ဓားတာအို
Vol. 118 Ch. 1541
ထိုဓားသည် ခိုင်ဧကရာဇ်၏ အစစ်အမှန် ဓားသိုင်းပညာမှ အသွင်ဖွဲ့တည်လာခဲ့သည့် ဓားဖြစ်သည်။ ၎င်းသည် သူ့တာအိုနှလုံးသားအတွင်း၌ ငုပ်လျှိုးနေခဲ့သည် အစွန်းအထင်းများနှင့် အပြစ်ရှိစိတ်တို့အား ဖယ်ရှားသန့်စင်ပြီးနောက် ရောက်ရှိလာသော ဓားလည်း ဖြစ်သည်။
ရွှင်ပျော်ပျော်ဓားကား ရွှင်ပျော်ပျော်ကျေးရွာကို ကိုယ်စားပြုသည်။
ခိုင်ဧကရာဇ်က ဓားတာအိုကို ပုံကြမ်းသဖွယ် အသုံးပြု၍ ရွှင်ပျော်ပျော်ကျေးရွာ၏ ကောင်းကင်ဘုံ ၃၀ ကို ဖန်တီးခဲ့သည်။ ရွှင်ပျော်ပျော်ကျေးရွာကို ရွှင်ပျော်ပျော်ဓားထဲတွင် ဝှက်ထားခဲ့ပြီး မဟာလေဟာနယ်သို့ ခေါ်ဆောင်သွားခဲ့သည်။
ရွှင်ပျော်ပျော်ကျေးရွာကို ဖန်တီး၍ ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံကို ရွှင်ပျော်ပျော်ကျေးရွာသို့ ပြောင်းရွှေ့ခဲ့ခြင်းမှာ သူ၏ တစ်ဘဝလုံးတွင် အရေးကြီးသော ဆုံးဖြတ်ချက် ဖြစ်ခဲ့သည်။ မှန်ကန်သည့် ဆုံးဖြတ်ချက် ဖြစ်သော်လည်း အငြင်းပွားဖွယ်ရာ ဆုံးဖြတ်ချက်တစ်ခု ဆိုလည်း မမှားပေ။
ယခုတွင် ရွှင်ပျော်ပျော်ဓား ပျက်စီးသွားသော်လည်း ခိုင်ဧကရာဇ်သည် သူ့ကိုယ်သူ ငြင်းဆန်လိုက်သည့် အဓိပ္ပာယ်မဟုတ်ပေ။
ခိုင်ဧကရာဇ်အနေဖြင့် သူ မှားသည်ဟု ဘယ်တုန်းကမှ မတွေးထင်ခဲ့သော်လည်း လုံလုံလောက်လောက် မဆောင်ရွက်နိုင်ခဲ့သောကြောင့် သူ၏လုပ်ရပ်များကြောင့် ခိုင်ဧကရာဇ်ခေတ် ပြည်သူပြည်သားများ သူ့အပေါ စိတ်ပျက်လက်လျှော့သွားခဲ့ပြီဟု တွေးမိခဲ့သည်။
ဤအခိုက်အတန့်တွင် သူ၏ ဓားတာအိုကား ပြန်လည်ဖွဲ့စည်းလာခဲ့ချေပြီ။
ယခင်က လုပ်ရပ်များကြောင့် ခံစားခဲ့ရသည့် အပြစ်ရှိစိတ်တို့က သူ၏ တာအိုနှလုံးသားနှင့် တာအိုကျင့်စဉ်စနစ်အပေါ် အဟန့်အတား ဖြစ်လာခဲ့သည်။ သူ၏ စိတ်နှလုံးမိစ္ဆာ ဖြစ်လာခဲ့သည့်အတွက် နောက်ဆုံးခြေလှမ်းအား တားဆီးနေခဲ့လေသည်။
ခိုင်ဧကရာဇ်သည် အပြင်ပန်းအရ ကြည့်လျှင် စိတ်မာပြီး လွယ်လွယ်နှင့် တာအိုနှလုံးသား ထိခိုက်သွားမည့်သူ မဟုတ်ဟု ထင်ရတတ်၏။ မည်သူမှ သူ့အား မပြောင်းလဲနိုင်သလို၊ မည်သူမှ အနိုင်မယူနိုင်သည့် ဧကရာဇ်တစ်ပါးနှင့် တူခဲ့သည်။ ရွှင်ပျော်ပျော်ကျေးရွာက သူ့အား နတ်ဘုရားလို ကိုးကွယ်သည်။ သူ ရှိနေသရွေ့ ခိုင်ဧကရာဇ်ခေတ်လည်း တည်ရှိလိမ့်မည်။ သူ အသက်ရှင်နေသရွေ့ ခိုင်ဧကရာဇ်ခေတ်သည် အဆုံးသတ်မည်မဟုတ် ဟု ယုံကြည်ထားခဲ့ကြသည်။
သို့သော် အမှန်တကယ်တွင် သူကား နတ်ဘုရား မဟုတ်ပေ။ လူသားတစ်ယောက်သာ။
