တာအိုရနိုင်မယ့် လမ်းစဉ်
Vol. 118 Ch. 1536
အဘွားစစ်နှင့် အဘွားစစ်မှာလည်း သင်္ဘောပေါ်သို့ ကြောင်တောင်တောင်ဖြင့် ရောက်နေကြပြီး အခြားသူများနှင့်အတူ တစ်ယောက်ကိုတစ်ယောက် ဆောက်တည်ရာမရ ကြည့်နေကြသည်။ သင်္ဘောအပေါ်၌ ကမ္ဘာဦးသားရဲထောင်ပေါင်းများစွာ ရှိနေပြီး ၎င်းတို့မှာလည်း သူတို့အား တုန်လှုပ်ခြောက်ခြားစွာ ကြည့်နေကြကြောင်း တွေ့လိုက်ရ၏။
“မူအာ၊ ဒီလို ထူးဆန်းတဲ့ သင်္ဘောကို ဘယ်က ရခဲ့တာတုန်းဟ”
အားလုံးလည်း ပေါက်သည့်နဖူး မထူးသဖြင့် သင်္ဘောပေါ် ရောက်တုန်း စပ်စုကြည့်ကြရာ ရွှေသင်္ဘောသည် သူတို့မြင်ခဲ့ရသည်ထက် များစွာကြီးမားနေသည်ကို သတိထားမိလိုက်ကြသည်။ သင်္ဘောကို အပြင်မှ ကြည့်ခြင်းနှင့် သင်္ဘောထဲမှ ကြည့်ခြင်းက မတူညီသော ကမ္ဘာလောကနှစ်ခုပမာ ဖြစ်ချေသည်။
သင်္ဘောထဲ၌ ရွှေရောင်ခန်းမများစွာ တည်ဆောက်ထားပြီး ထူးဆန်းသော သင်္ကေတများဖြင့် ခတ်နှိပ်ခံထားရကသည်။
ကမ္ဘာဦးသားရဲများမှာတော့ ကုန်းပတ်ပေါ်တွင်သာ ရပ်မြဲ ရပ်နေကြပြီး စပ်စပ်စုစု လျှောက်မသွားရဲကြပေ။ သို့သော် ကျန်သူများကတော့ ပို၍ သတ္တိရှိကြပေသည်။ သူတို့က ပတ်၀န်းကျင်ကို လိုက်လံကြည့်ရှုရင်း သင်္ဘောပေါ်မှ ထွက်ခွာနိုင်မည့် နည်းလမ်းများကို ရှာဖွေနေကြသည်။
“ဒီရွှေရောင်ခန်းမတွေထဲမှာ ဘာရှိလဲ မသိဘူးနော်”
မျက်ကန်းက ရွှေရောင်ခန်းမတစ်ခု၏ အလွန့်အလွန် ကြီးမားလှသော တံခါးကြီးကို စပ်စုနေရင်း ရေရွတ်သည်။ “တံခါးက သော့ခတ်မထားဘူး… ငါ ဖွင့်လို့ရမလား ကြိုးစားကြည့်မယ်..”
တခဏကြာသော် တံခါးပွင့်သွားပြီး ပုပ်သိုးနေသည့် အနံ့အသက်က ထောင်းခနဲ ထွက်လာ၏။
အားလုံးမှာ နှာခေါင်းများနှင့် ပါးစပ်များကို အုပ်လျက် အပုပ်နံ့ ပျောက်သွားသည်ကို စောင့်ပြီးမှ နန်းတော်ထဲသို့ တွန့်တွန့်ဆုတ်ဆုတ်ဖြင့် ဂရုတစိုက် ၀င်ရောက်သွားကြသည်။
ခမ်းနားတင့်တယ်သည့် ကမ္ဘာလောကတစ်ခုက သူတို့ကို ကြိုဆိုနေလေသည်။ ဤကမ္ဘာလောကတွင် နေမင်း၊ လမင်းနှင့် ကြယ်တာရာများအပြင် မရေမတွက်နိုင်သော မြို့များ တည်ရှိနေကြသည်။ ထိုမြို့များတွင် အရိုးစုများက ပျားပန်းခတ်တမျှ သွားလာလှုပ်ရှားနေကြလေသည်။
