လောကကြီးအား လှည့်စားတော်မူခန်း
Vol. 118 Ch. 1538
ကောင်းကင်နတ်အရှင်ဟောင်၊ ကောင်းကင်နတ်အရှင်ရှောင်နှင့် ကျန်ကောင်းကင်နတ်အရှင်တို့သည် ဤနေရာကို မလာခင်တုန်းက အနည်းငယ် သံသယရှိခဲ့ကြ၏။ သို့သော် ထိုက်ယီ၏တပည့်ဟု ဆိုသော ကျန်းယွင်ကျန့်၏ စွမ်းဆောင်ရည်များ၊ တောင်နံရံ၌ ချင်မူ ထားခဲ့သော တာအိုအမှတ်အသား၀င်္ကပါနှင့် အနက်ရောင်တောင်တန်း၏ အပြင်ဘက်ရှိ ကြောက်မက်ဖွယ်ရာ စကြဝဠာပျက်စီးခြင်းမြင်ကွင်းတို့သာမက ထိုက်ယီတာအိုသစ်ပင်ကို မြင်လိုက်ရသည့်အခါတွင်တော့ သူတို့၏ သံသယများမှာ ပိန်းကြာရွက်ပေါ် ရေမတင်သကဲ့သို့ ပျောက်ခြင်းမလှ ပျောက်ကွယ်သွားကြတော့သည်။
ယခုတွင် သူတို့အားလုံး ရွှေရောင်ခန်းမကို မြင်တွေ့ကြရပြန်သည်။ ရွှေရောင်ခန်းမအတွင်း လွင့်မျောပျံဝဲနေသော ဖရိုဖရဲချီတို့သည် ခန်းမထဲရှိ 'အဘိုးအို' အပေါ် လေးစားကြည်ညိုမှုတို့ဖြင့် ပြည့်နှက်နေကြသည်။
ဤသည်မှာ တာအို ရရှိပြီးသည့် အစစ်အမှန် ပုဂ္ဂိုလ်တစ်ယောက်ပင်တကား။ သူ၏ကောင်းကင်နတ်သိုင်းများက ခမ်းနားလေးနက်၍ မှန်းဆ၍မရနိုင်အောင် ဆန်းကြယ်လှပေသည်။
သို့သော် ခန်းမထဲရှိ ချင်မူမှာတော့ မီးသွေးတုံး ဖင်ခု ထိုင်ထားရသကဲ့သို့ ရင် တဒိန်းဒိန်း ခုန်နေသည်။ ကောင်းကင်နတ်အရှင်ဟောင်၊ ကောင်းကင်နတ်အရှင်ရှောင်နှင့် အခြားသူများသာ သူ့ကို စမ်းသပ်လာကြပါက ကောင်းကင်နတ်အရှင်ဟောင် လှုပ်ရှားရန်ပင် လိုအပ်လိမ့်မည် မဟုတ်ပေ။ ရှေးဟောင်းနတ်ဘုရားဘုရင်၊ ကောင်းကင်နတ်အရှင်ရှုနှင့် တခြားသူများက သူ၏သရုပ်မှန်ကို အလွယ်တကူ သိရှိသွားကြပေလိမ့်မည်။
သူတို့အား တောင်နံရံသို့ ခေါ်သွားရန် ကျန်းယွင်ကျန့်ကို ခိုင်းစေခဲ့ခြင်းမှာ ဘိုးဘေးနန်းတော်၏ သာမန်မဟုတ်သော သဘာဝနှင့် ထိုက်ယီတာအိုသစ်ပင်ကို သုံးပြီး သံသယမဝင်နိုင်အောင် လုပ်ကြံဖန်တီးရန်အတွက်ပင်။
နေဝင်သွားသည့် အချိန်တိုင်း လောကသစ်ပင်အပြင်ဘက်တွင် ကမ္ဘာပျက်သုဉ်းနေသည့် မြင်ကွင်းတစ်ခု ပေါ်လွင်လာတတ်ပြီး တစ်လောကလုံးကို ဖျက်ဆီးတော့မည့်သယောင် ထင်ရတတ်၏။ ၎င်းက တုန်လှုပ်ချောက်ချားဖွယ်ရာ မြင်ကွင်းတစ်ခုဖြစ်သည်။
သူတို့ ယခုအချိန် အနက်ရောင်တောင်တန်းမှ ထွက်ခွာသွားပါက စကြ၀ဠာဆယ့်ခြောက်စင်း ပျက်သုဉ်းခြင်းကပ်ဘေးကို ကြုံတွေ့ရမည် ဖြစ်ပြီး ရှင်သန်နိုင်ရန် ခက်ခဲပေလိမ့်မည်။
ထိုက်ယီသည် ထွက်ခွာသွားခဲ့တုန်းက ချင်မူနှင့် အပေးအယူတစ်ခု လုပ်ခဲ့၏။ ယင်းအပေးအယူကြောင့် ညအချိန် ရောက်တိုင်း သူ၏ တာအိုသစ်ပင် ပေါ်လာပြီး တာအိုသစ်စေး ထုတ်ပေးတတ်သည်။ ချင်မူက တာအိုသစ်စေးကို စုဆောင်း၍ အက်ကွဲသွားသော အနက်ရောင်တောင်တန်းများကို ပြုပြင်ရသည်။
ချင်မူသည် ထိုအချက်နှစ်ချက်ကို သုံး၍ ကောင်းကင်နတ်အရှင်ခုနစ်ပါးနှင့် ရှေးဟောင်းနတ်ဘုရားနှစ်ပါး၏ သံသယအားလုံး ပျောက်ကွယ်သွားစေခဲ့၏။
