(ထောယွမ်ရွာသို့ သွားရောက်ရှင်းလင်းပြန်ခြင်း)
Vol. 5 Ch. 69
ကျီပိုင်ဝေ၏ ပုံက ကြောင်တောင်နေ၏။ ဟန်ကျောက်၏ ပုံမှာ ဆက်လက်တိုက်ခိုက်မှု မပြုမည့် ပုံပါ။ သူမတွင် ဒေါ်လေးလင်၏ ကာကွယ်မှု ရှိသည်ကိုလည်း တစ်ဖက်လူမသိပေ။
“ရှင်ရုပ်ဖျက်ထားရင်ရော.. ကျွန်မ ဘယ်လိုသိမလဲ”
ကျီပိုင်ဝေဟာ အနည်းငယ် သံသယရှိနေဆဲ ဖြစ်၏။
“ကျွန်တော်သာ ဟန်ချန်းဆိုရင်.. ရုပ်ဖျက်ရင် လုံးဝ ပုံပြောင်းသွားအောင် ဖျက်မှာပေါ့။ မဟုတ်ရင် တစ်ချက်ကြည့်တာနဲ့ မှိတ်မိသွားမှာကို”
ဟန်ကျောက်က လက်နှစ်ဖက်ကို ဆန့်ကာ စိတ်ရင်းဖြင့် ပြောသည့်ပုံပါ။
“ခင်ဗျားနဲ့ ကျွန်တော့အစ်ကိုနဲ့ ဘယ်လိုရန်ငြှိုးရှိလဲ ဆိုတာကို ကျွန်တော်မသိဘူး။ ဒါပေမယ့် အဲ့ကိစ္စကြောင့် ကျွန်တော့ကို ရန်မရှာသင့်ဘူးမလား။ ခင်ဗျားသူ့ကို လူယုတ်မာလို့ ပြောခဲံတယ်။ သူသာ တကယ် မိန်းကလေးရဲ့ ကိုယ်ကျင့်သိက္ခာကို ထိပါးခဲ့တဲ့ လူယုတ်မာတကယ်ဖြစ်ရင် သူအသတ်ခံရရင်တောင် သူ့ရဲ့သေဆုံးမှုက လက်စားချေဖို့ မထိုက်တန်ဘူး”
ဟန်ကျောက်က ဆက်လက်ပြော၏။ သူဟာ ထောယွမ်ရွာသို့ သေချာပေါ်က သွားရမှာဖြစ်သည်။
တစ်ဖက်လူကို မရှောင်နိုင်ကတည်းက ပြဿနာကို စတင်ကာ ဖြေရှင်းခြင်းက ကောင်းပါသည်။ ထို့အပြင် တစ်ဖက်လူ၏ သူ့ကို ရှာနိုင်ခြင်းမှာ တိုက်ဆိုင်မှုမဟုတ်ဟု သူခံစားရ၏။ ပုန်းအောင်းရန် လွယ်ကူမည်မဟုတ်ပါ။
“ကျွန်မမှားတာသာ တကယ်ဆိုရင် ရှင့်ကို ပြီးရင် ပြန်တောင်းပန်မယ်”
ကျီပိုင်ဝေက လေးနက်စွာ ပြောသည်။ သူမဟာ ရုပ်ဖျက်ခြင်းကို မသိပေမယ့် ဒေါ်လေးလင်ကတော့ သိ၏။ ထိုကဲ့သို့ တွေးမိပြီးနောက် လှမ်းကာ ခေါ်လိုက်သည်။
“ဒေါ်လေးလင်.. ဒေါ်လေးလင်.. ကျွန်မကို လာကူပါဦး” ကျီပိုင်ဝေက စကားဆုံးသည်နှင့် လမ်းဘေးရှိ သစ်ပင်များအကြားမှ လေတိုးသံတစ်ခု ပေါ်လာခဲ့သည်။
ဝတ်စုံဖြူနှင့် အမျိုးသမီးတစ်ယောက် သစ်ပင်ထိပ်မှ ခုန်ဆင်းလာ၏။ သူမ၏ ခန္ဓာကိုယ်ဟာ ဝါဂွမ်းကဲ့သို့ ကျဆင်းကာ ကျီပိုင်ဝေ၏ ရှေ့သို့ ရောက်လာခဲ့သည်။
သူမဟာ အသက်၂၀ကျော်လောက်ရုံလောက် ရုပ်အသွင်ရှိ၏။ အရေအပြားက ချောမွေ့ကာ ချောမောသည်။ မျက်နှာပေးမှာ တောင့်တင်းပြီး ခံစားချက်မပြပေ။
“ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်းဆင့်နှင့် နှိုင်းယှဉ်နိုင်သည့် ကျွမ်းကျင်သူတစ်ယောက် ဖြစ်သည်။ ချိုးဖျက်ရန် ခက်ခဲသည့် ယင်စွမ်းအင်အလွှာဖြင့် လွှမ်းခြုံနေပြီး ရွှေမသွင်းပါက အနိုင်ယူရန် မဖြစ်နိုင်ပေ။ သေသေချာချာ ဆက်ဆံရန် အကြံပေးသည်”