လူသားဖြစ်သည့်အတွက် သူ့တွင်လည်း အားနည်းချက်များ၊ တုံ့ဆိုင်းမှုများ ရှိတတ်သည်။ သူ၏ တာအိုနှလုံးသားမှာလည်း နာကျင်ခံစားတတ်သလို၊ စိတ်နှလုံးမိစ္ဆာတို့လည်း မွေးဖွားတတ်သည်။
ချင်မူ နတ်ဘုရားစီရင်ရာစင်မြင့်နှင့် နတ်ဘုရားစီရင်ရာဓားမကို အသုံးပြုပြီး သန်မာပါသည်ဆိုသော သူ၏အပြင်အသွင်ကို ခွာချ၍ မူလနှလုံးသားအား ထုတ်ဖော်လိုက်သည့်အခါ သူ့တာအိုနှလုံးသားထဲရှိ နာကျင်မှုနှင့် မိစ္ဆာတို့မှာလည်း အပြင်းထန်ဆုံး အခြေအနေတွင် ဖြစ်နေခဲ့သည်။ သူ့ကို အနိုင်ယူရန် အလွယ်ကူဆုံး အခြေအနေလည်း ဖြစ်သည်။
သို့သော် သူ၏တာအိုနှလုံးသား ပြန်လည်နိုးထလာသည့် အခိုက်အတန့်လည်း ဖြစ်ပေသည်။
ယခင်ကလို ဝမ်းနည်းကြေကွဲဖွယ်ရာ အဖြစ်အပျက်များ ပြန်မဖြစ်အောင် ခိုင်ဧကရာဇ်အနေဖြင့် သူ၏ တာအိုနှလုံးသားထဲရှိ နာကျင်မှုများ၊ မိစ္ဆာများနှင့် အပြစ်တင်စိတ်တို့အား ဆေးကြောသန့်စင်ရပေလိမ့်မည်။ ထို့မှသာ အနာဂတ်တွင် အလားတူ အပြစ်ရှိစိတ်နှင့် နောင်တတို့ ခံစားရလိမ့်မည် မဟုတ်ပေ။
သူ့လက်ထဲရှိ ရွှင်ပျော်ပျော်ဓားက အက်ကွဲကြေမွသွားသည့်အချိန်မှာပဲ သူ၏ တာအိုနှလုံးသားက တဟုန်ထိုး နိုးထလာသည်။ သူသည် မူလနှလုံးသားကို ဓားအဖြစ် အသုံးပြုလိုက်ပြီး ဓား ဖွဲ့တည်လာသည်နှင့် သူ၏ဓားတာအိုကား ပေါင်းစည်း၏။
နတ်ဘုရားစီရင်ရာစင်မြင့်ပေါ်ရှိ သွေးရောင်နှင့် ဓားမရောင်တို့မှာလည်း တာအိုဓားဆီမှ အလင်းရောင်ဖြင့် လွှမ်းမိုးခံလိုက်ရပြီး အက်ကွဲကုန်ကြသည်။ သွေးရောင်ထဲမှ ချင်မူ့လက်ထဲရှိ နတ်ဘုရားစီရင်ရာဓားမမှာ တစ်လက်မချင်း ကျိုးပဲ့လာပြီး ချင်မူအား အားကုန်တွန်းထုတ်နေသည်။ ချင်မူမှာ အနောက်ဆုတ်ရင်း အစွမ်းကုန်ခုခံနေသော်လည်း ဓားရောင်သည် ဓားတာအိုအလားပင်။ ၎င်းက ကျူးကျော်ဝင်ရောက်လာပြီး တခဏအတွင်း သူ၏ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများစွာ ဖြစ်ပေါ်သွားစေ၏။
ချင်မူအနေဖြင့် နတ်ဘုရားစီရင်ရာစင်မြင့်ပေါ်မှ နောက်ဆုတ်ရန်မှတစ်ပါး ရွေးချယ်စရာ မရှိပေ။ သို့သော် ဓားရောင်က ပို၍သိပ်သည်းအားကောင်းလာသည်။ ဓားတာအို၏ အလွှာတစ်ခုပြီး တစ်ခုက ဖြာထွက်လာပြီး ရွှင်ပျော်ပျော်ကျေးရွာ၏ ကောင်းကင်နှင့်မြေကြီးအပေါ် ဖုံးလွှမ်းကာ မဟာလေဟာနယ်သို့ ဝင်ရောက်လာသည်။ မဟာလေဟာနယ်ရှိ နေရာဟင်းလင်းပြင်ပင်လျှင် ဓားရောင်၏ ချွန်ထက်မှုကို ထိန်းချုပ်မထားနိုင်ပေ။
ဓားရောင်တစ်ချက်က နေရာဟင်းလင်းပြင်ထဲတွင် ရုတ်တရက် ထွန်းလင်းတောက်ပသွားပြီး ကမ္ဘာလောကတစ်ခုလုံး ဝင်းပသွားစေသည်။