ထိုက်ယီ ပျောက်နေသည့်သတင်း အပြင်သို့ ပျံ့နှံ့သွား၍ မဖြစ်ပေ။
ကောင်းကင်နတ်အရှင်ရှောင်က ရှေ့သို့ ခြေတစ်လှမ်းတက်ကာ ဦးညွှတ်အရိုအသေပေးလိုက်သည်။ “တာအိုကို စောစောစီးစီး ရသွားခဲ့တဲ့အတွက် ဂုဏ်ယူပါတယ် တာအိုနောင်တော်… ဒါပေမဲ့ ကျွန်တော့်အတွက်တော့ တာအိုရဖို့ ခက်ခဲနေတုန်းပဲ … နောင်တော်များ အကြံပေးနိုင်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ရောက်လာရတာပါ”
ချင်မူက ဖရိုဖရဲအတွင်း၌ ထိုင်နေပြီး သူ၏အသံက တုန်ခါသွားသည်။ “တာအိုညီတော်က တာအိုရတော့မှာ မဟုတ်ဘူးလား… ဘာလို့ ဒီမေးခွန်းကို မေးရတာလဲ”
ကောင်းကင်နတ်အရှင်ရှောင်မှာ ရင်ထဲတွင် တုန်လှုပ်သွားသည်။ ‘ထိုက်ယီက တကယ်ကို အမျှော်အမြင်ကြီးပြီး ဆန်းကြယ်လေးနက်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ပဲ… ငါ တာအိုရတော့မှာကို ကြိုသိနေတယ်’
သူက ပို၍ရိုကျိုးစွာဖြင့် တုံ့ပြန်လိုက်သည်။ “တာအိုနောင်တော်၊ နောင်တော်ရဲ့ ကောင်းကင်နတ်သိုင်းတွေက ကျယ်ပြန့်လေးနက်ပါတယ်… ဆိုတော့ ကျွန်တော်ပြောချင်တဲ့ တာအိုက ကောင်းကင်နတ်ဘုံအဆင့်ကို ကျင့်ကြံတာမဟုတ်မှန်း သိလောက်မှာပါ”
ချင်မူက အေးဆေးတည်ငြိမ်စွာ ပြောသည်။ “မင်း ပြောချင်တဲ့ တာအိုက ထိုက်ချူတာအိုပဲ ... မင်းက ပြီးပြည့်စုံတဲ့ ထိုက်ချူရှေးဟောင်းနတ်ဘုရား ဖြစ်လာချင်တာပေါ့”
“ကျေးဇူးပြုပြီး သင်ကြားပေးတော်မူပါ နောင်တော်” ကောင်းကင်နတ်အရှင်ရှောင်က ရိုသေလေးစားစွာ တောင်းဆိုလိုက်၏။
ချင်မူ့စိတ်ထဲတွင် အတွေးပေါင်းများစွာ ဖြတ်ပြေးသွားပြီးနောက် သူက အေးအေးလူလူ မေးလိုက်သည်။ “ငါက ထိုက်ချူတာအိုကို ဘယ်လိုလုပ် သိနိုင်မှာလဲ… တာအိုညီတော်မှာ အကြံအစည် ရှိပြီးသားပဲလေ... ဘာလို့ ငါ့ကို မေးရတာလဲ”
ကောင်းကင်နတ်အရှင်ရှောင်မှာ ဝမ်းသာသွားပြီး မေးသည်။ “တာအိုနောင်တော်၊ ကျွန်တော် ဖန်ဆင်းရှင်မှန်သမျှ သတ်၊ သူတို့ရဲ့ အသိစိတ်အလျဉ်တွေအားလုံး ဝါးမြိုပြီး ထိုက်ချူကျောက်တုံးတစ်တုံးမကျန် စုစည်းလိုက်မယ်ဆိုရင် ထိုက်ချူတာအိုကို ကျင့်ကြံပြီး ပြီးပြည့်စုံတဲ့ ထိုက်ချူဖြစ်လာလိမ့်မယ်… ဖန်ဆင်းရှင်တွေက ကျွန်တော်နဲ့ ထိုက်ချူကျောက်တုံးတွင်းကြောင့် ဖန်ဆင်းရှင်တွေ ဖြစ်လာခဲ့ကြတာ… သူတို့က ကျွန်တော့်ကံကြမ္မာကို လုယူသွားခဲ့တာဆိုတော့ ကျွန်တော် ပြီးပြည့်စုံတဲ့ထိုက်ချူဖြစ်လာချင်ရင် သူတို့ရဲ့ကံကြမ္မာကို အဆုံးသတ်ပေးရလိမ့်မယ် ... ဒီသုံးသပ်ချက်က မှန်ပါသလားခင်ဗျာ”
ချင်မူသည် ရင်ထဲတွင် အနည်းငယ်လှုပ်ခတ်သွားပြီးနောက် တခဏတိတ်ဆိတ်သွားသည်။ အတန်ကြာမှ ဖြေလိုက်၏။ “မင်းရဲ့ အကြီးမားဆုံးရန်သူတွေက ကျူယွီuမျိုးနွယ်စုနဲ့ မင်းကိုယ်တိုင်ပဲ… အဲ့ဒါကို မှတ်ထားပါ မမေ့စေနဲ့”