သန်းချီသော အဖြူရောင်အရိုးစုများက မြို့ထဲ၌ ဟိုဟိုသည်သည် သွားလာနေကြသည်။ မြို့ထဲတွင် အမျိုးသမီးများက သူတို့၏ကလေးများကို နို့ချိုတိုက်ကျွေးနေကြ၏။ ဈေးဆိုင်ပိုင်ရှင်များကို ဈေးဆစ်နေကြသော အရိုးစုများလည်း ရှိကြသည်။ မြို့ပြင်ရှိ ကွင်းပြင်ကျယ်တွင် အလုပ်လုပ်နေကြသော အရိုးစုများလည်း မြင်ရ၏။
လူတိုင်းက ဤမြင်ကွင်းကို ပါးစပ်အဟောင်းသားဖြင့် ကြည့်နေကြမိသည်။
“ဒီအဖြူရောင်အရိုးစုတွေက…”
ဟွာရွှမ်းရှို့ ထိုစကားလေး ရေရွတ်လိုက်ရုံသာ ရှိသေးသည်၊ ကမ္ဘာလောကတစ်လုံး ပြိုလဲပျက်စီးသွားချေပြီ။ မရေမတွက်နိုင်သော အရိုးစုများမှာ တခဏအတွင်း ဖရိုဖရဲစွမ်းအင်များအဖြစ် ပြောင်းလဲကုန်ကြသည်။ သူတို့၏ခန္ဓာကိုယ်များက လွင့်ပျယ်ပျောက်ကွယ်သွားပြီး နေမင်း၊ လမင်းနှင့် ကြယ်တာရာများမှာလည်း ပြိုဆင်းလာကြ၏။
ဝုန်း….
တုန်ခါသံကြီး ကျယ်လောင်စွာ ထွက်ပေါ်လာပြီး ခန်းမထဲတွင် ဖရိုဖရဲချီများသာ ကျန်ရစ်ခဲ့တော့သည်။
ထိုအခိုက်အတန့်တွင် လူရိပ်တစ်ခုက တစ်နေရာမှ လျှောက်လာသည်။ သူက သူ၏ဒူးခေါင်း ရောက်သည်အထိ နက်နေသော ဖရိုဖရဲချီများအတွင်း၌ လျှောက်နေသည်။
၎င်းမှာ ပုံရိပ်ယောင်တစ်ခု ဖြစ်ပြီး သမိုင်းကြောင်း ရောင်ပြန်ဟပ်နေသည့်အလား သူ၏ပုံရိပ်ကို ဤနေရာတွင် ထင်ဟပ်နေစေ၏။
သူက ပျက်စီးသွားသော ကမ္ဘာလောကထဲတွင် လျှောက်သွားနေပြီး စိတ်ရှုပ်ထွေးနားမလည်နိုင်စွာဖြင့် တောင်ကြည့်မြောက်ကြည့် ကြည့်နေသည်။ သူ့မှာ သူ ကာကွယ်ပေးခဲ့သော သူ၏မိသားစု၊ သူငယ်ချင်းဟောင်းများနှင့် သတ္တဝါများကို ရှာမတွေ့တော့ပေ။
ထိုသူသည် ဒဏ်ရာရနေသော မြေခွေးတစ်ကောင်အလား ဖရိုဖရဲချီထဲတွင် ခံပြင်းစွာ အော်ဟစ်လိုက်၏။ သူ အော်ခေါ်လိုက်သော်လည်း တုံ့ပြန်သူ မရှိပေ။
အဘွားစစ်၊ မျက်ကန်းနှင့် အခြားသူများမှာ ဤလူရိပ်ကို ကြည့်ရင်း နှလုံးသားထဲ၌ ပြောမပြတတ်အောင် ဝမ်းနည်းလာမိသည်။ သူတို့မှာ မျက်ရည်များ စီးကျလာကြလေသည်။
