(သွေးချီပေါက်ကွဲခြင်း)
Vol. 4 Ch. 48
“ဂျူနီယာမောင်လေးဟန်..”
ရှလင်၏ ပန်းနုရောင်နှုတ်ခမ်းအစုံက အနည်းငယ် ပွင့်ဟနေ၏။ ဟန်ကျောက်ကို ထိုင်ကာ လက်ဖက််ရည်သောက်ရန် ခေါ်ချင်နေလေသည်။ သို့ပေမယ့် ဟန်ကျောက်ဟာ ခြံဝန်းအတွင်းမှ ထွက်ခွာသွားပြီး ဖြစ်၏။
ဟန်ကျောက်ထွက်ခွာသွားပြီးနောက် စုယွင်က စားပွဲခုံပေါ်ရှိ ငွေချောင်းတစ်ခုကို ကောက်ယူကာ ကြည့်သည်။ ငွေတုံး၏ အောက်ခြေရှိ တံဆိပ်ကို ကြည့်ကာ မနေနိုင်ပဲ ခေါင်းကိုယမ်းကာ ပြုံးမိ၏။
“ဘယ်လိုလဲ”
ရှလင်က တောက်ပစွာ ပြုံးသည်။
“ကြည့်ရတာ ဂျူနီယာဟန်ကို ငါတော်တော်လေး အထင်သေးမိခဲ့ပုံပဲ”
စုယွင်က ခေါင်းမာခြင်းမရှိပေ။ ပွင့်လင်းစွာပင် ဝန်ခံ၏။
“ငါပြောသားပဲ.. ဂျူနီယာမောင်လေးဟန်က စကားတည်တဲ့လူပါလို့”
ရှလင်က ခေါင်းကိုမော့ကာ ဂုဏ်ယူစွာ ရှိနေ၏။
“ကောင်းပါပြီ။ ကောင်းပါပြီ။ ငါပဲ မှားတာပါ”
စုယွင်က စသည်။
“နင့်ရဲ့ ဂျူနီယာဟန်ကသာ အကောင်းဆုံးပါ”
“နင်ဘာမဟုတ်တာတွေ လျှောက်ပြောနေတာလဲ။ ဘာကို ငါ့ရဲ့လဲ..”
ရှလင်မှာ ရှက်ရွံ့သွား၏။
“အိုး.. ဒါနဲ့”
စုယွင်က တစ်ခုခုကို တွေးမိပုံ ပေါ်၏။ အစေခံကို ဝင်လာခိုင်းကာ အနားသို့ ကပ်ပြီး တိုးညှင်းစွာ ညွှန်ကြားသည်။
“စုယွင်.. နင်ဘာလုပ်ဖို့ စဉ်းစားနေတာလဲ.. ဂျူနီယာမောင်လေးဟန်ရဲ့ လျှို့ဝှက်ချက်ကို ဖော်မလို့လို့တော့ မပြောနဲ့နော်”
ရှလင်က မေးသည်။
“နင်.. နင့်မျက်စိထဲမှာ ငါက အဲ့လိုလူမျိုးလား”
“မဟုတ်ပါဘူး။ ငါနည်းနည်း စိတ်ပူလွန်သွားလို့.. အဲ့ဒါကြောင့်..”
