← Chapters

ရွှေသင်္ဘော၏ ဝါသနာ

Vol. 118 Ch. 1535

ရွှေသင်္ဘော၏ ဝါသနာ

Vol. 118 Ch. 1535

နောက်ဆုံးတော့ ရွှေသင်္ဘောကြီးကား ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်မှ ထွက်လာခဲ့ချေပြီ။ အပြင်ရောက်သည်နှင့် တောက်ပလင်းထိန်နေသော နေအလင်းတန်းများက နွေးထွေးစွာ ဖြာကျလာ၏။

ပြီးခဲ့သောသုံးနှစ်အတွင်း နေရောင်ကို တစ်ခါမှ မမြင်ခဲ့ရပေ။ ယခုမှ နေရောင်ကို ပြန်မြင်ရသည့်အတွက် မျက်စိများပင် ကျိန်းစပ်လာသည်။

“ကောင်းကင်နတ်ဧကရီက ငါတို့စကြ၀ဠာရဲ့ သမိုင်းကြောင်းမှာ အင်အားအကြီးမားဆုံး သိုင်းပညာရှင်ပဲ … သူလို အင်အားအကြီးမားဆုံး သိုင်းပညာရှင်တောင်မှ အခုလို အရူးတစ်ယောက် ဖြစ်သွားခဲ့ပြီ’

ချင်မူက သင်္ဘောဦးတွင် ရပ်နေပြီး တွေးရင်းတွေးရင်း လက်မခံနိုင် ဖြစ်နေမိသည်။

ကောင်းကင်နတ်အရှင်ဟောင်နှင့် ကောင်းကင်နတ်အရှင်ရှောင်တို့သည် တာအိုသိုင်းပညာရှင်အဆင့်် စွမ်းအားတို့အား ယာယီပိုင်ဆိုင်ထားကြ၏။ သို့သော် ၎င်းစွမ်းအားတို့က ကြာကြာခံလိမ့်မည် မဟုတ်ပေ။ သူတို့နှစ်ယောက်မှာ အလွန်တရာ အစွမ်းထက်ကြသော်လည်း ပြီးပြည့်စုံသော ကောင်းကင်နတ်ဘုံအဆင့်သို့ ရောက်ရှိနေပြီဟု မဆိုနိုင်။ ကောင်းကင်နတ်ဧကရီတစ်ယောက်တည်းသာ ကောင်းကင်နတ်ဘုံအဆင့်၌ မြဲမြဲမြံမြံ ရပ်တည်နိုင်သည်။

သူမကို သမိုင်းတလျှောက် နံပါတ်တစ် နတ်ဘုရားမ ဟု ခေါ်ဆိုခြင်းက ပုံကြီးချဲ့ရာ မရောက်ပေ။

မီလော့နန်းတော်အရှင်သခင်၏ ပြောစကားများသာ အမှန်ဆိုပါက ထိုက်ယီသည် ခိုး၀င်လာသူတစ်ဦး ဖြစ်၏။ ဤစကြာဝဠာသား မဟုတ်ပေ။ ထို့ကြောင့် ကောင်းကင်နတ်ဧကရီကသာ သမိုင်းတလျှောက် နံပါတ်တစ် ပုဂ္ဂိုလ် ဖြစ်သည်။ အထွတ်အထိပ် ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူပင်လျှင် သူမအောက် နိမ့်ကျပေသည်။

သို့သော် ကောင်းကင်နတ်ဧကရီမှာ ရူးသွားချေပြီ။

ရွှေသင်္ဘောပေါ်တွင် ထိုက်ကျိရှေးဟောင်းနတ်ဘုရားနှစ်ပါး၏ ပုံပန်းသွင်ပြင်များက ပြန်လည်နုပျိုလာကြသည်။ အိုမင်းရင့်ရော်မှုနှင့်အတူ ဆုံးရှုံးသွားခဲ့ရသော စွမ်းအင်တို့နှင့် သိုင်းအဆင့်တို့လည်း ပြန်လည်ပြည့်တင်းလာကြသည်။ မကြာမီ ရှေးဟောင်းနတ်ဘုရားနှစ်ပါးသည် မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားကြပြီး တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီးနောက် ချင်မူ့အနား လျှောက်လာကြသည်။

ချင်မူက သူတို့ စကားစသည်ကို စောင့်မနေဘဲ ပြုံးလိုက်သည်။ “တာအိုအစ်ကိုတော်၊ အစ်မတော်… ကောင်းကင်နတ်ဧကရီက နောင်တော်တို့ ကူညီလို့ ရူးသွားတာဆိုတော့ ဒီတစ်ခါရော ဘယ်သူ့ကို ကူညီဦးမှာလဲ..”