ဓားတာအို၏ အရောင်အဝါကက စကြ၀ဠာတစ်ခုလုံးရှိ ကမ္ဘာလောကများကို လင်းထိန်လာစေသည့်အပြင် ဓားသိုင်းပညာရှင်အားလုံးလည်း ခံစားမိလိုက်ကြသည်။ ဓားတာအိုသည် နှိုင်းယှဥ်မရနိုင်အောင် ရှင်းလင်းပြတ်သားလာပြီး မျက်စိကျိန်းမတတ် တောက်ပလာချေပြီ။ ဓားသိုင်းပညာရှင်အားလုံးမှာ ပြိုင်ဘက်ကင်းစွာ ခံ့ညားနေသော ပုဂ္ဂိုလ်တစ်ယောက်နှင့် နှိုင်းယှဉ်မရနိုင်အောင် ထည်ဝါနေသော ဓားရောင်တို့ကို မြင်လာရ၏။
ဓားတာအိုက မြင့်တက်သွားရင်း ဟင်းလင်းပြင်အလွှာ တစ်ခုပြီးတစ်ခုအပေါ် တံဆိပ်ခတ်နှိပ်ပြီး ဟင်းလင်းပြင်၏ အနက်ရှိုင်းဆုံးနေရာ အန္တိမဟင်းလင်းပြင်အထိ ရောက်ရှိသွားသည်။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ တာအိုဒဿနတက္ကသိုလ်တွင်
ရွာလူကြီးသည် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ မျိုးဆက်သစ်များကို ဓားသိုင်း သင်ပေးနေ၏။ ထိုအခိုက်အတန့်တွင် သူက တည်ကြည်လေးနက်သော မျက်နှာအမူအရာဖြင့် ဟင်းလင်းပြင်သို့ မော့ကြည့်လိုက်ပြီး သူ၏မျက်ဝန်းထဲတွင် မျက်ရည်များ ဝဲတက်လာသည်။
ထာဝရရှင်သန်သွားမည့် မဟာတာအိုတစ်ခု မွေးဖွားလာသည်ကို သူ ခံစားလိုက်ရချေပြီ။
ဤသည်က သူ အမြဲ အိပ်မက်မက်ခဲ့ရသော မဟာတာအိုပင်။
ဘိုးဘေးနန်းတော်ထဲတွင် ကျန်းပိုင်ကွေ့နှင့် ဧကရာဇ်ယန်ဖုန်းက လမ်းလျှောက်နေကြသည်။ ရုတ်တရက် ကျန်းပိုင်ကွေ့က ခေါင်းမော့ကြည့်လိုက်ရာ အလင်းရောင်များ ထွန်းလင်းတောက်ပနေသည်ကို တွေ့လိုက်ရ၏။ သူက လှမ်း၍ ဦးညွှတ်အရိုအသေပေးပြီးနောက် ရှေ့ဆက်လျှောက်သွားသည်။
ဧကရာဇ်ယန်ဖုန်းက သိချင်စိတ်ပြင်းပြစွာ မေးလေသည်။ “ပိုင်ကွေ့၊ ဘာကို အရိုအသေပေးနေတာလဲ”
“ဓားတာအို အောင်မြင်သွားတဲ့ ပုဂ္ဂိုလ်ကိုပေါ့”
ကျန်းပိုင်ကွေ့၏ မျက်နှာအမူအရာက တည်ကြည်လေးနက်နေသည်။ “ဒီနေ့မှာ တစ်ယောက်ယောက်က ဓားတာအို အောင်မြင်သွားပြီး ဓားတာအိုအတွက် အောင်မြင်မှုကျောက်တိုင်တစ်တိုင် စိုက်ထူနိုင်ခဲ့ပြီ”
ဤအခိုက်အတန့်တွင် မည်သည့်နေရာ၌ ရှိနေပါစေ ဓားသိုင်းသမားအားလုံး၏ မျက်နှာအမူအရာများသည် တည်ကြည်လေးနက်နေကြ၏။ တစိချိန်တည်းမှာပင် သူတို့အားလုံးက တူညီသော အရပ်မျက်နှာတစ်ခုသို့ ဦးညွှတ်အရိုအသေပေးလိုက်ကြသည်။ သူတို့လက်ထဲရှိ ဓားများ၊ နောက်ကျောရှိ ဓားစလွယ်များ၊ ဓားအိမ်များနှင့် ဓားစက်လုံးများ... အစရှိသဖြင့် ဓားလက်နက်အားလုံးသည် လေပေါ်မြောက်တက်ပျံဝဲလျက် တာအို ရရှိသွားသော ပုဂ္ဂိုလ်အတွက် ပျော်ရွှင်ဝမ်းမြောက်ပေးနေကြသည်။