“မဟုတ်ဘူးလို့ နင်က ပြောချင်သေးတာလား။ ငါနင့်ကို ဘယ်လိုအပြစ်ပေးမလဲ ကြည့်နေ”
စုယွင်က မတ်တပ်ရပ်ကာ ရှလင်၏ ရင်ဘတ်ကို ကိုင်၏။ သူမ၏ လက်ဟာ အတွင်းပိုင်းသို့ လျှိုသွားသည်။
“အားယား.. နင်ဘာလုပ်တာလဲ.. ယားတယ်ဟဲ့.. ငါမှားပါတယ်။ ငါမှားပါတယ်”
ရှလင်က တောင်းပန်၏။ နှစ်ယောက်သားဟာ ခဏတာ ကစားပြီးနောက် အစေခံက ခြံဝန်းအတွင်းသို့ ပြန်လာခဲ့သည်။ သူမဟာ ရှလင်၏ ဖရိုဖရဲ ဖြစ်နေသည့် အဝတ်များနှင့် နီရဲနေသည့် မျက်နှာတို့ကို ကြည့်ကာ မနေနိုင်ပဲ အကြည့်လွှဲသွား၏။
စုယွင်က ကျောက်ခုံပေါ်တွင် ခါးဆန့်ကာ ထိုင်ပြီး ထူးမခြားနားစွာ မေးသည်။
“ဘယ်လိုလဲ”
“သခင်မလေး.. အဲ့ဒါ အမှန်ပါပဲ”
အစေခံက ဒူးနှစ်ဖက်ကို ညွှတ်ကာ ဂါဝရပြုပြီး စာရွက်တစ်ခုကို လက်နှစ်ဖက်ဖြင့် ပေးသည်။ စုယွင်က ဖွင့်ကာ ကြည့်၏။ သူမ၏ မျက်လုံးများက ချက်ချင်းပင် စူးစိုက်သွားပြီး စာရွက်ကို ရှလင်အား ပေးသည်။
ရှလင်က စာရွက်ကို ယူ၏။ ၎င်းအပေါ်တွင် စုန့်ချွေ၏ ရုပ်ပုံ ပါရှိသည်။ ဘေးတွင် စကားလုံးငယ်များ ရှိ၏။ “စုန့်ချွေ- ကြေးစားလူဆိုးထိန်း၊ အသက်သုံးဆယ်စွန်းစွန်းရှိသည့် နယ်ခြားမှ သွေးသန့်စင်ခြင်းအဆင့် သိုင်းသမားတစ်ယောက် ဖြစ်သည်။ သူဟာ ဆေဘာနှင့် ဓါးသိုင်းတွင် ထူးချွန်၏။ ခေါင်းဆောင်ဝူဖေးယီက သူ၏ခွန်အားကို ခန့်မှန်းလို့မရအောင် နက်နဲသည်ဟု သုံးသပ်သည်။ ဒုတိယမြောက် သွေးချီချိုးဖျက်မှု အဆင့်၌ ရှိသည်ဟု ယူဆရ၏”
“ဂျူနီယာဟန်က တကယ်ပဲ မရိုးရှင်းဘူး”
စုယွင်က မနေနိုင်ပဲ သက်ပြင်းချသည်။ စုန့်ချွေ၏ အသွင်အပြင်ကို ကြည့်ရုံနှင့် သူဟာ သာမန်မဟုတ်သည့် ဟန်ပန်ရှိကြောင်းကို တွေ့မြင်နိုင်ပါသည်။ ဟန်ကျောက်အနေနှင့် ယခုကဲ့သို့ ကျွမ်းကျင်သူတစ်ယောက်နှင့် ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်နိုင်ခြင်းမှာ အမှန်တကယ်ကို ဆန်းကြယ်လှ၏။
တစ်နေ့တွင် ဟန်ကျောက်သာ သွေးသန့်စင်ခြင်းအဆင့်သို့ ချိုးဖျက်ခြင်း(သို့) စုန့်ချွေသာ ရှမိသားစုသို့ ဝင်ရောက်ခြင်းတို့ ပြုပါက ရှလင်၏ ယခု ကူညီမှုတို့ဟာ အကျိုးအမြတ်ကြီးတစ်ခု ပေးလာမှာပါ။
ယခုအချိန်တွင်တော့ ဘာမှ မဖြစ်သေးပေ။ သို့ပေမယ့် ဟန်ကျောက်၏ ယနေ့ အပြုအမူက သူမ၏ ထင်မြင်ချက်ကို ပထမဆုံးအကြိမ် သံသယဝင်လာစေမိသည်။
..
နှစ်လကြာပြီးနောက်..
