(မကောင်းဆိုးရွားသရဲ)
Vol. 4 Ch. 58
“ဖြန်း”
ဟန်ကျောက်က ရုတ်တရက် ကျန်းလင်လု၏ မျက်နှာကို ရိုက်သည်။ တစ်ဖက်လူ၏ ဝဖိုင်းသည့် မျက်နှာဟာ ချက်ချင်းပင် ရောင်ကိုင်းလာ၏။ နှုတ်ခမ်းထောင့်က ပဲ့သွားလေသည်။ သွေးများ စီးကျလာ၏။
“အိုးးး”
ကျန်းလင်လုဟာ နာကျင်စွာ အသံပြု၏။ မျက်နှာကိုကာကာ အော်သည်။
“ဘယ်ကောင်ငါ့ကို ရိုက်တာလဲ”
“အရှင်ကျန်း… မြန်မြန်ထဗျ”
ဟန်ကျောက်က ပြောသည်။
“ဟန်ကျောက်… ဘာဖြစ်လို့လဲ”
ကျန်းလင်လုက အမြန်ထသည်။
“ကျွန်တော်တို့ ညစာစားခဲ့တဲ့ အစာတွေမှာ ပြဿနာရှိနေတယ်။ လူတိုင်း သတိလစ်နေကြတယ်”
ဟန်ကျောက်က အမြန်ရှင်းပြသည်။
ကျန်းလင်လုဟာ အိပ်ယာပေါ်မှ ချက်ချင်းပင် ခုန်ထလာ၏။ အခြားလူများကို အားဖြင့်ဆွဲသည်။ ထင်ထားသည့်အတိုင်းပင်။ နိုးထလာခြင်း မရှိကြပေ။
“ဘာဖြစ်တာလဲ။ လူတိုင်းလည်း ညစာစားလို့ပဲလား”
ကျန်းလင်လုဟာ မျက်မှောင်ကြုတ်သွားသည်။ သူကဲ့သို့ တစ်ဝက်တစ်ပြတ် သိုင်းသခင်အဆင့် သွေးသန့်စင်ခြင်းအဆင့် သိုင်းသမားတစ်ယောက်ပင် ထောင်ခြောက်မိခဲ့သည်လား။
ဟန်ကျောက်ဟာ ခုနကကဲ့သို့ပင် သတိလစ်နေသည့် တစ်ယောက်ချင်းစီတိုင်းအား ပြင်းထန်စွာ ရိုက်၏။ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုအရ ထိုလူများ၏ ခန္ဓကိုယ်ထဲတွင် ယင်စွမ်းအင်များ စုစည်းနေကြောင်းကို တွေ့လိုက်ရသည်။ ဒီအချိန်၌ လူတိုင်းဟာ ငိုင်တိုင်စွာ နိုးလာခဲ့ပါပြီ။
“အာရုံတက်ပြီလား”
“အေးလိုက်တာ.. ငါ့ခန္ဓကိုယ်က ခွန်အားထုတ်မရပါလား။ ဖြစ်နိုင်တာက… အဖျားမိတာလား”
“ငါရောပဲ.. ဘာဖြစ်တာတုန်းဟ”
သူတို့ဟာ နိုးထလာပြီးနောက် ခန္ဓာကိုယ်၏ တောင့်တောင်းမှုနှင့် အေးစက်မှုကို ခံစားလိုက်ရသည်။
“တစ်ခုခု ဖြစ်နေပြီ”
ကျန်းလင်လုက ပြောသည်။
“အားလုံးကိုခေါ်ပြီး ဒီနေရာက မြန်မြန်ထွက်ကြ”
“ဝမ်ကျစ်မင်း… မင်းဘာလုပ်တာလဲ”
ထိုအချိန်၌ အဝတ်ဝတ်နေသည့် သိုင်းသမားတစ်ယောက်က အသံပြုသည်။ ဝမ်ကျစ်မင် ဘယ်တုန်းက ပြန်လာလဲ သူမသိပေ။ ပွင့်ဟနေသည့် တံခါးအပြင်ဘက်တွင် ရပ်ကာ လှုပ်ရှားမှုမရှိပဲ ရှိနေ၏။