လေထဲတွင် လွင့်မြောကခုန်နေသော ဓားရောင်များအကြား ကောင်းကင်နှင့် မြေကြီးရှိ မဟာတာအို၏ မှန်းဆမရနိုင်သော စွမ်းအားကို ခံစားနေကြရသည်။
ရွှင်ပျော်ပျော်ကျေးရွာတွင် ယန်ယွင်ရှီ၊ ကွမ်းချာနှင့် ကျန်ကောင်းကင်ဆရာသခင်များသည်လည်း ပြည့်ကြပ်နေသော ခံစားချက်များဖြင့် ဓားရောင်တို့အား မော့ကြည့်နေကြသည်။
နောက်ဆုံးတော့ ဤနေ့သို့ ရောက်လာခဲ့လေပြီ။
ခိုင်ဧကရာဇ်ခေတ်ကောင်းကင်နတ်ဘုံ ရွှင်ပျော်ပျော်ကျေးရွာအဖြစ် ပြောင်းလဲသွားသည့်အချိန်မှစ၍ သူတို့ရင်ထဲတွင် ခါးသီးမုန်းတီးမှုတို့ ပြည့်ကြပ်လာခဲ့သည်။ ချင်မူ ရွှင်ပျော်ပျော်ကျေးရွာရှိ လူများကို လှုံ့ဆော်ပြီး သူတို့၏ တိုက်ခိုက်လိုစိတ်အား ပြန်လည်အသက်သွင်းပေးခဲ့သည့်တိုင်အောင် ခါးသီးမုန်းတီးမှုများက ပျောက်ကွယ်မသွားခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် သူတို့သည် အနိုင်ယူခံနေရသော အခြေအနေတစ်ခုတွင် ရှိနေသေးသည့်အတွက်ကြောင့်ပင်။
ကောင်းကင်နတ်ဘုံ၏ နတ်ဘုရားမိစ္ဆာစစ်တပ်သည် မဟာလေဟာနယ်ကို တိုက်ခိုက်၍ ကျူးကျော်သိမ်းပိုက်ခဲ့ပြီး သူတို့အား မဟာလေဟာနယ်၏ တစ်ဖက်ကုန်းမြေသို့ ထွက်ပြေးစေခဲ့သည်။
သူတို့၏ စိတ်ထဲရှိ ခါးသီးမုန်းတီးမှုများက ဒေါသအဖြစ် ပြောင်းလဲသွားကြသော်လည်း ထွက်၍ မတိုက်ခိုက်ရဲကြပေ။ ဒေါသများကို ရင်ထဲတွင်သာ မြိုသိပ်ထားကြရသည်။
သို့သော် ခိုင်ဧကရာဇ်ကား တာအိုရခဲ့လေပြီ။
အဓိပ္ပာယ်က သူတို့ ပြန်လည်တိုက်ခိုက်နိုင်တော့မည် ဖြစ်သည်။
အဝေးတွင် တန်ခိုးရှင်သစ်ခုတ်သမားသည် တည်ငြိမ်အေးဆေးနေသယောင် ရှိ၏။ သူက ဓားရောင်ကို ကြည့်နေရင်း ခိုင်ဧကရာဇ်နှင့် ဆုံတွေ့ခဲ့သည့် လွန်ခဲ့သည် နှစ်လေးသောင်းက နေ့ရက်ကို ပြန်တွေးနေသည်။ သူတို့နှစ်ယောက်သည် အာပေါင်အာရင်းသန်သန် ဆွေးနွေးရင်း တစ်ယောက်ကိုတစ်ယောက် ယုံကြည်အားထားခဲ့ကြလေသည်။
ထိုနေ့ရက်မှ စတင်၍ နှစ်ယောက်သား ဒဏ္ဍာရီလာ သမိုင်းကြောင်းများဖြင့် ပြည့်နှက်လာမည့် လမ်းကို အတူတူ လျှောက်လှမ်းခဲ့ကြသည်။
ကမ္ဘာခေတ်နှောင်းကျင့်စဉ်စနစ်ဖြင့် တာအို ရရန်က သူတို့ ယခင်ကတည်းက ချမှတ်ထားခဲ့သော ပန်းတိုင်တစ်ခု ဖြစ်ပြီး ယနေ့တွင်တော့ ထိုပန်းတိုင်သို့ ရောက်ခဲ့လေပြီ။
‘ဒါပေမဲ့ ဓားတာအိုက ပထမဦးဆုံး ခြေလှမ်းပဲ ရှိသေးတယ်… ကျင့်ကြံပြီးမှ ရနိုင်တဲ့ လမ်းစဉ်၊ မဟာတာအို ၃၆၀ ကမှ ခိုင်ဧကရာဇ်ခေတ် ပြုပြင်ပြောင်းလဲမှုရဲ့ ပန်းတိုင်ပဲ’