လူရိပ်က ဖရိုဖရဲချီများထဲတွင် မှော်စွမ်းအင်ကို အသက်သွင်းနေပြီး ထူးဆန်းသော ကောင်းကင်နတ်သိုင်းတစ်ခုအား ထုတ်ဖော်ပြသနေသည်။ သူသည် ကမ္လာလောကကို ဖန်ဆင်း၍ စကြ၀ဠာကို ပြန်လည်ဖန်တီးနေသည့်အလားပင်။ အချိန်များ နောက်ပြန်ရစ်လျက် သေဆုံးသွားခဲ့သော အသက်များအား တဖန်ပြန်လည်မွေးဖွားလာနေစေသည်။
သူ၏ ကောင်းကင်နတ်သိုင်းက အားလုံးကို အံ့ဩမှင်သက်၍ ပင့်သက်များ ရှိုက်လိုက်မိစေ၏။ ၎င်းက အလွန်တရာ ထူးကဲလှသည်။ ဖရိုဖရဲအရှိန်အဝါများက တဖြည်းဖြည်း ပြောင်းလဲလာချေပြီ။ ကြယ်တာရာများ ဖြည်းဖြည်းချင်း ပေါ်ထွက်လာ၍ နေလုံးကြီးလည်း မြင့်တက်လာကာ လမင်းကြီးကလည်း အနောက်အရပ်တွင် တိမ်းစောင်းနေရာယူထားသည်။
မြေပြင်မှ မြို့များ မြောက်တက်ထူထောင်လာပြီး အဖြူရောင်အရိုးစုတို့က ဖရိုဖရဲများထဲမှ ထရပ်လာကြ၏။
ဤသို့ တစ်လောကလုံးကို တုန်လှုပ်စေနိုင်သည့် ကောင်းကင်နတ်သိုင်းမျိုးကား မည်သို့ကောင်းကင်နတ်သိုင်းမျိုးနည်း။
၎င်းကြောင့် အားလုံးမှာ တာအို၏ အဆုံးမရှိသော ထူးခြားဆန်းကြယ်မှုများ၊ သေသူကို ပြန်ရှင်လာစေနိုင်သော ကောင်းကင်နတ်သိုင်းနှင့် စကြ၀ဠာ၏ အမြင့်ဆုံး လူနေမှုအသိုက်အ၀န်းကြောင့် တိုးတက်လာသည့် ဉာဏ်ပညာတို့ကို မြင်တွေ့နေစေသည်။
သို့သော် ၎င်းတို့အားလုံးသည် တခဏအတွင်း ဖြိုလဲဖျက်ဆီးခံလိုက်ရပြန်၏။
အချိန်အတော်ကြာပြီးနောက် မျက်ကန်းနှင့် အခြားသူများလည်း ခန်းမထဲမှ အတူတူ ထွက်လာကြပြီး တံခါးပိတ်လိုက်ကြသည်။
“အဲ့ဒီပုဂ္ဂိုလ်က ဘယ်သူလဲ”
အဘွားစစ်က ရေရွတ်နေသည်။ “သူ အော်ဟစ်လိုက်တဲ့အချိန်မှာ နှလုံးသားကို ဆွဲစုတ်ခံလိုက်ရသလိုပဲ… အဲ့ဒါက… အဲ့ဒါက….”
“အဲ့ဒါက ထာ၀ရငြိမ်းချမ်းရေးအင်ပါယာကပ်ဘေးမှာ ကူကယ်ရာမဲ့ပြီး တစ်ယောက်တည်း ဖြစ်နေခဲ့တဲ့ မူအာနဲ့ တူတယ်..”
မျက်ကန်းက တည်ငြိမ်အေးဆေးနေသော မျက်နှာအမူအရာဖြင့် ပြောသည်။ “ထော့ကျိုး မူအာ့ကို ထာ၀ရငြိမ်းချမ်းရေးအင်ပါယာကပ်ဘေးကနေ ခေါ်ထုတ်လာခဲ့တုန်းက သူ ငါ့ကို အကုန်ပြောပြခဲ့တယ်… သူက မူအာ့ကို ကယ်ဖို့ကို အမြန်ဆုံး ပြေးတဲ့သူ… မူအာ့ကို အမြဲတမ်း ကယ်တဲ့လူကလည်း သူပဲ..”