“ဝမ်ကျစ်မင်.. မြန်မြန်လေးဝင်ခဲ့”
ကျန်းလင်လုက အသံကိုနှိမ့်ပြောရင်း ရှေ့သို့တက်ပြီး ဆွဲခေါ်တော့မှာပါ။
“မသွားနဲ့”
ဟန်ကျောက်က သူ့ကိုဆွဲသည်။
“ဘာဖြစ်လို့လဲ”
ကျန်းလင်လုက ပဟေဋိဖြစ်သွား၏။
ဟန်ကျောက်က ဝမ်ကျစ်မင်ကို ကြည့်ကာ ခြေထောက်ကို လက်ညှိုးထိုးသည်။
“ဝမ်ကျစ်မင်… မင်းဘာလို့ ခြေဖျားထောက်နေတာလဲ”
တောက်ပသည့် လရောင်အောက်တွင် ဝမ်ကျစ်မင်ဟာ ဘဲလေးအကကသူ တစ်ယောက််ကဲ့သို့ ရှိနေ၏။ ခြေဖျားကို မြေပြင်တွင်ထောက်ကာ ခန္ဓာကိုယ်က တောင့်တင်းနေသည်။
“ခြေဖျားထောက်တယ်”
ကျန်းလင်လုက မှင်သက်သွားပြီး ဝမ်ကျစ်မင်၏ ခြေထောက်ကို ကြည့်သည်။ တံခါးအောက်ဘောင်နှင့် ကာနေသဖြင့် ခုနက သူဟာ လုံးဝ သတိထားမိခြင်း မရှိပါ။
ပုံမှန်အခြေအနေမျိုးတွင် မည်သူမှ အချင်းချင်းကို သတိအရမ်းကြီး ထားနေမည်မဟုတ်ပေ။ ဟန်ကျောက်၏ သတိပေးမှုအပြီးမှ တစ်ခုခု မှားယွင်းနေကြောင်းကို ကျန်းလင်လု နားလည်လိုက်၏။ ဝမ်ကျစ်မင်၏ ခန္ဓာကိုယ်တစ်ခုလုံးဟာ တောင့်တင်းနေပြီး မျက်နှာက ဖြူရော်ကာ မျက်လုံးများက..
“ဟီးဟီး”
ကလေးရယ်သံတစ်ခုဟာ ရုတ်တရက် ပေါ်လာခဲ့သည်။ ကျန်းလင်လု၏ နှလုံးသားကို အေးစက်သွားစေ၏။
“အစ်ကိုကြီး.. မင်းက တကယ် သတိထားတာပဲ”
ဝမ်ကျစ်မင်၏ နောက်ကျောမှ ဦးခေါင်းတစ်ခု ပြူထွက်လာ၏။ ဤသည်မှာ ဟိုင်ဝါဖြစ်သည်။
သူ၏ တိုတောင်းသည့် ပုံရိပ်ဟာ ဝမ်ကျစ်မင်၏ နောက်တွင် ကွယ်နေ၏။ ထို့ကြောင့် အရှေ့ဘက်မှ တွေ့မြင်နိုင်ခြင်း မရှိပေ။
“အစ်ကိုကြီး.. ကျွန်တော့ကို အဖော်လာလုပ်ပေးဦး..”
“ဆွစ်”
ဟန်ကျောက်က အိပ်ယာပေါ်မှ ဆေဘာဓါးကို ဆွဲကာ ဟိုင်ဝါ၏ ဦးခေါင်းကိုပစ်လိုက်သည်။
“ဇွက်”
ထက်မြသည့် ဓါးချွန်ဟာ အသားထဲသို့ ဝင်ရောက်သွားပြီး သွေးများ ပန်းထွက်လာ၏။ ဟိုင်ဝါက ခေါင်းကိုရုတ်လိုက်ပြီး ဝမ်ကျစ်မင်၏ ခန္ဓာကိုယ်က ရှေ့သို့တက်လာရာ ဓါးစိုက်သွားသည်။
