← Chapters

မူလရည်ရွယ်ချက်

Vol. 118 Ch. 1540

မူလရည်ရွယ်ချက်

Vol. 118 Ch. 1540

“နတ်အရှင်မချန်း သေသွားပြီတဲ့လား… မင်းလက်ချက်တဲ့လား’’

ခိုင်ဧကရာဇ်မှာ ထိတ်လန့်အံ့ဩသွားပြီး ချင်မူ့ကို အံ့ဩမှင်သက်စွာ ကြည့်လိုက်သည်။ တခဏကြာပြီးနောက်မှ သူက စကားစပြောသည်။ “ကပ်ဘေးဓားကို သွန်းလုပ်ပြီးတဲ့နောက်ပိုင်း မင်းရဲ့စွမ်း‌ဆောင်ရည်တွေက အတော်လေး တိုးတက်လာခဲ့တာပဲ…. ရတနာဓားက အစွမ်းထက်သလို ဓားကို ထိန်းချုပ်ထားတဲ့ ပုဂ္ဂိုလ်ရဲ့ သိုင်းအခြေခံလည်း နောက်ကျမကျန်ခဲ့သင့်ဘူး…. ချွန်ထက်တဲ့ လက်နက်တွေပေါ်မှာပဲ အားကိုးနေရင် မင်း အဆင့်တက်ဖို့ ကြိုးစားချင်စိတ် ပျောက်သွားလိမ့်မယ်”

ချင်မူက နတ်ဘုရားစီရင်ရာစင်မြင့်ကို ထုတ်လိုက်သည်။ “ကျွန်တော့်ရဲ့ သိုင်းအခြေခံက ဘယ်တုန်းကမှ နောက်ကျမကျန်ခဲ့ဘူး….” သူက တုံ့ပြန်သည်။ “အမှန်ပြောရင် ကျွန်တော်က အရင်က မရောက်ဖူးတဲအဆင့်အထိတောင် အစွမ်းထက်နေပြီ…. ကောင်းကင်နတ်အရှင်တွေနဲ့လည်း ရင်ဘောင်တန်း ယှဉ်ပြိုင်နိုင်နေပြီ… ခိုင်ဧကရာဇ်၊ ကျွန်တော့်အရွယ်တုန်းက ခင်ဗျားရဲ့ သိုင်းအဆင့်က ဘယ်အထိ ရောက်နေခဲ့တာလဲ… ကျွန်တော့်အတွက် မစိုးရိမ်ပါနဲ့…”

ခိုင်ဧကရာဇ်မှာ တွေးတောကြည့်မိသည်။ ချင်မူ့အရွယ်တုန်းက သူသည် ချင်မူ့လက်ရှိအောင်မြင်မှုများမှ‌ ဝေးကွာလွန်းသည်သာမက ဘောင်မဝင်သော နတ်ဘုရားလေးတစ်ပါးသာ ဖြစ်ခဲ့၏။

ချင်မူ့အပေါ်တွင် မျှော်လင့်ချက်များစွာ ထားသည့်အတွက် ချင်မူ ကျဆုံးမည်ကို စိုးရိမ်နေမိခြင်းသာ ဖြစ်လေသည်။

နတ်ဘုရားစီရင်ရာစင်မြင့်ပေါ်တွင် နတ်ဘုရားစီရင်ရာဓားမနှစ်လက်သည် အတော်လေး ပြန်လည်အားပြည့်နေပြီ ဖြစ်သော်လည်း အထွတ်အထိပ်အခြေအနေသို့တော့ ပြန်လည်မရောက်ရှိကြသေးပေ။

သွေးရန်သူဓားမနှစ်လက်မှာ နတ်ဘုရားစီရင်ရာစင်မြင့်ပေါ်တွင် ယှက်နွယ်နေကြပြီး သူတို့၏စွမ်းအားမှာ အံ့ဩမှင်သက်ဖွယ်ကောင်းလှ၏။ ၎င်းတို့သည် မူလဝိညာဉ်၊ ရုပ်ခန္ဓာနှင့် တာအိုနှလုံးသားကို ဖျက်ဆီးပစ်နိုင်ကြသည်။

'ဒီနတ်ဓားမနှစ်လက်က အရင်ကထက် ပိုပြီး အားနည်းနေတဲ့ပုံပဲ…. ရွှမ်တုတိုက်ပွဲတုန်းက စွမ်းအားကို မယှဉ်နိုင်ကြဘူး’

ခိုင်ဧကရာဇ်က ၎င်းတို့ကို အကဲခတ်လိုက်ရင်း သံသယများဖြင့် ညည်းညူလိုက်သည်။ “ဓားမနှစ်လက်ရဲ့ စွမ်းအားက အခု အားနည်းလွန်းနေပြီ…. ဆိုတော့ ငါ လမ်းစဉ်ရအောင် လုပ်ပေးနိုင်မှာ မဟုတ်တော့ဘူး…. ငါက အစွမ်းထက်လွန်းတော့ နတ်ဘုရားစီရင်ရာစင်မြင့်က ငါ့ကို သိပ်ဖိအားမပေးနိုင်ဘူး”

ချင်မူက မျက်ခုံးပင့်လိုက်သည်။ နတ်ဘုရားစီရင်ရာစင်မြင့်ပေါ်ရှိ ဓားမနှစ်လက်၏ စွမ်းအားမှာ အလွန်အမင်း ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်း၏။ အထွတ်အထိပ်အခြေအနေသို့ ပြန်လည်မရောက်ရှိကြသေးသည့်တိုင် ထိမိသည်နှင့် သေဆုံးနိုင်သေးသည်။ သို့ထိတိုင် ခိုင်ဧကရာဇ်ကတော့ စွမ်းအား,နည်းလွန်းသည်ဟု ခံစားနေရလေသည်။

