← Chapters

လှည့်ကွက်

Vol. 118 Ch. 1539 (1)

လှည့်ကွက်

Vol. 118 Ch. 1539 (1)

ချင်မူသည် ကောင်းကင်နတ်အရှင်များ လှည့်စားရန်အတွက် တောင်နံရံထက်က တာအိုအမှတ်အသားများအား ကျယ်ပြောနက်နဲ‌အောင် လုပ်ခဲ့ရ၏။ ကမ္ဘာဦးချီသင်္ကေတများကို ပင်မအဖြစ် အသုံးပြုကာ ထိုက်ငါးပါး၏ အပြောင်းအလဲတို့ဖြင့် အားဖြည့်ပြီးနောက် မဟာတာအိုအမှတ်အသားမျိုးစုံလည်း ထည့်သွင်းရောစပ်ခဲ့ရဿည်။

သူ၏ သိုင်းအခြေခံမှာ မလုံလောက်သောကြောင့် မီလော့နန်းတော်အရှင်သခင်၏ တာအိုအမှတ်အသားအပိုင်းအစများကို ကူးယူပြောင်းလဲ၍ သူတို့ကိုးယောက်အား လှည့်စားခဲ့ခြင်း ဖြစ်သည်။

သို့ထိတိုင် ကောင်းကင်နတ်အရှင်ဟောင်၊ ကောင်းကင်နတ်အရှင်ရှုနှင့် ကျန်ကောင်းကင်နတ်အရှင်တို့သည် တစ်ညတာအတွင်း အလွန်တရာ လေးနက်သော အပိုင်းများကို သိမြင်နားလည်နိုင်ခဲ့၏။

ကောင်းကင်နတ်အရှင်ခုနစ်ပါးနှင့် ရှေးဟောင်းနတ်ဘုရားနှစ်ပါး တစ်ညအတွင်း သိမြင်နားလည်ခဲ့မှုများကို အသေအချာ တွက်ချက်ရှင်းလင်းကြည့်‌သည့်အခါ သူတို့ကိုးယောက်အနက် တစ်ယောက်ချင်းစီ၌ အားသာချက်များအား ချင်မူ သတိထားမိသည်။

ကောင်းကင်နတ်အရှင်ရှုသည် မိစ္ဆာတာအိုမှ ထိုက်ကျိတာအိုအဖြစ် အသွင်ပြောင်းမည့် ကနဦးဖြစ်စဉ်ကို နားလည်ထားချေပြီ။ ရှေးဟောင်းနတ်ဘုရားဘုရင်က ကောင်းကင်တာအိုမှ ထိုက်ကျိတာအိုအဖြစ် အသွင်ပြောင်းနိုင်ရန်အတွက် လမ်းစ မြင်သွားခဲ့သည်။ ၎င်းတို့က ချင်မူ့အတွက်လည်း အတော်လေး ဉာဏ်အလင်းပွင့်စေသည်။

အခြားတစ်ဖက်တွင် နတ်ဧကရာဇ်လန်ရွှမ်ကား တာအိုအမှတ်အသားများမှတစ်ဆင့် ထိုက်ချူတာအိုကို များစွာသော ကိုယ်ပိုင်အတွေးအခေါ်၊ အသိအမြင်များစွာ ချန်ထားခဲ့သည်။ ၎င်းတို့ထဲမှ တစ်ချို့က ချင်မူကိုယ်တိုင် သိမြင်နားမလည်ရသေးသော အတွေးအခေါ်များ ဖြစ်ကြရာ နတ်ဧကရာဇ်လန်ရွှမ်၏ ထူးကဲသော ပါရမီနှင့် သိမြင်နားလည်နိုင်စွမ်းတို့ကို ပြသနေ၏။