ကျီကျုလင် ပေါ်လာသည်နှင့် ဟန်ကျောက်၏ ရှေ့တွင် အချက်ပေးစာသားက ပေါ်လာ၏။ တကယ်တော့ စနစ်အနေနှင့် သူ့ကို သတိပေးစရာ မလိုပါ။ သူမပေါ်လာသည်နှင့် စွမ်းအားကြီးမားသည့် ယင်စွမ်းအင်ကို သူခံစားရ၏။ ထောယွမ်ရွာရှိ ယင်စွမ်းအင်ထက် များစွာ ပိုမိုသန်မာသည်။
“ဒေါ်လေးလင်”
ကျီပိုင်ဝေက ရှေ့သို့တက်ကာ ကျီကျုလင်၏ လက်မောင်းကို ဖက်သည်။
“ပိုင်ဝေ… နင်ပြောတာ ဒီတစ်ကြိမ် အပြင်ထွက်တာ ငါ့အပေါ် မမှီခိုတော့ဘူးဆို။ ဘာလို့ အကူအညီခေါ်ရတာလဲ”
ကျီကျုလင်က ချစ်ခင်စွာ ပြုံးကာ ကျီပိုင်ဝေ၏ နှာသီးကို ညှစ်သည်။ သို့ပေမယ့် သူမ၏ ပုံစံဟာ အလွန် သဘာဝမကျစွာ ရှိနေသေး၏။
“ဒေါ်လေးလင်.. ဟန်ချန်းကို ကျွန်မတွေ့တယ်။ ဒါပေမယ့် သူပြောတာ.. သူက ဟန်ချန်းရဲ့ညီ ဟန်ကျောက်တဲ့။ သူရုပ်ဖျက်ထားတာလား ဆိုတာကို ကူကြည့်ပေးပါဦး”
ကျီပိုင်ဝေက ချွဲနွဲ့စွာ ပြောသည်။
“ကောင်းပြီ”
ကျီကျုလင်က ခေါင်းညှိတ်ကာ ဟန်ကျောက်ကို ကြည့်သည်။ သူမ၏ မျက်ဝန်းများထဲ၌ အံ့ဩမှုတို့ ပေါ်လာ၏။
မိသားစုကြီးများ၏ မျိုးဆက်များ အားလုံးနီးပါးဟာ ချောမောလှပကြပေမယ့် ဟန်ကျောက်လောက် ချောမောသူတော့ အများကြီးမရှိပါ။ အသွင်အပြင်ကို ကြည့်ရုံနှင့်ဆိုပါက တစ်ဖက်လူကို မျိုးရိုးမြင့် မိသားစုကြီးတစ်ခုမှ ဖြစ်မည်ဟု တွေးမိနိုင်သည်။
ကံဆိုးစွာပင် ဟန်ချန်း၏ ပါရမီနှင့် နှိုင်းယှဉ်ပါက သူ၏ညီမှာ အမှန်တကယ်ကို အားနည်းလှသည်။ ကျီကျုလင်က အစိမ်းရောင် ကျောက်စိမ်းဆွဲသီးတစ်ခုကို အိတ်ထဲမှ ထုတ်သည်။
ကျောက်စိမ်းဆွဲသီးဟာ အတွင်းထဲတွင် ဟောင်းလောင်းပေါက်ရှိပြီး အနီရောင် အရည်ဟာ ဖျော့တော့သည့် အလင်းတစ်ခုကို ထုတ်နေကြောင်း တွေ့ရသည်။ သို့ပေမယ့် ၎င်းဟာ လျှင်မြန်စွာ ပျောက်ကွယ်သွား၏။
“သူကက ဟန်ချန်းမဟုတ်ဘူး။ သွေးဆက်နွယ်မှု နည်းနည်းပဲ ရှိတယ်”
ကျီကျုလင်က ခေါင်းယမ်းသည်။
“ကြည့်ပါလား.. လူမှားတာပါလို့ ကျွန်တော်ပြောသားပဲ” ဟန်ကျောက်၏ မျက်နှာပေါ်၌ အကူအညီမဲ့သည့် အပြုံးတစ်ခု ပေါ်လာ၏။
သို့ပေမယ့် သူ၏အကြည့်က ကျီကျုလင်၏ လက်ထဲရှိ ကျောက်စိမ်းဆွဲသီးအပေါ်တွင် ကျရောက်နေပါသည်။ အတွင်းထဲတွင် အလွန်အားကောင်းသည့် ယင်စွမ်းအင်လှိုင်းတို့ ထွက်ပေါ်နေ၏။
“ဒါက..”