ကောင်းကင်နတ်အရှင်ရှောင်က စိတ်ကျေနပ်စွာဖြင့် နောက်သို့ ပြန်ဆုတ်သွားသည်။
ရှေးဟောင်းနတ်ဘုရားယန်က ရှေ့တက်ကာ အရိုအသေပေးလိုက်၏။ “တာအိုနောင်တော်၊ ကျွန်တော် တာအိုသိုင်းပညာရှင်တစ်ယောက် ဘယ်လိုဖြစ်လာနိုင်မလဲ မေးခွင့်ရမလားဗျ”
ချင်မူက ပြန်၍ မေးခွန်းထုတ်သည်။ “တာအိုညီတော်၊ မင်းမှာ တာအိုသိုင်းပညာရှင်တစ်ယောက် ဖြစ်လာနိုင်တဲ့ နည်းလမ်း ရှိနေပြီးသားမလား… ဘာလို့ ဒီလိုမေးခွန်းကို မေးရတာလဲ”
ရှေးဟောင်းနတ်ဘုရားယန်မှာ တစ်ခဏ တွန့်ဆုတ်သွားသည်။ “ကျွန်တော်တို့နှစ်ယောက်ရဲ့ တာအိုနှလုံးသားတွေက လူသားလောကကြောင့် စွန်းထင်းလာပြီး တာအိုသိုင်းပညာရှင် ဖြစ်လာဖို့ ဝေးသထက် ဝေးကွာလာတာ တွေ့ခဲ့ရပါတယ်… ဒါကြောင့် အချိန်မတိုင်ခင် လောကထဲ ဝင်ရောက်ခဲ့ကြပါတယ်…. လူသားလောကမှာ ကိုယ့်ကိုကိုယ် သန့်စင်ပြီး အဆင့်တက်နိုင်မယ့် နည်းလမ်းတစ်ခု ရှာဖွေကြမယ် ဆိုပြီးတော့ပေါ့… ဒါပေမဲ့ ကျွန်တော်တို့နှစ်ယောက် ကောင်းကင်နတ်ဧကရီနဲ့ အရှင်မယွမ်မုတို့ တာအိုရနိုင်ဖို့ ကူညီပေးခဲ့တဲ့အချိန်မှာ တစ်ခုခု မှားယွင်းသွားခဲ့တယ်… ဒါကြောင့်မလို့ ကျွန်တော်တို့နှစ်ယောက်ရဲ့ နှလုံးသားထဲမှာ သံသယဝင်လာပြီး တာအိုရနိုင်၊ မရနိုင် မသေချာတော့ပါဘူး… ကျေးဇူးပြုပြီး လမ်းညွှန်ပေးပါ တာအိုနောင်တော်”
ချင်မူက မနှေးလွန်း မမြန်လွန်းသော အသံအနေအထားဖြင့် တုံ့ပြန်သည်။ “ယင်နဲ့ယန်က ထိုက်ကျိရဲ့ ပြောင်းလဲမှုတွေပဲ… မင်းတို့နှစ်ယောက်က ကောင်းကင်နတ်ဧကရီနဲ့ သခင်မယွမ်မုတို့နဲ့ မတူဘူး… ကောင်းကင်နတ်ဧကရီက မွေးဖွားခြင်းဖြစ်ပြီးတော့ သခင်မယွမ်မုကတော့ ဖျက်ဆီးခြင်းပဲ… တစ်ဖက်မှာတော့ ယင်နဲ့ယန် ပေါင်းစည်းသွားတဲ့အခါကျရင် အရာအားလုံး မွေးဖွားလာလိမ့်မယ်… ဆိုတော့ စိုးရိမ်စရာ မလိုဘူး”
ထိုက်ကျိရှေးဟောင်းနတ်ဘုရားက ဝမ်းသာစွာဖြင့် နောက်ပြန်ဆုတ်သွားသည်။
ထိုက်စုနတ်ဘုရားမက ရှေ့သို့ မြောလွင့်လာရင်း ပြုံးလိုက်သည်။ “တာအိုအစ်ကိုတော်၊ ဒါက ကျွန်မတို့ ဒုတိယအကြိမ် တွေ့တာနော်…. အရင်တစ်ခါက ကျွန်မအမှား ဖြစ်ခဲ့တယ်… ဒီတစ်ကြိမ်မှာတော့ ကျွန်မ တောင်းပန်ချင်မိသလို၊ အစ်ကိုယ်တော်ဆီကလည်း အကြံတောင်းချင်ပါတယ်… ကျွန်မ တာအိုဘယ်လိုရနိုင်မလဲ မေးခွင့်ရှိပါသလား အစ်ကိုတော်”
ချင်မူက ပြန်မဖြေပေ။
ထိုက်စုနတ်ဘုရားမက နောက်တစ်ကြိမ် ထပ်မေးသည့်အခါ ချင်မူက ဖြေ၏။ “ မင်း တာအို ဖြစ်မလာနိုင်ဘူး”
နတ်ဘုရားမထိုက်စုသည် အလိုမကျသည့်အလား နှာခေါင်းရှုံ့လိုက်၏။ “ကျွန်မက ဘာလို့ တာအို ဖြစ်မလာနိုင်မှာလဲ”
“မင်းရဲ့ အခြေခံက တိမ်လွန်းတယ်”