“ဒီဓားမတွေကို လူတွေ သွန်းလုပ်ထားတာဆိုတော့ နတ်ဘုရားစီရင်ရာဓားမနှစ်လက်ကို ထိန်းချုပ်ထားတဲ့သူ မရှိတဲ့တာမလို့ ခင်ဗျားအတွက် အားနည်းလွန်းနေတာ ဖြစ်မယ်”

ချင်မူ့အကြည့်များက ဖျတ်ခနဲ တောက်ပသွားငည်။ “ဒါ့အပြင် ခင်ဗျားလိုချင်တာက ဖိအားမဟုတ်ဘူး…. နတ်ဘုရားစီရင်ရာစင်မြင့်မှာ ရှိတဲ့ တာအိုနှလုံးသား တာအိုကျင့်စဉ်စနစ်ကို သိမြင်နားလည်ဖို့ပဲ… ကျွန်တော် နတ်ဘုရားစီရင်ရာဓားမနှစ်လက်ကို ထိန်းချုပ်ပြီး ခင်ဗျားကို ကူညီပေးမယ်…. ဘယ်လို သဘောရလဲ”

ခိုင်ဧကရာဇ်က မျက်ခုံးအသာ ပင့်လိုက်ရင်း အပြုံးဖြင့် ခနဲ့သည်။ “ကောင်းပြီလေ… ဒါပေမဲ့ မင်းရဲ့စွမ်းဆောင်ရည်က ဒီနတ်ဘုရားစီရင်ရာဓားမနှစ်လက်ကို ထိန်းချုပ်ဖို့ လုံလောက်ပါ့မလား စိုးရိမ်မိတယ်…”

ချင်မူက ခါးနှင့် လှည်ပင်းကို လှည့်ကာ အကြောဆန့်လိုက်သည်။ ”ရွှမ်တုတိုက်ပွဲတုန်းက ကျွန်တော့်လက်ထဲမှာ နတ်ဓားမတစ်လက်ပဲ ကိုင်ထားခဲ့တာပါ…. ကျွန်တော် ဘယ်လိုတိုက်ခိုက်သတ်ဖြတ်ခဲ့လဲ ခင်ဗျားလည်း မြင်ပါတယ် …. အဲ့ဒီတုန်းက နတ်ဘုရားစီရင်ရာဓားမကိုတောင် မထိန်းချုပ်ခဲ့ဘူး…. အခု အဲ့ဒီဓားမက ကျွန်တော့်လက်ထဲ ရောက်လာပြီဆိုတော့ ခင်ဗျားအတွက် ပိုစိုးရိမ်မိတယ်…. ပြောရရင် ခင်ဗျားက အိုနေပေမယ့် ကျွန်တော်က အရွယ်ကောင်းမှာပဲ ရှိနေသေးတာလေ…”

ခိုင်ဧကရာဇ်သည် ပြုံးလိုက်၏။ “နတ်ဘုရားမိစ္ဆာတွေမှာ အိုတယ်၊ ငယ်တယ်ဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ… ကောင်းကင်နတ်အရှင်ကတော့ နောက်နေပြန်ပါပြီ..”

“ကောင်းကင်နတ်အရှင်ချင်က ရိုကျိုးလွန်းပါတယ်”

ချင်မူက လက်‌မြှောက်ကာ မေးလိုက်သည်။ “ဆိုတော့ ကောင်းကင်နတ်အရှင်ချင် စင်မြင့်ပေါ် တက်တော့မလား”

ခိုင်ဧကရာဇ်သည် ဘယ်လက်ထဲတွင် ရွှင်ပျော်ပျော်ဓား၏ ဓားအိမ်ကို ကိုင်ထားရင်း စင်မြင့်ပေါ် ဖြည်းဖြည်းချင်း တက်သွားချေပြီ။

ချင်မူ့ခန္ဓာကိုယ်က လေပေါ်မြောက်တက်သွားပြီး နတ်ဘုရားစီရင်ရာစင်မြင့်ထိပ်သို့ ရောက်လာ၏။ သူက သူ့ပတ်ပတ်လည်တွင် သွေးရန်သူနဂါးများကဲ့သို့ လှည့်ပတ်နေကြသော နတ်ဘုရားစီရင်ရာဓားမနှစ်လက်၏ အလယ်တွင် ရပ်နေသည်။

သူက မျက်လုံးများကို မှေးကျဉ်းလျက် လက်ဖဝါး မြှောက်လိုက်သည်။ သွေးရန်သူနဂါးများ သူ့လက်ဖဝါးကို ဖြတ်သန်းသွားပြီး ချွန်ထက်ကြမ်းတမ်းသော အကြေးခွံများဖြင့် သူ့လက်ဖဝါးကို ပွတ်သွားကြ၏။

သွေးများက သူ့လက်ဖဝါးမှ စီးကျလာကြသည်။ သို့သော် သွေးရန်သူနဂါးနှစ်ကောင်ကတော့ နှိုင်းယှဉ်မရနိုင်အောင် ရိုကျိုးပြား၀ပ်နေကြပုံပေါ်သည်။

ပြီးခဲ့သည့် ရက်အနည်းငယ်အတွင် သူသည် နတ်ဘုရားစီရင်ရာစင်မြင့်ကို သန့်စင်ခဲ့ပြီး ဖြစ်၏။ နတ်ဘုရားစီရင်ရာဓားမနှစ်လက်နှင့် ရင်းနှီးမှု ရယူရာတွင်လည်း လွယ်ကူခဲ့သည်။

အောက်တွင် ခိုင်ဧကရာဇ်က နတ်ဘုရားစီရင်ရာဓားမနှစ်လက်၏ သတ်ဖြတ်ခြင်းအရှိန်အဝါကို ခုခံရင်း လှေကားထစ်များမှ တစ်ထစ်ချင်း တက်လာနေသည်။