ကျီပိုင်ဝေက ဟန်ကျောက်ကို နေရခက်စွာ ကြည့်သည်။ ထို့နောက် တောင်းပန်စွာ ဦးညွှတ်ပြီး ပြော၏။
“ကျွန်မတောင်းပန်ပါတယ်။ အရမ်းစိတ်လောသွားလို့.. ကျွန်မ..”
“ဟူး”
ဟန်ကျောက်က လက်ကိုယမ်းသည်။
“ရပါတယ်ဗျာ။ ခင်ဗျားလည်း တမင်လုပ်တာမှ မဟုတ်ပဲ။ နောက်ပြီး.. ကျွန်တော်လည်း ဘာမှဖြစ်ခဲ့တာ မရှိဘူး။ နားလည်မှုလွဲတာကို ဖြေရှင်းနိုင်ခဲ့တာပဲ ကောင်းနေပါပြီ” သူက ပြောလိုက်ပြီးနောက် ကျီကျုလင်ကို ကြည့်ကာ လက်သီးနှစ်ဖက်ကို ဆုပ်သည်။
“စီနီယာ.. ကျွန်တော့အစ်ကိုဟန်ချန်းက ပျောက်နေတာ နှစ်ပေါင်း ဆယ်နှစ်ကျော်ပါပြီ။ သူ့သတင်းများ ရသေးလား မသိဘူး”
အစမ်းရှင်သန်မှုကြောင့် သူဟာ ရလဒ်ကို သိရှိပြီးဖြစ်ပေမယ့် ဒီနှစ်ယောက်ကို အမြန်ပထုတ်နိုင်ရန် ဟန်မပျက်အောင် မေးဖို့လိုပါသည်။
မဟုတ်ပါက ထူးဆန်းနေပေလိမ့်မည်။ ဟန်ကျောက်၏ စကားကို ကြားရပြီးနောက် ကျီပိုင်ဝေ၏ မျက်လုံးများက နီရဲလာ၏။
“နင်လည်းတွေ့တာပဲ.. ဘယ်မှာမှန်းမသိလို့ ငါတို့တောင် လက်စားချေဖို့ ရှာနေတာပေါ့”
ကျီကျုလင်က အေးစက်စွာ ပြော၏။
“ပျောက်နေရင်လည်း နင်သူနဲ့မတွေ့တာ ပိုကောင်းတယ်”
“ဟုတ်ကဲ့ပါ။ ဟုတ်ကဲ့ပါ”
ဟန်ကျောက်က နေရခက်စွာ ပြုံးသည်။ လေးစားစွာ ပြော၏။
“ဒါဆို.. ကျွန်တော်အရင် သွားနှင့်ပါမယ်”
“သွားပေါ့”
ကျီကျုလင်က ထူးမခြားနားစွာ ပြောသည်။
“နှုတ်ဆက်ပါတယ်”
ဟန်ကျောက်က ကျီပိုင်ဝေဆီသို့ လက်သီးနှစ်ဖက်ကို ဆုပ်ကာ လှည့်ထွက်သွားသည်။
“ဟန်”
ကျီပိုင်ဝေ၏ နှုတ်ခမ်းအစုံက ပွင့်ဟနေ၏။ သို့ပေမယ့် သူမက မည်သည့်စကားမှ မဆိုနိုင်ခင် ဟန်ကျောက်ဟာ ပိုမိုမြန်ဆန်စွာ ထွက်ပြေးသွားသည်။ မြင်ကွင်းမှ ပျောက်ကွယ်လုနီးပါးသို့ ရောက်သွား၏။ ကျီပိုင်ဝေက ကျယ်လောင်စွာ လှမ်းအော်သည်။
“ကျွန်မနာမည်က ကျီပိုင်ဝေ.. ခုနက ကိစ္စအတွက် တောင်းပန်တယ်နော်”
‘သူတို့နှစ်ယောက်က ရုပ်ချင််းဆင်တဲ့ ညီအစ်ကိုအရင်းတွေကို။ ဘယ်လိုလုပ်ပြီး ဒီလောက် ခြားနားရတာလဲ’