“အစ်ကိုကြီးက တကယ့်ကို ရက်စက်တာပဲ”
ဟိုင်ဝါ၏ စနောက်သည့် အသံက ထွက်ပေါ်လာ၏။ တစ်ချိန်တည်းတွင် သူ၏တိုတောင်းသည့် ခန္ဓာကိုယ်ဟာ ဘောလုံးတစ်ခုကဲ့သို့ ကြီးမားလာခဲ့သည်။
မကြာခင် အင်္ကျီဟာ လုံးဝ ပြဲထွက်လာ၏။ ကြီးမားလှသည့် ကြွက်သားများ ဖောင်းကြွကာ ခန္ဓာကိုယ်တစ်ခုလုံးတွင် ထူထဲမဲနက်သည့် အမွှေးများ ထွက်လာခဲ့သည်။ ၁မီတာအောက်ရှိသည့် ဦးခေါင်းဟာ ချက်ချင်းပင် ၃မီတာကျော်သွား၏။ တောင်ဖုကဲ့သို့ ကြွက်သားများက ခန္ဓာကိုယ်အနှံ့ ပြည့်နှက်နေပါသည်။
“ပျော်ဖို့လည်း မကောင်းဘူး။ မကစားတော့ဘူး”
ဟိုင်ဝါက သူ၏ ယပ်တောင်ကဲ့သို့ လက်ကိုဆန့်ကာ ဝမ်ကျစ်မင်၏ ဦးခေါင်းကို မသည်။ ဝမ်းဗိုက်ဆီမှ ဆေဘာကို နှုတ်၏။
မူလက အရွယ်ရောက်ပြီးသား လူတစ်ယောက် ကိုင်ဆောင်သည့် ဆေဘာဓါးဟာ ဟိုင်ဝါ၏ ကြီးမားသည့် လက်ထဲတွင် ကစားစရာတစ်ခုသဖွယ် ရှိနေတော့သည်။ သူက မြေပြင်ပေါ်သို့ အသာ လွှင့်ပစ်လိုက်၏။
“ငါဗိုက်ဆာတယ်”
ဝမ်းဗိုက်ကို ပုတ်ကာ ပြော၏။ ပြောရင်းနှင့် ခေါင်းကိုမော့ကာ ပါးစပ်ကိုဟသည်။
မျက်နှာပေါ်ရှိ ကြွက်သားများဟာ မြွေတစ်ကောင်ကဲ့သို့ အရပ်မျက်နှာ အားလုံးတို့ဆီသို့ ဆန့်တန်းလာခဲ့သည်။ လူတိုင်း၏ ကြောက်ရွံ့နေသည့် အကြည့်များအောက်တွင် ဝမ်ကျစ်မင်ကို ခြေမှခေါင်းအဆုံး မြိသွာားခဲ့၏။
ဝါးမြိုခြင်း ဖြစ်စဉ်အတွင်းတွင် လူတစ်ယောက်ဟာ ဟိုင်ဝါ၏ လည်ချောင်းအထိ ခန္ဓာကိုယ်ကြီး ဝင်သွားသည့်တိုင် မြင်နေရသည်။ လည်ချောင်းကြွက်သားများက တွန့်လိမ်ကာ ခန္ဓာကိုယ်က လျှင်မြန်စွာ ပျောက်ကွယ်သွားသည်။ သို့ပေမယ့် ဟိုင်ဝါ၏ ဝမ်းဗိုက်ဟာ လုံးဝ ဖောင်းကာလာခြင်း မရှိပေ။
“နောက်ထပ် ဘယ်သူလာမလဲ”
ဟိုင်ဝါက ခေါင်းကိုမော့ကာ လက်ညှိုးကို ယက်ကာခေါ်သည်။ ကြည့်ရတာ အလွန် ထူးဆန်းနေ၏။ ထို့အပြင် သူ့ပုံစံက ကြောက်စရာကောင်းကာ ကြမ်းကြုတ်လှသည်။
အခန်းထဲရှိ သိုင်းသမားများဟာ ဝိညာဉ်လွင့်လုမတတ် ကြောက်သွားကြ၏။
“သရဲ”