ချင်မူက ခပ်အေးအေး ဆက်ပြေသည်။ “မင်းက မင်းရဲ့ သက်တမ်းအစောပိုင်းတုန်းက ကုန်းယွင် တူးဖော်တာခံခဲ့ရတယ်.. ကုန်းယွင်က မင်းကို မင်္ဂလာလက်ဆောင်လက်ဖွဲ့ အဖြစ် ကျူယွီမျိုးနွယ်ဆီ ခေါ်သွားခဲ့ပြီး မဟာဧကရာဇ်က မင်းကို ချိပ်ပိတ်ခဲ့တယ်… မဟာဧကရာဇ် ကျရှုံးသွားပြီးတဲ့နောက်တော့ မင်းက ကျူယွီမျိုးနွယ်ရဲ့ ယဇ်ပူဇော်မှုကနေ မွေးဖွားလာခဲ့တဲ့ ရှေးဟောင်းနတ်ဘုရားနှစ်ပါးဖြစ်တဲ့ ရွှမ်းဝူနတ်မင်းနှစ်ပါးလက်ထဲ ရောက်ခဲ့ရတယ်…အဲဒီနောက်ပိုင်း ရတနာအဖြစ် သန့်စင်ခံခဲ့ရပြီး ဖန်သားကောင်းကင်စေတီအဖြစ် အသုံးချခံခဲ့ရပြန်တယ်…
“အဲဒီနောက်ပိုင်းတော့ ကောင်းကင်နတ်အရှင်မူလက်ထဲ ရောက်သွားခဲ့ပြီး မဟာပျက်စီးခြင်းကပ်ဘေးကြီးကို တွေ့ကြုံခဲ့ရလို့ စကြ၀ဠာဆယ့်ခြောက်စင်းထဲမှာ မွေးဖွားလာခဲ့ရတယ်… အဲဒီလိုအခြေခံမျိုးက သိပ်ကို တိမ်လွန်းတယ်…. ဒါပေမဲ့ မင်းက မွေးဖွားလာခဲ့အချိန်မှာ အကျင့်သီလကောင်းတဲ့ ပုဂ္ဂိုလ်နဲ့ မတွေ့ခဲ့ရတဲ့အပြင် ဘယ်လိုလူကို ရွေးချယ်ရမလဲလည်း မသိခဲ့ဘူး… မင်းမှာ ဉာဏ်ပညာ ရှိပေမယ့် နက်နဲတဲ့ ဉာဏ်ပညာတော့ မဟုတ်ဘူး… ဝီရိယရှိပေမယ့် အားကောင်းတဲ့ ဝီရိယ မဟုတ်ဘူး …. စွမ်းအားရှိပေမယ့် ကြီးမားတဲ့ အစီအစဉ်တွေတော့ မရှိဘူး… အမြင်ရှိပေမယ့် ကျယ်ပြန့်တဲ့အမြင် မဟုတ်ဘူး… အနှေးနဲ့အမြန် မင်း ကိုယ့်ရှူးကိုယ်ပတ်လိမ့်မယ်”
နတ်ဘုရားမထိုက်စုမှာ ရင်ထဲ ဒိန်းခနဲ ခုန်သွားပြီး ကောင်းကင်နတ်အရှင်ဟောင်ဘက်သို့ လှည့်ကြည့်လိုက်သည်။
“မင်းရဲ့ အသက်ကိုတောင် မကာကွယ်နိုင်သေးတာ တာအိုရဖို့ ပြောနိုင်သေးတယ်လား” ချင်မူက မေးခွန်းတစ်ခုဖြင့် စကားကို အဆုံးသတ်လိုက်သည်။
နတ်ဘုရားမထိုက်စုက ပြန်လှည့်ကြည့်လာကာ နှာခေါင်းရှုံ့လိုက်၏။ “အစ်ကိုတော်၊ ကျွန်မ သေခြင်းကို ရှောင်ရှားပြီး တာအိုလမ်းစဉ်ကို ဘယ်လိုလျှောက်လှမ်းနိုင်မလဲ”
ချင်မူက ဖြေသည်။ “မင်းရဲ့အခြေခံကို ချိုးဖျက်မယ့်ပုဂ္ဂိုလ်က မင်းရဲ့အခြေခံ ဖြစ်လာမယ့်ပုဂ္ဂိုလ်ပဲ…. မင်း တာအိုလိုချင်ရင် သူ့ကို ရှာမှရမယ်… အဲဒီ့နောက်ပိုင်းမှ အခွင့်အရေးတွေ ရလာလိမ့်မယ်”
နတ်ဘုရားမထိုက်စုမှာ အတွေးနက်နေပုံရပြီး နောက်သို့ပြန်ဆုတ်သွားသည်။
ကောင်းကင်နတ်အရှင်ဟောင်က ကျယ်လောင်စွာ ရယ်မောရင်း ရှေ့သို့လျှောက်လာကာ ဦးညွှတ်သည်ဆိုရုံ ဦးညွှတ်အရိုအသေပေးလိုက်သည်။ သူက ကြည်လင်ပြတ်သားနေသောလေသံဖြင့် ပြောသည်။ “တာအိုနောင်တော်၊ ကျွန်တော်က နောင်တော့်ဆီ လာလည်တာ မဟုတ်ပါဘူး… ဒေါ်လေးနဲ့အတူ လိုက်လာခဲ့တာပါ… ဒါပေမဲ့ နောင်တော့်ပြောစကားတွေကို ကြားပြီးတဲ့နောက်တော့ မေးချင်လာတာတစ်ခု ရှိတယ်… မေးခွင့်ရှိမလား”
သူက ချင်မူ့အဖြေကို စောင့်မနေပေ။ “နောင်တော်၊ ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်ကို သိလား… ဘိုးဘေးနန်းတော်က စကြ၀ဠာဆယ့်ခြောက်စင်းက ကမ္ဘာဦးတာအိုသိုင်းပညာရှင်တွေ သူတို့ကိုယ်သူတို့ အားဖြည့်ကြတဲ့နေရာပဲ … သူတို့က ကျူးကျော်လာဖို့ ပြင်ဆင်နေကြတာ… ကျွန်တော်တို့ သူတို့နဲ့ ပူးပေါင်းသင့်လား… ခုခံသင့်လား..”