တစ်ယောက်မှာ နှလုံးသားမဲ့သည့် လူယုတ်မာဖြစ်ကာ အခြားတစ်ယောက်မှာတော့ ယဉ်ကျေးမှုရှိသည့် လူတစ်ယောက်ဖြစ်၏။ မိန်းမများကိုပင် အနည်းငယ် ကြောက်တတ်သေးသည်။ သူမ၏ ပါးပြင်ဟာ နာနေဆဲ ဖြစ်ပေမယ့် ကျီပိုင်ဝေ၏ ဟန်ကျောက်အပေါ် ပထမဆုံးအမြင်မှာ မဆိုးလှဟူ၍ ဖြစ်သည်။
“ဟန်”
အစက ထူးမခြားနားစွာ ရှိနေသည့် ကျီကျုလင်၏ ပုံစံက ရုတ်တရက် ပြောင်းလဲသွားသည််။ သူမဟာ လက်ဖဝါးအရွယ် ရှိသည့် ထူးဆန်းသည့် မျက်နှာဖုံးတစ်ခုကို ထုတ်၏။
ထိုမျက်နှာဖုံးတွင် မြူအနည်းငယ် ရစ်သိုင်းနေပါသည်။ သိ့ရာတွင် အနက်ရောင် မြူများမှတစ်ဆင့် ထိုမျက်နှာဖုံးဟာ သက်ရှိသတ္တဝါတစ်ကောင်နှင့် တူကြောင်းကို တွေ့မြင်နိုင်ပါသည်။ အချို့ ရှုပ်ထွေးသည့် စိတ်အခြေအနေသို့ ကျရောက်နေသည့်ဟန် ရှိ၏။
“ဒီကောင်လေးက ကျီပိုင်ဝေရဲ့ စိတ်အခြေအနေကို ဒီလောက်အထိ ကြီးမားတဲ့ လှုပ်ရှားမှု ဖြစ်စေတာလား။ ဆိုးယုတ်ခြင်းခုနစ်ခု မျက်နှာဖုံးအပိုင်းအစကိုတောင်..”
မျက်နှာဖုံးရှိ ပြောင်းလဲမှုကို ကြည့်ကာ ကျီကျုလင်၏ မျက်လုံးများက ကျဉ်းမြောင်းသွားသည်။ ထောယွမ်ရွာတွင်..
“သူရဲကောင်းလေး.. ဘာလို့ ကျွန်တော့အိမ်မှာ တစ်ညလောက် လိုက်မတည်းတာလဲ”
ချန်းလျှိုက ခြံဝန်းနားသို့ ရောက်လာသည့် လူငယ်ကို နွေးထွေးစွာ ကြိုဆိုသည်။
“ကျေးဇူးတင်ပါတယ်ဆာ”
ဟန်ကျောက်က လက်သီးနှစ်ဖက်ကို ဆုပ်ကာ ဦးညွှတ်၏။ သူဟာ ချန်းလျှို၏ ခြံထဲတွင် ရပ်ကာ မည်သည့် တိုက်ပွဲအရိပ်အယောင်မှ မရှိသည့် အိမ်များနှင့် မြေပြင်တို့ကို ကြည့်ကာ အနည်းငယ် မှင်သက်နေပါသည်။
အကောင်းအတိုင်း ပြန်ဖြစ်သွားမည်ဟု ထင်မထားခဲ့ပေ။ ထိခိုက်ထားသည့် အဆောက်အအုံများပင် ပြန်ကောင်းနေ၏။ လှည်းများပဲဖြစ်ဖြစ်၊ သိုင်းသမားများ၏ အလောင်းများပဲဖြစ်ဖြစ် အားလုံးဟာ ပျောက်ကွယ်သွားပါပြီ။
မနေ့ကဖြစ်ပျက်ခဲ့သည့် အရာအားလုံးတို့ဟာ အိပ်မက်သဖွယ် ရှိနေ၏။ သို့ရာတွင် ဝိညာဉ်အဆီအနှစ်လုံးအတွင်းရှိ ယင်စွမ်းအင် စုဆောင်းမှုမှာ အတုမဟုတ်ပေ။ ဤနည်းအားဖြင့် ဟန်ကျောက်ဟာ ညအချိန်တိုင်အောင် စောင့်ကာ မိစ္ဆာအလောင်းများနှင့် သွေးအလောင်းအားလုံးတို့ကို သတ်ဖြတ်သည်။
နောက်တစ်ညတွင်..