ရှေးဟောင်းနတ်ဘုရားနှစ်ပါးမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီးနောက် ‌ရှေးဟောင်းနတ်ဘုရားမယင်က ခါးသီးစွာ တုံ့ပြန်သည်။ “ကောင်းကင်နတ်အရှင်မူက ငါတို့ကို လှောင်နေတာပါလား …. ငါတို့က တာအိုလမ်းစဉ်ကြောင့် လောကကို စောစောရောက်လာခဲ့ရတာ …. ငါတို့ ကောင်းကင်နတ်ဧကရီတို့ ညီအစ်မနှစ်ဖော်ကို ကူညီခဲ့တာက သူတို့က ငါတို့နဲ့ ဆင်တူလို့ပဲ…. တစ်ယောက်နဲ့တစ်ယောက် အတွေ့အကြုံတွေကနေ လေ့လာသင်ယူနိုင်တဲ့အတွက် သူ တာအိုရအောင် ငါတို့ ကူညီခဲ့ကြတာပါ”

ရှေးဟောင်းနတ်ဘုရားယန်က ပြောသည်။ “ငါတို့ရဲ့ ဒီတစ်ခါ စမ်းသပ်မှုကနေ အတွေ့အကြုံ အများကြီးရခဲ့တယ်… တာအို ရဖို့ တစ်လှမ်း နီးနေပြီ… ကောင်းကင်နတ်ဧကရီကိုတော့ မကူညီတော့ဘူး… ကောင်းကင်နတ်အရှင်မူနဲ့ ရေစက်ပါလာ‌တာဆိုတော့ ကောင်းကင်နတ်အရှင်မူ တာအိုရအောင် ကူညီပေးရတာပေါ့”

ချင်မူက ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။

ရှေးဟောင်းနတ်ဘုရားနှစ်ပါး၏ မျက်နှာအမူအရာမှာ ပြုံးရွှင်နေကြလေသည်။

ချင်မူ့ရယ်သံသည် တဖြည်းဖြည်း တိုးဝင်ပျောက်ကွယ်သွားပြီး သူက ခေါင်းရမ်းသည်။ “တာအိုအစ်ကိုတော်နဲ့ အစ်မတော်၊ ကောင်းကင်နတ်ဧကရီက ခင်ဗျားတို့ အကူအညီကြောင့် အစွမ်းထက်လွန်းပြီး ရူးသွားခဲ့ပြီလေ… ကျွန်တော်က ဘယ်လိုလုပ် ခင်ဗျားတို့ရဲ့ ကောင်းချီးကို လက်ခံရဲပါ့မလဲဗျာ… မနောက်ကြပါနဲ့”

ရှေးဟောင်းနတ်ဘုရားနှစ်ပါးမှာ အနည်းငယ် ကြောင်အသွားသည်။ “ကောင်းကင်နတ်အရှင်မူ၊ ဒီလောကမှာ ‌ရှေးဟောင်းနတ်ဘုရားတွေလို့ အမှန်တကယ် ခေါ်လို့ရတဲ့ ပုဂ္ဂိုလ်ငါးယောက်ပဲ ရှိတယ်…. ထိုက်ယီ၊ ထိုက်ချူ၊ ထိုက်ရှီ၊ ထိုက်စုနဲ့ ငါတို့ပဲ…. တခြား ရှေးဟောင်းနတ်ဘုရားတွေလို့ ခေါ်ကြတဲ့ ပုဂ္ဂိုလ်တွေမှာ ပြစ်ချက် အသီးသီး ရှိကြတယ်… သူတို့ကို ပြည့်စုံတယ်လို့တောင် သတ်မှတ်လို့မရဘူး… ဘယ်လိုလုပ် မွေးရာပါရှေးဟောင်းနတ်ဘုရားတွေလို့ ခေါ်နိုင်မှာလဲ… ငါတို့အကူအညီနဲ့ဆို နင် ကြီးကျယ်ခမ်းနားတဲ့ အရာတွေကို အောင်မြင်နိုင်လိမ့်မယ်”