သူ့ပတ်ပတ်လည်တွင် မမြင်ရနိုင်သည့် ဓားတာအိုနယ်ပယ် အလွှာပေါင်းများစွာ ဖြာထွက်နေသည့်အလားပင်။ နတ်ဘုရားစီရင်ရာစင်မြင့်၏ ဓားရောင်များက လင်းခနဲ တောက်ပသွားကြပြီး သူ၏ နယ်ပယ်ထဲ ၀င်ရောက်လာသည့်အချိန်တွင် တစ်ခုနှင့်တစ်ခု ၀င်တိုက်သွားကြသည်။

ချင်မူ့အတွက် နတ်ဘုရားစီရင်ရာစင်မြင့်မှာ လှေကားထစ်သုံးဆယ်သာ ရှိခဲ့သော်လည်း ခိုင်ဧကရာဇ်အတွက်တော့ သုံးဆယ့်ငါးထစ် ရှိနေသည်။

ဤသည်က နတ်ဘုရားစီရင်ရာစင်မြင့်၏ ထူးဆန်းမှု ဖြစ်လေသည်။ တာအိုကျင့်စဉ်စနစ်၏ သိုင်းအဆင့် ပိုမိုမြင့်မားလေလေ၊ စင်မြင့်ပေါ်ရှိ နတ်ဓားမများက ပိုမိုစွမ်းအားကြီးလေလေ ဖြစ်၏။

နောက်ဆုံးတွင်တော့ ခိုင်ဧကရာဇ်ကား သုံးဆယ့်ငါးထစ်မြောက် လှေကားထစ်ကို တက်၍ နတ်ဘုရားစီရင်ရာစင်မြင့်အပေါ် ရောက်လာခဲ့ချေပြီ။

ယခင်က ချင်မူ၊ သားသတ်သမား၊ ကျဲ့ဟွလီ၊ လော့ဝူရွှမ် စသည့် ဓားမသိုင်းပညာရှင်များ အတူတူပေါင်း၍ နတ်ဘုရားစီရင်ရာစင်မြင့်အပေါ် တက်ခဲ့စဉ်တုန်းက သူတို့၏ နတ်ဓားမများနှင့် အန္တိမသိုင်းကွက်မှန်သမျှ အသုံးပြုခဲ့ကြသည်။ သို့သော် ခိုင်ဧကရာဇ်သည် လှေကားထစ် ၃၅ ထစ်သို့ ရောက်ရှိသည့်အချိန်တွင်ပင် ဓားကို အသုံးမပြုခဲ့ပေ။

ဝှစ်…

နတ်ဘုရားစီရင်ရာဓားမနှစ်လက်၏ နဂါးဦးခေါင်းနှစ်ခုက တခဏ ရပ်သွားကြပြီးနောက် ခုန်ဆင်းလာကြသည်။

ချင်မူ့အကြည့်က ခိုင်ဧကရာဇ်အပေါ် ကျရောက်သွားပြီး သူ၏ အားနည်းချက်ကို ရှာဖွေကာ နတ်ဘုရားစီရင်ရာဓားမနှစ်လက်အား အလိုအလျောက် တိုက်ခိုက်နေစေ၏။

နတ်ဘုရားစီရင်ရာစင်မြင့်ပေါ်တွင် ခိုင်ဧကရာဇ်မှာ အေးအေးလူလူ လမ်းလျှောက်နေပုံပင်။ သူက ဓားကို ထုတ်လိုက်ရင်း အသာအယာ လွှဲရမ်းကာ နတ်ဘုရားစီရင်ရာဓားမနှစ်လက်ကို အကြိမ်ကြိမ် တွန်းထုတ်နေသည်။

သူ၏ ဓားတာအိုက အားကောင်းလှသည့်အတွက် နတ်ဘုရားစီရင်ရာစင်မြင့်ကို သုံး၍ ဓားတာအိုကို ‌တိုးတက်‌စေရန်မှာ ခက်ခဲနေ၏။ နတ်ဘုရားစီရင်ရာဓားမနှစ်လက်အနေဖြင့်လည်း သူ့ကို ထိခိုက်ဒဏ်ရာရအောင် လုပ်ရန် ခက်ခဲနေပေသည်။

သူ၏တာအိုနှလုံးသားသည်လည်း ခိုင်မာလွန်းသည်။ ခိုင်မာသော တာအိုနှလုံးသား ရှိထားသည့်အတွက် တာအိုနှလုံးသားကို သွေးပေးနိုင်သည့် နတ်ဘုရားစီရင်ရာစင်မြင့်မှာ သူ့အတွက် အသုံးမ၀င်ပေ။

သူ့အဆင့်တွင် ဆက်လက်အဆင့်တက်ရန်မှာ အမှန်တကယ်ပင် ခက်သည်။

၎င်းအကြောင်းအရင်းကြောင့် ရွှမ်တုတိုက်ပွဲ၌ နတ်ဘုရားစီရင်ရာစင်မြင့်အပေါ် တက်လိုခဲ့ခြင်းပင်။

ခိုင်ဧကရာဇ်ကား သန်မာလွန်းသည့်အလျောက် တာအိုသိုင်းပညာရှင်တစ်ယောက်ဖြစ်လာရန် ကြီးမားသော ဖိအားဒဏ်အား လိုအပ်သည်။ နတ်အရှင်မချန်းသည် ကောင်းကင်နတ်အရှင်တစ်ပါး ဖြစ်၏။ နတ်ဘုရားစီရင်ရာစင်မြင်နှင့် နတ်ဘုရားစီရင်ရာဓားမနှစ်လက်ကို ကျွမ်းကျင်ထားသော သူမသည် သူ၏ အလားအလာကို လှုံ့ဆော်ပေးခြင်းဖြင့် တာအိုသိုင်းပညာရှင်တစ်ဦး ဖြစ်လာအောင် ကူညီပေးနိုင်လေသည်။