ရှေးဟောင်းနတ်ဘုရားယန် သိမြင်နားလည်ခဲ့သည့်အရာမှာ ထိုက်ကျိတာအို ဆင့်ကဲပြောင်းလဲမှုပင်။ သူသည် ထိုက်ကျိတာအို ဆင့်ကဲပြောင်းလဲမှုမှတစ်ဆင့် ထိုက်စုတာအိုကိုပင် အဖြေထုတ်နိုင်ခဲ့၏။ ထိုက်စုကမူ ထိုက်စုတာအို၏ နောက်ကြောင်းပြန်ဖြစ်စဉ်ကို သဘောပေါက်ခဲ့ပြီး ထိုက်ကျိ၏ မူလအစကို အတည်ပြုနိုင်ခဲ့သည်။

ကောင်းကင်နတ်အရှင်ရှောင် သိမြင်နားလည်သွားသည့် အပိုင်းကတော့ မွေးရာပါမူလချီနှင့် အသိစိတ်အလျဉ်ကို ပေါင်းစည်းပြီး ထိုက်ချူအဖြစ် ဆင့်ကဲပြောင်းလဲခြင်းနှင့် ... ထိုက်ရှီနှင့် ထိုက်ချူအကြား အပြောင်းအလဲဖလှယ်မှုဘက်သို့ ဦးတည်နေသည်။

ကောင်းကင်နတ်အရှင်ဟောင်သည်လည်း ဤအဆင့်အထိ သိမြင်နားလည်ပြီး ဖြစ်လေသည်။

'ဒီပုဂ္ဂိုလ်ကိုးယောက်ရဲ့ ဉာဏ်ရည်တွေက တကယ်ကို ထူးကဲတာပဲ…. တစ်ညတည်းနဲ့ ဒီလောက်များတဲ့ အရာတွေကို သိမြင်နားလည်နိုင်ခဲ့ကြတယ်… သူတို့က တချို့အချက်အလက်တွေကို ထိမ်ချန်ထားခဲ့ပြီးတော့ ကျန်းယွင်ကျန့်ကို သိပ်အရေးမကြီးတာတွေပဲ လွှဲပေးခဲ့တာ ဖြစ်မယ်’

ချင်မူမှာ လေးစားအံ့သြစွာ ရေရွတ်လိုက်မိသည်။ “သူတို့ကို ဒီနေရာမှာ ဖမ်းချုပ်ထားပြီး နေ့မနား ညမနား သိမြင်နားလည်ခိုင်းပြီးတော့ ငါ့အတွက် မီလော့နန်းတော်ရဲ့ တာအိုအမှတ်အသားတွေရဲ့ လျှို့ဝှက်ချက်ကို အဖြေရှာခိုင်းစေချင်လိုက်တာ”

ကောင်းကင်နတ်အရှင်ခုနစ်ပါးနှင့် ရှေးဟောင်းနတ်ဘုရားနှစ်ပါးသည် သူတို့ သိမြင်နားလည်ခဲ့သည့် တချို့အရာများကို ထိမ်ချန်ထားပြီး ကျန်းယွင်ကျန့်အား အလုံးစုံ လွှဲပြောင်းမပေးခဲ့သည့်တိုင် ချင်မူသည် ဉာဏ်အလင်းပွင့်ခဲ့ပြီး ပို၍များပြားသောအရာများကို သဘောပေါက်သွားခဲ့၏။

ချင်မူလည်း စိတ်ကို အေးအေးထား၍ ပြန်လည် အစီအစဉ်ချတော့မည့်အချိန် ကျန်းယွင်ကျန့်က အထိတ်တလန့် ဖြစ်နေသော မျက်နှာအမူအရာဖြင့် အပြေးအလွှား ရောက်လာ၏။ “မွေးစားအဖေ၊ ကောင်းကင်နတ်အရှင်ရှောင် ပြန်ရောက်လာပြန်ပြီ”

