တာအိုရအောင် ကူညီပေးမယ်
Vol. 118 Ch. 1539 (2)
ချင်မူက ကောင်းကင်နတ်အရှင်ရှောင် ထွက်ခွာသွားသည်ကို ကြည့်နေရင်း ပြုံးလိုက်ပြီး ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ကောင်းကင်နတ်အရှင်ရှောင်ရဲ့ အကူအညီနဲ့ဆို ကောင်းကင်နတ်အရှင်လင်ကို ကယ်ဖို့က စိတ်ချရပြီ… ကောင်းကင်နတ်အရှင်ယွင်ကို ကယ်ဖို့ကလည်း သေချာသလောက်ပဲ”
သူက စိတ်အေးသက်သာစွာဖြင့် သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်သည်။ တစ်ခါမှ ယခုလို စိတ်အေးလက်အေး မဖြစ်ခဲ့ဖူးပေ။
“ကောင်းကင်နတ်အရှင်ရှောင်၊ ခင်ဗျားက အိုမင်းလာတာ မဟုတ်ပါဘူး.... ကျွန်တော်ကသာ အရွယ်ရောက်လာခဲ့တာ...”
သူ့မျက်နှာပေါ်ရှိ အပြုံးက ပိုပို၍တောက်ပလာလေသည်။ “အတိတ်တုန်းက ကျွန်တော်ဟာ အားနည်းတဲ့အတွက် ခင်ဗျား လက်ခုပ်ထဲက ရေ ဖြစ်ခဲ့ရတယ် … ဒါပေမဲ့ အခုတော့ ခင်ဗျားနဲ့ ရင်ဆိုင်နိုင်တဲ့ အဆင့်တစ်ခု ရောက်နေပြီ… ကျွန်တော့်ကို ခင်ဗျား ကြိုးဆွဲခြယ်လှယ်ချင်ပေမယ့် အဲဒီလို လုပ်ပိုင်ခွင့် မရှိတော့တာတော့ ခင်ဗျားအတွက် နှမြောစရာကောင်းတယ် … ခင်ဗျားရဲ့ခေါင်း ကွဲမသွားတာကိုပဲကျေးဇူးတင်လိုက်”
ရှေးဟောင်းနတ်ဘုရားယန်က အနက်ရောင်တောင်တန်း၏အပြင်တွင် စောင့်နေသည်။ မကြာမီ ကောင်းကင်နတ်အရှင်ရှောင်က အနက်ရောင်တောင်တန်းထဲမှ ထွက်လာ၏။ ရှေးဟောင်းနတ်ဘုရားယန်က သူ့ဆီ အလျင်အမြန် သွားကာ ခပ်တိုးတိုး မေးလိုက်သည်။ “တာအိုနောင်တော်၊ ကောင်းကင်နတ်အရှင်မူနဲ့ ဆွေးနွေးတာ ဘယ်လိုဖြစ်သွားလဲ”
“သိပ်ကို အဆင်ပြေတယ်”
ကောင်းကင်နတ်အရှင်ရှောင်က ပြုံးလိုက်သည်။ “ကောင်းကင်နတ်အရှင်မူက စဉ်းစားဆင်ခြင်တတ်ပါတယ်… မစဉ်းစား မဆင်ခြင်တတ်လို့လည်း မရဘူးလေ… ဘာလို့လဲဆိုတော့ သူ့ရဲ့ ကျောထောက်နောက်ခံပုဂ္ဂိုလ်က ပြိုလဲသွားခဲ့ပြီ… ဒီလောကမှာ သူ အားကိုးစရာဆိုလို့ ငါပဲ ရှိတော့တယ်… သူက ရည်မှန်းချက်တော့ ကြီးနေပါသေးတယ်… ကောင်းကင်နတ်အရှင်လင်ကို ကယ်တဲ့အချိန်မှာ သေချာပေါက် လှုပ်ရှားလာလိမ့်မယ်… ဒါပေမဲ့ သူ့ရဲ့လုပ်ရပ်တွေအားလုံး အချည်းနှီးပဲဆိုတာတော့ သိအောင်လုပ်ပေးရမှာပေါ့”