ထိုအခိုက်အတန့်တွင် ချင်မူက နတ်ဘုရားစီရင်ရာစင်မြင့်မှ နောက်ဆုတ်သွားပြီ ဖြစ်သည်။ ခိုင်ဧကရာဇ်ချင်ယဲ့သည် သူ့အား ဖိအားများစွာ ပေးခဲ့၏။ သူ၏ခန္ဓာကိုယ်တစ်ကိုယ်လုံး သွေးသံရဲရဲဖြင့် ဒဏ်ရာဗလပွဖြစ်နေသော်လည်း သွေးများက ပြန်လည်စီးဝင်ကာ ဒဏ်ရာများမှာလည်း လျင်မြန်စွာ သက်သာနေကြသည်။
သူသည်လည်း ဓားသိုင်းပညာရှင်တစ်ယောက် ဖြစ်သောကြောင့် ဓားတာအိုသည် ကောင်းကင်နှင့် မြေကြီးမှ လက်ခံသော မဟာတာအိုတစ်ခု ဖြစ်လာပြီး ကောင်းကင်နှင့်မြေကြီး၏ လမ်းစဉ်တစ်ခု တရားဝင်ဖြစ်လာသည်ကို အာရုံခံမိလေသည်။
နဂါးဟန်ခေတ်၏ ကောင်းကင်နတ်အရှင်ကိုးပါးထဲမှ တစ်ယောက်ဖြစ်သော ခိုင်ဧကရာဇ်သည်လည်း ကောင်းကင်နှင့် မြေကြီးတွင် တံဆိပ်ခတ်နှိပ်ကာ ထာဝရ ရှင်သန်နိုင်လိမ့်မည်။
ချင်မူ့ခါးရှိ ကပ်ဘေးဓားက အသာအယာ တုန်ခါနေပြီး ဓားသံ ထုတ်လွှတ်နေသည်။ ဓားတာအိုသည် ထာဝရမဟာတာအိုတစ်ပါး ဖြစ်လာရာ ကပ်ဘေးဓားလည်း စိတ်လှုပ်ရှားနေ၏။
စိတ်လှုပ်ရှားနေသည်က ချင်မူ့ကပ်ဘေးဓား မဟုတ်ဘဲ ချင်မူ ကျင့်ကြံထားသည့် ဓားတာအို ဖြစ်ပေသည်။
‘တစ်လောကလုံးမှာရှိတဲ့ ဓားသိုင်းပညာရှင်တွေလည်း ဒီလိုပျော်ရွှင်မှုမျိုး ခံစားနေကြရမှာမလား’
ချင်မူလည်း ကျေနပ်စွာ ပြုံးလိုက်ပြီး နတ်ဘုရားစီရင်ရာစင်မြင့်ပေါ်ရှိ ခိုင်ဧကရာဇ်အား ကျေးဇူးတင်စိတ်အပြည့်ဖြင့် လှမ်းကြည့်လိုက်သည်။ သူ၏နှလုံးသားထဲတွင် ဂုဏ်ယူဝမ်းမြောက်မှုတို့ တလှိုက်လှိုက် ဖြစ်ပေါ်နေသည်။
ထိုပုဂ္ဂိုလ် တာအိုရအောင် သူတစ်ယောက်တည်း ဖန်တီးပေးနိုင်ခဲ့သည့်အတွက်လည်း သူ၏နှလုံးသားထဲတွင် ဂုဏ်ယူနေမိသည်။
နတ်ဘုရားစီရင်ရာစင်မြင့်ပေါ်တွင် နတ်ဘုရားစီရင်ရာဓားမသည် အက်ကွဲသွားပြီး ခိုင်ဧကရာဇ်ကို လှည့်ပတ်နေသည့် ဘေးအန္တရာယ်အရှိန်အဝါတို့အဖြစ် ပြောင်းလဲနေ၏။ သို့သော် ပုံစံဖွဲ့တည်လာရန် ခက်ခဲနေသေးသည်။
ခိုင်ဧကရာဇ်၏ ဓားတာအိုက အားကောင်းခိုင်မာလွန်းသဖြင့် နတ်ဘုရားစီရင်ရာဓားမှာ ပြီးပြည့်စုံသော အသွင်အဖြစ် ပြန်လည်ဖွဲ့တည်လာရန် မဖြစ်နိုင်သလောက်ပင်။
ချင်မူ မော့ကြည့်လိုက်သည့်အခါ ဟင်းလင်းပြင်အလွှာများ ပွင့်ဟလာသည်ကို တွေ့လိုက်ရသည်။ နှိုင်းယှဉ်မရနိုင်အောင် ချွန်ထက်သော ဓားတာအိုသည် ဟင်းလင်းပြင်အလွှာအများအထက်၌ တံဆိပ်ခတ်နှိပ်ထားပြီး အလွှာတစ်ခုချင်းစီတွင် ခိုင်ဧကရာဇ်၏ ပုံရိပ်ကို မြင်ရနိုင်၏။
မကြာမီ ဓားတာအိုကား ၃၅လွှာမြောက် ဟင်းလင်းပြင်တွင် တံဆိပ်ခတ်နှိပ်ခံလိုက်ရသည်။