ချင်မူက အပြုံးမဟုတ်သော အပြုံးတစ်ခုဖြင့် တုံ့ပြန်လိုက်သည်။ “ဒါပေမဲ့ ခင်ဗျားတို့က သိပ်ကိုဖြောင့်မတ်ကြတယ်လေ… တစ်ချိန်လုံး ကောင်းကင်နတ်ဧကရီ တာအိုရအောင် ကူညီပေးမယ် ပြောနေပေမယ့် ကောင်းကင်နတ်ဧကရီရဲ့ အတွေးအမြင်ကိုတောင် တစ်ခါမှ မမေးခဲ့ကြဘူး … သူ့ကို ဖမ်းပြီး သခင်မယွမ်မုနဲ့ အတင်းအကြပ် ပေါင်းစည်းစေခဲ့တယ် ... ဘာအကျိုးဆက်ကိုမှ ထည့်မတွက်ခဲ့ဘူး… နောက်ဆုံးမှာတော့ ခင်ဗျားတို့နှစ်ယောက်လုံးဟာ ကြောက်စရာကောင်းပြီး ရူးသွပ်နေတဲ့ မကောင်းဆိုးဝါးတစ်ကောင်ကို ဖန်တီးခဲ့မိကြပြီ ... ကျွန်တော်သာ ခင်ဗျားတို့အတွက် အသုံး၀င်နေရင် ဘယ်နေ့များ ကျွန်တော့်ကို စမ်းသပ်ဖို့အနေနဲ့ သုံးမလဲဆိုတာ အမြဲ နောက်ကျောမလုံ ဖြစ်နေရမှာ..”

သူက မဲ့သလို ရယ်သည်။ “ခင်ဗျားတို့မှာ တာအိုအောင်မြင်ဖို့ နှလုံးသား ပိုင်ဆိုင်ထားပေမယ့် ကိုယ်ချင်းစာတရားတော့ ခေါင်းပါးတယ်… ကျွန်တော်အနေနဲ့ ခင်ဗျားတို့ကို အသုံးချမှာမဟုတ်သလို ကျွန်တော့်ကိုယ်ကျွန်တော်လည်း အသုံးချမခံနိုင်ဘူး… သွားကြပါတော့”

ရှေးဟောင်းနတ်ဘုရားယန်က မျက်မှောင်ကြုတ်ပြီး စကားပြောရန် ပြင်လိုက်သည်။

“သူ ငါတို့ကို မလိုဘူး”

ရှေးဟောင်းနတ်ဘုရားမယင်က ကြားဖြတ်ပြော၏။ “သူ့အရှုံးပဲ ... ငါတို့အရှုံး မဟုတ်ဘူး…. တာအိုအစ်ကိုတော်ထိုက်ချူက သူ့ရန်သူတွေကို ချေမှုန်းပြီး တစ်လောကလုံးကို သိမ်းပိုက်တဲ့နေရာမှာ ကူညီဖို့ ငါတို့ကို တောင်းဆိုထားတာ ကြာပြီ”

ရှေးဟောင်းနတ်ဘုရားယန်က သက်ပြင်းချလိုက်ရင်း ချင်မူ့အား‌ ပြောသည်။ “ကောင်းကင်နတ်အရှင်မူ၊ ဒီလို နှုတ်ဆက်လိုက်ရပေမယ့် ငါတို့က မင်းနဲ့ အနာဂတ်မှာ ရန်သူတွေ ဖြစ်မလာစေရပါဘူး.. စိတ်မပူပါနဲ့”

ချင်မူက ပြုံးလိုက်သည်။ “ကျွန်တော် လိုက်မပို့တော့ပါဘူး”

ရှေးဟောင်းနတ်ဘုရားနှစ်ပါးက သင်္ဘောပေါ်မှ ခုန်ဆင်းသွားသော်လည်း ရုတ်တရက် ရွှေရောင်အလင်းတန်းတစ်တန်းက ရုတ်တရက် ထွက်ပေါ်လာပြီး သူတို့ကို ဝှစ်ခနဲ လွှမ်းခြုံလိုက်သည်။

ရှေးဟောင်းနတ်ဘုရားနှစ်ပါးမှာ အံ့ဩမှင်သက်သွားကြ၏။ “ကောင်းကင်နတ်အရှင်မူက ဒီအခွင့်အရေးကို အသုံးချပြီး ငါတို့ကို သတ်ချင်နေတာပဲ ...”

ရွှေရောင်အလင်းတန်းက သူတို့ကို လွှမ်းခြုံသွားပြီးနောက် သင်္ဘောထဲ ဆွဲခေါ်လိုက်သည်။ ရှေးဟောင်းနတ်ဘုရားနှစ်ပါး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်သည့်အခါ သူတို့ဦးခေါင်းအနောက်ရှိ အထွတ်အမြတ်ရတနာ ထိုက်ချိသဲခုံသည် တဝှီးဝှီး လှည့်ပတ်လာ၏။ ၎င်းက ရွှေရောင်အလင်းတန်းကို အတင်းအကြပ် ဖောက်ထွက်ပြီးနောက် သူတို့နှစ်ယောက်သား လေဟုန်ခွင်းကာ ထွက်ပြေးသွားကြသည်။