ညနေခင်းတွင်ဟန်ကျောက်ဟာ စားပွဲခုံတွင် ထိုင်ကာ ပန်းကန်ထဲရှိ တောဝက်သွေးခဲကို စားနေ၏။ ရုတ်တရက် သူ၏မျက်လုံးများက ကျဉ်းမြောင်းသွားသည်။
“ဘာဖြစ်တာလဲ”
သူ၏ ခန္ဓာကိုယ်တွင် အမည်မသိသည့် အပူတစ်ခု မြင့်တက်လာပြီး သွေးချီတို့ လှိုင်းထလာ၏။ ထိုအချိန်၌ သူ၏ရှေ့တွင် ဇယားကွက်တစ်ခု ပေါ်လာခဲ့သည်။
“သိုင်းပညာများ- သွေးစိတ်ဝိညာဉ်မူ(ပထမအဆင့်၏ ပြီးပြည့်စုံခြင်းအဆင့် ၁၀၀%(အဆင့်မြှင့်တင်နိုင်)၊ အထူးသက်ရောက်မှု- သွေးပြောင်းလဲခြင်း အဆင့်၃၊ စိတ်ထိန်းချုပ်ခြင်း အဆင့်၂၊ သွေးပေါက်ကွဲခြင်း အဆင့်၁)”
“သွေးစိတ်ဝိညဉ်မူဟာ မူလလမ်းကြောင်းဆီမှ သွေဖယ်ပြီး သင်၏ အထူးသီးသန့် ကျင့်စဉ်တစ်ခု ဖြစ်လာခဲ့သည်။ မဆိုးလှပေ”
ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိရန် ခြေတစ်လှမ်းသာ လိုတော့သည့် သွေးစိတ်ဝိညာဉ်မူဟာ အဆင့်မြင့်တက်သွားခဲ့သည်။ ထို့အပြင် ကျင့်စဉ်၏ အကန့်အသတ်ကိုလည်း တစ်ခါတည်း ချိုးဖျက်သွား၏။
“ငါက တကယ့်ကို ပါရမီရှင်ပဲ”
ဟန်ကျောက်၏ ပုံက ပျော်သွား၏။ ပြီးခဲ့တုန်းက သွေးစိတ်ဝိညာဉ်မူ၏ အညွှန်းအရ သားရဲရိုင်းများ၏ သွေးကို သောက်သုံးခြင်းက သွေးချီကို မြင့်တက်နိုင်ရာ အဘယ်ကြောင့် တစ်ခါတည်း သွေးခဲမလုပ်ပဲ နေမည်နည်းဟု စဉ်းစားခဲ့၏။ ဤသည်က အရသာရှိကာ ရွံဖို့မကောင်းတော့ပေ။
သို့ရာတွင် သူဟာ မြို့ထဲရှိ စားသောက်ဆိုင်အားလုံးတို့ကို ရှာဖွေခဲ့ပေမယ့် ထိုဟင်းလျာကို ရှာတွေ့ခဲ့ခြင်း မရှိပေ။ ထို့ကြောင့် မုဆိုးများကို ရှာကာ တောဝက်သွေးကို ဝယ်ခဲ့သည်။ နတ်ဆိုးသားရဲများ၏ သွေးတွင် အထူးအသုံးပြုနည်း ရှိသည်က လွဲ၍ သာမန်သားရဲရိုင်းများ၏ သွေးဟာ အကျိုးအများကြီးရှိခြင်း မရှိပေ။ ထို့ကြောင့် တောဝက်သွေးဟာ တော်တော်လေး ဈေးပေါ၏။
သွေးခဲပြုလုပ်ရန်မှာ အလွန်ရိုးရှင်းပါသည်။ ပြီးခဲ့သည့် ဘဝတုန်းက အဖွားဖြစ်သူ လုပ်ခဲ့သည်အား သူမြင်ဖူး၏။ ဇလုံတစ်ခုအတွင်းသို့ သွေးကိုထည့်ကာ ဆားဖြင့်မွှေ၏။ သွေးကို ပြစ်ခဲစေပြီးနောက် ပါးလျကာသင့်တော်သည့် သွေးခဲတစ်ခုအဖြစ် ခဲစေသည်။ ဤသည်မှာ သွေးခဲဖြစ်၏။ သွေးတို့ဟူးဟူ၍လည်း ခေါ်ကြသည်။
အပူပေးကာ တစ်ခါတည်းစားခြင်း(သို့) အခြား အသီးအရွက်များနှင့် ရောကြော်ကာ အရံဟင်းလုပ်ခြင်းတို့ ပြုကြသည်။ ၎င်းဟာ စပ်ကာ အရသာရှိ၏။ အလွန် ထမင်းမိန်စေသည်။