အတိတ်တုန်းက ခိုင်ဧကရာဇ်သည်လည်း ၃၅ လွှာမြောက် ဟင်းလင်းပြင်တွင် တံဆိပ်ခတ်နှိပ်နိုင်ခဲ့သော်လည်း နေရာပမာဏမှာ အလွန်သေးငယ်ခဲ့သည်။ သို့သော် ယခုတွင်တော့ သူ၏ ဓားတာအိုကား ၃၅ လွှာမြောက် ဟင်းလင်းပြင်၏ ထောင့်စွန်းတိုင်းတွင် ခတ်နှိပ်ခံထားရပြီး နေရာလပ်မကျန် တည်ရှိနေချေပြီ။
သူ၏ ဓားတာအိုသည် ကောင်းကင်ဘုံအလွှာများ ဖြန့်ကျက်ထားသကဲ့သို့ ဟင်းလင်းပြင်အလွှာများထဲတွင် ဖြန့်ကျက်ကာ ဖုံးလွှမ်းထား၏။
ချင်မူမှာ ရင်ထဲ၌ စိတ်လှုပ်ရှားနေမှုကို မြိုသိပ်ပြီး ခိုင်ဧကရာဇ်၏ ဓားတာအို ၃၅ လွှာမြောက် ဟင်းလင်းပြင်ကို ဖောက်ထွက်ကာ အန္တိမဟင်းလင်းပြင်အထိ ရောက်ရှိသွားသည်ကို ကြည့်နေသည်။
သူသည် စကြ၀ဠာတစ်ခုလုံး၏ သမိုင်းကြောင်းတွင် သေချာပေါက် မှတ်တမ်းတင် ရေးထိုးခံထားရမည့် မြင်ကွင်းကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေမိသည်။
မဟာဧကရာဇ်သည် တာအိုရရှိခဲ့သော်လည်း သူသည် ဤစကြ၀ဠာမှ မွေးဖွားခဲ့သော သက်ရှိ မဟုတ်ပေ။
မဟာဧကရာဇ်သည် တာအိုရရှိခဲ့သော်လည်း တစ်ဝက်တစ်ပျက်သာ အောင်မြင်ခဲ့ပြီး ချွတ်ယွင်းနေသော တည်ရှိမှုတစ်ခုသာ ဖြစ်ခဲ့သည်။
ထိုက်ချူနှင့် ကောင်းကင်နတ်အရှင်ဟောင်မှာ တာအိုရရှိခဲ့သော်လည်း ကောင်းကင်နတ်ဘုံအဆင့်တွင် အချိန်ခဏမျှသာ နေနိုင်သည်။ အန္တိမဟင်းလင်းပြင်တွင် တံဆိပ်မခတ်နှိပ်နိုင်ကြသေးပေ။
ကောင်းကင်နတ်ဧကရီနှင့် သခင်မယွမ်မုတို့မှာမူ တာအိုရရှိခဲ့ကြသော်လည်း ခန္ဓာကိုယ်တစ်ကိုယ်တည်းအဖြစ် ပေါင်းစည်းသွားခဲ့ကြသည်။ သူတို့နှစ်ယောက်လုံး ရူးသွပ်သွားသောကြောင့် သူတို့၏ မဟာတာအိုကို အန္တိမဟင်းလင်းပြင်တွင် မည်သို့တံဆိပ်ခတ်နှိပ်မည်လည်း မသိကြတော့ပေ။
ခိုင်ဧကရာဇ်ချင်ယဲ့ တစ်ယောက်တည်းသာ သူ၏မဟာတာအိုကို အန္တိမဟင်းလင်းပြင်တွင် တံဆိပ်ခတ်နှိပ်နိုင်သည်။ ထို့ကြောင့် သူသည် ဤစကြ၀ဠာတွင် တာအိုရရှိသည့် ပထမဦးဆုံးပုဂ္ဂိုလ် ဖြစ်လာခဲ့ချေပြီ။
အန္တိမဟင်းလင်းပြင်ကား ပွင့်လာသည်။ ၎င်းသည် အေးစက်၍ ဗလာကျင်းနေသော ဟင်းလင်းပြင်တစ်ခုသာ ဖြစ်၏။ ထိုနေရာတွင် မည်သည့်အရာမှမရှိသည့်အပြင် အလွန်တရာ အန္တရာယ်များသည်။ မည်သည့်အရာမှ ထိုနေရာတွင် မရှင်သန်နိုင်ကြပေ။
လူပုဂ္ဂိုလ်ဖြစ်စေ၊ အရာဝတ္ထုဖြစ်စေ အန္တိမဟင်းလင်းပြင်သို့ ဝင်ရောက်လိုက်သည်နှင့် အေးစက်နေသော လေပြင်းဖြင့် တိုက်ခတ်ခံရကာ အလွန်အမင်း ပါးလွှာချပ်ရပ်သွားကြပေလိမ့်မည်။ ဒြပ်ထုနှင့် ၀တ္ထုမှုန်များအကြားရှိ အကွာအဝေးက ထိုနေရာတွင် အဆုံးမရှိပေ။