ကောင်းကင်နတ်အရှင်ရှောင်ကား တစ်လောကလုံးကို စုစည်း၍ စကြ၀ဠာတစ်ခုလုံးအပေါ် အုပ်ချုပ်ခဲ့သော ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူအဖြစ် ပြန်ရောက်လာသကဲ့သို့ ယုံကြည်ချက် အပြည့် ရှိနေသည်။ “ငါ့ခန္ဓာကိုယ်ကို ပြန်ယူပြီး မဟာဧကရာဇ်ရဲ့ ဝိညာဉ်ကို ဝါးမြို၊ အန္တိမဟင်းလင်းပြင်က မဟာဧကရာဇ်ရဲ့ တာအိုသစ်ပင်ကို ဖျက်ဆီးပြီးရင် ငါဟာ တစ်လောကလုံးမှာ အင်အားအကြီးဆုံးပုဂ္ဂိုလ် ဖြစ်လာလိမ့်မယ်…. ပြိုင်ဘက်ကင်းတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပေါ့… ကောင်းကင်နတ်အရှင်ချင်၊ ကောင်းကင်နတ်အရှင်မူ၊ ကောင်းကင်နတ်အရှင်ယွဲ့၊ ကောင်းကင်နတ်အရှင်လင်နဲ့ ကောင်းကင်နတ်အရှင်တွေအားလုံး ပူးပေါင်းသွားကြရင်တောင် ငါ့ကို ယှဉ်ပြိုင်နိုင်မှာမဟုတ်ဘူး”
ရှေးဟောင်းနတ်ဘုရားယန်က စိတ်အေးသက်သာစွာ သက်ပြင်းတစ်ချက် ချလိုက်ပြီး ပြုံးလိုက်သည်။ “တာအိုနောင်တော်ကို ကြိုတင် ဂုဏ်ပြုစကား ပြောထားပါရစေ”
ကောင်းကင်နတ်အရှင်ရှောင်က တဟားဟား ရယ်လေသည်။ “ငါ မဟာလေဟာနယ်ကို ဖျက်ဆီးပြီးတော့ ဖန်ဆင်းရှင်တွေအားလုံး သတ်ဖြတ်ပြီးရင် တာအိရဖို့ သိပ်ကို လွယ်သွားလိမ့်မယ်… အဲဒီအချိန်ကျရင် မင်းတို့နှစ်ယောက်လည်း တာအိုရနိုင်လိမ့်မယ်”
ရှေးဟောင်းနတ်ဘုရားယန်၏ မျက်နှာအမူအရာမှာ မျှော်လင့်တောင့်တနေသော အရိပ်အယောင်တို့ဖြင့် ပြည့်နှက်သွား၏။
အနက်ရောင်တောင်တန်းတွင် ချင်မူမှာ မီလော့နန်းတော်အရှင်သခင်၏ တာအိုအမှတ်အသားများကို သိမြင်နားလည်နေဆဲဖြစ်သည်။ သူက အာရုံ အပြည့်အဝ စိုက်ထားပြီး တာအိုအမှတ်အသားများကို ပို၍သိမြင်နားလည်လေလေ၊ ပို၍လေးစားလာမိလေလေ ဖြစ်နေသည်။ မီလော့နန်းတော်အရှင်သခင်၏ ပါရမီက ထူးကဲနက်နဲလွန်းပေသည်။
ဤတာအိုအမှတ်အသားများဖြင့်ပင် သူသည် စကြ၀ဠာဆယ့်ခုနစ်စင်းတွင် နံပါတ်တစ်ပုဂ္ဂိုလ် ဖြစ်လာရန် ထိုက်တန်ပေသည်။
သို့သော် ချင်မူ့အနေဖြင့် အချိန်တိုအတွင်း တာအိုအမှတ်အသားတို့၏ အပြောင်းအလဲများအား သိမြင်နားလည်နိုင်ရန် မလွယ်ချေ။ သူ၏ နတ်ဘုရားလက်ချောင်း ပိုမိုအစွမ်းထက်လာအောင်သာ လုပ်နိုင်ပေသည်။