ဟန်ကျောက်ဟာ နှစ်လဆက်တိုက် စားသုံးခဲ့ပြီးနောက် သူ၏ သွေးစိတ်ဝိညာဉ်မူဟာ ပြီးပြည့်စုံခြင်း အဆင့်သို့ ရောက်ခဲ့လေပြီ။ ဒီနည်းလမ်းအရ နောင်တွင် သူပိုမိုသန်မာလာပါက နတ်ဆိုးသားရဲများ၏ သွေးခဲလုပ်ရန်မှာ အလွန်သင့်တော်သည့် စိတ်ကူးဖြစ်ပုံပါ။
“ငါ့ရဲ့ သွေးချီက တိုးပွားလာပြန်ပြီ”
ဟန်ကျောက်ဟာ ပန်းကန်နှင့် တူကိုချပြီး မြင့်တက်လာပြန်သည့် သွေးချီကို ခံစား၏။ သိုင်းပညာဇယားကို ကြည့်လိုက်ပြန်သည်။ သွေးပြောင်းလဲခြင်းနှင့် စိတ်ထိန်းချုပ်ခြင်းတို့မှာ အဆင့်တစ်ခုစီ တိုးလာခဲ့၏။ အပို အထူးသက်ရောက်မှု သွေးပေါက်ကွဲခြင်းလည်း တိုးလာခဲ့သည်။
“စမ်းကြည့်တာပေါ့”
သူက ကျင့်စဉ်၏ ပုံကြမ်းအတိုင်း သွေးချီကို လှည့်လည်သည်။
“ဟန်”
များပြားလှသည့် သွေးချီများ နှလုံးသားသို့ မြင့်တက်လာသည်ဟု သူခံစားရ၏။ ခန္ဓာကိုယ်တစ်ခုလုံးတွင် စွမ်းအားကြီးမားသည့် ခွန်အားတို့ဖြင့် ပြည့်နှက်နေပါသည်။ ကြွက်သားများဟာ လျှင်မြန်စွာ ဖောင်းကြွလာပြီး သွေးရောင်လွှမ်းလာခဲ့၏။ ထူထဲသည့် သွေးစက်များဟာ အရေအပြား မျက်နှာပြင်ပေါ်၌ ပေါ်လာကြသည်။ ကြည့်ရတာ အလွန် ကြောက်ဖို့ကောင်း၏။
“ဟစ်”
သူဟာ ခန္ဓာကိုယ်အတွင်းတွင် မနေနိုင်ပဲ ထုတ်လွှတ်ချင်နေသည့် မီးတောက်တစ်ခု ရှိနေသည်ဟု ခံစားရ၏။
“ဘုန်း”
ဟန်ကျောက်ဟာ ခြေထောက်ကို အလိုလို ဆောင့်မိပြီး အိမ်ထဲရှိ ကြမ်းပြင်များကို ပျက်စီးသွားစေသည်။ ဖနှောင့်အောက်ရှိ ကြမ်းပြင်ဆိုလျှင် အမှုန့်ပင် ဖြစ်သွားခဲ့၏။
ဤသည်က အစစ်အမှန်ချီကို အသုံးမပြုသေးပါ။ သန့်စင်သည့် ခန္ဓာကိုယ် ခွန်အားနှင့် ယခုအခြေအနေအား ဖော်ဆောင်ခဲ့ခြင်း ဖြစ်၏။ လူတစ်ယောက်အပေါ်ကိုသာ ဖနှောင့်ဆောင့်လိုက်ပါက တစ်ဖက်လူဟာ နေရာမှာတင် သေသွားလောက်မှာပါ။
“ခွန်အားက ငါ့ရဲ့ခန္ဓာကိုယ်က လျှံထွက်လာတယ်လို့ ခံစားရတယ်”
“ဘုန်း”
ဒီတစ်ကြိမ်တွင် ဟန်ကျောက်ဟာ အားကုန်သုံးပြီး ကြမ်းပြင်ရှိ ချိုင့်ငယ်ကို ခြေထောက်ဆောင့်လိုက်သည်။ ထိုအချိန်၌ နှလုံးသားထဲသို့ မြင့်တက်လာသည့် သွေးချီ ငါးပုံတစ်ပုံဟာ ကုန်ဆုံးသွားကြောင်းကို ရုတ်တရက် နားလည်လိုက်၏။
“သွေးချီကို ကုန်ခမ်းစေတဲ့ ခွန်အားပေါက်ကွဲထွက်တဲ့ ပညာလား”
ဟန်ကျောက်၏ ပုံစံက အနည်းငယ် ပြောင်းလဲသွား၏။