သူတို့မှာ ချင်မူ လိုက်ဖမ်းမည်ကို စိုးရိမ်သောကြောင့် ထိုက်ကျိသဲခုံအား အနောက်တွင် အဆက်မပြတ် လှည့်ပတ်နေစေ၏။ မရေမတွက်နိုင်သော သဲမှုန်များက ကောင်းကင်သို့ ပျံတက်ကာ ကြယ်တာရာများအဖြစ် ပြောင်းလဲသွားကြလေသည်။

အဝေးမှကြည့်လျှင် သူတို့အနောက်၌ ဖြာကျခဲ့သည့် မရေမတွက်နိုင်သော ကြယ်မှုန်စများကို တွေ့မြင်ရလိမ့်မည်။ ၎င်းတို့က အလွန်တရာ လှပ၏။

ဝှစ်…

ထိုက်ကျိရှေးဟောင်းနတ်ဘုရားနှစ်ပါးက ထွက်ပြေးလွတ်မြောက်သွားပြီးနောက် ကြယ်တာရာသဲမှုန်များမှာလည်း အစအနမကျန် ပျောက်ကွယ်သွားကြသည်။ “ကောင်းကင်နတ်အရှင်မူ၊ ငါတို့ ထိုက်ချူနဲ့ ပူးပေါင်းတော့မယ်ဆိုတော့ မင်းက ငါတို့ကို သတ်ဖြတ်ဖို့ ကြိုးစားခဲ့တယ်… မင်းက သိပ်ကို ရက်စက်ပြီး အကြင်နာတရား ခေါင်းပါးတာပဲ ... မင်း ကောင်းကင်က အပြစ်ပေးတာကို သေချာပေါက် ခံရလိမ့်မယ်”

“ထူးဆန်းချက်ပဲ..”

ချင်မူ့မျက်ခုံးနှစ်ဖက်က အနည်းငယ် တွန့်ချိုးနေသည်။ ထိုက်ကျိရှေးဟောင်းနတ်ဘုရားနှစ်ပါးကို ရွှေရောင်အလင်းတန်းဖြင့် ချုပ်နှောင်ခဲ့သူမှာ သူ မဟုတ်ပေ။ ရွှေသင်္ဘော၏ လုပ်ရပ် ဖြစ်သည်။ ဤသင်္ဘောသည် သူ့ထံမှ အမိန့်မရသည့်တိုင် ရှေးဟောင်းနတ်ဘုရားနှစ်ပါးကို ဖမ်းထားရန် ကြိုးစားခဲ့သည်။ အမှန်တကယ် ထူးဆန်းပေသည်။

“ဒီသင်္ဘောက တစ်ခုခု ဖုံးကွယ်ထားတာတော့ မဟုတ်ဘူးမလား”

သူက အသိစိတ်အလျဉ်ကို ဖြန့်ကျက်ရင်း လောကပေါင်းကူးရွှေသင်္ဘောတွင် တံဆိပ်ခတ်နှိပ်ရန် ကြိုးစားကြည့်လိုက်သည်။ အံ့ဩဖွယ်ကောင်းစွာဖြင့် လောကပေါင်းကူးရွှေသင်္ဘောက တစ်စက်လေးမှ မခုခံဘဲ တံဆိပ်ခတ်နှိပ်ခွင့်ပေးလေသည်။

ချင်မူမှာ ပို၍ပင် သိချင်စိတ်ပြင်းပြလာတော့သည်။ သူက သင်္ဘောကို အသိစိတ်အလျဉ်ဖြင့် ရှာဖွေလိုက်သည့်အခါ သာမန်မျက်စိဖြင့် မမြင်နိုင်သော နေရာများစွာအား ချက်ချင်း တွေ့ရှိသွားသည်။

‘ကောင်းကင်နတ်အရှင်ဟောင်၊ ကောင်းကင်နတ်အရှင်ရှောင်နဲ့ ကျန်တဲ့သူတွေ ကျောက်စိမ်းမြို့တော်ကနေ အချိန်မရွေး ထွက်လာကြတော့မယ်…. ငါ အစီအစဉ်မချသေးခင် ဒီကနေ အရင်ဆုံး ထွက်ခွာပြီး လောကသစ်ပင်ဆီ ပြန်မှ ဖြစ်မယ်..”