ဟန်ကျောက်ဟာ ထောယွမ်ရွာကို ရှင်းလင်းခဲ့ပြန်၏။ ဖြစ်နိုင်ပါက သူဟာ အကြိမ်ရာပေါင်းများစွာတို့ ပိုမိုကာ ရှင်းလင်းချင်သေးသည်။ များပြားလှသည့် ယင်စွမ်းအင်များကို စုပ်ယူခဲ့သဖြင့် ဝိညာဉ်အဆီအနှစ်လုံးဟာ အနက်ရောင်မှ ခရမ်းရောင်သို့ ပြောင်းလဲလာပါပြီ။ ထို့အပြင် အငွေ့အသက်အားလုံးတို့ ပျောက်ကွယ်သွားပြီး သာမန် ဖန်လုံးတစ်လုံးနှင့် တူလာ၏။
“ဒီတစ်ကြိမ်ရလာတဲ့ ယင်စွမ်းအင်တွေနဲ့ ဆယ်ကြိမ်လောက်တော့ အစမ်းရှင်သန်လို့ရလောက်တယ်မလား”
ဟန်ကျောက်ဟာ ထောယွမ်ရွာကို တုံ့ဆိုင်းစွာ ကြည့်ကာ ထွက်ခွာသွား၏။ နတ်ဆိုးဟာ နောက်တစ်နေ့မှ ပေါ်လာမည်ဖြစ်ပေမယ့် ယနေ့အဖြစ်အပျက်မှာ ပြီးခဲ့တုန်းက အစမ်းရှင်သန်မှုနှင့် ခြားနားပါသည်။
သူဟာ ကျီကျုလင်နှင့် ပြဿနာကြီး မဖြစ်ခဲ့သလို သူမ၏ ဦးခေါင်းကိုလည်း မဖြတ်တောက်ခဲ့ပေ။ ထို့ကြောင့် ယခုလည်း ဆက်လက်အသုံးမပြုနိုင်တော့ရာ မြန်မြန်ထွက်သွားတာ ကောင်း၏။ သို့ပေမယ့် လမ်းတစ်ဝက်တွင် သူဟာ ရပ်တန့်သွားပြီး ဘေးဘက်ရှိ ခြုံထဲကို ကြည့်သည်။
“ဘယ်သူလဲ”
“ဘယ်လောက် နားပါးတဲ့ ကောင်လေးလဲ”
ကျီကျုလင်က ပေါ်လာ၏။ ဟန်ကျောက်ဟာ သူမ၏ လှုပ်ရှားမှုကိုပင် မတွေ့ခဲ့ပေ။
“စီနီယာကို.. ဒီလောက် ဉာဉ့်နက်နေတာ ကျွန်တော့ကို ဘာလို့ လာရှာတာလဲ မသိဘူး”
ဟန်ကျောက်က လက်သီးနှစ်ဖက်ကို ဆုပ်ကာ ဦးညွှတ်သည်။
“နင့်ခန္ဓာကိုယ်ထဲက ယင်စွမ်းအင်က အားမနည်းဘူး။ ထူးခြားမှုတွေကို အသုံးပြုပြီး သိုင်းပညာ ကျင့်ကြံရဲတယ်။ နင်က တော်တော်ရဲတင်းတာပဲ”
ကျီကျုလင်က ထူးမခြားနားစွာ ပြောသည်။
“ထူးခြားမှုလား.. ဘာကြီးလဲ”
ဟန်ကျောက်က ကြောင်တောင်စွာ မေး၏။ ဖြစ်နိုင်တာက ထောယွမ်ရွာကို ပြောနေသည်လား။
“ထူးခြားမှုကိုတောင် နင်မသိဘူးလား”
ကျီကျုလင်၏ ပုံစံက အထင်သေးစွာ ပြော၏။
“ထူးခြားမှုက ဖျက်ဆီးလို့မရတဲ့ အထူးမြင်ကွင်းတစ်ခုပဲ။ ဘယ်လောက်ပဲ ဖျက်စီးဖျက်စီး ပြန်ပေါ်လာတတ်တယ်။ အချိန်ပဲ ပြောင်းသွားတာ။ အဲ့ရွာကို နင်သွားခဲ့တာ နှစ်ရက်ဆက်တိုက် ရှိပြီမလား။ အထဲက အခြေအနေကို နင်ငါ့ထက်ပိုသိမှာပါ”
“ကျွန်တော်သိပြီ”
ဟန်ကျောက်ဟာ စိတ်ဝင်စားသွား၏။ ကျီကျုလင်၏ စကားအရ သူသာ အစမ်းရှင်သန်မှုလုပ်ကာ နတ်ဆိုးကို ကြိုရှောင်ထားပါက နောင်တွင် ထောယွမ်ရွာကို သွားရောက်ရှင်းလင်းလို့ ရလောက်သေးသည်။