ယခုတွင် နတ်ဘုရားစီရင်ရာဓားမ၏ စွမ်းအားမှာ သိသိသသာ လျော့ကျနေသဖြင့် မည်သည့်ဖိအားကို မခံစားရပေ။

ရုတ်တရက် ကောင်းကင်ကို ဖုံးလွှမ်းထားသည့် သွေးဓားရောင်များ ပျောက်ကွယ်သွားပြီး ဓားမ‌နှစ်လက်က ကောင်းကင်ပေါ် မြောက်တက်သွားသည်။ ခိုင်ဧကရာဇ်က မော့ကြည့်လိုက်သည်။

သူ့အထက် ကောင်းကင်မှာ ကြည်ပြာနေပြီး မည်သည့်တိမ်တိုက်မှ မရှိပေ။ ကြည်‌လင်လွန်း၍ ကောင်းကင်အလွန်ရှိ ကြယ်တာရာများကိုပင် မြင်နေရသည်။

ခိုင်ဧကရာဇ်၏ မျက်လုံးများ မှေးကျဉ်းသွားသည်။ ချင်မူသည် ဓားမနှစ်လက်ကို ကိုင်ဆောင်ရင်း ကောင်းကင်သို့ ပျံတက်နေကြောင်း တွေ့နေရ၏။ သူကား နတ်ဘုရားစီရင်ရာစင်မြင့်ဆီမှ ဝေးကွာသထက် ဝေးကွာသွားပြီး နောက်ဆုံးတော့ သူ့ပုံရိပ်မှာ ပုရွက်ဆိတ်အရွယ်အထိ သေးငယ်သွားတော့သည်။

ခိုင်ဧကရာဇ်က ခေါင်းမော့၍ ကောင်းကင်ရှိ ချင်မူ့ကို မော့ကြည့်နေသည်။ ချင်မူမှာ ဝေးကွာလွန်းနေပြီး ရွှင်ပျော်ပျော်ကျေးရွာ၏ မိုးကုပ်စက်ဝိုင်းအထိသို့ပင် ရောက်ရှိနေချေပြီ။ ထိုအချိန်မှသာ သူက ရပ်တန့်သွား၏။

ခိုင်ဧကရာဇ်က မျက်ခုံးပင့်၍ ရွှင်ပျော်ပျော်ဓားကို ဓားအိမ်ထဲ ပြန်ထည့်လိုက်သည်။ သူ့ညာလက်က တုန်ခါသွားပြီး လက်ချောင်းငါးချောင်းကို လှုပ်ရှားလိုက်၏။ ထို့နောက်မှ ဓားရိုးကို ကိုင်ကာ တိုက်ခိုက်ရန် ပြင်လိုက်သည်။

ကောင်းကင်ထက်တွင် ချင်မူက သွေးရန်သူ နတ်ဘုရားစီရင်ရာဓားမနှစ်လက်ကို သယ်ဆောင်ကာ လှုပ်ခါလိုက်သည်။ နတ်ဓားမနှစ်လက်က ဓားမတစ်လက်တည်းအဖြစ် ပေါင်းစည်းသွားကြ၏။

ဓားမမှာ သွေးရောင်အလား ရဲရဲတောက် နီမြန်းနေပြီး နဂါးဦးခေါင်းကို လက်ကိုင်၊ နဂါးဆူးတောင်ကို ဓားသွားနှင့် နဂါးအရိုးကို ကျောရိုးအဖြစ် အသုံးပြုထားသည်။ ၎င်းက ကောင်းကင်နယ်စားမင်းကို သတ်ဖြတ်ခြင်းမှတစ်ဆင့် ပေါက်ဖွားလာခဲ့သော ပြိုင်ဘက်ကင်း အသတ်အဖြတ်စိတ်ဆန္ဒတို့ကို သယ်ဆောင်ထား၏။

ချင်မူက ဓားမကို ကိုင်လျက် ခါးကိုင်း၍ ခွန်အားစုစည်းလိုက်သည်။ ထို့နောက် ရုတ်တရက် ပြုံးလိုက်ပြီဂ ရှေ့သို့ ခြေတစ်လှမ်း တက်လိုက်သည်။

ထိုအခိုက်အတန့်တွင် ကြယ်တံခွန်တစ်စင်းသည် ရွှင်ပျော်ပျော်ကျေးရွာ၏ အထက်ကောင်းကင်၌ ‌ထွက်ပေါ်လာသည့်အလားပင်။ ၎င်းက မိုးကုပ်စက်ဝိုင်းကို ဖောက်ထွက်ပြီး ရွှင်ပျော်ပျော်ကျေးရွာ၏ လေထုထဲသို့ ၀င်ရောက်လာသည်။ အစတွင် မှေးမှိန်သော်လည်း ကျဆင်းလာနေသည်နှင့်အမျှ ပိုပို၍ တောက်ပလာလေသည်။

အလင်းရောင်သည် သွေးရောင်တို့ဖြင့် တောက်ပနေသဖြင့် ရွှင်ပျော်ပျော်ကျေးရွာအား သွေးချင်းနီနေစေသည်။ နောက်ပိုင်းတွင်တော့ သွေးပင်လယ်ကြီးပမာ ဖြစ်သွား၏။

တစ်ချိန်တည်းမှာပင် နတ်ဘုရားစီရင်ရာစင်မြင့်တစ်ခုလုံး ထွန်းလင်းတောက်ပသွားကာ တာအိုသင်္ကေတများ ၀င်းပလာကြ၏။ ရုတ်တရက် သွေးရောင်အလင်းတန်းများက လှိုင်းလုံးများအလား ဖြာထွက်လာကြသည်။

