကျောက်နက်မြို့၏ စီးပွားရေးကို ကိုင်တွယ်နိုင်ခြင်း မရှိပေ။ ရှလင်သာ မိသားစုခေါင်းဆောင် ဖြစ်လာပါက နှစ်ယောက်သား၏ ရင်းနှီးမှုဖြင့် ပိုမိုကြီးမားသည့် အောင်မြင်မှုများဆီသို့ အတူတူ တက်လှမ်းနိုင်မှာပါ။
စုယွင်က စကားဆုံးသည်နှင့် ရှလင်လည်း တုံ့ပြန်လာခဲ့သည်။ ဟန်ကျောက်ကို မျှော်လင့်စွာ ကြည့်၏။
သူမနှင့် သူမ၏ဒုတိယအစ်ကိုတို့၏ ဆက်ဆံရေးဟာ အလွန် ဆိုးရွားနေပြီး ဖြစ်သည်။ ယခု ရှကျင်ဟာ သူမကို ပေါ်တင် ပစ်မှတ်ထားလာ၏။ လာမည့် နှစ်အနည်းငယ်အတွင်းတွင် သူမအနေနှင့် သွေးသန့်စင်ခြင်းအဆင့်သို့သာ မချိုးဖျက်နိုင်ပါက မိသားစုခေါင်းဆောင် နေရာကို ဆုံးရှုံးရလျှင် အနာဂတ်က အလွန်ဆိုးရွားမှာပါ။
“စီနီယာစုန့်က တကယ်ပဲ ဘယ်အဖွဲ့ကမှ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီအချိန်မှာ အဖွဲ့တွေဘာတွေကို ဝင်ရောက်ဖို့ သူက စိတ်မဝင်စားဘူး”
ဟန်ကျောက်က ခေါင်းကိုယမ်းသည်။ သူ့ကိုယ်သူ ဖော်ထုတ်ဖို့ မစဉ်းစားပါက စုန့်ချွေဟာ တစ်ယောက်တည်းသာ လှုပ်ရှားရန် ရွေးချယ်စရာ ရှိသည်။ ဘာပဲဖြစ်ဖြစ် သူနှင့် စုန့်ချွေတို့ဟာ တစ်ပြိုင်နက် ပေါ်လာနိုင်ခြင်း မရှိပေ။ မဟုတ်ပါက သူ့အနေနှင့် ရှလင်ကို အမှန်တကယ်ကို ကူညီချင်ပါသည်။
သူ၏ တောင်ခွဲဆေဘာအတတ်သာ သွေးသန့်စင်ခြင်းအဆင့်သို့ ချိုးဖျက်သွားပါက ရှလင်ကို တရားဝင် ကူညီနိုင်ပါပြီ။ ဤသည်က ကြာမည်မဟုတ်တော့ပေ။
“စီနီယာအစ်မရှနဲ့ အစ်မစုတို့က ဒီလျှို့ဝှက်ချက်ကို ဖုံးကွယ်ပေးထားဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ စီနီယာစုန့်က အေးအေးဆေးဆေးပဲ နေလိုတာ”
ဟန်ကျောက်က ထပ်ပေါင်းပြောသည်။ ပေါ်သွားလျှင်လည်း သူက ပြဿနာမရှိပါ။ သို့ပေမယ့် နောက်ကျလေလေ ပိုကောင်းလေ ဖြစ်၏။
ရှလင်ဟာ အနည်းငယ် စိတ်ပျက်သွားပေမယ့် ဟန်ကျောက်၏ လေးနက်သည့် ပုံကို တွေ့ရပြီးနောက် ဖြေ၏။
“စိတ်မပူပါနဲ့။ အစ်မ လျှို့ဝှက်ထားပေးပါ့မယ်”
သူမက ပြောရင်းနှင့် စုယွင်ကို ကြည့်သည်။
“စိတ်မပူပါနဲ့။ ငါက ပါးစပ်ဖွာတတ်တဲ့လူ မဟုတ်ဘူး”
စုယွင်က မျက်ဆံလှည့်၏။
“ကျေးဇူးပါ”
ဟန်ကျောက်က လက်နှစ်ဖက်ကို ဆုပ်ကာ ပြောသည်။ “ကျွန်တော့မှာ လုပ်စရာရှိသေးလို့.. သွားလိုက်ပါဦးမယ်”