သူက ရွှေသင်္ဘောကို ထိန်းချုပ်ကာ လောကသစ်ပင်ဆီသို့ ရွက်လွှင့်စေလိုက်သည်။ ‘ထိုက်ကျိရှေးဟောင်းနတ်ဘုရားကို ဘာအကြောင်းပြချက်မှမရှိဘဲ စော်ကားလိုက်တာက ကပ်ဘေးကို ဖိတ်ခေါ်လိုက်တာပဲ'

သူက စိတ်ထဲမှ တွေးနေသည်။ ‘ဒါပေမဲ့လည်း သူတို့ ထိုက်ချူဆီ အညံ့ခံလိုက်တာဆိုရင် ထိုက်ချူ ခံစားရပြီး ပိုပြီးမြန်မြန်တောင် ကျရှုံးနိုင်တယ်… အဲ့ဒီရှေးဟောင်းနတ်ဘုရားနှစ်ပါးက တစ်ကိုယ်ကောင်းဆန်လွန်းတယ်... ကိုယ့်ဖက်ပဲ ယက်တဲ့ လိပ်တွေလိုပဲ … ဘာမှ အောင်မြင်နိုင်ကြမှာ မဟုတ်ဘူး’

ရုတ်တရက် ရွှေရောင်အလင်းတန်းက ရွှေသင်္ဘောပေါ်တွင် ဖြတ်ခနဲ တောက်ပသွားသည်။ ချင်မူလည်း လှမ်းကြည့်လိုက်ရာ သင်္ဘောပေါ်တွင် ကမ္ဘာဦးသားရဲတချို့ ရောက်ရှိနေကြောင်းကို တွေ့လိုက်ရသည်။

ထိုဧရာမကမ္ဘာဦးသားရဲကြီးများမှာ မည်သည်တို့ ဖြစ်ပျက်သွားသည်လဲပင် မသိကြချေ။ သားရဲတစ်ကောင်ဆိုလျှင် ပါးစပ်မှ သစ်ပင်ကြီးတစ်ပင် တွဲလောင်းကျနေ၏။ ၎င်းက ချင်မူ့ကို ကြောင်စီစီ လှမ်းကြည့်နေသည်။ ၎င်းခမျာ အစာစားနေစဉ် ရွှေသင်္ဘော၏ ဖမ်းယူခြင်းခံခဲ့ရသည်မှာ သိသာလှ၏။

ချင်မူ မျက်မှောင်ကြုတ်နေစဉ်မှာပဲ ရုတ်တရက် ရွှေရောင်အလင်းတန်းတစ်တန်းက ဖြတ်ခနဲ တောက်ပသွားပြန်သည်။ နောက်ထပ်ကမ္ဘာဦးသားရဲတချို့ ရောက်လာကြပြန်သည်။

“ဒီသင်္ဘောက တစ်ခုခုများ လွဲနေတာလား” ချင်မူမှာ ကြောင်အမိနေသည်။

မျက်စိတစ်မှိတ်အတွင်း ကမ္ဘာဦးသားရဲတစ်ရာကျော်မှာ ရွှေသင်္ဘောပေါ် ရောက်လာကြပြီး ၎င်းတို့အားလုံးက သင်္ဘောဦးရှိ ချင်မူ့ကို ကြောက်ရွံ့တုန်လှုပ်စွာ ကြည့်နေကြလေသည်။

မကြာမီ ‌ရွှေသင်္ဘောပေါ်၌ ကမ္ဘာဦးသားရဲထောင်နှင့် ချီ၍ ရောက်လာကြချေပြီ။ သင်္ဘော ပျံသန်းနေစဉ် ရွှေရောင်အလင်းတန်းများက အောက်သို့ ဖြာကျနေကြ၏။ ၎င်းက ဘိုး‌ဘေးနန်း‌တော်ရှိ ‌တောင်တန်းကြီးများနှင့် ရေကန်များရှိ ကမ္ဘာဦးသားရဲများ၊ ငှက်များ၊ ငါးများနှင့် ပိုးကောင်များ အားလုံးကို ‌သင်္ဘောအပေါ် ဆွဲခေါ်နေသည်။

ချင်မူမှာ ရုတ်တရက် ‌သဘောပေါက်သွားကာ ငိုရခက်၊ ရယ်ရခက် ဖြစ်နေရှာသည်။ 'ဒီသင်္ဘောရဲ့ နာမည်က လောကပေါင်းကူးရွှေသင်္ဘောပဲဟာ … ဒါကြောင့် သက်ရှိသတ္တဝါတွေမှန်သမျှ သင်္ဘောပေါ် တင်နေတာပဲ ဖြစ်ရမယ်…. ထိုက်ကျိရှေးဟောင်းနတ်ဘုရားက ငါ သူတို့ကို သတ်ချင်နေတာလို့ အထင်မှားသွားတာ အံ့ဩစရာမရှိဘူး … ရွှေသင်္ဘောက သူတို့ကလည်း တခြားကမ္ဘာဆီ ပေါင်းကူးသွားရမယ့်သူတွေထင်လို့ သင်္ဘောပေါ်မှာ ခေါ်ထားချင်ခဲ့တာပဲ… ဒီသင်္ဘောရဲ့ စိတ်သဘောထားက ရှင်းအန်းရဲ့ သေတ္တာနဲ့ တော်တော်လေး တူတယ်..”