ဓားရောင်နှင့် သွေးရောင်အလင်းတန်းတို့က ချက်ချင်း ဆက်နွယ်နေကြသည်။ ခိုင်ဧကရာဇ် မော့ကြည့်လိုက်သည့်အချိန်တွင် ဓားရောင်နှင့် သွေးရောင်အလင်းတန်းတို့ မည်သည့်နေရာ၌ ရှိနေမှန်း မမြင်ရတော့ပေ။

ရုတ်တရက် ဓားမအရာတစ်ချက်က ခိုင်ဧကရာဇ်၏ မျက်နှာထက်တွင် ထင်းလာသည်။ နတ်ဘုရားစီရင်ရာဓားမ ရောက်မလာခင်၌ပင် သူ့မျက်နှာပေါ်၌ ဒဏ်ရာတစ်ခု ပေါ်လာလေပြီ။

သူ့မျက်နှာပေါ်ရှိ ဒဏ်ရာမှ သွေး‌တို့ကလည်း အပေါ်သို့ လွင့်မြောနေကြသည်။ သူ့ခန္ဓာကိုယ်ထဲရှိ ချီနှင့် သွေးတို့မှာလည်း မြောလွင့်ကြပြီး ဒဏ်ရာဆီသို့ အဆက်မပြတ် တိုး၀င်နေကြ၏။

“တစ်လောကလုံးရဲ့ နံပါတ်တစ်လက်နက်ဆိုတဲ့ အတိုင်းပါပဲလား”

ခိုင်ဧကရာဇ်မှာ စိတ်လှုပ်ရှားလာမိသည်။ သူက ဓားအိမ်အတွင်းမှ ဓားထုတ်လိုက်ပြီး ဓားရောင်တို့က သူ၏သွေးတို့နှင့်အတူ စုစည်းသွား၏။ ဓားတာအိုသည်လည်း ပျံတက်သွားသော သွေးစက်များနှင့်အတူ ပေါင်းစည်းသွားတော့သည်။

ဒင် ဒင် ဒင်

ခိုင်ဧကရာဇ်၏ သွေးစက်များ နတ်ဘုရားစီရင်ရာဓားမနှင့် ထိတွေ့သွားသည်နှင့် တစ်ပြိုင်နက် သွေးထဲတွင် ကိန်းဝပ်နေသော ဓားတာအိုကား အုန်းခနဲ ပေါက်ကွဲထွက်ပေါ်လာတော့သည်။

ခိုင်ဧကရာဇ်၏ မျက်လုံးများ လင်းလက် တောက်ပသွားသည်။ နောက်ဆုံးတွင်တော့ သွေးပင်လယ်ထဲတွင် နတ်ဘုရားစီရင်ရာဓားမကို မြင်နေရလေပြီ။

သွေးပင်လယ်ထဲတွင် ရွှင်ပျော်ပျော်ဓားသည် နတ်ဘုရားစီရင်ရာဓားမနှင့် ထိပ်တိုက်တွေ့သွား၏။ သူ၏ ဓားတာအိုက ဓားဆီမှ ထွက်ပေါ်သွားပြီး တခဏအတွင်း ဓားနယ်ပယ်၏ ကောင်းကင်ဘုံအလွှာ ၃၅ လွှာကား သွေးရောင်အလင်းတန်းများထဲ၌ ဖွဲ့တည်လာတော့သည်။

ဝုန်း…

နတ်ဘုရားစီရင်ရာစင်မြင့်အထက် ကောင်းကင်ရှိ သွေးပင်လယ်မှာ ဘေးနှစ်ဖက်သို့ ကွဲထွက်သွားပြီး ဓားမရောင်နှင့် ဓားရောင်တို့သည် ကခုန်နေသော ကြိုးကြာများပမာ ရစ်ပတ်ရောယှက်သွား၏။ မျက်စိတစ်မှိတ်အတွင်း ခိုင်ဧကရာဇ်မှာ ဒဏ်ရာဗလပွဖြင့် တစ်ကိုယ်လုံး သွေးတို့ ရွှဲသွားလေသည်။

ဤသည်ကား ချင်မူ့ကိုယ်ပိုင်စွမ်းအား မဟုတ်ပေ။ နတ်ဘုရားစီရင်ရာစင်မြင့်နှင့် နတ်ဘုရားစီရင်ရာဓားမတို့၏ စွမ်းအားသာ ဖြစ်သည်။

နတ်ဘုရားစီရင်ရာစင်မြင့်သည် အလွန်တရာ ခမ်းနားထည်ဝါ၏။ ၎င်း၏အပေါ်တွင် ရပ်နေလျှင် တာအိုကျင့်စဉ်တွင် တစ်ဖက်ရန်သူ ပိုင်ဆိုင်ထားမည့် ကောင်းကင်ဘုံအရေအတွက်အား ပိုင်ဆိုင်လိမ့်မည်။

ချင်မူ၏ ကိုယ်ပိုင်ဓားတာအိုနယ်ပယ်တွင် ကောင်းကင်ဘုံ ၂၆ လွှာသာ ရှိသည်။ သားသတ်သမားနှင့် အခြားသူများဖြင့် ပူးပေါင်းသည့်အချိန်မှသာ ဓားတာအိုကို ကောင်းကင်ဘုံအလွှာ ၃၀ အထိ မြှင့်တင်နိုင်ပေသည်။ ထို့ကြောင့် သူ့အနေဖြင့် သူ၏ခွန်အားသက်သက်ဖြင့် ခိုင်ဧကရာဇ်ကို ထိခိုက်စေနိုင်လိမ့်မည် မဟုတ်ပေ။