ချင်မူ့ မျက်နှာအမူအရာက အနည်းငယ်ပြောင်းလဲသွားသည်။ ကျန်းယွင်ကျန့်က စာရွက်အပိုင်းအစတစ်စ ထုတ်လိုက်သည်။ “ကောင်းကင်နတ်အရှင်ရှောင်က ဒီပန်းချီကို ထိုက်ယီဆီ ပေး,ပေးဖို့ ကျွန်တော့်ကို မှာလိုက်တယ်”

ချင်မူလည်း ၎င်းကို ကြည့်လိုက်သည့်အခါ ရွှေသင်္ဘောတစ်စီး ဖြစ်နေကြောင်း တွေ့လိုက်ရသည်။

“ငါ့ကို ရိပ်မိသွားသေးတာပဲ”

ချင်မူက သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်သည်။ သူတို့ သံသယမဝင်စေအောင် ရွှေသင်္ဘောမှ ခန်းမတစ်ခုကို ရွှေ့ပြောင်းကာ ထိုက်ယီ၏ ခန်းမအဖြစ် အသုံးပြုခဲ့ခြင်းဖြစ်၏။

ရွှေရောင်ခန်းမတွင် ဖရိုဖရဲချီများ ရှိသည့်အတွက် ကောင်းကင်နတ်အရှင်ရှောင် ကောင်းကင်နတ်အရှင်ဟောင်နှင့် အခြားသူများ၏ အမြင်အာရုံများကို ဖုံးကွယ်ပေးထားနိုင်သည်။ သူတို့သည် ချင်မူ့ပုံပန်းသွင်ပြင်အား အသေအချာ မမြင်ကြရနိုင်သဖြင့် ထိုက်ယီသည် ချင်မူ အသွင်ပြောင်းထားခြင်းသာ ဖြစ်မှန်း သိနိုင်ကြမည်မဟုတ်ပေ။

သို့သော် အားနည်းချက်တစ်ခုက ရှေးဟောင်းနတ်ဘုရားယန်က ရွှေသင်္ဘောပေါ်သို့ ရောက်ခဲ့ဖူးသည်။

အသေအချာ စဉ်းစားကြည့်ပါက ၎င်းသည် အမှားတစ်ခု ဖြစ်သွားခဲ့၏။

“ကောင်းကင်နတ်အရှင်ရှောင်ဘေးမှာ ဘယ်သူပါသေးလဲ” သူက မေးလိုက်သည်။

ကျန်းယွင်ကျန့်က ပြော၏။ “ဘယ်သူမှ မပါပါဘူး … ကောင်းကင်နတ်အရှင်ရှောင် တစ်ယောက်တည်းပါပဲ”

ချင်မူ့မျက်လုံးများက လင်းလက်တောက်ပသွားပြီး သူက တည်ကြည်လေးနက်စွာ ပြော၏။ “ယွင်ကျန့်၊ သူ့ကို ခေါ်လာခဲ့လိုက်”

ကျန်းယွင်ကျန့်မှာ အံ့ဩမှင်သက်သွားပြီး ခပ်တိုးတိုး ပြောသည်။ “မွေးစားဖေဖေ…”

“သွား… ငါ့မှာ အကြံရှိတယ်”

ကျန်းယွင်ကျန့်က အလောတကြီး ထွက်ခွာသွားတော့သည်။

မကြာမီ ကောင်းကင်နတ်အရှင်ရှောင်က အေးအေးလူလူ လျှောက်လာကာ ချင်မူ့ဘေးသို့ ရောက်လာသည်။ သူက တောင်နံရံပေါ်ရှိ အမှတ်အသားများကို မော့ကြည့်လိုက်ပြီး တခဏကြာသော် ပြုံးလျက် ပြော၏။ “ကောင်းကင်နတ်အရှင်မူက မနေ့ညတုန်းက တော်တော် ကြောက်ဖို့ကောင်းတာပဲ…. လိမ္မာပါးနပ်တဲ့ စကားတွေကြောင့် ငါ လှည့်စားခံရတော့မလို့…. လှည့်ဖြားနိုင်စွမ်းက ထိုက်ကျိရှေးဟောင်းနတ်ဘုရားထက်တောင် သာလွန်ထူးကဲပါသေးတယ်…. ဆိုတော့ ထိုက်ယီက ဒီမှာ မရှိဘူးပေါ့လေ….”