သူ့အသိစိတ်အလျဉ်က လှိုင်းထသွားပြီး လောက၏ အဆုံးသတ် မဟုတ်သေးကြောင်း သင်္ဘောကို ရှင်းပြလိုက်သည်။ ဤစကြ၀ဠာမှာ ငယ်ရွယ်ဆဲ ဖြစ်သည့်အတွက် မဟာပျက်စီးခြင်းကပ်ဘေးကြီးမှာ မရောက်ရှိလာသေးသဖြင့် သက်ရှိများကို သင်္ဘောအပေါ် ခေါ်တင်ရန် မလိုအပ်သေးပေ။

ရွှေသင်္ဘောမှာ တည်ငြိမ်သွားပြီး ကောင်းကင်ပေါ်တွင် ဆက်လက်ပျံသန်းနေသည်။ ရွှေရောင်အလင်းတန်းများက ၎င်းပတ်ပတ်လည်တွင် တောက်ပနေဆဲ ဖြစ်သော်လည်း အောက်ရှိ ဘိုးဘေးနန်းတော်မှ သက်ရှိများကို လှမ်းမခေါ်တော့ပေ။

ချင်မူ့ချီစွမ်းအင်က ထွက်ပေါ်လာပြီး ပါးစပ်ထဲတွင် သစ်ပင်ကို ကိုက်ထားသော်လည်း မဝါးရဲသည့် ကမ္ဘာဦးသားရဲကို မြှောက်လိုက်သည်။ သူက ၎င်းကို မြေကြီးအပေါ် ပြန်ပို့ရန် ပြင်လိုက်သော်လည်း သူ သင်္ဘောအပြင်သို့ ပို့လွှတ်လိုက်သည့်အချိန်တွင် ရွှေရောင်အလင်းတန်းက ထွက်ပေါ်လာကာ ကမ္ဘာဦးသားရဲကြီးအား ရစ်ပတ်လိုက်၏။

ချင်မူမှာ အတတ်နိုင်ဆုံးကြိုးစားရင်း ချီစွမ်းအင်ကို လှည့်ပတ်လိုက်သော်လည်း ကမ္ဘာဦးသားရဲကို ပြန်မပို့နိုင်သေးပေ။ သူက ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်မိသည်။ “မဟာပျက်စီးခြင်းကပ်ဘေးကြီး ရောက်လာဖို့ နှစ်ကုဋေပေါင်း ရေတွက်လို့မရအောင်ကို လိုသေးတယ်ဟ…. အခုတည်းက သင်္ဘောပေါ် သက်ရှိတွေ တင်ထားစရာ မလိုဘူး”

ရွှေရောင်အလင်းတန်းက အနည်းငယ် ပြေလျော့သွားသဖြင့် ချင်မူလည်း ချီစွမ်းအင်ကို အလျင်အမြန် လှည့်ပတ်ပြီး ကမ္ဘာဦးသားရဲအား သင်္ဘောအောက်သို့ ပို့လိုက်သည်။

ရုတ်တရက် ရွှေရောင်အလင်းတန်းများက ထပ်မံတောက်ပ၍ ကမ္ဘာဦးသားရဲကို ရစ်ပတ်ကာ သင်္ဘောပေါ် ပြန်တင်လိုက်၏။

ချင်မူမှာ ဒေါသထွက်သွားပြီး ခပ်ရွဲ့ရွဲ့ ရယ်လိုက်သည်။ ရွှေရောင်အလင်းတန်းသည် ကမ္ဘာဦးသားရဲကို နှစ်သိမ့်ချော့မြူပေးနေသည့်အလား ၎င်းဦးခေါင်းကို ပွတ်ပေးနေသည်အား တွေ့လိုက်ရလေသည်။

ကမ္ဘာဦးသားရဲမှာတော့ သစ်ပင်ကို ကိုက်ထားဆဲဖြစ်ပြီး မလှုပ်ရဲပေ။

ချင်မူမှာ ငိုရခက်၊ ရယ်ရခက်ဖြစ်နေသည်။ သူက စိတ်မှ တွေးလိုက်တော့သည်။ 'ထားလိုက်ပါတော့ကွာ…လောကသစ်ပင်ဆီ ပြန်ရောက်မှ ဒီကမ္ဘာဦးသားရဲတွေကို ပြန်လွှတ်ပေးတာပေါ့..”