“ဒီလိုဆိုရင် ဓါးဆွဲထုတ်ခြင်းနဲ့ ဝှက်ဖဲအဖြစ် သုံးလို့ရတယ်”
သွေးပေါက်ကွဲခြင်းကို အသုံးပြုခြင်းကြောင့် များပြားလှသည့် သွေးချီများ ကန်ဆုံးသွားပုံကို တွေ့ရပြီးနောက် ဟန်ကျောက်ဟာ ချက်ချင်းပင် လျှို့ဝှက်အတတ်ကို အသုံးပြုမှုအား ရပ်တန့်လိုက်သည်။
နှလုံးသားထဲတွင် စုစည်းနေသည့် သွေးချီများဟာ ခန္ဓာကိုယ်၏ အစိတ်အပိုင်းမျိုးစုံဆီသို့ ပြန်သွားကြ၏။ သို့ရာတွင် တစ်ကြိမ်တည်းနှင့် သွေးချီအများအပြားကို ကုန်ဆုံးစေခဲ့ရာ သူ၏မျက်နှာက ဖြူရော်နေပါသည်။
“သာမန်လူတစ်ယောက်သာ ဒီလောက်များတဲ့ သွေးချီတွေ တစ်ခါတည်း သုံးလိုက်ရရင် လဝက်လောက် ပြန်ပြီး အားဖြည့်ဖို့ လိုလိမ့်မယ်။ ငါကတော့ သွေးခဲတွေစားပြီး အချိန်ကို အများကြီး လျှော့ချလို့ရတယ်”
“ရှပ်၊ ရှပ်”
အခန်းအပြင်ဘက်မှ မြန်ဆန်သည့် ခြေသံများ ပေါ်လာခဲ့သည်။
“စကွိ”
ယုနျန်ဟာ တံခါးဖွင့်လာခဲ့၏။
“အစ်ကိုဟန်.. ဘာဖြစ်တာလဲ”
ပြီးခဲ့တုန်းက ပိန်ပါးသည့် အသွင်အပြင်နှင့် နှိုင်းယှဉ်ကြည့်ပါက လက်ရှိယုနျန်ဟာ ပြီးခဲ့သည့် နှစ်လတွင်းတွင် အလေးချိန်များစွာ ရလာခဲ့သည်။ သူမ၏ အသားအရေဟာလည်း အနည်းငယ် ချောမွေ့လာ၏။ ရုပ်ရည်က လှသည်ဟု ပြောနိုင်ရုံ ရှိလာခဲ့သည််။
“ဘာမှမဖြစ်ပါဘူး။ ငါလေ့ကျင့်နေတာ”
ဟန်ကျောက်က ပြုံးသည်။
“အိုး”
ယုနျန်က ခေါင်းညှိတ်ကာ လက်ရှိ ရေများကို ခါ၏။ လက်ဖမိုးနှင့် သူမ၏နဖူးမှ ချွေးများကို သုတ်သည်။ သူမ၏ မောဟိုက်နေပုံကို တွေ့ရပြီးနောက် ဟန်ကျောက်က မနေနိုင်ပဲ ပြော၏။
“နင်ပင်ပန်းနေပြီ.. နားတော့.. အဝတ်တွေကို မနက်ဖြန်မှ ဆက်လျှော်ပေါ့”
“ရပါတယ်။ ကျွန်မ မပင်ပန်းဘူး”
ယုနျန်က ပြုံးသည်။
“လျှော်ဖို့ အဝတ်နည်းနည်းပဲ ကျန်တော့တာ”
ထိုစကားနှင့်အတူ ယုနျန်ဟာ ခြံဝန်းဆီသို့ ပြန်ပြီး သစ်သားစည်၏ ဘေးရှိ တုံးပေါ်တွင် အဝတ်များကို ဆက်လက်လျှော်သည်။
သူမဟာ အဝတ်များကို သစ်သားချောင်းနှင့် ရိုက်၏။ ကျွမ်းကျင်စွာ လှန်လောရင်း ဆပ်ပြာမှုန့်အနည်းငယ်ကို လောင်းကာ ဆက်လက်ထုရိုက်သည်။
ဟန်ကျောက်က သစ်သားစားပွဲဆီသို့ ပြန်ကာ ထိုင်၏။ သွေးခဲကို စားရင်းက ယုနျန်၏ အလုပ်လုပ်ခြင်းကို ကြည့်သည်။ ပြောရလျှင် သူမဟာ အိမ်အလုပ်တွင် အမှန်တကယ်ကို တော်၏။ ထို့အပြင် ချက်ပြုတ်သည်မှာလည်း အလွန်အရသာရှိသည်။