အားလုံး၏ နှလုံးသားများမှာ လေးပင်ထိုင်းမှိုင်းသွားကြသည်။
ထာ၀ရငြိမ်းချမ်းရေးအင်ပါယာကပ်ဘေး အတောအတွင်းက ဖိအားအလုံးစုံသည် ချင်မူ့အပေါ်တွင်သာ စုပြုံသက်ရောက်ခဲ့ကြ၏။ သူ မည်မျှပင် ရုန်းကန်ခုခံပါစေ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာကို မကယ်နိုင်ကြောင်း သိလိုက်ရသည့်အချိန်၌ ဖရိဖရဲချီထဲက လူရိပ်လို အထီးကျပြီး ကူကယ်ရာမဲ့သော ခံစားချက်ကို ခံစားခဲ့ရပေလိမ့်မည်။
သူတို့အားလုံး ဤရွှေရောင်ခန်းမမှ ထွက်ခွာ၍ နောက်ထပ်တစ်ခုဆီသို့ လျှောက်လာခဲ့ကြသည်။
အနက်ရောင်တောင်တန်း၏ အစွန်းတွင် ချင်မူသည် ကွဲအက်နေသော အနက်ရောင်တောင်တန်းကို ပြုပြင်နေကြသည့် ရှုရှန်းဟွာနှင့် လန်ယွီတျန်းအား တွေ့လိုက်ရ၏။
ချင်မူက ကျောက်စိမ်းမြို့တော်၌ တွေ့ကြုံခဲ့ရသည့် အရာများအား သူတို့ကို ပြောပြသည်။ သူက ပလ္လင်ခန်းမ ၇၂ ဆောင်၊ နတ်ကောင်းကင်ခန်းမထောင်ချောက်နှင့် ဧကရာဇ်ပလ္လင်ထောင်ချောက်စသဖြင့် ဖြစ်ကြောင်းကုန်စင် ပြန်ပြောပြနေသည်။
သူတို့နှစ်ယောက်ကို အာရုံမလွင့်စေလို၍ ထိုက်ယီအကြောင်းကိုတော့ များများစားစား မပြောပြပေ။
သူတို့နှစ်ယောက်လုံးကလည်း စိတ်၀င်တစား နားထောင်နေကြသည်။
ရှုရှန်းဟွာက စဉ်းစားတွေးတောနေ၏။ “ပလ္လင်ခန်းမ ၇၂ ဆောင်ကို ကောင်းကင်နတ်အရှင်ခုနစ်ပါးက ခွဲယူထားကြတာဆိုတော့ ကောင်းကင်နတ်အရှင်ခုနစ်ပါးက အကြီးမားဆုံး အရင်းအမြစ်အတွေကို ထိန်းချုပ်ထားတဲ့ အဓိပ္ပာယ်ပဲ…. ခန်းမတွေအများကြီးကို ထိန်းချုပ်ထားတဲ့အတွက် သူတို့က လွဲပြီး ဘယ်သူမှ ကောင်းကင်နန်းဆောင်ကျင့်စဉ်စနစ်ကနေတဆင့် တာအိုရနိုင်မှာ မဟုတ်ဘူး…”
လန်ယွီတျန်းက ခေါင်းရမ်းသည်။ “သိပ်မကြာခင်တုန်းက ကျန်းပိုင်ကွေ့နဲ့ ဧကရာဇ်ယန်ဖုန်း ဒီကို လာသွားသေးတယ်… သူ့ရဲ့ ကောင်းကင်နန်းဆောင် ၃၆ ဆောင်နဲ့ ပလ္လင်ခန်းမ ၇၂ ဆောင်ကို ကျန်းပိုင်ကွေ့ ပြခဲ့တုန်းက ကျွန်တော့်ရင်ထဲ အတော်ထိခဲ့တယ်…. ကျောက်စိမ်းမြို့တော်ရဲ့ ပလ္လင်ခန်းမ ၇၂ ဆောင်ကို အားမကိုးဘဲနဲ့ တာအို ရနိုင်ပါသေးတယ်…. ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်တစ်ခုတည်းပဲ လမ်းရှိတာ မဟုတ်ဘူး..”
“လက်ရှိမှာ တာအိုရနိုင်မယ့် လမ်းစဉ်လေးခု ရှိတယ်… ပထမတစ်ခုက ကျန်းပိုင်ကွေ့ရဲ့လမ်းစဉ် ကမ္ဘာခေတ်နှောင်းတာအိုကနေတစ်ဆင့် တာအိုရတာ … ဒုတိယလမ်းစဉ်တစ်ခုက မင်းနဲ့ ဂိုဏ်းသခင်ချင်ရဲ့ လမ်းစဉ် ထိုက်ငါးပါးကနေ တာအိုရတာ…. တတိယတစ်ခုက ခိုင်ဧကရာဇ်ချင်ရဲ့ တာအိုကျင့်စဥ်စနစ်ကနေ တာအိုရတဲ့လမ်းစဉ်… နောက်ဆုံးတစ်ခုကတော့ သမားရိုးကျ ကောင်းကင်နန်းဆောင်လမ်းစဉ်၊ ကျောက်စိမ်းမြို့တော်ရဲ့ ခွန်အားကို ငှားယူပြီး ခွန်အားကနေတဆင့် တာအိုရတဲ့လမ်းစဉ်ပဲ…”