မည်သည့်ဒြပ်ထု၊ အပူချိန် မှမရှိဘဲ အေးစက်မှုသာ ရှိ၍ အရာရာ ဗလာကျင်းနေသည်။
မဟာလေဟာနယ်တံတားက ကောင်းကင်နတ်ဘုံ၏ စစ်တပ်ကို ကာထားပေးသည်။ ကောင်းကင်နတ်အရှင်တစ်ပါးပင်လျှင် တံတားကို ဖြတ်နိုင်ရန် ခက်ခဲပေလိမ့်မည်။ သို့သော် အန္တိမဟင်းလင်းပြင်သည် ဟင်းလင်းပြင်အလွှာ ၃၅ လွှာထက် အဆပေါင်းများစွာ ပို၍အန္တရာယ်များ၏။
စစ်မှန်သော တာအိုသာလျှင် ထိုနေရာ၌ ထာဝရ တံဆိပ်ခတ်နှိပ်ထားနိုင်သည်။
ခိုင်ဧကရာဇ်၏ ဓားတာအို ထိုနေရာသို့ ဝင်ရောက်သွားသည့်အချိန်တွင် ဓားတာအိုသည် အေးစက်နေသော တိတ်ဆိတ်မှုထဲတွင် အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွားကာ ဓားတာအို၏ မဟာခြုံလွှမ်းကောင်းကင်ဘုံကို ဖွဲ့တည်နေ၏။
ဓားလမ်းစဉ်၏ မဟာခြုံလွှမ်းကောင်းကင်ဘုံ ဖုံးလွှမ်းနေသည့် နေရာမှာ ပိုပို၍ ကျယ်ပြန့်လာသည်။ ရုတ်တရက် ဓားရောင်တစ်ချက်သည် မဟာခြုံလွှမ်းကောင်းကင်ဘုံထဲတွင် အနည်းငယ် တုန်ခါသွားပြီး နုနယ်သော အဖူးတစ်ဖူးက ၎င်းထဲတွင် ဖြစ်လာကာ သာမန်မျက်စိဖြင့် မြင်ရနိုင်သော အမြန်နှုန်းဖြင့် ဧရာမသစ်ပင်ကြီးတစ်ပင်အဖြစ် ကြီးထွားလာတော့သည်။
၎င်းက လောကသစ်ပင်တစ်ပင်လည်း ဖြစ်သလို ဓားလမ်းစဉ်၏ တာအိုသစ်ပင်လည်း ဖြစ်၏။
တာအိုသစ်ပင်သည် အပင်ပေါက်လေးအဖြစ်မှ ဧရာမအပင်ကြီးအဖြစ် ကြီးထွားလာသည်။ ၎င်းက ရှည်သထက် ရှည်လာပြီး ဖုံးလွှမ်းထားသည့် နေရာမှာလည်း ကျယ်သထက် ကျယ်ပြန့်လာ၏။ သစ်ပင်ထိပ်ဖျားက စိမ်းစိုအုံ့ဆိုင်းနေသောကြောင့် ဓားတာအို၏ မဟာခြုံလွှမ်းကောင်းကင်ဘုံကို အလွန်တရာ ကြည်လင်လှသော ကျောက်စိမ်းသားမှ ထွင်းထုဖွဲ့တည်ထားသည့် ကောင်းကင်တစ်ခုအလား ဖြစ်တည်နေစေသည်။
ထိုစဉ် တာအိုသစ်ပင်ပေါ်တွင် ပန်းဖူးငုံတစ်ဖူး ပေါက်လာပြီး တာအိုပန်းပွင့်တစ်ပွင့် ပွင့်လာ၏။
တာအိုပန်းပွင့်က အနည်းငယ် လှုပ်ခါသွားပြီးနောက် ပွင့်ချပ်များက လှည့်ပတ်ရင်း အရပ်လေးမျက်နှာသို့ ကားထွက်သွားသည်။ ပွင့်ချပ် ၃၆ ချပ်လုံးသည် ပွင့်လန်းလာကြပြီး ၀တ်ဆံသည်ကား ကျောက်စိမ်းဓားတစ်လက်ကဲ့သို့ တစ်လက်လက် တောက်ပနေ၏။
ဤပန်းပွင့်က စိတ်အာရုံကို ယစ်မူးမြောလွင့်စေနိုင်သည်။ အဝေးမှ ကြည့်လျှင် အနံ့မရသော်လည်း ဓားတာအို၏ ချွန်ထက်ကျယ်ပြန့်မှုသာမက အထွတ်အထိပ်စွမ်းအားကိုပါ အာရုံခံနိုင်ပေသည်။
နတ်ဘုရားစီရင်ရာစင်မြင့်ပေါ်တွင် ခိုင်ဧကရာဇ်၏ အရှိန်အ၀ါက အားကောင်းသထက် အားကောင်းလာပြီး သူ၏ သိုင်းအဆင့်ကလည်း မြင့်တက်သထက် မြင့်တက်လာသည်။ တာအိုပန်းပွင့်ကလည်း ပို၍ တောက်ပလာသလို တာအိုသစ်ပင်သည်လည်း ပို၍ ကြီးထွားလာလေသည်။