ချင်မူက အေးအေးလူလူ ဖြေသည်။ “ထိုက်ယီ ဘယ်မှာရှိသလဲ ကျွန်တော်တောင် မသိပါဘူး… ဒါကြောင့် ဒီလိုစီစဉ်ခဲ့ရတာပဲ…. တာအိုနောင်တော် အရမ်းတော့ လန့်မသွားဘူးမလား”

“အေးဆေးပါ… အေးဆေးပါ”

ကောင်းကင်နတ်အရှင်ရှောင်က ပြုံးလျက် တည်ငြိမ်အေးဆေးစွာ တုံ့ပြန်သည်။ “တကယ်တော့ ထိုက်ယီ ဒုက္ခရောက်နေတာမလား…. သေတောင် သေနေလောက်ပြီထင်တယ်”

ချင်မူက မျက်ခုံးပင့်လိုက်သည်။

“ထိုက်ယီသာ ဘေးကင်းကင်းနဲ့ ရှိနေရင် မင်း ဒီလောက်ဒုက္ခခံပြီး ငါတို့ကို လှည့်စားဖို့ စွန့်စားမှာ မဟုတ်ဘူးလေ.. ထိုက်ယီ ဒီမှာမရှိဘူးလို့ ငါတို့ကို ပြောလိုက်ရုံပဲ… ငါတို့က ဘာလုပ်နိုင်မှာမလို့လဲ… ထိုက်ယီလို တာအိုသိုင်းပညာရှင်တစ်ယောက်ကြောင့် ငါတို့ မင်းကို ထိရဲပါ့မလား”

ကောင်းကင်နတ်အရှင်ရှောင်သည် ပြုံး၏။ “ထိုက်ယီ မှန်းဆလို့မရတဲ့အန္တရာယ်ကို ကြုံတွေ့ခဲ့ရပြီး သေကောင်း သေသွားနိုင်တာကြောင့်ပဲ မင်း ထိုက်ယီအဖြစ် ဟန်ဆောင်ခဲ့တာ… မင်းရဲ့ အပျော်သက်သက် လုပ်ခဲ့တာမဟုတ်ဘဲ ဒီအထွတ်အမြတ်နယ်မြေနဲ့ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာကို ကယ်တင်ဖို့ လုပ်ခဲ့တာပဲ… မင်းအတွက် လျှို့ဝှက်ချက်ကို ငါ ထိန်းသိမ်းပေးထားနိုင်ပါတယ်”

ချင်မူက ပြုံးလိုက်၏။ “ထိန်းသိမ်းပေးထားရတဲ့ တန်ဖိုးတော့ ပေးရမှာပေါ့”

ကောင်းကင်နတ်အရှင်ရှောင်ကလည်း ပြုံးသည်။ “ဒီလောကမှာ ကောင်းတဲ့အရာတွေအတွက် တန်ဖိုးတော့ ပေးရမှာပဲ…. အရင်က မင်း ထာ၀ရငြိမ်းချမ်းရေးအင်ပါယာကို ကာကွယ်နိုင်ဖို့ ငါ ကူညီပေးခဲ့တယ်…. မင်းဘက်ကလည်း တန်ကြေးပေးဆပ်ခဲ့တယ်… အခုလည်း အတူတူပါပဲ… ကောင်းကင်နတ်အရှင်မူ၊ မင်း ငါ့ရဲ့ လက်ဖဝါးအောက်ကနေ ဘယ်တော့မှ မလွတ်မြောက်နိုင်ပါဘူး”