ရှုရှန်းဟွာက တခဏတွေးတောနေပြီးနောက် ဆက်ပြောသည်။ “အဲ့လမ်းစဉ်တွေထဲမှာ အရိုးရှင်းဆုံးက ကျောက်စိမ်းမြို့တော်က ခွန်အားငှားယူပြီး ခွန်အားက တဆင့် တာအိုရတဲ့လမ်းစဉ် … အနက်နဲဆုံးက တာအိုကျင့်စဥ်စနစ်ကနေ တာအိုရတဲ့ လမ်းစဉ်…. အခက်ခဲဆုံးက ကမ္ဘာခေတ်နှောင်းတာအိုလမ်းစဉ်.. အကျယ်ပြန့်ဆုံးကတော့ ထိုက်ငါးပါးလမ်းစဉ်ပဲ…. ငါ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း အနက်ရောင်တောင်တန်းတွေကို ပြုပြင်ရင်း ငါ လျှောက်လှမ်းရမယ့် လမ်းစဉ်ကို စဉ်းစားနေခဲ့တာ…. ပြီးခဲ့တဲ့ နှစ်တွေအတွင်း တစ်ခု သဘောပေါက်ခဲ့တယ်… ငါ မင်းတို့အားလုံးနဲ့ မတူတဲ့ လမ်းစဉ်၊ ပဉ္စမလမ်းစဉ်ကို လျှောက်လှမ်းချင်တယ်…”
ချင်မူက မေးသည်။ “နောင်တော်ရှု၊ ဘာသဘောပေါက်ခဲ့တာလဲ”
ရှုရှန်းဟွာ ပြော၏။ “ငါ မူလဝိညာဥ်နဲ့ လမ်းစဉ်ဖောက်ချင်တယ်…. လောကသစ်ပင်က ဒီစကြ၀ဠာရဲ့ မူလဝိညာဉ် ဖြစ်ပြီးတော့ စကြ၀ဠာကတော့ လောကသစ်ပင်ရဲ့ ရုပ်ခန္ဓာ ဖြစ်တယ်လို့ ငါ တွေးမိတယ်…. မူလဝိညာဉ် တာအိုရသွားမှ လုံး၀ဖျက်ဆီးလို့ မရမှာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်…. အသေးစိတ်တော့ မတွေးခေါ်ကြည့်ရသေးဘူး…”
ချင်မူ့မျက်လုံးများက တောက်ပလာပြီး သူက ပြုံးလိုက်သည်။ “နောင်တော်ရှုမှာ အကြံဉာဏ်တွေ အများကြီးရှိတာ ဆိုတော့ ဖြစ်နိုင်ပါတယ်”
“ဒါမဲ့ ငါ ဒီလမ်းကြီးကို မလျှောက်ချင်တော့ဘူး”
ရှုရှန်းဟွာက တည်တံ့နေသည့် မျက်နှာအမူအရာဖြင့် ပြောသည်။ “ကောင်းကင်နတ်အရှင်ဟောင်နဲ့ ကောင်းကင်နတ်အရှင်ရှောင်က ကမ္ဘာဦး တာအိုသိုင်းပညာရှင်တွေနဲ့ ပူးပေါင်းကြံစည်နေကြတယ်… သူတို့ ခွန်အားကတစ်ဆင့် တာအိုရသွားပြီးရင် မင်းအပေါ် ဖိအားပိုကျလာမှာပဲ…ငါလည်း ခွန်အားလမ်းစဉ်ကို လျှောက်ရင် အချိန်တိုအတွင်း စွမ်းအားအများကြီး ပိုင်ဆိုင်နိုင်မှာ…. ကောင်းကင်နတ်အရှင်ရှောင်နဲ့ ကောင်းကင်နတ်အရှင်ဟောင်ကြားက အဆုံးအဖြတ်တိုက်ပွဲမှာ ငါလည်း မင်းအတွက် အားတစ်ခုတော့ ဖြစ်ပေးချင်တယ်…”
“ငါ့မှာ ဘာဖိအား ရှိနေလို့လဲဟ…”
ချင်မူက တဟားဟား ရယ်လိုက်သည်။ “အခု ကောင်းကင်နတ်အရှင်ဆယ်ပါးကနေ ခုနစ်ပါးပဲ ရှိတော့တာ… ကောင်းကင်နတ်အရှင်ဟောင်နဲ့ ကောင်းကင်နတ်အရှင်ရှောင်တို့ရဲ့ တိုက်ပွဲမှာလည်း နောက်ထပ်ကောင်းကင်နတ်အရှင်တချို့ သေကြဦးမှာပဲ…. ကောင်းကင်နတ်အရှင်လင်ကို ကယ်နိုင်တာနဲ့ ငါတို့အောင်ပွဲကို စိတ်ချထားလို့ရပြီ… ငါ့အတွက် မစိုးရိမ်ပါနဲ့… ကိုယ့်လမ်းသာ အေးဆေးလျှောက်… အနာဂတ်မှာ မင်း တာအိုရလာရင် ငါက ထပ်ရန်စဦးမှာ…”
ရှုရှန်းဟွာ၏ မျက်နှာထက်တွင် အပြုံးတစ်ခု ဖြစ်ထွန်းလာသည်။ “ဂိုဏ်းသခင်ချင်၊ ငါ ဘယ်လောက်ပဲ စိုးရိမ်ပူပန်မိပါစေ မင်းနဲ့ဆိုရင် အကုန်ပျောက်ကွယ်သွားတယ်..”
