(အဆုံးစွန်သောကျင့်စဉ်)
Vol. 6 Ch. 76
တစ်လနှင့်တစ်ဝက် ကြာပြီးနောက် ကိုးသွယ်တောင်၏ တောင်ခြေရှိ ထူထဲသည့် တောလမ်းတွင်.. ကျီပိုင်ဝေက ဟန်ကျောက်ကို အင်တင်တင်ဖြင့် ကြည့်သည်။
“အစ်ကိုဟန်.. ကျွန်မကို အချိန်နည်းနည်းလောက် ထပ်ပြီး အဖော်ပြုမပေးနိုင်ဘူးလား”
ဟန်ကျောက်က ပြုံးကာ ခေါင်းကိုယမ်းသည်။
“မရတော့ဘူး… ကျွန်တော် ထွက်လာတာ တော်တော်ကြာနေပြီ။ ပြန်မှရတော့မယ်.. မဟုတ်ရင် ဆရာက စိုးရိမ်နေလိမ့်မယ်”
“ဒါဆိုရင်လည်း ကောင်းပါပြီ”
ကျီပိုင်ဝေက အားတင်းကာ ပြုံးသည်။
“ဒီလောကကြီး အရမ်း ပရမ်းပတာဖြစ်လာတဲ့အခါ ရှင်ကျီမိသားစုဆီကို လာခဲ့မှာလား။ အပြင်လောကက အန္တရာယ်များလွန်းတယ်”
“နင်ကောင်းကောင်း လေ့ကျင့်သင့်တယ်။ တစ်နေ့မှာ လက်နက်သခင် ဖြစ်လာရင် သွားချင်ရာကို သွားနိုင်ပြီ။ ငါလည်း အရမ်းအားနည်းနေသေးတယ်။ ကြိုးစားရဦးမယ်"
ဟန်ကျောက်က တိုက်ရိုက် အဖြေမပေးပါ။ သို့ပေမယ့် သူ၏ အဓိပ္ပာယ်က သိသာ၏။
ဟာသပင်။ ကျီမိသားစုဆီသို့ သူ့ကို လာခိုင်းခြင်းမှာ သေခိုင်းတာနှင့် တူပါသည်။ ဝိညာဉ်အဆီအနှစ်လုံးဟာ အပြင်ပန်းတွင် သာမန်ဖန်လုံးနှင့်သာ တူတော့ပြီး မည်သည့်ယင်စွမ်းအင် ထုတ်လွှတ်မှုမှ မရှိတော့အောင် ပြောင်းလဲသွားပေမယ့် လက်နက်သခင်နှင့် ကြုံတွေ့ရပါက တစ်ဖက်လူက မသိပဲနေမည်ဟု ဘယ်သူက ပြောနိုင်မည်နည်း။
“ကျွန်မ ကြိုးစားပြီး လေ့ကျင့်ပါ့မယ်”
ကျီပိုင်ဝေက လက်သီးများကို ဆုပ်သည်။ ဤသည်မှာ ပထမဆုံးအကြိမ် ခွန်အားကို အလွန် တောင့်တမိခြင်း ဖြစ်၏။ ထိုပုံကို တွေ့ရပြီးနောက် ဟန်ကျောက်က သူမ၏ ပုခုံးကို ပုတ်သည်။
“ငါ့စကားကို နားထောင်.. အခုတော့ နင့်ဒေါ်လေးနဲ့ ကျီမိသားစုဆီကို ပြန်တော့… လက်နက်သခင် ဖြစ်မလာမချင်း အပြင်ကို မထွက်နဲ့”
ကျီပိုင်ဝေမှာလည်း သနားစရာကောင်းသူ ဖြစ်သည်။ သို့ပေမယ့် ဒီလောကတွင် သနားစရာကောင်းသည့်လူ များစွာရှိနေ၏။ သူ့အတွက် ကျီမိသားစုနှင့် ပြဿနာကို ရှောင်ရှားခြင်းမှာ အကောင်းဆုံးဖြစ်သည်။
ဟန်ကျောက်ဟာ ပြဿနာများကို ရှောင်ရှားရန် အထူးလှည့်ပတ်ကာ ကျောက်နက်မြို့သို့ ပြန်မည်ဖြစ်သည်။ ယခုအချိန်၌ ကျီပိုင်ဝေကို ကျီကျုလင်ဆီသို့ လုံခြုံစွာ ပြန်အပ်ပြီးပါက နောက်ဆက်တွဲ ဘာဖြစ်ဖြစ် သူနှင့်မဆိုင်ပါ။