ချင်မူက ပြန်မေးသည်။ “ကောင်းကင်နတ်အရှင်ဟောင်၊ မင်း ကောင်းကင်နတ်ဧကရာဇ်ဖြစ်လာပြီးရင် မင်းထက် ပိုမြင့်တဲ့ ဧကရာဇ်တစ်ပါး ရှိလာစေချင်လား”
ကောင်းကင်နတ်အရှင်ဟောင်၏ အကြည့်က လင်းခနဲ လက်သွားသည်။
“ကမ္ဘာဦးတာအိုသိုင်းပညာရှင်တွေ ရောက်လာကြရင် မင်းအထက်မှာ ဧကရာဇ်တစ်ပါးတည်း မဟုတ်တော့ဘဲ ဧကရာဇ်ထောင်ပေါင်းများစွာ ရှိလာလိမ့်မယ်”
ကောင်းကင်နတ်အရှင်ဟောင်က ပြုံးလိုက်သည်။ “တာအိုနောင်တော်ရဲ့ စကားတွေကို ကျွန်တော့်ရဲ့ နှလုံးသားထဲအထိ မှတ်သားထားပ့ါမယ်… ပညာရလိုက်ပါတယ် နောင်တော်… ကျွန်တော်က ကောင်းကင်နတ်ဧကရာဇ် ဖြစ်လာလိမ့်မယ်လို့ နောင်တော် ပြောချင်တာလား”
ကောင်းကင်နတ်အရှင်ရှောင်သည် ပြုံးနေပြီး မည်သည်မှ ဝင်မပြောပေ။
ကောင်းကင်နတ်အရှင်ဟောင်က ဆက်ပြော၏။ “တာအိုနောင်တော်ရဲ့ နှလုံးသားထဲမှာ ကောင်းကင်နတ်အရှင်မူနဲ့ ကောင်းကင်နတ်အရှင်ချင်တို့က ဘာကိုမှမ အောင်မြင်နိုင်ဘူးလို့ ထင်နေတာများလားဗျ”
ချင်မူက ဖြေ၏။ “ကောင်းကင်နတ်အရှင်ချင်က လုပ်ရဲကိုင်ရဲတဲ့ စိတ်မရှိတော့ သူ့အနေနဲ့ အောင်မြင်ဖို့ ခက်လိမ့်မယ်… ကောင်းကင်နတ်အရှင်မူက လိမ္မာပါးနပ်မှု မလုံလောက်တဲ့အတွက် သူ့အတွက်လည်း ခက်ခဲတယ်… ငါ မြင်ဖူးတဲ့ အနာဂတ်မှာ မင်းက ကောင်းကင်နတ်ဧကရာဇ်ဟောင်ပဲ…. မင်းကို အကြံပေးချင်တာ ရှိတယ်… ကောင်းကင်နတ်ဧကရာဇ်အနေနဲ့ လက်အောက်ငယ်သားတွေအပေါ် ဂရုစိုက်ပြီး စေတနာထားတတ်ဖို့ နှလုံးသွင်းသင့်တယ် … မင်းသာ တွေ့ကရာ သတ်မနေဘူးဆိုရင် မင်းအတွက် ကောင်းချီးတွေက အဆုံးမသတ်နိုင်ဘူး”
ကောင်းကင်နတ်အရှင်ဟောင်သည် တဟားဟားရယ်လျက် ဂုဏ်ယူစွာဖြင့် ဦးညွှတ်အရိုအသေပေးလိုက်၏။ “ဒီလို စေတနာစကားအတွက် ကျေးဇူးတင်ပါတယ် နောင်တော်… နောင်တော်ရဲ့ သတိပေးချက်ကိုတော့ ကျွန်တော် မှတ်ထားလိုက်ပါမယ်”
နတ်ဧကရာဇ်လန်ရွှမ်က မျှော်လင့်ချက်ပြည့်နေသော မျက်နှာအမူအရာဖြင့် ရှေ့သို့ လျှောက်လာသည်။ “တာအိုနောင်တော်ထိုက်ယီ၊ ကျွန်တော် တာအိုရနိုင်မလားခင်ဗျာ”
ချင်မူက အဖြေမပေးပေ။
နတ်ဧကရာဇ်လန်ရွှမ်က ထပ်မံမေးလိုက်သော်လည်း ရွှေရောင်ခန်းမဆီမှ ဟောက်သံများသာ ကြားလိုက်ရသည်။
နတ်ဧကရာဇ်လန်ရွှမ်က လက်မလျှော့ဘဲ ထပ်မေးရန် ပြင်နေသော်လည်း ကျန်းယွင်ကျန့်က ရှေ့သို့လျှောက်လာ၍ ပြော၏။ “တာအိုမရနိုင်တဲ့သူတွေကို ကျွန်တော်ရဲ့ဆရာက အရေးမလုပ်ပါဘူး…. ကဲကဲ… ခင်ဗျားတို့ သွားလို့ရပါပြီ”
နတ်ဧကရာဇ်လန်ရွှမ်မှာ မျက်နှာကြီး နီရဲလာပြီး ဒေါသတကြီး အော်လိုက်သည်။ “ငါ တာအိုမရနိုင်ဘူးတဲ့လား… ဟာသပဲ… စကားဆိုတာ အလွယ်တကူ ပြောလို့ရပေမယ့် သေချာနိုင်တာ မဟုတ်…”
ကျန်းယွင်ကျန့်က ပြုံးလျက် ကြားဖြတ်ပြော၏။ “ဆရာက ဘာမှတောင် ပြောခဲ့တာမဟုတ်ဘူးလေ… တာအိုမရနိုင်တဲ့သူကို ဘာလို့ အဖက်လုပ်ပြီး စကားပြောနေရမှာလဲ”