သူက ထရပ်၍ ရွှေသင်္ဘောဆီသို့ သွားသည်။ မျက်ကန်း၊ အဘွားစစ်နှင့် အခြားသူများမှာ ရွှေသင်္ဘောပေါ်တွင် သွားလာရင်း ရွှေရောင်ခန်းမတိုင်းကို လေ့လာစပ်စုနေကြဆဲပင်။
“မူအာ၊ ဒီသင်္ဘောပေါ်မှာ လျှို့ဝှက်ချက်တွေအများကြီးပဲ”
အဘွားစစ်က သူ ရောက်လာသည်ကို မြင်လျှင် ချက်ချင်း ပြော၏။ “သင်္ဘောပိုင်ရှင်ကို ငါတို့ မကြာမကြာ တွေ့ရတယ်.. ရွှေရောင်ခန်းမတွေကို သွားကြည့်တိုင်း သူနဲ့ မကြာခဏ တွေ့ရတတ်တယ်”
ချင်မူက တုံ့ပြန်သည်။ “ဒီသင်္ဘောကို လောကတွေကြားထဲ ဖြတ်သန်းသွားလာဖို့အတွက် မီလော့နန်းတော်အရှင်သခင် သွန်းလုပ်ခဲ့တာ… သင်္ဘောကို အတော်လေး ကြိုးစားသွန်းလုပ်ထားတဲ့အတွက် သူ့ရဲ့ပုံရိပ်က သင်္ဘောပေါ်မှာ ခတ်နှိပ်နေပြီးသား ဖြစ်နေတာ နေမှာ... တစ်ခါတလေကျရင် သမိုင်းပုံရိပ်တွေ ပေါ်လာတတ်တယ်”
အဘွားစစ်က ခေါင်းခါသည်။ “သမိုင်းပုံရိပ်တွေနဲ့တောင် မတူဘူး… တစ်ခါတစ်လေကျရင် တကယ့် မီလော့နန်းတော်အရှင်သခင်ကို တွေ့ရတယ်… သူနဲ့တောင် အရင်တစ်ခါ စကားပြောလိုက်ကြသေးတယ်”
ချင်မူမှာ အံ့သြမှင်သက်သွားပြီး ခေါင်းရမ်းလိုက်မိသည်။ “မီလော့နန်းတော်အရှင်သခင်က သေသွားပြီလေ… ဘွားဘွားတို့တွေ့ခဲ့တာ သမိုင်းပုံရိပ်တွေပဲ ဖြစ်မှာပါ… သူနဲ့ စကားပြောခဲ့တာကတော့ သင်္ဘောလှည့်စားနေတာပဲ ဖြစ်မယ်… ဒီသင်္ဘောမှာ စိတ်ဝိညာဉ် ရှိတယ်”
မျက်ကန်းသည် တည်ကြည်လေးနက်နေ၏။ “မူအာ၊ မဟုတ်ဘူးနော်... ဒီသင်္ဘောက တကယ်ထူးဆန်းတာကွ… ငါတို့တွေ့ခဲ့ရတာတွေက သမိုင်းပုံရိပ်တွေ လုံးဝမဟုတ်ဘူး… တကယ့်မီလော့နန်းတော်အရှင်သခင်ပဲ ဖြစ်လိမ့်မယ်.. မင်း တွေ့လို့ရအောင် ငါ ခေါ်သွားပေးမယ်”
ချင်မူက ခေါင်းတခါခါဖြင့် ရယ်လိုက်သည်။ သူက မျက်ကန်းနောက်မှ လိုက်သွားကာ ခန်းမတစ်ခု၏ တံခါးကို ဖွင့်လိုက်၏။
“ငါတို့ ဒီနေရာမှာ မီလော့နန်းတော်အရှင်သခင်ကို တွေ့ခဲ့ရတာ… ငါတို့ကျင့်ကြံဖို့တောင် သူက သင်ပေးခဲ့သေး… ဟင်…”
မျက်ကန်း၏ မျက်နှာအမူအရာမှာ ဇဝေဇဝါဖြစ်သွားပြီး ခန်းမအတွင်းပိုင်းတွင် ဗလာကျင်းနေသည်ကို တွေ့လိုက်ရသည်။ မည်သူမှမရှိပေ။
မျက်ကန်းက မယုံကြည်နိုင်စွာဖြင့် ရေရွတ်လိုက်သည်။ “စောစောတုန်းက ဒီနေရာမှာ လူတွေရှိနေခဲ့တာပါ… တွေ့ခဲ့ကြတဲ့သူတွေအများကြီးပဲ”