ရွှေသင်္ဘော၏ အမြန်နှုန်းက တိုးမြှင့်လာပြီး ပိုပို၍ မြန်လာသည်။ ချင်မူက သင်္ဘောတွင် စိတ်အားတက်ကြွစွာဖြင့် ရပ်လျက် တွေးနေသည်။ ‘ကောင်းကင်နတ်အရှင်ဆယ်ပါးမှာ ခုနစ်ပါးပဲ ကျန်တော့တယ် ... အခြေအနေက တဖြည်းဖြည်း ကောင်းလာနေပြီ’

ထို့နောက် သူက မျက်မှောင်ကြုတ်လိုက်သည်။ ကောင်းကင်နတ်အရှင်ခုနစ်ပါးသာ ကျန်တော့သော်လည်း သူတို့သည် ယခင်ကလောက် လှည့်ဖြားကောက်ကျစ်မနေကြတော့ပေ။ ယခုတွင် ကောင်းကင်နတ်အရှင်ခုနစ်ပါးထဲ၌ ကောင်းကင်နတ်အရှင်ရှောင်နှင့် ကောင်းကင်နတ်အရှင်ဟောင်ဟူ၍ အင်အားစုနှစ်စု ကွဲနေပြီ ဖြစ်သည်။

ထိုမျှသာမက ကောင်းကင်နတ်အရှင်ဟောင်နှင့် ကောင်းကင်နတ်အရှင်ရှောင်တို့သည် ကောင်းကင်နတ်ဘုံအဆင့် ပြဿာနာကို ဖြေရှင်းနိုင်ခဲ့ပြီး မီလော့နန်းတော်မှ သခင်လေးသုံးနှင့် သခင်လေးလေးတို့၏ ထောက်ပံ့မှုများကို အသီးသီး ရရှိထားကြချေပြီ။ မီလော့နန်းတော်မှ အကျိုးအမြတ်များလည်း ရရှိကြပေလိမ့်မည်။

မီလော့နန်းတော်မှ ထွက်လာပြီးနောက် နောက်ဆုံးအကြိမ် အာဏာလုတိုက်ပွဲ သေချာပေါက် ဖြစ်ပွားပေလိမ့်မည်။

ဤတိုက်ပွဲသည် ကောင်းကင်နတ်အရှင်ဟောင်နှင့် ကောင်းကင်နတ်အရှင်ရှောင်တို့အနက် မည်သူက တစ်လောကလုံး၏ အစစ်အမှန်အုပ်ချုပ်သူ ဖြစ်သည်လဲ ဆုံးဖြတ်ပေးလိမ့်မည်။

ကောင်းကင်နတ်အရှင်ဟောင်ဖြစ်စေ၊ ကောင်းကင်နတ်အရှင်ရှောင်ဖြစ်စေ မည်သူနိုင်နိုင် ... ထာ၀ရငြိမ်းချမ်းရေးအင်ပါယာနှင့် ရွှင်ပျော်ပျော်ကျေးရွာအတွက် ကောင်းသောအရာတော့ မဟုတ်ပေ။

သူက လေးလံနေသော နှလုံးသားဖြင့် ကျောက်စိမ်းမြို့တော်ကို လှည့်ကြည့်လိုက်သည်။

“ကျောက်စိမ်းမြို့တော်၊ မီလော့…. ငါ အဲ့ဒီအဆင့်နှစ်ဆင့်ကို ကျင့်ကြံမှဖြစ်မယ်…. ဒါပေမဲ့ ပလ္လင်ခန်းမ ၇၂ ဆောင်က ကောင်းကင်နတ်အရှင်တွေ လက်ထဲမှာ… ဆိုတော့ ဒီကိစ္စက အတော်လေး ခက်ခဲလိမ့်မယ်..”

သူက မျက်လုံးများကို မှိတ်လျက် စကြ၀ဠာ ဆယ့်ခြောက်စင်းတွင် မြင်ခဲ့ရသော မြင်ကွင်းကို အသေအချာ ပြန်တွေးနေသည်။ မီလော့နန်းတော်အရှင်သခင်သည် ကျောက်စိမ်းမြို့တော်ကို တည်ဆောက်ခဲ့ပြီး မဟာပျက်စီးခြင်းကပ်ဘေးကို ကျော်ဖြတ်နိုင်ရန် အသုံးပြုခဲ့၏။