နတ်ဧကရာဇ်လန်ရွှမ်မှာ ဆွေ့ဆွေ့ခုန်သွားတော့သည်။ သူသည် ပြဿနာရှာလိုက်ချင်သော်လည်း ထိုက်ယီအပေါ် ရိုင်းစိုင်းရာကျမည်စိုးသောကြောင့် ထွက်လာရုံမှတစ်ပါး ရွေးချယ်စရာမရှိပေ။
ကောင်းကင်နတ်အရှင်ရှောင်၊ ကောင်းကင်နတ်အရှင်ဟောင်နှင့် အခြားသူများက ဦးညွှတ်အရိုအသေပေးပြီးနောက် ထွက်ခွာသွားကြသည်။ ရှေးဟောင်းနတ်ဘုရားဘုရင်နှင့် ကောင်းကင်နတ်အရှင်ရှုတို့မှာ သူတို့လည်း တာအိုရနိုင်၊ မရနိုင် မေးချင်သော်လည်း နှမြောတသဖြင့်သာ သက်ပြင်းချလိုက်ကြရသည်။
သူတို့အဖွဲ့ ထွက်လာကြပြီး မကြာခင် ရွှေရောင်အလင်းတန်းများ ရုတ်တရက် ထွက်ပေါ်လာသည်။ ကောင်းကင်နတ်အရှင်များ ပြန်လှည့်ကြည့်လိုက်သည့်အခါ ရွှေရောင်ခန်းမသည် အစအနပင် မကျန်အောင် ပျောက်ကွယ်သွားသည်ကိုသာ တွေ့လိုက်ရ၏။
“တကယ့်ကို နတ်ဘုရားတစ်ပါးပဲ” ရှေးဟောင်းနတ်ဘုရားဘုရင်မှာ လေးစားအားကျစွာဖြင့် ရေရွတ်လိုက်မိသည်။
သူလည်း ထိုက်ယီကို မေးရန်ပင် အချိန်မရလိုက်သောကြောင့် စိတ်ကသိကအောက် ဖြစ်နေ၏။ ‘စောက်တုံးကောင် လန်ရွှမ်၊ တာအို ရနိုင်တာလည်း မဟုတ်ဘဲနဲ့ အချိန်ကုန်တယ်… ငါ မေးတောင် မမေးလိုက်ရဘူး’
ရှေးဟောင်းနတ်ဘုရားယန်မှာ ဇဝေဇဝါ ဖြစ်နေသည်။ ‘ငါ ဒီခန်းမကို အရင်က မြင်ဖူးသလိုပဲ’
ကျန်းယွင်ကျန့်က သူတို့ကို လိုက်ပို့၍ ပြော၏။ “အခု အပြင်မှာ စကြ၀ဠာဆယ့်ခြောက်စင်းရဲ့ ကပ်ဘေးဖြစ်နေပါတယ် … ခင်ဗျားတို့ ထွက်သွားတာနဲ့ ပြာကျကုန်လိမ့်မယ်… ဆရာက ခင်ဗျားတို့ ဒီနေရာမှာ ခဏနေပြီး မိုးလင်းမှ ထွက်ခွာလို့ရတယ်လို့ မှာလိုက်တယ်”
ကောင်းကင်နတ်အရှင်ရှောင်၏ မျက်နှာအမူအရာက နူးညံ့သိမ်မွေ့နေပြီး သူက ပြုံးရွှင်စွာ ပြောသည်။ “တာအိုနောင်တော်ထိုက်ယီက တကယ်ကို အမျှော်အမြင်ရှိတာပဲ… ငါတို့ အခုလေးတင် တောင်နံရံက တာအိုအမှတ်အသား၀င်္ကပါကို လေ့လာနေခဲ့ကြတာ… အဖြေမရှာနိုင်ကြသေးဘူး… အချိန်ကလည်း စောသေးတာဆိုတော့ အဲဒီကိုသွားပြီး ဆက်လေ့လာတာ ကောင်းလိမ့်မယ်”
ကျန်းယွင်ကျန့်က သူတို့အား တောင်နံရံဆီသို့ ခေါ်လာကာ ပြောသည်။ “ဒီတာအိုအမှတ်အသား၀င်္ကပါက ကျွန်တော် ခင်ဗျားတို့ကို စမ်းသပ်ခဲ့တဲ့အရာပဲ… တစ်ခုခု နားလည်သွားရင် ပြန်သင်ပေးကြပါဦး”
ကောင်းကင်နတ်အရှင်ဟောင်နှင့် ကောင်းကင်နတ်အရှင်ရှောင်တို့မှာ စိတ်ကောင်းဝင်နေကြသည်။ သူတို့က အပြုံးဖြင့်သာ တုံ့ပြန်ကြ၏။ “စိတ်မပူနဲ့… ငါတို့ သိခဲ့ရတဲ့ဟာမှန်သမျှ မင်းကို လွှဲပြောင်းပေးခဲ့မယ်”
ကျန်းယွင်ကျန့်က သူတို့အား တောင်နံရံဆီသို့ ခေါ်လာခဲ့သည်။ ထိုစဉ် အဝေးရှိ တောင်နံရံတစ်ခုမှာ အက်ကွဲသွားလေသည်။
ကောင်းကင်နတ်အရှင်များက ထိတ်လန့်သွားပြီး လှမ်းကြည့်လိုက်ကြသည်။ ရှေးဟောင်းနတ်ဘုရားဘုရင်က မေးလိုကပ်၏။ “ညီလေး၊ တောင်အောက်မှာ မကောင်းဆိုးဝါးတွေ ရှိနေတာလား”