အဘွားစစ်၊ ဝေစွေ့ဖုန်း၊ မင်းသားယိုမင်းနှင့် ကျန်သူများကလည်း ခေါင်းညိတ်၍ ပြိုင်တူပြောလိုက်ကြသည်။ “ငါတို့အားလုံး တွေ့ခဲ့တယ်”
ချင်မူက ပြုံးလိုက်၏။ “ခင်ဗျားတို့ရဲ့ သိုင်းအခြေခံက တိမ်တဲ့အပြင် မီလော့နန်းတော်အရှင်သခင်ရဲ့ ပုံရိပ်က အသက်ဝင်လွန်းတော့ အစစ်အမှန်လို့ ထင်ရတာပါ… အဲဒါက ခင်ဗျားတို့အားလုံးအပေါ် သက်ရောက်နေပြီး သမိုင်းပုံရိပ်တွေကို အစစ်အမှန်လို့ မြင်နေရတာ… စိတ်ပူစရာ မရှိပါဘူး… ကျွန်တော့်အဆင့်အထိ ကျင့်ကြံပြီးတဲ့အခါကျ ဒါတွေအားလုံးကို ထွင်းဖောက်မြင်နိုင်ပါလိမ့်မယ်”
အားလုံးမှာ ခံပြင်းဒေါသထွက်သွားကြသော်လည်း ဘာမှမလုပ်နိုင်ကြပေ။
သူတို့၏သိုင်းအခြေခံက တိမ်သည်ဟု ချင်မူ့တွင် ပြောပိုင်ခွင့် ရှိပေသည်။
ချင်မူက သူတို့ကို သင်္ဘောပေါ်မှ ချပေးနေသော်လည်း သင်္ဘောသည် သူတို့ကို လုံးဝလွှတ်မပေးပေ။ ချင်မူက ပွစိပွစိ ပြောရင်း သင်္ဘောအား ဖြောင်းဖြနေသည်။ နောက်ဆုံးတွင်တော့ နားချနိုင်ခဲ့သဖြင့် သင်္ဘောက သူတို့ကို လွှတ်ပေးလိုက်၏။
အားလုံးမှာ ချင်မူ သင်္ဘောဆီသို့ ပွစိပွစိ ပြောနေသည်ကို ကြည့်ရင်း တစ်ယောက်ကိုတစ်ယောက် ဝမ်းနည်းစွာ ကြည့်လိုက်ကြမိသည်။
“မူအာလေး ဖိအားတော်တော်ခံစားနေရရှာတာပဲ… ရူးသွားပြီ ထင်တယ်နော်”
အဘွားစစ်၏ နှလုံးသားမှာ နာကျင်လာ၏။ “သူ့အတွက် အဖော်ရှာပေးရမယ့် အချိန်ပဲ…”
ချင်မူက အားလုံးကို ရွှေသင်္ဘောဆီမှ ဖယ်ရှားပေးပြီးနောက် သင်္ဘောကိုစီး၍ အနက်ရောင်တောင်တန်းမှ ထွက်ခွာသွားသည်။ ‘မီလော့နန်းတော်အရှင်သခင်ရဲ့ တံဆိပ်ခတ်နှိပ်မှုက မင်းသားယိုမင်းနဲ့ ဝေစွေ့ဖုန်းလို ဧကရာဇ်ပလ္လင်အဆင့် ပုဂ္ဂိုလ်တွေတောင် အမှတ်မှားတဲ့အထိ အသက်ဝင်လွန်းတာလား … အင်း… သူတို့ရဲ့အမြင်အာရုံက ငါ့အောက် နိမ့်ကျတဲ့အတွက် အစစ်အမှန်နဲ့ တံဆိပ်ခတ်နှိပ်ထားတာတွေကို မခွဲခြားနိုင်တာပေါ့လေ…”
ရွှေသင်္ဘောကြီး အနက်ရောင်တောင်တန်းစီမှ ထွက်ခွာလာခဲ့သည့်အချိန် ချင်မူမှာ ရွှေရောင်ခန်းမဘေးမှ ဖြတ်သွားသော လူရိပ်တစ်ခုကို ဖြတ်ခနဲ မြင်လိုက်ရသည်။ သူ့မှာ ရင် ဒိန်းခနဲ ခုန်သွားလေသည်။