“အင်းပါ”
ကျီပိုင်ဝေက ခေါင်းညှိတ်သည်။ ထို့နောက် အော်ခေါ်လိုက်၏။
“ဒေါ်လေးကျီ”
ကျီကျုလင်၏ ပုံရိပ်က ဖျက်ခနဲရောက်လာပြီး သူတို့ရှေ့တွင် ပေါ်လာ၏။
“ငါနဲ့လိုက်ခဲ့”
သူမက ဟန်ကျောက်ကို ကြည့်ကာ သူ့ကို သစ်ပင်ကြားထဲသို့ ခေါ်သွားသည်။ ကျီပိုင်ဝေနှင့် ဝေးကွာပြီးနောက် ပြော၏။
“နင်က မဆိုးဘူးပဲ။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဘယ်အချိန်မှာ ရှေ့တိုးနောက်ဆုတ်သင့်တယ် ဆိုတာကို သိတယ်။ ပါးနပ်တဲ့လူပဲ။ ဖြစ်နိုင်တာက နောင်မှာ နင်တကယ်ပဲ ပိုင်ဝေနဲ့ ထိုက်တန်တဲ့လူ ဖြစ်လာဖို့ အခွင့်အရေးရှိလာမှာလည်း ဖြစ်နိုင်တယ်”
သူမက ဟန်ကျောက်ကိုက အသာကြည့်သည်။ အရင်ကကဲ့သို့ အထင်သေးစွာ ရှိမနေတော့ပါ။
တစ်ဖက်လူဟာ ကျီပိုင်ဝေ၏ စိတ်အခြေအနေကို ပြောင်းလဲအောင် လုပ်နိုင်ခဲ့မည်ဟု ထင်မထားခဲ့ပေ။ ပိုင်ဝေ၏ ဝမ်းကွဲဖြစ်သူ ပိုင်ချင်းဟာ ကျရှုံးခဲ့ပေမယ့် ပိုင်ဝေ၏ စိတ်အခြေအနေသာ ဆက်လက်နက်ရှိုင်းလာပါက အခြား ယှဉ်ပြိုင်သူများကို အနိုင်ယူကာ မကောင်းမှုခုနစ်မျိုး မျက်နှာဖုံး အပိုင်းအစ၏ အသိအမှတ်ပြုခြင်းကို ခံရရန် အခွင့်အရေး များပါသည်။
ဤနည်းအားဖြင့် မကောင်းမှုခုနစ်မျိုး မျက်နှာဖုံးသာ ပေါင်းစပ်သွားပါက ကျီမိသားစုတွင် အဆင့်သုံး ဒီဗိုင်းလက်နက်ကို ထိန်းချုပ်သည့် နောက်ထပ် ထိပ်တန်းအဆင့် လက်နက်သခင်တစ်ယောက် ရလာမှာပါ။
နောင်တွင် မကောင်းမှုခုနစ်မျိုး မျက်နှာဖုံးဟာ အဆင့်တက်ပြီး လွန်ခဲ့သည့် နှစ်ပေါင်းတစ်ထောင်က ဘုရင်ဆယ်ပါး မျက်နှာဖုံးအဖြစ် ပြောင်းလဲနိုင်ပါက သူမဟာ ကျီမိသားစု၏ အုပ်စိုးသူ မိသားစုများ၏ ထိပ်တန်းတွင် ရပ်တည်နိုင်မှုအတွက် အကြီးမားဆုံး အကျိုးပြုသူတစ်ယောက် ဖြစ်လာမှာပါ။
အဆင့်မြင့်အဆင့် အတုအယောင် ဒီဗိုင်းလက်နက်တစ်ခုကိုပင် ဆုကြေးအဖြစ် ရလာနိုင်ရန် မဖြစ်နိုင်တာ မဟုတ်ပေ။ အတုအယောင် ဒီဗိုင်းလက်နက်၏ လက်နက်သခင်ဟာ ပုံမှန်လက်နက်သခင်ထက် နိမ့်ကျပါသည်။
သို့ပေမယ့် အသေးစားနှင့် အလယ်အလတ် မိသားစုများ၏ လက်နက်သခင်များထက် ပိုမိုသန်မာဆဲ ဖြစ်၏။ ထို့အပြင် သက်တမ်းနှင့် ခွန်အားတိုးမြင့်မှုမှာ အဓိကဖြစ်သည်။