နှစ်ယောက်က အော်လေသည်။ သူတို့ဟာ အခန်းပြတင်းပေါက်ကို ထိုးခွဲကာ အခန်းထဲမှ ပြင်ပသို့ ပြေးထွက်သွားကြ၏။
ထိုပုံကို တွေ့ရပြီးနောက် ဟိုင်ဝါက သူတို့ကို တစ်ချက်သာကြည့်ပြီး လစ်လျူပြန်ရှုသွားသည်။
ထိုအချိန်၌ ဟန်ကျောက်၏ မြင်ကွင်းထဲတွင် စနစ်အချက်ပေးမှုတစ်ခု ပေါ်လာ၏။
“မိစ္ဆာအလောင်း- ယင်စွမ်းအင်နှင့် မကျေနပ်မှုတို့၏ ပေါင်းစပ်မှု ထုတ်ကုန်တစ်ခု ဖြစ်သည်။ နေ့အချိန်တွင် သာမန်လူနှင့် မခြားနားပဲ ထူးခြားချက် တစ်စုံတစ်ရာ မရှိပေ။ မိစ္ဆာအလောင်းများ ကိုယ်တိုင်ပင် မသိကြပေ”
“ညအချိန် ယင်စွမ်းအင်တို့ စုစည်းလာချိန်တွင် မိစ္ဆာအလောင်းများဟာ မူလခန္ဓာကိုယ်သို့ ပြောင်းလဲကာ အသက်ရှင်စဉ်က အကျင့်စရိုက် အချို့သာ ကျန်ခဲ့မည် ဖြစ်၏”
"မိစ္ဆာအလောင်းများဟာ မီးအမျိုးအစား အတွင်းအားနှင့် ယန်အမျိုးအစား အစစ်အမှန်ချီတို့ကို ကြောက်ရွံ့သည်။ ဦးခေါင်းဟာ သူတို့၏ အားနည်းချက်ဖြစ်၏”
“မိစ္ဆာအလောင်းလား”
ဟန်ကျောက်၏ အကြည့်က စူးစိုက်သွားသည်။ ထိုအချိန်၌ ကျန်းလင်လုက အပိုင်းပိုင်းဖြုတ်ထားသည့် လှံတစ်ချောင်းကို ထုတ်သည်။ ၎င်းတို့ကို လျှင်မြန်စွ တပ်ကာ ဟိုင်ဝါကို ထိုး၏။
“သေလိုက်တော့”
“ဆွစ်”
သွေးသန့်စင်ခြင်းအဆင့် သိုင်းသမားတစ်ယောက်၏ ခွန်အားအပြည့်နှင့် လှံချက်ဟာ နဂါးတစ်ကောင် ပင်လယ်မှ ခုန်ထွက်လာသည့်ဖွယ် ရှိနေတော့သည်။ ဟန်ကျောက်ပင်လျှင် ဒီလှံချက်ကို မဆိုးလှဟု ခံစားရ၏။
“ကလန်”
ဟိုင်ဝါက လက်ကိုဆန့်ကာ လှံကို ရိုက်ထုတ်သည်။
“ဒီမကောင်းဆိုးရွားကို ငါထိန်းထားမယ်။ အခြား အကြီးအကဲတွေကို နှိုးလိုက်”
ကျန်းလင်လုက နောက်ရှိ လူများကို အော်၏။ ဒီနေရာဟာ အလွန်ထူးဆန်းပါသည်။ တစ်ခါတည်း ထွက်ပြေးပါက ပိုမိုကာပင် အန္တရာယ်များနိုင်၏။
ပြတင်းပေါက်မှ ခုန်ချပြေးမှု မပြုရသေးသည့် အခြား သိုင်းသမားငါးယောက်တို့ဟာ ခုန်ထွက်သွာားကြသည်။ ရှလင်မှာတော့ ဟန်ကျောက်၏ အနောက်တွင်သာ ရပ်နေဆဲ ရှိ၏။
“မင်းတို့ ဦးနှောက်မရှိတဲ့ နှစ်ယောက်..”