'တံဆိပ်ခတ်နှိပ်ထားတာလား’
သူသည် ရင်ခုန်သံများ မြန်လာပြီး ထိုလူရိပ်ကို သွားရှာလိုက်သည့်အခါတွင်တော့ မတွေ့ရတော့ပေ။
‘ထားလိုက်ပါတော့… အရင်ဆုံး ရွှင်ပျော်ပျော်ကျေးရွာဆီ သွားပြီး ခိုင်ဧကရာဇ်နဲ့ ကောင်းကင်နတ်အရှင်ယွဲ့ကို တွေ့ရမယ်”
နှစ်လကြာပြီးနောက် ရွှေသင်္ဘောသည် ရွှင်ပျော်ပျော်ကျေးရွာသို့ ရောက်လာခဲ့၏။ လမ်းတလျှောက်တွင် သင်္ဘောပေါ်၌ သူ တစ်ယောက်တည်း မဟုတ်မှန်း ချင်မူ သတိထားခဲ့မိသည်။ တခြားလူရိပ်များ မကြာခဏ ဖြတ်သန်းသွားသည်ကို တွေ့ခဲ့ရ၏။
သို့သော် ၎င်းတို့ကို သွားရှာသည့်အခါတွင်တော့ မည်သည့်အရာကိုမှ မတွေ့ရပေ။
ဤလူရိပ်များမှာ တစ္ဆေသင်္ဘောပေါ်ရှိ နန်းစောင့်တပ်ဖွဲ့ကဲ့သို့ပင်။ သူ ကြည့်လိုက်သည့်အချိန်တွင် ဗလာနတ္ထိဖြစ်ကာ ပျောက်ကွယ်သွားတတ်သည်။ ရုပ်ခန္ဓာထိန်းချုပ်သည့် ကောင်းကင်နတ်သိုင်းဖြင့်ပင် ထိုလူရိပ်ကို မတားနိုင်ပေ။
ခိုင်ဧကရာဇ်က သူ့ကို လာရောက်ကြိုဆိုသဖြင့် ချင်မူလည်း ထိုအာရုံနောက်စရာအတွေးများကို ဖယ်ထားလိုက်ကာ အပြုံးဖြင့် လျှောက်သွားသည်။ “ခိုင်ဧကရာဇ်၊ ကျွန်တော် ခင်ဗျား တာအိုရအောင် လာကူညီတာပါ”
ခိုင်ဧကရာဇ်က ရွှေသင်္ဘောပေါ်သို့ ဆင်းသက်၍ အကဲခတ်နေသည်။ “ငါ့အတွက် တာအိုရဖို့က လိုပါသေးတယ်” သူက ပြော၏။ “နတ်ဘုရားစီရင်ရာစင်မြင့် မရှိရင် ငါ့တာအိုကျင့်စဉ်စနစ်က နောက်ထပ်ခြေတစ်လှမ်း ဘယ်တော့မှ တက်နိုင်မှာမဟုတ်ဘူး.. ဒါ့အပြင် ဘိုးဘေးနန်းတော်ရဲ့ နတ်ဘုရားစီရင်ရာစင်မြင့်ကို နတ်အရှင်မချန်းက ထိန်းချုပ်ထားတာလေ... ငါ သူ့ပိုင်နက်အထိ သွားခဲ့တုန်းက သူက နတ်ဘုရားစီရင်ရာစင်မြင့်ကို ယူသွားပြီး ငါ တာအိုရနိုင်မယ့်လမ်းစဉ်ကို ဖြတ်တောက်ပစ်ခဲ့တယ်… ဒါနဲ့ မင်းရဲ့သင်္ဘောပေါ်မှာ တခြားတစ်ယောက် ရှိနေတယ်ကွ….”
ချင်မူလည်း ဒိန်းခနဲ ရင်ခုန်သွားပြီး ဟိုဟိုသည်သည် ကြည့်လိုက်သော်လည်း မည်သူ့ကိုမှ မတွေ့ရပေ။ သူက ပြုံးလျက် ပြောလိုက်သည်။ “နတ်အရှင်မချန်းကို ကျွန်တော် သတ်လိုက်ပြီ… နတ်ဘုရားစီရင်ရာစင်မြင့်ကို ယူလာတဲ့အပြင် ခင်ဗျားရဲ့ တာအိုအဆင့်ကို ပြီးပြည့်စုံအောင်လုပ်ပေးနိုင်တဲ့ နတ်ဘုရားစီရင်ရာဓားမလည်း ပါလာတယ်”