‘ကျီပိုင်ဝေရဲ့ ခံစားချက် အရင်းအမြစ်က… အလျှင်လိုလို့ မရဘူး.. အမုန်းတရားထက်စာရင် စွဲလမ်းမှု၊ မျှော်လင့်မှုနဲ့ ဖွဲ့စည်းထားတဲ့ ယောင်ဝါးဝါးအချစ်ကလည်း အရမ်းနက်ရှိုင်းနိုင်တာပဲ။ ပိုင်ချင်းရဲ့ အမုန်းက အရမ်းပြင်းထန်လွန်းတယ်။ အရေးအကြီးဆုံး အခြေအနေမှာ သူမကျရှုံးခဲ့တယ်။ အခု ပိုင်ဝေနဲ့ နောက်ထပ်နည်းလမ်းတစ်ခုကို စမ်းသပ်ကြည့်ရမယ်’
ကျီပိုင်ဝေက ကိုယ့်ကိုယ်ကိုယ် စဉ်းစားသည်။ စဉ်းစားလေလေ သူမ၏ မိသားစုနှင့် သူမတို့၏ အမြန် အောင်မြင်လိုမှုကြောင့် ပိုင်ချင်းကို ကျရှုံးစေခဲ့ခြင်း ဖြစ်မည်ဟု ပိုမိုခံစားလာရလေ ဖြစ်သည်။
ပိုင်ဝေဟာ အခုမှာ အသက်၁၄နှစ်သာ ရှိပါသေးသည်။ အနည်းဆုံး ဆယ်နှစ်လောက် ဖြည်းဖြည်းချင်း ပျိုးထောင်နိုင်၏။ လောနေစရာ မလိုပေ။
ကျီကျုလင်ဟာ စဉ်းစားလေလေ သူမ၏ အတွေးတို့ မှန်ကန်သည်ဟု ပိုမိုခံစားရလေ ဖြစ်လာခဲ့သည်။ ထို့နောက် ခါးကိုနှိုက်ကာ ဘဏ်စာရွက် ၉၀ရွက်တို့နှင့် ရွှေရောင်စာအုပ်တစ်အုပ်ကို ယူပြီး ပေးသည်။
“ဒါက ငါနင့်ကို ကတိပေးထားတဲ့ ဆုကြေးပဲ.. ငွေ၉၀၀၀လျန်နဲ့ ဗာဂျရာအတတ်”
ဟန်ကျောက်က ဘဏ်စာရွက်များနှင့် လျှို့ဝှက်ကျမ်းကို ယူသည်။ ဒီခရီးစဉ်ဟာ အလှည့်အပြည့်တို့ဖြင့် ပြည့်နှက်နေခဲ့၏။
သို့ပေမယ့် အဆုံးသတ်တွင် အောင်မြင်ခဲ့လေသည်။ ပြီဂလျှင် သူဟာ သူ၏ရိပ်မြုံဆီသို့ ပြန်ပြီး အဆင့်မြှင့်တင်မည် ဖြစ်၏။
“ဒါနဲ့… နင့်ကို ပြောဖို့ မေ့တော့မလို့… ဒီဗာဂျရာအတတ်က လူတစ်ယောက်ရဲ့ အခြေခံကို မြှင့်တင်ပေးပြီး ခန္ဓာကိုယ်ကို သန်မာစေတယ်။ ဒါပေမယ့် ကျင့်ကြံရတာ အရမ်းနာတယ်နော်။ အဲ့ဒီအပြင် တစ်ဆို့မှုကို ချိုးဖျက်ရာမှာ အတွင်းစိတ်နတ်ဆိုးရဲ့ တိုက်ခိုက်မှုကို အလွယ်တကူ တိုက်ခိုက်ခံရနိုင်သေးတယ်။ ဒါ့ကြောင့် အဆင့်ချိုးဖျက်ရင် မီးတောက်ခြင်ဆီဆေးလို့ ခေါ်တဲ့ ဆေးတစ်လုံးကို ပြင်ဆင်ထားဖို့ လိုတယ်။ အဲ့ဒါမှပဲ ချီဖောက်လွှဲဖောက်ပြန်မှု ဖြစ်နိုင်ချေကို လျှော့ချနိုင်မယ်”
ကျီကျုလင်က သတိပေးသည်။ မူလအစီအစဉ်အတိုင်းသာ ဆိုပါက သူမဟာ ကျီပိုင်ဝေအား ဟန်ကျောက်ကို မုန်းတီးအောင် လုပ်မှာဖြစ်သည်။ ဟန်ကျောက်၏ သေခြင်းရှင်ခြင်းကို ဂရုစိုက်ခြင်း မရှိပါ။