ချင်မူက ပြုံး၏။ “ဒါပေမဲ့ ငါ မင်းတို့ကိုတော့ ဖိအားပေးနေဦးမှာပဲ…. လန်ယွီတျန်း၊ နောင်တော်ရှု… ထိုက်ငါးပါး မွေးလာရင်တောင်မှ သူတို့ရဲ့လမ်းစဉ်တွေကို အမြဲရှိနေလိမ့်ဦးမယ်လို့ ပြောခဲ့တယ်မလား…. ထိုက်ငါးပါးရဲ့ တာအိုကို မင်းတို့ သိမြင်နားလည်စေချင်တယ်… ပြီးတော့ ထပ်ရှိသေးတယ်…”
သူက ဝေစွေ့ဖုန်း၏ ကောင်းကင်နှင့်မြေကြီး ကြေးမုံနှစ်ချပ်ကို ထုတ်ကာ သူတို့နှစ်ယောက်အား ပေးလိုက်သည်။ “ဒီထဲမှာ ပုန်းကွယ်နေတဲ့ ကမ္ဘာဦးတာအိုသင်္ကေတတစ်ခုနဲ့ ထိုက်ငါးပါးကို အသွင်ပြောင်းနိုင်မယ့် လမ်းစဉ် ရှိတယ်… မင်းတို့ကို အဲ့ဒါသိမြင်နားလည်စေချင်တယ်…”
သူက တခဏ တွေးတောပြီးနောက် ဆက်ပြော၏။ “တာအိုရနိုင်တဲ့ လမ်းစဉ်ငါးခုကိုလည်း ရှင်းလင်းအဖြေထုတ်ထားစေချင်တယ်.. လုပ်နိုင်ပါ့မလား”
ရှုရှန်းဟွာနှင့် လန်ယွီတျန်းမှာ ချက်ချင်း ဖိအားခံစားလိုက်ကြရသည်။ ချင်မူ ပေးသည့်တာ၀န်တိုင်းက သူတို့၏ ခွန်အားအလုံးစုံကို အသုံးချရန် လိုအပ်သည်။ တစ်ခုကိုပင် မနည်းကြိုးစားကြရမည် ဖြစ်ရာ သုံးခုတဲ့လော။
“ကျွန်တော်တို့ ကြိုးစားကြည့်ပါ့မယ်” လန်ယွီတျန်းက အံကြိတ်လျက် ဖြေ၏။
“ကောင်းတယ်”
ချင်မူက ထရပ်၍ တည်ကြည်လေးနက်စွာ ပြောသည်။ “မီလော့နန်းတော်အရှင်သခင်က အနာဂတ်မျိုးဆက်တွေ အတိတ်စကြ၀ဠာဆယ့်ခြောက်စင်းရဲ့ လမ်းစဉ်တွေ၊ ကျင့်စဉ်တွေ၊ ကောင်းကင်နတ်သိုင်းတွေနဲ့ အသိပညာရပ်တွေကို အမွေဆက်ခံနိုင်ဖို့ ရည်ရွယ်ချက်အတွက် ကျောက်စိမ်းမြို့တော်ကို ထားရစ်ခဲ့တာ… ကောင်းကင်နတ်အရှင်ဟောင်ဖြစ်ဖြစ်၊ ကောင်းကင်နတ်အရှင်ရှောင်ဖြစ်ဖြစ်… ဘယ်သူမှ ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်ကို မထိန်းချုပ်နိုင်ဘူး… ငါ ကောင်းကင်နတ်အရှင်ဟောင်နဲ့ ကောင်းကင်နတ်အရှင်ရှောင်အပေါ် နားလည်ရသလောက်ဆိုရင် သူတို့က ကျန်တဲ့သူတွေ သူတို့ကို ကျော်မတက်နိုင်အောင် ကျောက်စိမ်းမြို့တော်က ထွက်လာပြီးတာနဲ့ ဘိုးဘေးနန်းတော်ကို နောက်တစ်ကြိမ် ချိတ်ပိတ်နိုင်တယ်…”
လန်ယွီတျန်းနှင့် ရှုရှန်းဟွာက ခေါင်းညိတ်လိုက်ကြသည်။ ကောင်းကင်နတ်ဘုံ၏ ကောင်းကင်နတ်အရှင်ခုနစ်ပါးသည် နောက်မျိုးဆက်များ၏ မျှော်လင့်ချက်ကို ရိုက်ချိုးပစ်တတ်သော ပုဂ္ဂိုလ်များသာ မဟုတ်ပါလော