“မကောင်းဆိုးဝါးတွေ မဟုတ်ပါဘူး... ဒီနေရာမှာရှိတဲ့ တောင်တိုင်းရဲ့ အောက်မှာ အတိတ်ကနေ ကျူးကျော်လာချင်ကြတဲ့ ကမ္ဘာဦးတာအိုသိုင်းပညာရှင်တွေ ရှိနေတာပါ”
ကျန်းယွင်ကျန့်က ပြောသည်။ “သူတို့ ကျူးကျော်လာပြီး တစ်လောကလုံးကို အန္တရာယ်မပေးနိုင်အောင် ကျွန်တော့်ဆရာက ဒီနေရာကို ကာကွယ်ပေးနေတာ… ဒါပေမဲ့ အဲဒါကြောင့်ပဲ သူ ဒီနေရာကနေ ထွက်သွားလို့မရဘူး”
ကောင်းကင်နတ်အရှင်ရှောင်၊ ကောင်းကင်နတ်အရှင်ဟောင်နှင့် ကျန်သူများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး စိတ်အေးသက်သာစွာ သက်ပြင်းချလိုက်ကြသည်။ ‘ထိုက်ယီက ဒီနေရာကနေ ထွက်မသွားနိုင်ဘူးဆိုတော့ လောကရေးရာတွေမှာ ဝင်ပက်သက်လို့မရဘူး … သူ ငါ့ကို မဆန့်ကျင်သရွေ့ ငါ့ကို ယှဉ်နိုင်တဲ့သူ ဒီလောကမှာ မရှိဘူး’
သူတို့က တောင်အောက်ခြေတွင် ထိုင်ကာ ဂရုတစိုက် သိမြင်နားလည်နေကြသည်။
ထိုအခိုက်အတန့်တွင် ချင်မူသည် စိုးရိမ်ပူပန်နေသော မျက်နှာအမူအရာဖြင့် ပင်မခန်းမဆီသို့ ပြန်လည်ရောက်ရှိလာ၏။ သူ့ကို မြင်လျှင် ဝေစွေ့ဖုန်းက မေးသည်။ “ညီလေး၊ မင်း အဲဒီကောင်းကင်နတ်အရှင်တွေကို လှည့်စားခဲ့ပြီးပြီမလား… ဘာတွေစိုးရိမ်နေသေးတာလဲ”
“ကျွန်တော် မထင်မှတ်ဘဲ သူတို့ကို ကမ္ဘာဦးဖရိုဖရဲသင်္ကေတတွေ သိမြင်နားလည်နိုင်မယ့် အခွင့်အရေး ပေးလိုက်မိတယ်”
ချင်မူက လေပူတစ်ချက်မှုတ်ထုတ်လိုက်ရင်း ပြော
။ “ဒါပေမဲ့ ကျွန်တော် ကမ္ဘာဦးဖရိုဖရဲသင်္ကေတတွေကို ထုတ်ပြလို့ မဖြစ်ဘူး… မဟုတ်ရင် ကျွန်တော် သူတို့ကို မကျော်နိုင်ဘဲ နေလိမ့်မယ်”
ဝေစွေ့ဖုန်းက ပြုံးလိုက်သည်။ “မီလော့နန်းတော်ရဲ့ တာအိုအမှတ်အသားတွေက နားလည်လို့မရနိုင်အောင်ကို လေးနက်တယ်လေ… တစ်ညတည်းနဲ့ သူတို့ သိမြင်နားလည်နိုင်ပါ့မလား”
“သူတို့ကို အထင်သေးလို့မဖြစ်ဘူးဗျ”
ချင်မူ့မျက်နှာအမူအရာက တည်ကြည်လေးနက်နေသည်။ “တစ်ယောက်က နဂါးဟန်ခေတ်က ကောင်းကင်နတ်အရှင်၊ နောက်တစ်ယောက်က ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူ၊ ထိုက်စုတစ်၀က်နဲ့ ထိုက်ကျိတစ်ဝက်လည်း ရှိသေးတယ်…. သူတို့ရဲ့ဉာဏ်ပညာနဲ့ သိမြင်နားလည်နိုင်စွမ်းက ကျွန်တော့်အောက် နည်းနည်းလေးတောင် အားနည်းမနေဘူး…သူတို့သာ တစ်ခုခု သိမြင်နားလည်သွားရင် သိုင်းအခြေခံ အများကြီးတိုးတက်သွားမှာ စိုးရိမ်မိတယ်”
သူက ခေါင်းခါရမ်းလိုက်သည်။
ထိုညကား ညတာရှည်လွန်းလှ၏။ နောက်ဆုံးတွင်တော့ ကောင်းကင်မှာ ဖြည်းဖြည်းချင်း တောက်ပလာချေပြီ။
ကျန်းယွင်ကျန့်က ကောင်းကင်နတ်အရှင်များနှင့် ရှေးဟောင်းနတ်ဘုရားများကို နှိုးလိုက်ရင်း သတိပေးလိုက်သည်။ “အားလုံးပဲ ထွက်ခွာဖို့ အချိန်ရောက်ပါပြီ”