ဘာပဲဖြစ်ဖြစ် လက်စားချေနိုင်ခြင်း မရှိသည့် အမုန်းဟာ အလွန်ရှည်ကြာတတ်သလို ဖွင့်မပြောဖြစ်ခဲ့သည့် အချစ်ဟာလည်း အလွန်ရှည်ကြာတတ်၏။ ယခုအချိန်၌ အချစ်လမ်းစဉ်ကို ရွေးချယ်မည်ဖြစ်၏။
သူမဟာ ဒီဗာဂျရာလျှို့ဝှက်ကျင့်စဉ်ကို ပေးမည်ဟု ကတိပေးထားရာ ပျက်လို့မကောင်းပေ။ အရေးအကြီးဆုံးနှင့် အန္တရာယ်အများဆုံးဖြစ်သည့် တတိယအဆင့်ကို မပေးပါက အဆင်ပြေ၏။
ဒုတိယအဆင့်အထိသာ ကျင့်ကြံပါက ဟန်ကျောက်အနေနှင့် ချီဖောက်လွဲဖောက်ပြန် ဖြစ်လျှင်တောင် အလွန်ဆုံး ဦးနှောက်သာ ထိခိုက်မည်ဖြစ်သည်။
အချစ်နှင့် အမုန်းအပြင် အခြား စိတ်ဆန္ဒအားလုံးဟာလည်း ကျီပိုင်ဝေအတွက် အသုံးဝင်၏။ ဒီကလေးမဟာ သန့်စင်သော နှလုံးသားနှင့် အခြားလူအတွက် စတေးလိုမှာပါ။ ဖြစ်နိုင်တာက ဟန်ကျောက်သာ စိတ်လွတ်သွားပါက ကျီပိုင်ဝေအနေနှင့် ပိုမိုပြင်းထန်စွာ ကျင့်ကြံမှာလည်း ဖြစ်နိုင်၏။
“သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာကျီ” ဟန်ကျောက်က လက်သီးနှစ်ဖက်ကို ဆုပ်သည်။ ကျီကျုလင်က သူ့ကို ဗာဂျရာအတတ်၏ ဆိုးကျိုးများကို ပြောပြလာမည်ဟု ထင်မထားခဲ့ပေ။ ချီဖောက်လွဲဖောက်ပြန် ဖြစ်မည့်ကိစ္စအား ကာကွယ်ရန်ပင် ပြောခဲ့၏။ တစ်ခုခု မှားနေပါပြီ။
“ကောင်းကင်သူတော်စင်ဂိုဏ်းမှာ စုစုပေါင်း အဆုံးစွန်သော ကျင့်စဉ်၁၂ခု ရှိတယ်။ ဗာဂျရာအတတ်က အဲ့ထဲက သုံးခုအတွက် အခြေခံပဲ”
“လက်ရှိ ဝေနိုင်ငံက သိုင်းသမားတွေမှာ ဖင်းစုဆောင်းခြင်းအဆင့်ကို ချိုးဖျက်နိုင်တဲ့ လူတွေအားလုံး အနည်းနဲ့အများ အဲ့ကျင့်စဉ် ၁၂ခုနဲ့ ထိတွေ့ကြတယ်”
“ဒီဗိုင်းစွမ်းအားအဆင့်ကို နင်ရောက်ချင်ရင် အဲ့ထဲက တစ်ခုကို ကျင့်ကြံဖို့ လိုအပ်တယ်။ ဒီဗဂျရာကျင့်စဉ်ရဲ့ တန်ဖိုးကို ငါဆက်ပြီး ပြောနေစရာ မလိုဘူးမလား”
“ကျီမိသားစုမှာ အဆုံးစွန်သော ကျင့်စဉ် ၁၂ခုထဲက တစ်ခုရှိတယ်။ ဗာဂျရာအတတ်ကို ဒုတိယအဆင့်ရဲ့ ပြီးပြည့်စုံခြင်းအဆင့်အထိ ကျင့်ကြံပြီးရင် ကျီမိသားစုကို ဝင်ရောက်ဖို့ ငါနင့်ကို အကြံပေးတယ်”
ကျီကျုလင်က ရှင်းပြကာ ဟန်ကျောက်ကို ဆွဲဆောင်၏။ သူမက လိမ်နေသည်မဟုတ်ပါ။ သို့ပေမယ့် ကျီမိသားစု၏ ဒီဗိုင်းအတတ်တွင် ဒုတိယတစ်ဝက်သာ ပါပါသည်။
“ကျွန်တော် သေချာပေါက် ကြိုးစားမှာပါ”