သို့သော် နတ်ဘုရားစီရင်ရာစင်မြင့်၏ အကူအညီဖြင့် တာအိုကျင့်စဉ်စနစ်၏ ကောင်းကင်ဘုံအလွှာ ၃၀ အထိ အသက်သွင်းနိုင်ပေသည်။

ဤသည်က နတ်ဘုရားစီရင်ရာစင်မြင့်၏ ခွန်အားဖြစ်သလို ခိုင်ဧကရာဇ်၏ ခွန်အားလည်း ဖြစ်၏။

‌တာအိုကျင့်စဥ်စနစ်တွင် ကောင်းကင်ဘုံအလွှာ ၃၅ လွှာ ပိုင်ဆိုင်ထားသော ခိုင်ဧကရာဇ်မရှိလျှင် ချင်မူသည်လည်း နတ်ဘုရားစီရင်ရာစင်မြင့်ပေါ်တွင် ရပ်၍ တာအိုကျင့်စဉ်စနစ်၏ ကောင်းကင်ဘုံအလွှာ ၃၅ လွှာကအထိ ထိန်းချုပ်နိုင်လိမ့်မည် မဟုတ်ပေ။

နတ်ဘုရားစီရင်ရာဓားမ၏ စွမ်းအားကိုပါ ‌ပေါင်းထည့်လိုက်သည့်အခါတွင်တော့ သူကား ခိုင်ဧကရာဇ်ကို ဒဏ်ရာရစေနိုင်ခဲ့သည်။

ခိုင်ဧကရာဇ်အနေဖြင့် ဤသို့ ပြင်းထန်သော တိုက်ကွက်မျိုးကို ပထမဦးဆုံး တွေ့ကြုံဖူးခြင်းပင်။ အရပ်လေးမျက်နှာမှ ၀င်ရောက်လာလာနေသည့် ဓားရောင်များက ခုခံရန် နည်းလမ်းမရှိသည့်အလား ခံစားနေရစေသည်။ ထိုမျှသာမက ကြောက်မက်ဖွယ် ဓားရောင်အားလုံးသည် သူ၏ခန္ဓာကိုယ်ကို တစ်ချက်ပြီးတစ်ချက် ခုတ်ပိုင်းနေကြ၏။ သူ၏မူလဝိညာဥ်ကိုပါ ခုတ်ပိုင်းနေလေသည်။

သူ၏ တာအိုနှလုံးသားပင်လျှင် ဓားရောင်များ၏ ကျူးကျော်ခြင်းခံနေရသဖြင့် အပေါက်များ ပွထနေတော့သည်။

နတ်ဘုရားစီရင်ရာဓားမနှင့် နတ်ဘုရားစီရင်ရာစင်မြင့်အပြင် ဓားတာအိုတွင် ကျွမ်းကျင်သော ချင်မူ... သူတို့ ပေါင်းစည်းသွားသည့်အခါ၌ ခိုင်ဧကရာဇ်အား ခံစစ်အနေအထားသို့ ရောက်ရှိသွားစေသည်။

ခိုင်ဧကရာဇ်သည် သွေးရောင်အလင်းတန်းထဲတွင် ချင်မူ့ကို တွေ့မြင်နေရ၏။ နတ်ဘုရားစီရင်ရာဓားမက နှစ်ခု ကွဲထွက်သွားလိုက်၊ ပေါင်းစည်းသွားလိုက်ဖြင့် ရွေ့လျားနေသည်။ ဓားမအရှည်ကလည်း တိုလိုက်၊ ရှည်လိုက် ပြောင်းလဲသွားတတ်ပြီး ဝေးကွာသွားလိုက်၊ နီးလာလိုက် ဖြစ်နေ၏။ ပြင်းထန်လှသော လေအဟုန်၊ လျှပ်စီးနှင့် မိုးကြိုးမုန်တိုင်းတို့အား သူ့ကို ခုတ်ထစ်နေသည်။ မြန်ဆန်လွန်းသည့်အတွက် မှန်းဆ၍ မရနိုင်ပေ။

ချင်မူက သူ့ကို အရပ်လေးမျက်နှာမှ တိုက်ခိုက်နေသောကြောင့် သူ၏ တာအိုကျင့်စဉ်စနစ်ပင်လျှင် မခုခံနိုင်ချေ။ သူ၏ ဓားနယ်ပယ်မှာလည်း ဓားမနှစ်လက်ကြောင့် မကြာခဏ နှစ်ပိုင်း ကွဲထွက်နေသည်။

သူ၏ရုပ်ခန္ဓာမှ ဒဏ်ရာများနှင့် မူလဝိညာဉ်၏ ဒဏ်ရာများက ပြင်းထန်သော်လည်း တာအိုနှလုံးသားကို ထိရောက်နေသည့် ဓားရာများက ပို၍ လေးလံပြင်းထန်သည်။

နတ်ဘုရားစီရင်ရာဓားမသည် တိုက်ကွက်များနှင့်အတူ တာအိုမေးခွန်းထုတ်နေသည့်အလား သူ၏တာအိုနှလုံးသားကို ဆူပူကြိမ်းမောင်းနေ၏။ သူ၏လုပ်ရပ်များကို မာန်မဲရင်း သူ့ကိုယ်သူ သံသယဝင်စေပြီး ယုံကြည်ချက်ကင်းမဲ့လာစေသည်။

ခိုင်ဧကရာဇ်မှာ ဤတိုက်ကွက်မျိုးကို တစ်ကြိမ်တစ်ခါမှ မမြင်ဖူးသဖြင့် မည်သို့ခုခံရမည်လဲ မသိတော့ပေ။