ကျန်းလင်လုက ပြောဆို၏။
“ဘုန်း”
ဟိုင်ဝါက တံခါးနှစ်ဖက်ကို တွန်းချဲ့ကာ ဖျက်ဆီးပြီး အခန်းထဲသို့ ဝင်ရောက်လာ၏။
“ဘန်း”
မူလ အပေါက်ကျဉ်းမြောင်းမှုကို အခွင့်ကောင်းယူကာ တိုက်ခိုက်ချင်နေသည့် ကျန်းလင်လုဟာ ဟိုင်ဝါ၏ ကြောက်စရာကောင်းသည့် ခွန်အားကြောင့် မထင်မှတ်စွာပင် နောက်ဆုတ်သွားရသည်။
“ဒမ်း”
သူ၏ လက်များဟာ စူးရှစွာ နာကျင်သွား၏။ အထူးသဖြင့် ခန္ဓာကိုယ်အတွင်းရှိ ယင်စွမ်းအင်ဖြစ်သည်။ သွေးချီလှည့်လည်မှုကို နှောင့်ယှက်ကာ တုံ့နှေးနေစေ၏။ အသန်မာဆုံး ခွန်အားကို ထုတ်ဖော်နိုင်ခြင်း မရှိပဲ ဖြစ်နေစေသည်။
“ငါတို့သွားဖို့လိုပြီ”
ကျန်းလင်လုဟာ ကြောက်သွားခဲ့၏။ ပြတင်းပေါက်မှ ခုန်ထွက်သွားသည်။
သူ၏ ခန္ဓာကိုယ်ကို တည်ငြိမ်အောင် လုပ်နိုင်စွမ်း မရှိခင်တွင် ဟိုင်ဝါက နံရံကို ရိုက်ဖျက်ကာ ထွက်လာခဲ့သည်။ အသက်ရှူချိန်ပင် မပေးပေ။ ကျန်းလင်လု၏ ခန္ဓာကိုယ်ဟာ ခြံဝန်းအတွင်းတွင် ပုံပျက်ပန်းပျက် လိမ့်ဆင်းသွားသည်။ ဟိုင်ဝါ၏ တိုက်ခိုက်မှုကို တွေ့ရပြီးနောက် ဘေးသို့ကျနေသည့် လှံကို အမြန်ကောက်ကာ မတ်တပ်ထ၏။ ခန္ဓာကိုယ်တစ်ခုံး ဖုန်အလူးလူး ဖြစ်နေပါသည်။
ကျယ်လောင်သော အသံတစ်ခုနှင့်အတူ အခန်းဟာ ပြိုဆင်းသွားခဲ့သည်။ ဟန်ကျောက်နှင့် ရှလင်တို့လည်း ခုန်ထွက်လာခဲ့၏။
ဟန်ကျောက်ဟာ ဟိုင်ဝါ၏ စွမ်းရည်တို့ကို ကြည့်ချင်နေပြီး မလှုပ်ရှားသေးပေ။ ကြည့်ရတာ ကြီးမားသည့် ခွန်အားနှင့် အံ့ဩစရာကောင်းသည့် ခန္ဓာကိုယ်ခံနိုင်ရည်တို့အပြင် အခြား အဆိပ်ကဲ့သို့ ထူးခြားသည့် နည်းလမ်းများ မရှိပဲ အမြန်နှုန်းမှာလည်း အရမ်းကြီး မမြန်ပေ။
“ငါမင်းကို သတ်မယ်”
ကျန်းလင်လု၏ ခန္ဓာကိုယ်တစ်ခုလုံးရှိ သွေးချီတို့ မြင့်တက်လာ၏။ သူဟာ အရှင်သခင်လှံအတတ်၏ အသန်မာဆုံး အကွက်ကို အသုံးပြုလိုက်သည်။ အနက်ရောင်လှံဟာ သွေးချီနှင့် အနီရောင်အလင်းတစ်ခု လွှမ်းခြုံလာ၏။
၎င်းဟာ ဂူအတွင်းမှ ထွက်လာသည့် စိတ်ဝိညာဉ်မြွေတစ်ကောင်သဖွယ် ထူးခြားကာ ကြီးစိုးသည့် အရှိန်အဝါနှင့် ရှိနေတော့သည်။ သူ၏ သွေးချီကို အတင်းစုစည်းမှုဟာ ကြီးစွာ ထိခိုက်စေပြီး အချိန်အတော်ကြာအောင် အားနည်းနေမှာ ဖြစ်ပေမယ့် ကျန်းလင်လုဟာ သေခြင်းရှင်ခြင်း အခြေအနေတွင် စွန့်စားရန်သာ တတ်နိုင်သည်။
သာမန် သွေးသန့်စင်ခြင်းအဆင့် သိုင်းသမား၏ ခွန်အားဟာ ဟိုင်ဝါ၏ လက်သီးချက်ဖြင့် အလွယ်တကူ ပျက်စီသွားနိုင်၏။ ဟိုင်ဝါ၏ တိုက်ခိုက်မှုကို တွေ့ရပြီးနောက် ကျန်းလင်လုက လှံကိုဝှေ့ယမ်းကာသာ ကာရသည်။
“အား”
လှံက လက်သီးချက်ဖြင့် ကွေးထွက်သွားပြီး ကျန်းလင်လုဟာ ကြီးမားသည့် ခွန်အားအောက်တွင် လွင့်ပျံထွက်သွားရ၏။
“ဝေါ့”
သူက သွေးတစ်လုတ်ကို မြေပြင်ပေါ်သို့ အံချကာ အတွင်းကလီစာများ နေရာပြောင်းသွားသည်ဟု ခံစားလိုက်ရသည်။