ဟန်ကျောက်က စိတ်လှုပ်ရှားဟန် ဆောင်၏။ ကျီကျုလင်ပြောသည်မှာ အမှန်ဟုတ်ဟုတ်မဟုတ်ဟုတ် ဒီသတင်းဟာ သူ့အတွက် အလွန်အသုံးဝင်ပါသည်။
အစမ်းရှင်သန်မှုအတွင်းတွင် ရှလင်သာ ထောယွမ်ရွာကြောင့် တိုက်ဆိုင်စွာ မသေဆုံးခဲ့ပါက သူဟာ ကျောက်နက်မြို့တွင်သာ နေပြီး ဖြည်းဖြည်းချင်း ဖွံ့ဖြိုးရမှာပါ။ ယင်စွမ်းအင်စုဆောင်းရန် အကောင်ဆုံး အခွင့်အရေးကိုလည်း လွဲချော်မှာဖြစ်၏။
ကျီပိုင်ဝေနှင့် မတွေ့သလို ကျီကျုလင်ဆီမှလည်း များပြားလှသည့် ငွေကြေးများနှင့် ဗာဂျရာအတတ်ကို ရမည်မဟုတ်ပေ။
အဓိကအချက်မှာ ယခု ရရှိလာသည့် အကြောင်းအရာများနှင့် သူဟာ အစမ်းရှင်သန်ရန် လားရာတစ်ခု ရှိလာခဲ့သည်။ ဦးခေါင်းမရှိသည့် ယင်ကောင်ကဲ့သို့ ရောက်တက်ရာရာ လျှောက်ပြေးနေစရာ မလိုပေ။ တကယ့်ပြင်ပတွင် သူဟာ သေချာပေါက် အန္တရာယ်များသည့် အရာများကို လုပ်မည်မဟုတ်ပါ။
သိုပေမယ့် စမ်းရှင်သန်မှုတွင်တော့ ခြားနား၏။ အစမ်းရှင်သန်မှုအတွင်းတွင် သူ့ဆီ၌ စနစ်မရှိပါ။ တစ်ဆို့မှုများကို ချိုးဖျက်ချင်ပါက သေချာပေါက် နည်းလမ်းမျိုးစုံကို စဉ်းစားရန် လိုအပ်၏။ သူသာ အစမ်းရှင်သန်မှုအတွင်းတွင် အဆုံးစွန်သော ကျင့်စဉ်တစ်ခုကို ရလိုက်ပါက… နံပါတ်သုံးကို ရွေးကာ သူ၏အဆင့်အတိုင်း ကျင့်ကြံနည်း တစ်စိတ်တစ်ပိုင်းကို ရနိုင်မှာပါ။
ဗာဂျရာအတတ်ဟာ လူတစ်ယောက်၏ အခြေခံကို မြှင့်တင်ပေးနိုင်၏။ ထို့ကြောင့် သေချာပေါက် သူကျင့်ကြံမှာပါ။ ပါရမီသာ မြင့်တက်ပြီးပါက အစမ်းရှင်သန်မှုအတွင်းရှိ ဘဝလည်း ပိုမိုကောင်းမွန်လာမှာပါ။
“သွားတော့.. ပိုင်ဝေကို နင်နှုတ်ဆက်စရာ မလိုဘူး”
ကျီကျုလင်က လက်ကိုဝှေ့ယမ်းကာ ဟန်ကျောက်ကို ထွက်သွားခိုင်းသည်။
“ဒါဆိုရင် ကျွန်တော်သွားပါဦးမယ်”
ဟန်ကျောက်က လက်သီးနှစ်ဖက်ကို ဆုပ်ကာပြောပြီးနောက် ထွက်ခွာသွား၏။ ဟန်ကျောက်၏ ထွက်ခွာသွားသည့် နောက်ကျောကို ကြည့်ကာ ကျီကျုလင်၏ တောင့်တင်းနေသည့် မျက်နှာပေါ်၌ လှောင်ပြောင်မှု အရိပ်အယောင်တို့ ပေါ်လာ၏။
ဒီကောင်လေးဟာ ပါးနပ်ပေမယ့် သိုင်းသမားတစ်ယောက်သာ ဆိုပါက ကောင်းကင်သူတော်စင်ဂိုဏ်း၏ အဆုံးစွန်သော ကျင့်စဉ်၏ ဆွဲဆောင်မှုကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။