သူ့ဘဝတွင် ပထမဆုံးအကြိမ် ချိတုံချတုံ ဖြစ်နေကာ ဝေခွဲမတတ်တော့ပေ။

မယိုင်လဲနိုင်အောင် ခိုင်မာသည် ဆိုသော သူ၏ တာအိုနှလုံးသားမှာလည်း ဤအခိုက်အတန့်တွင် အားနည်းလာခဲ့ချေပြီ။ ဤဘဝတွင် သူ၏ လုပ်ရပ်များနှင့် ကျရှုံးမှုများကို မြင်ယောင်လာမိပြီး ခိုင်ဧကရာဇ်ခေတ်ကပ်ဘေး ဖြစ်ပွားခဲ့တုန်းက သူ့ဆုံးဖြတ်ချက်၏ အကျိုးဆက်များကို ပြန်လည်တွေ့မြင်လာရသည်။

ခိုင်ဧကရာဇ်ခေတ်ကပ်ဘေးတွင် သူသည် ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံ၏ အကြီးမားဆုံး အင်အားစုကိုသာ စုရုံး၍ ရွှင်ပျော်ပျော်ကျေးရွာတွင် ခိုလှုံရန် သွားနေ၏။ သူတို့ ထွက်ခွာလာသည့်အခါ ခိုင်ဧကရာဇ်ခေတ်ကောင်းကင်နတ်ဘုံ ကာကွယ်ပေးထားခဲ့သည့် ပြည်သူပြည်သားများမှာ အိမ်ခြေရာမဲ့များ ဖြစ်လာပြီး မိသားစုများ သေကွဲရှင်ကွဲဖြင့် ဒုက္ခသောကဝေနေသည်ကို တွေ့မြင်နေရသည်။ နဂါးဟန်ကောင်းကင်နတ်ဘုံ၏ နတ်ဘုရားမိစ္ဆာတို့လက်ထဲ၌ မရေမတွက်နိုင်သော သတ္တဝါများ မရှုမလှ သေဆုံးနေကြရသည်ကို မြင်နေရ၏။

သူ ကာကွယ်ပေးမည်ဟု ကတိပေးခဲ့သော ဘဝများကိုလည်း မြင်နေရသည်။ တိုင်းသူပြည်သားများမှာ သဘာဝဘေးအန္တရာယ်နှင့် လူလုပ်ကပ်ဘေးတို့အား ရင်ဆိုင်နေကြရသည်။ သူတို့အားလုံးသည် ငိုကြွေးမြည်တမ်းရင်း အသက်ရှင်ရန် ရုန်းကန်နေကြသော်လည်း သူ ကတိတည်ပေးမည့်အချိန်အထိပင် မစောင့်နိုင်တော့ကြောင်း တွေ့နေရ၏။

သူနှင့် လိုက်မလာခဲ့သော လက်အောက်ငယ်သားများ ကြေကွဲဝမ်းနည်းစွာဖြင့် တစ်ယောက်ပြီးတစ်ယောက် ကျောက်တုံးအဖြစ် ပြောင်းလဲသွားကြသည်ကိုလည်း တွေ့ရသည်။

ခိုင်ဧကရာဇ်ခေတ်သည် မဟာမြို့ပျက်အဖြစ် ပြောင်းလဲသွားခဲ့၏။ ကောင်းကင်စက်မှုလက်မှု နတ်ဘုရားမျိုးနွယ်၏ ကြေကွဲဝမ်းနည်းဖွယ်ရာ သေဆုံးမှုများကို တွေ့မြင်ခဲ့ရသည်။ တန်ခိုးရှင်သစ်ခုတ်သမား၏ စိတ်ပျက်မှုကို တွေ့မြင်ရသည်။ ပထမလူသားဧကရာဇ်သည် ကျန်ရှိသော လူသားများကို ဦးဆောင်ကာ အခက်အခဲများကို ကျော်ဖြတ်ရှင်သန်နေသည်ကိုလည်း တွေ့မြင်နေရ၏။

ထို့နောက်တွင် ပထမလူသားဧကရာဇ်မှာ သူ့ကိုယ်သူ အပြစ်တင်မိနေသည့်စိတ်ကြောင့် ကျောက်စိမ်းမြို့တော်ငယ်တွင် ကျောက်ရုပ်အဖြစ် ပြောင်းလဲခဲ့ပြီး နိုးထလာရန် ငြင်းဆန်နေသည်ကိုလည်း တွေ့မြင်နေရသည်။

ဤသည်က ခိုင်ဧကရာဇ်၏ အပြစ် ဖြစ်သော်လည်း ပထမလူသားဧကရာဇ်ကသာ ခါးစည်းခံခဲ့ရသည်။

ခိုင်ဧကရာဇ်၏ ခိုင်မာပြတ်သားသော တာအိုနှလုံးသားမှာ ယိုင်နဲ့လာချေပြီ။

ချင်မူ့ဓားရောင်က သူ့ကို ယိုင်နဲ့လာစေသည်။ သူ့ဘဝတွင် ‌နောင်တမရဘဲ၊ သူ့ကိုယ်သူ အပြစ်မတင်မိဘဲ ဘယ်သောအခါမှ နေနိုင်မည်မဟုတ်ပေ။ ချင်မူက နတ်ဘုရားစီရင်ရာစင်မြင့်၏ စွမ်းအားကို အသုံးပြုကာ သူ့တာအိုနှလုံးသားထဲ၌ ကိန်းအောင်းနေသော ရှက်စိတ်ကို ထုတ်ဖော်ခဲ့သည်။

ဝှစ်…

သွေးစွန်းနေသော ဓားမရောင်တစ်ချက် ဆင်းသက်လာ၏။ ခိုင်ဧကရာဇ်က သူ၏ဓားဖြင့် ခုခံလိုက်သော်လည်း မြေပေါ် ဒူးထောက်လျက်သား ကျသွားသည်။ နတ်ဘုရားစီရင်ရာဓားမက ရွှင်ပျော်ပျော်ဓားအပေါ် ဖိထားပြီး ရွှင်ပျော်ပျော်ဓားသည် သူ၏ပခုံးထဲသို့ နစ်ဝင်လာနေ၏။