ချင်မူမှာ မြင်ယောင်ကြည့်ရင်း ကိုယ်တိုင်တွေ့ကြုံနေရသလို ခံစားလာရသည်။ ကျောက်စိမ်းမြို့တော် တည်ဆောက်မှုတွင် ကိုယ်တိုင်ပါ၀င်ခဲ့ဖူးသည့်အလား၊ ကပ်ဘေးကြီးတစ်ခုပြီးတစ်ခုကို တွေ့ကြုံဖြတ်သန်းခဲ့ဖူးသည့်အလား ခံစားနေရသည်။ မြို့ထဲတွင် တာအိုအလင်းတန်းမျိုးစုံ တောက်ပလျက် ကပ်ဘေးကြီးကို ခုခံနေကြောင်း တွေ့မြင်နေရ၏။

ချင်မူ တိတ်ဆိတ်ငြိမ်သက်စွာ တွေးတောဆင်ခြင်နေပြီး အချိန်တစ်ခုကြာပြီးနောက် ရွှေသင်္ဘောက ရပ်တန့်သွားသည်။ နောက်ဆုံးတော့ လောကသစ်ပင်သို့ ပြန်လည်ရောက်ရှိလာခဲ့လေပြီ။

ချင်မူက ခေါင်းမော့၍ ပတ်ဝန်းကျင်အား ကြည့်လိုက်သည်။ ဘိုးဘေးနန်းတော်၏ လောကသစ်ပင်မှာ ယခင်ကထက် ပိုမိုမြင့်မား ခမ်းနားနေချေပြီ။ ၎င်းထိပ်ဖျားက အနက်ရောင်တောင်တန်းအပေါ် လွှမ်းမိုးထားပြီး ထာဏရငြိမ်းချမ်းရေးအင်ပါယာ နတ်ဘုရားများသည် နေတစ်စင်း ဖန်းတီးကာ ၎င်းကို လှည့်ပတ်နေစေ၏။ ထိုနေက အနက်ရောင်တောင်တန်းတွင် အလင်းရောင်တို့ ဖြန့်ကျက်ပေးထားသည်။

'ကြည့်ရတာ ငါ နှစ်အနည်းငယ် ထွက်သွားခဲ့တဲ့နောက်ပိုင်း ဘာအမှားအယွင်းမှ မဖြစ်ခဲ့တဲ့ပုံပဲ’

ချင်မူမှာ စိတ်အေးသက်သာစွာ သက်ပြင်းတစ်ချက် ချလိုက်ရင်း သင်္ဘောပေါ်မှ ခုန်‌‌ဆင်းလိုက်သည်။ အနက်ရောင်တောင်တန်းတွင် ရှိသမျှသူအားလုံးက သင်္ဘောကို သတိထားမိသောကြောင့် လာရောက်ထိတွေ့ကိုင်တွယ် ကြည့်နေကြသည်။ ချင်မူလည်း ရှုရှန်းဟွာနှင့် လန်ယွီတျန်းကို အလျင်စလို တွေ့ချင်နေသဖြင့် အလောတကြီး သတိပေးလိုက်သည်။ “သိပ်မကပ်ကြနဲ့…. ဒီသင်္ဘောရဲ့ အကျင့်စရိုက်က နည်းနည်းထူးဆန်းတယ်…” ထိုသို့မှာပြီးသည်နှင့် သူက ခပ်သုတ်သုတ် ထွက်သွားတော့သည်။

မျက်ကန်းသည် တပြုံးပြုံးဖြင့် သင်္ဘောကို ပွတ်သပ်နေ၏။ “ဒီသင်္ဘောမှာ အသိစိတ် ရှိတယ်လား”

သူ့စကားမဆုံးခင်မှာပင် ရွှေရောင်အလင်းတန်းတစ်တန်း ထွက်ပေါ်လာပြီး သူ့ကို တင်းတင်းကြပ်ကြပ် ရစ်ပတ်လိုက်ချေပြီ။ နောက်တခဏတွင် သူ့မှာ သင်္ဘောပေါ် ရောက်သွားသည်။

မျက်ကန်းက အလန့်တကြား ထအော်ကာ တောင်ကြည့်မြောက်ကြည့် ကြည့်လိုက်မိသည်။ အောက်၌ ရှိနေသူအားလုံးလည်း သင်္ဘောပေါ် ရောက်နေကြကြောင်း တွေ့လိုက်ရလေသည်။

အားလုံးမှာ အလန့်တကြား အော်ဟစ်ရင်း သင်္ဘောအပေါ်မှ ထွက်သွားရန် ကြိုးစားနေကြသည်။ သို့သော် သူတို့၏ ကောင်းကင်နတ်သိုင်းများ မည်မျှပင် အံ့ဩဖွယ်ကောင်းနေပါစေ သင်္ဘောအပေါ်မှ မဆင်းနိုင်ကြချေ။

All Chapters