“ဒါကြောင့်မလို့ ကျောက်စိမ်းမြို့တော်ရဲ့ အလင်းရောင် ပျောက်ကွယ်သွားတာနဲ့ ကောင်းကင်နတ်အရှင်ဟောင်နဲ့ ကောင်းကင်နတ်အရှင်ရှောင်တို့ ကျောက်စိမ်းမြို့တော်ကနေ ထွက်သွားကြောင်း သိနိုင်လိမ့်မယ်… ကောင်းကင်နတ်အရှင်ရှောင်က ကျောက်စိမ်းမြို့တော်ကနေ ထွက်လာတာနဲ့ ဒီကိုလာပြီး ထိုက်ယီနဲ့ တွေ့ဖို့ များတယ်…. သူ့အပြင် ရှေးဟောင်းနတ်ဘုရားထိုက်ကျိလည်း လာလိမ့်မယ်”
ချင်မူမှာ ခေါင်းခဲလာပြီး ဆက်ပြော၏။ “ထိုက်စုလည်း လာလိမ့်မယ်… ထိုက်စု လာရင် ကောင်းကင်နတ်အရှင်ဟောင်လည်း လာမှာပဲ… ဒါပေမဲ့ ထိုက်ယီကို ဘယ်နေရာမှာမှ ရှာမတွေ့ဘူးဆိုတော့…”
လန်ယွီတျန်းနှင့် ရှုရှန်းဟွာက တစ်ယောက်ကိုတစ်ယောက် ကြည့်၍ မေးခွန်းထုတ်လိုက်ကြသည်။ “အဲ့ဒါ ဘာအဓိပ္ပာယ်လဲ...”
“ငါ ထိုက်ယီအယောင်ဆောင်မယ်”
ချင်မူက အံတင်းတင်းကြိတ်ထားရင်း ပြော၏။ “သူတို့ မသိသရွေ့ စိုးရိမ်စရာ မလိုဘူး… ပြန်လွှတ်လိုက်လို့ရတယ်… သူတို့ သိသွားရင်တော့…”
လန်ယွီတျန်း၏ မျက်လုံးထောင့်စွန်းများ တွန့်သွားသည်။ “သူတို့သိသွားရင် ဘာဖြစ်မှာလဲ”
“ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ ကိစ္စတုံးပြီး ငါတို့အားလုံးလည်း မျိုးပြတ်သသွားလိမ့်မယ်”
ချင်နူက သူတို့နှစ်ယောက်ကို နှစ်သိမ့်လိုက်၏။ “စိတ်မပူပါနဲ့ ထိုက်ကျိရှေးဟောင်းနတ်ဘုရားနှစ်ပါးက လှည့်စားတဲ့နေရာမှာ ဆရာကျတယ်ဆိုပေမယ့် ငါကလည်း အဆိုးကြီး မဟုတ်ပါဘူး… ဘာမှ မရိပ်မိစေရပါဘူး…”
သူတို့နှစ်ယောက်မှာ ချင်မူ့စကားကို ကြားလျှင် စိုးရိန်ပူပန်နေသော မျက်နှာအမူအရာများ ဖြစ်သွားကြသည်။
ထိုက်ယီအဖြစ် ဟန်ဆောင်၍ ကောင်းကင်နတ်အရှင်ရှောင်အပြင် ထိုက်ငါးပါးထဲတွင် ပါဝင်သော ထိုက်ကျိရှေးဟောင်းနတ်ဘုရားနှစ်ပါးနှင့် ထိုက်စုကို လှည့်စားရန်ကား မဖြစ်နိုင်ချေ။
ချင်မူ့အလိမ်သာ ပေါ်သွားပါက ကောင်းကင်နတ်အရှင်ခုနစ်ပါးသည် အနက်ရောင်တောင်တန်းကို ဂရုပင်စိုက်တော့မည်မဟုတ်။ ကောင်းကင်နတ်အရှင်တစ်ပါးတည်းကပင်လျှင် ဤနေရာကို စိစိညက်ညက် ကြေသွားစေနိုင်သည်။
ကောင်းကင်နတ်အရှင်ရှောင်နှင့် အခြားသူများသာ ချင်မူ့ကို မရိပ်မိသွားလျှင် ထာ၀ရငြိမ်းချမ်းရေးအင်ပါယာနှင့် အနက်ရောင်တောင်တန်းသည် ယာယီတော့ ဘေးကင်းနေပေလိမ့်ဦးမည်။