သူ့မှာ အတိတ်ကို ပြန်ရောက်သွားသကဲ့သို့ မြေပေါ်တွင်ဒူးထောက်နေလေသည်။ သူကား ဓားကို ပထမဦးဆုံးအကြိမ် ကိုင်ခဲ့သည့် အခိုက်အတန့်သို့ ပြန်လည်ရောက်ရှိသွားချေပြီ။

သူ ငေးကြောင်နေသည့်အချိန်တွင် သူ၏ဆရာ၊ အမည်မသိသော ဓားသိုင်းပညာရှင်တစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုသူအား ဓားသိုင်းကွက်များ သင်ပေးရန် ဒူးထောက်တောင်းပန်နေစဉ် ဓားသိုင်းပညာရှင်အိုကြီး၏ အသံက သူ၏တာအိုနှလုံးသားထဲတွင် ပဲ့တင်ထပ်သွားသည်။ “ချင်ယဲ့၊ မင်း ဘာလို့ ဓားသိုင်းသင်တာလဲ”

ရွံ့နွံထဲတွင် ကလေးငယ်လေးတစ်ဦးက ခေါင်းမော့ကြည့်လာသည်။ သူ၏မျက်လုံးများက ခိုင်မာပြတ်သားမှုတို့ဖြင့် ဝင်းဝင်းလက်ကာ တောက်ပနေကြသည်။ “ကျွန်တော့်လို ဒုက္ခတွေ၊ မတရားမှုတွေ ခံစားနေရတဲ့သူတွေကို ကာကွယ်ပေးနိုင်ဖို့ ဓားသိုင်းသင်မှာ”

“တစ်လောကလုံးမှာ မင်းမူနေတဲ့ မတရားမှုတွေကို ဖယ်ရှားပြီး သာမန်လူတွေကို ကာကွယ်ပေးနိုင်ဖို့ ဓားသိုင်းသင်မှာ”

“ရေတွေ ကြီးမလာအောင် တားနိုင်ဖို့၊ မြစ်ချောင်းတွေ ဖောက်ဖို့၊ ကောင်းကင်က နတ်ဘုရားမိစ္ဆာ ကပ်ဘေးတွေ ခေါ်မလာနိုင်အောင် ဓားသိုင်းသင်မှာ… ကျွန်တော် ဓားသိုင်းသင်ပြီးသွားရင် ဓားကို လက်နက်အဖြစ် သုံးပြီး သားရဲတွေကို သတ်ပစ်မယ်… မိစ္ဆာတွေကို ဖယ်ရှားပြီး နတ်ဘုရားတွေအတွက် စည်းကမ်းချမှတ်မယ်… တစ်လောကလုံး အေးချမ်းသာယာစေရမယ်”

“မင်း လုပ်နိုင်မှာလား”

“လုပ်နိုင်တယ်”

ဓားသိုင်းပညာရှင်အိုကြီးသည် သူ၏ပခုံးပေါ်တွင် ဓားကို တင်လိုက်ပြီး ပြုံးလျက် ပြောသည်။ “ချင်ယဲ့၊ ဒါက မင်းရဲ့ မူလရည်ရွယ်ချက်ဆိုတာ မေ့မသွားနဲ့… မင်းအနာဂတ်မှာ လုပ်သမျှ အရာအားလုံးဟာ မူလရည်ရွယ်ချက်ကနေ သွေဖယ်သွားလို့ မဖြစ်ဘူး ... မင်း နားလည်သလား”

သွေးရောင်အလင်းတန်းထဲတွင် သွေးများ စိုရွှဲနေသည့် ခိုင်ဧကရာဇ်က သူ့အား ခုတ်ပိုင်းနေသော သွေးရန်သူနဂါးနှစ်ကောင်ဆီသို့ မော့ကြည့်လိုက်သည်။ နဂါး၏မျက်လုံးများသည် ပြီးခဲ့သည့်နှစ်များအတွင်း သူ ဆောင်ရွက်ခဲ့သော လုပ်ရပ်များကို ရှုံ့ချနေပြီး မူလရည်ရွယ်ချက်ကို မေ့ပျောက်သွားသည့်အတွက် လှောင်ပြောင်နေသည့်အလားပင်။

ခိုင်ဧကရာဇ်၏ မျက်လုံးအိမ်မှ မျက်ရည်များ စီးကျလာသည်။ သူ၏မျက်ဝန်းထဲတွင် သွေးမျက်ရည်တို့ ပြည့်နှက်နေလေသည်။

ခွမ်း…

သူ့လက်ထဲရှိ ရွှင်ပျော်ပျော်ဓားမှာ ရုတ်တရက် ပေါက်ကွဲပြီး ပြာကျသွားသည်။

မည်သည့်တိုက်ပွဲတွင်မဆို သူ့ကို အဖော်ပြုပေးခဲ့သော ရွှင်ပျော်ပျော်ဓားကား အစိတ်စိတ်အမွှာမွှာ အက်ကွဲသွားချေပြီ။

သို့သော် သူ၏လက်ထဲတွင် ဓားရောင် ကျန်ခဲ့သေးသည်။ ဓားရောင်က အရပ်လေးမျက်နှာသို့ ဖြာထွက်ကာ တောက်ပနေသေးသည်။

သူ၏ဓားသိုင်းပညာတွင် ရွှင်ပျော်ပျော်ဆိုသည့်အရာ မရှိတော့။ မူလရည်ရွယ်ချက်သာ ကျန်ရစ်တော့သည်။

သူ၏ မူလရည်ရွယ်ချက်က ဓား ဖြစ်လာလေသည်။

All Chapters