ချင်မူမှာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်၍ အရေးကြီးဆုံး မြင်ကွင်းကို တိတ်ဆိတ်စွာ စောင့်နေမိသည်။
အချိန်တစ်ခုကြာပြီးနောက် ခိုင်ဧကရာဇ်၏ အရှိန်အဝါက အမြင်ဆုံးအထိ စုစည်းသွားပြီး ရုတ်တရက် ပြန်လည်တည်ငြိမ်သွား၏။ သူက နတ်ဘုရားစီရင်ရာစင်မြင့်ပေါ်မှ တစ်လှမ်းချင်း ပြန်ဆင်းလာသည်။
ချင်မူမှာ ကြောင်သွားပြီး အော်မေးလိုက်သည်။ “ကောင်းကင်နတ်အရှင်ချင်၊ ခင်ဗျားရဲ့ တာအိုသစ်သီးရော”
ခိုင်ဧကရာဇ်က ဆင်းလာနေရင်းမှ ခေါင်းရမ်းပြသည်။ “ငါ့ဓားတာအိုကို အကုန်သုံးလိုက်ပြီ”
ချင်မူမှာ ဒေါသထွက်သွားသည်။ “အကုန်သုံးလိုက်ပြီဆိုတာ ဘာအဓိပ္ပာယ်တုန်း”
“ဓားတာအိုက ငါ့သိုင်းအခြေခံမှာ အကုန်သုံးလိုက်လို့ တာအိုသစ်ပင်ကနေ တာအိုသစ်သီး သီးမလာနိုင်တာကို ပြောတာ”
ခိုင်ဧကရာဇ်၏ လေသံက တည်ငြိမ်အေးဆေးနေသည်။ “ငါ့ဝိညာဉ်နဲ့ မဟာခြုံလွှမ်းကောင်းကင်ဘုံက သိပ်ကို ကိုက်ညီတယ်…. တာအိုနှလုံးသားကလည်း တစ်ခဏအတွင်း နှိုင်းယှဉ်မရနိုင်အောင် ကျယ်ပြန့်သွားခဲ့တယ်… ငါ့အရှေ့မှာ ကမ္ဘာလောကအသစ်တစ်စင်း ပေါ်လာသလိုပဲ….အခုအခိုက်အတန့်မှာ ငါ စိတ်လှုပ်ရှားနေသလို တည်လည်း တည်ငြိမ်နေတယ်”
သူက တာအိုရခဲ့တုန်းက သိမြင်နားလည်ခဲ့သည်ကို ဖြည်းဖြည်းချင်း ရှင်းပြနေသည်။ “တာအိုရတာက အဆုံးသတ်မဟုတ်ဘူးဆိုတ။ ရုတ်တရက် သဘောပေါက်ခဲ့တယ်... တာအိုရပြီးတော့ နောက်ထပ်အဆင့်တစ်ဆင့် ရှိသေးတယ်… ဒီအဆင့်ကို အခုလေးတင် သိမြင်နားလည်ခဲ့ပြီးပြီး... အဲဒီအဆင့်က ကျယ်ပြန့်တာထက်ကို ပိုပြီး နက်နဲကျယ်ပြန့်တယ်… စကားလုံးတွေနဲ့ ဖော်ပြလို့ မရနိုင်ဘူး… ငါ့ အသိစိတ်အလျဉ်လည်း … ငါ့ကိုယ်ငါ အဲ့ဒီထဲ နစ်မျောသွားပြီး ငါ ဘယ်လောက်တောင် တိမ်နေခဲ့လဲဆိုတာ သဘာပေါက်ခဲ့ရတယ်”
ချင်မူမှာ မဟာခြုံလွှမ်းကောင်းကင်ဘုံကြောင့် ငေးကြောင်စွာဖြင့် ရေရွတ်နေသည်။ “သစ်သီးသာ ထွက်လာရင် နှစ်ပေါင်းများစွာ စားလို့ရမှာကို.…”
သူက ရုတ်တရက် နိုးထလာပြီး တည်ကြည်နေသော မျက်နှာအမူအရာဖြင့် ပြောသည်။ “ကျွန်တော် နတ်အရှင်မချန်းကို သတ်ခဲ့ပြီး နတ်ဘုရားစီရင်ရာစင်မြင့်နဲ့ နတ်ဘုရားစီရင်ရာဓားကို သိမ်းပိုက်လို့ ခင်ဗျား တာအိုရနိုင်ဖို့ ကူညီခဲ့ပြီးပြီ… အဲဒါက ကောင်းကင်နတ်အရှင်လင်နဲ့ ကောင်းကင်နတ်အရှင်ယွင်အတွက် ကူညီပေးခဲ့တာ… ခိုင်ဧကရာဇ်၊ ခင်ဗျား ယုံကြည်ချက် ရှိလား”
ခိုင်ဧကရာဇ်က ပြုံးလိုက်သည်။