ထိုက်ယီ ရှိနေသရွေ့ ကောင်းကင်နတ်အရှင်ရှောင်မှင့် အခြားသူများသည် အနက်ရောင်တောင်တန်းနှင့် ထာ၀ရငြိမ်းချမ်းရေးအင်ပါယာကို ထိရဲကြမည် မဟုတ်ပေ။
ချင်မူက ပြုံးလျက် ပြော၏။ “ငါ ပြင်ဆင်ရတော့မယ်… ဆိုတော့ အကောင်းကြိုးစားပြီး ကျင့်ကြံပါဦး” သူက ထိုသို့ပြောပြီးနောက် အလောတကြီး ထွက်ခွာသွားလေသည်။
ရှုရှန်းဟွာနှင့် လန်ယွီတျန်းမှာ တစ်ယောက်ကိုတစ်ယောက် စိုးရိမ်ပူပန်စွာ ကြည့်လိုက်မိကြသည်။
ဆယ်ရက်ကျော်ကြာပြီးနောက် ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်၏ ထွန်းလင်းတောက်ပနေသော အလင်းရောင်များမှာ ဖြည်းဖြည်းချင်း မှေးမှိန်သွားသည်။ ဤအလင်းရောင်သည် ယခင်က ဘိုးဘေးနန်းတော် ကောင်းကင်ကို လင်းထိန်နေစေခဲ့သော်လည်း ယခုတွင် တစ်နေ့ပြီးတစ်နေ့ မှိန်သထက် မှိန်လာ၏။
နောက်ထပ် ရက်အချို့ကြာပြီးနောက် ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်၏ အလင်းရောင်မှာ လုံးလုံးလျားလျား ပျောက်ကွယ်သွားတော့သည်။
ချင်မူမှာ ကျောက်စိမ်းမြို့တော် ရှိရာသို့ လှမ်းကြည့်လိုက်ပြီး ရင်ထဲ အေးခဲသွား၏။ ကောင်းကင်နတ်အရှင်ခုနစ်ပါးသည် သူ ထင်ထားသည့်အတိုင်း ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်ကို ချိပ်ပိတ်ခဲ့လေပြီ။
“ခြောက်ရက်ကြာရင် သူတို့ ထိုက်ယီကို လာဂါ၀ရပြုကြလိမ့်မယ်… သူတို့ကို ခြောက်လှန့်ပြီး ထာ၀ရငြိမ်းချမ်းရေးအင်ပါယာနဲ့ အနက်ရောင်တောင်တန်းကို ကာကွယ်နိုင်၊ မနိုင်က ဒီကိစ္စအပေါ် မူတည်နေတယ်..”
ခြောက်ရက်ကြာပြီးနောက် ကောင်းကင်နတ်အရှင်ရှောင်၊ ထိုက်ကျိရှေးဟောင်းနတ်ဘုရားနှစ်ပါး၊ ကောင်းကင်နတ်အရှင်ဟောင်၊ ထိုက်စုနှင့် အခြားကောင်းကင်နတ်အရှင်ငါးပါးတို့ အတူတကွ ရောက်လာကြသည်။ သူတို့က လာရောက်ကြိုဆိုသော ကျန်းယွင်ကျန့်အား ပြော၏။ “ထိုက်ချူ၊ ထိုက်စုနဲ့ ထိုက်ကျိက သူတို့ရဲ့ အစ်ကိုတော်ထိုက်ယီကို လာဂါ၀ရပြုတာပါ.. ကျေးဇူးပြုပြီး အသိပေးလိုက်ပါ…”
ကျန့်ယွင်ကျန်းက ကောင်းကင်နတ်အရှင်များကို တစ်ချက်ကြည့်ကာ ပြောသည်။ “အားလုံး လာကြမှာကို ထိုက်ယီက သိထားပြီးလို့ ကျွန်တော့်ကို လာကြိုခိုင်းလိုက်ပါတယ်.. ကျေးဇူးပြုပြီး ဒီဘက် ကြွပါ..”