ချင်မူက အေးစက်စက် နှာမှုတ်လိုက်ပြီး မည်သည့်စကားမှ မပြောပေ။

“မင်း ကောင်းကင်နတ်အရှင်လင်ကို ကယ်လို့ရတယ်… ဒါပေမဲ့ ငါတို့ ပူးပေါင်းမှ ဖြစ်မယ်”

ကောင်းကင်နတ်အရှင်ရှောင်က မှင်သေသေ ဆက်ပြော၏။ “မင်း ကောင်းကင်နတ်အရှင်လင်ကို ကယ်တင်မယ့် အခိုက်အတန့်က မဟာဧကရာဇ်သေမယ့် အခိုက်အတန့်ပဲ… ငါ့ရုပ်ခန္ဓာကို ပြန်ယူနိုင်မယ့်အချိန်လည်း ဟုတ်တယ်.. မင်း ဒီအချက်ကို နားလည်လား…”

ချင်မူက ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်သည်။ “နားလည်ပါတယ်..”

ကောင်းကင်နတ်အရှင်ရှောင်က ပြုံး၏။ “ငါ့မှာ တခြားသူတွေအပေါ် သည်းခံနိုင်စွမ်း ရှိတယ်…. မင်းဖြစ်ဖြစ်၊ ခိုင်ဧကရာဇ်ဖြစ်ဖြစ်၊ ကောင်းကင်နတ်အရှင်ယွဲ့ဖြစ်ဖြစ်၊ ကောင်းကင်နတ်အရှင်လင်ဖြစ်ဖြစ် အားလုံးကို ငါ သည်းခံပေးနိုင်တယ်…. မင်းတို့ရဲ့ လမ်းစဉ်တွေ မပြောင်းလဲဘဲ ပြန်ခုခံဖို့ မကြိုးစားသရွေ့ မင်းတို့ကို အာဏာနဲ့ ရာထူးဂုဏ်ဝါတွေတောင် ပေးနိုင်တယ်…. ကောင်းကင်နတ်အရှင်ဟွေ့ဆို သိပ်တော်တယ်.. နားလည်လား”

ချင်မူက ပြော၏။ “နိမ့်ကျလှတဲ့ ဒီလက်အောက်ငယ်သားက နားလည်ပါတယ်.. ခိုင်ဧကရာဇ်လည်း နားလည်ပါလိမ့်မယ်”

ကောင်းကင်နတ်အရှင်ရှောင်က ပြုံးလိုက်သည်။ “အောင်မြင်မှုရတဲ့နေ့မှာ ငါ မင်းကို မမျှမတ ဆက်ဆံမှာမဟုတ်ဘူး”

“အရှင်မင်းကြီးရဲ့ သနားညှာတာပေးမှုအတွက် ကျေးဇူးတင်ပါတယ်”

ကောင်းကင်နတ်အရှင်ရှောင်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ချာခနဲ လှည့်၍ ထွက်ခွာသွားသည်။ သူက အေးအေးလူလူ ပြော၏။ “မင်း ငါ့ကို ထာဝရငြိမ်းချမ်းရေးအင်ပါယာကပ်ဘေးတုန်းက မနိုင်မယူနိုင်ခဲ့ဘူး… အခုလည်း တူတူပဲ.. မင်း ကောင်းကင်နတ်အရှင်လင်ကို ကယ်တင်ဖို့ အဆင်သင့်ဖြစ်တဲ့ အချိန်ကျရင် ငါ့ကို ကြိုတင်အကြောင်းကြားပါ… မင်းတစ်ယောက်တည်း ဆုံးဖြတ်ပိုင်ခွင့် မရှိဘူး…. ဒုတိယအခွင့်အရေးဆိုတာ ရှိလာမှာ မဟုတ်ဘူး”

“ကောင်းကောင်းသွားပါ အရှင်မင်းကြီး”

All Chapters