အားလုံးက တောင်နံရံပေါ်ရှိ တာအိုအမှတ်အသား၀င်္ကပါကို ကြည့်နေကြ၏။ ၎င်းကို မထားခဲ့ချင်ကြသော်လည်း ကတိအတိုင်း ညတုန်းက သူတို့ သိမြင်နားလည်ခဲ့သည်များကို ကျန်းယွင်ကျန့်အား လွှဲပြောင်းပေးကြသည်။
ကျန်းယွင်ကျန့်မှာ စိတ်ထဲတွင် အတွေးအခေါ်များဖြင့် ပြည့်နှက်သွားသဖြင့် အင်မတန် ပျော်ရွှင်နေတော့၏။ သူက ကောင်းကင်နတ်အရှင်ဟောင်နှင့် အခြားသူများကို အနက်ရောင်တောင်တန်းအပြင်သို့ လိုက်ပို့သည်။
သူက အနက်ရောင်တောင်တန်းသို့ ပြန်လည်ရောက်ရှိလာပြီး တောင်နံရံသို့ ရောက်လာ၏။ သူကိုယ်တိုင် အတွေးအခေါ်များကို အတည်ပြုရန် သိမြင်နားလည်တော့မည်အချိန်တွင် ချင်မူက သူ့အရှေ့တွင် ပေါ်လာကာ စိုးရိမ်ပူပန်နေသည့်အသံဖြင့် မေးလိုက်သည်။ “ယွင်ကျန်း၊ သူတို့ ဘယ်လောက် သိမြင်နားလည်ခဲ့ကြသလဲ”
ကျန်းယွင်ကျန့်က သူ၏အသိစိတ်အလျဉ်ကို အသက်သွင်းလိုက်ပြီး ချင်မူ့အသိစိတ်အလျဉ်ဖြင့် ထိတွေ့ကာ ယခင်ညက ကောင်းကင်နတ်အရှင်ခုနစ်ပါး သိမြင်နားလည်ခဲ့သမျှကို ပြန်လည်လွှဲပြောင်းပေးလိုက်သည်။
ချင်မူ့မျက်နှာအမူအရာမှာ တည်ကြည်လေးနက်သွား၏။ အချိန်အတော်ကြာပြီးနောက် သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “သူတို့အားလုံးက သိပ်ကိုထူးချွန်ကြတဲ့ ပုဂ္ဂိုလ်တွေပဲ… အံ့ဩစရာပုဂ္ဂိုလ်တွေ…”
ကောင်းကင်နတ်အရှင်ရှောင်နှင့် ကောင်းကင်နတ်အရှင်ဟောင်တို့သည် သူ ထင်ထားသည်ထက် ပိုမိုများပြားစွာ သိမြင်နိုင်ခဲ့ကြသည်။ ကျင့်ကြံခြင်းအခြေခံ အားနည်းသည့် ကောင်းကင်နတ်အရှင်ရှုပင်လျှင် တာအိုအမှတ်အသား၀င်္ကပါဆီမှ အင်မတန် လေးနက်ရှုပ်ထွေးသော အရာများကို သိမြင်နားလည်နိုင်ခဲ့၏။
“မှတ်မိပြီကွ...”
ကောင်းကင်နတ်အရှင်ရှောင်က ရှေးဟောင်းနတ်ဘုရားယန်ဘက်သို့ လှည့်ကြည့်ကာ ပြုံးလိုက်သည်။ “ဘာကိုမှတ်မိတာလဲ နောင်တော်”
ရှေးဟောင်းနတ်ဘုရားယန်က ဖြေ၏။ “ထိုက်ယီရဲ့ ရွှေရောင်ခန်းမကို ဘယ်နေရာမှာ မြင်ဖူးတာလဲ မှတ်မိသွားပြီ… အဲဒီခန်းမကို ကောင်းကင်နတ်အရှင်မူရဲ့ ရွှေသင်္ဘောပေါ်မှာ တွေ့ခဲ့ဖူးတယ်… အဲဒီသင်္ဘောက သိပ်ကို အံ့သြစရာကောင်းတယ်… ငါတို့မောင်နှမနှစ်ယောက် အဲဒီသင်္ဘောပေါ်မှာ ဆင်တူတဲ့ ရွှေရောင်ခန်းမတစ်ခုကို တွေ့ခဲ့ဖူးတယ်”
ကောင်းကင်နတ်အရှင်ရှောင်မှာ အတွေးနက်နေပုံပေါ်၏။ သူက အနက်ရောင်တောင်တန်းဆီသို့ လှမ်းကြည့်လိုက်ပြီး ရုတ်တရက် ရယ်မောလိုက်သည်။
ရှေးဟောင်းနတ်ဘုရားယန်က တခဏစဉ်းစားနေပြီးနောက် ပြော၏။ “ကြည့်ရတာ ကောင်းကင်နတ်အရှင်မူ ပြန်လာခဲ့တဲ့ပုံပဲ… သူက သင်္ဘောပေါ်က ရွှေရောင်ခန်းမကို နောင်တော်ထိုက်ယီဆီ ပေးခဲ့တာဖြစ်ရမယ်… အဲဒီကောင်က သိပ်ကိုကောက်ကျစ်ပြီး ငါတို့ကို သတ်ဖို့တောင် ကြံစည်ခဲ့တာ..”
“စိတ်ဝင်စားစရာပဲ…”
ကောင်းကင်နတ်အရှင်ရှောင်က ရုတ်တရက် ရယ်လိုက်ပြန်သည်။ “စိတ်ဝင်စားစရာပဲ ... ကဲ ပြန်ကြစို့”