← Chapters

(ဗာဂျရာအတတ်အား ကျင့်ကြံခြင်း)

Vol. 6 Ch. 82

(ဗာဂျရာအတတ်အား ကျင့်ကြံခြင်း)

Vol. 6 Ch. 82

“အရင်ဆုံး ငါ့ဘာသာ လေ့ကျင့်တာပေါ့။ ဘာပဲဖြစ်ဖြစ် သူမကြာနေလဲ နောင်ကျ သုံးကိုသုံးရမှာပဲကို”

ဟန်ကျောက်ဟာ စဉ်းစားရင်းမှ မြို့အပြင်ပိုင်းရှိ ရှင်းချောင်ဒေသသို့ လျှင်မြန်စွာ လျှောက်ထွက်ခဲ့သည်။

ဟန်ကျောက်အိမ်ပြန်လာချိန်၌ ယုနျန်ဟာ ခြံထဲတွင် အဝတ်များကို ရုတ်နေ၏။

“အစ်ကိုဟန်.. ပြန်လာပြီလား.. ညီမအခုပဲချက်ပြုတ်လိုက်မယ်”

ဟန်ကျောက်ကို တွေ့ရပြီးနောက် ယုနျန်က အဝတ်များကို သယ်ကာ အိမ်ထဲသို့ ဝင်သွားကာပြောသည်။

“အိုကေ”

ဟန်ကျောက်က နောက်မှလိုက်၏။ ယခုအချိန်၌ သူ့တွင် ပိုက်ဆံမရှားပေမယ့် ဖြုန်းတီးရန်မလိုပေ။ ထို့အပြင် ယုနျန်၏ လက်ရာဟာ အမှန်တကယ်ကို ကောင်းလှ၏။ စားသောက်ဆိုင်ဖွင့်လျှင်တောင် တော်တော်လေး စီးပွားရေးကောင်းမှာဖြစ်သည်။

သူမကို အိမ်အလုပ်မလုပ်ခိုင်းပါက ယုနျန်ဟာလည်း ကိုယ့်ကိုယ်ကိုယ် အသုံးမဝင်ဟု ခံစားရတတ်သည်။ ထို့ကြောင့် အပြင်စာများကို ဝယ်စားခြင်း မပြုပါ။

အိမ်ထဲသို့ ဝင်ပြီးနောက် ယုနျန်က အိပ်ယာပေါ်တွင် ထိုင်ကာ အဝတ်များကို အရင်ခေါက်သည်။

“အိုး.. ဒါနဲ့”

သူ၏ မျက်လုံးများက ရုတ်တရက် လင်းလက်သွား၏။ တစ်ဝက်တစ်ပြတ် နတ်ဆိုးမှာလည်း လူသားသွေးမျိုးဆက်တစ်ဝက် ပါဝင်၏။ ယုနျန်ဟာ လူသားတစ်ယောက်အဖြစ် ပြောင်းလဲနိုင်ကတည်းက လူသားသိုင်းပညာကိုလည်း ကျင့်ကြံနိုင်လောက်ပေသည်။

ဟန်ကျောက်ဟာ သူအရှည်ကြာဆုံး ရှင်သန်ခဲ့သည့် အစမ်းရှင်သန်မှုကို ပြန်လည်စဉ်းစားသည်။ သူ့အသက်၂၆နှစ်တွင် ယုနျန်ဟာ ဆန်းကြယ်စွာ ပျောက်ကွယ်သွားခဲ့၏။

ထို့နောက် အသက်၁၁၁နှစ်တွင် ဟန်မိသားစုဟာ သုတ်သင်ခံရသည်။ ထိုအချိန်၌ ကြီးမားသည့် အပြာရောင်ငှက်ကြီးတစ်ကောင်က သူ့ကို ကယ်တင်ခဲ့၏။ နောက်ဆုံးတွင် လက်နက်သခင်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။

ကြီးမားလှသည့် ကွာခြားချက်နှင့် အပြာရောင် ငှက်ကြီးတို့ကို လစ်လျူရှုလိုက်ပါက ငှက်ဟူသည်နှင့် သူနှင့် ဆက်ဆံရေးရှိသည်မှာ ဆန်းကြယ်စွာ ပျောက်ဆုံးသွားသည့် ယုနျန်သာ ရှိသည်။

ယုနျန်သာ ကံကောင်းသည့် ကြုံတွေ့မှုတစ်ခုနှင့် တွေ့ဆုံကာ စွမ်းအားကြီး နတ်ဆိုးတစ်ကောင် ဖြစ်လာပါက..

ထိုအတွေးက ဖြစ်နိုင်ပါသည်။

“ငါသာ ငါ့ရဲ့ကျင့်ကြံမှုကို ထိခိုက်မှုမရှိစေပဲ ယုနျန်ရဲ့ ကျင့်ကြံမှုကိုလည်း ထောက်ပံ့ပေးနိုင်ရင်.. မထင်မှတ်ထားတဲ့ အကျိုးကျေးဇူးတွေ ရှိလာနိုင်တယ်”

သူဟာ စဉ်းစားလေလေ ပိုမို သဘောတွေ့လေ ဖြစ်လာခဲ့၏။

ဖင်းစုဆောင်းခြင်းအဆင့် သိုင်းသူတော်စင်များ ပျံသန်းနိုင်လား ဟူသည်ကို သူမသိပေ။ သို့ပေမယ့် ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်းအဆင့်နှင့် နှိုင်းယှဉ်နိုင်သည့် ကျီကျုလင်ကတော့ ပျံနိုင်ခြင်းမရှိပါ။

ယုနျန်တွင် အလွန်သန်မာသည့် တိုက်ခိုက်မှုခွန်အား ရှိစရာမလိုပေ။ သူမသာ ပြောင်းလဲပြီးနောက် လုံလောက်စွာ ကြီးထွားပြီး သူ့ကို တင်ဆောင်နိုင်ပါက အလွန်ကောင်းနေပြီ ဖြစ်၏။

သူ၏ ပြေးလွှားခြင်း ခြေအတတ်များဟာ မည်မျှပင် မြန်ဆန်စေကာမူ ပျံသန်းမှုနှင့် နှိုင်းယှဉ်နိုင်မည်လား။ အနိုင်ရပါက ရန်သူကို လိုက်နိုင်သလို ရှုံးနိမ့်ပါကလည်း ပျံသန်းကာ ထွက်ပြေးနိုင်၏။ အခြေအနေကို လုံးဝ ထိန်းချုပ်နိုင်ပါသည်။

“ယုနျန်”

ဟန်ကျောက်က သူမ၏ ဘေးသို့ လျှောက်သွား၏။

“ဘာဖြစ်လို့လဲ အစ်ကိုဟန်”

“နင်သိုင်းပညာ လေ့ကျင့်ချင်လား”

ဟန်ကျောက်က မေးသည်။

“ညီမ..လား”

ယုနျန်က မှင်သက်သွား၏။

“နင်သင်ချင်ရင် ငါသင်ပေးနိုင်တယ်”

“ညီမသင်ချင်တယ်”

ယုနျန်က လေးနက်စွာ ခေါင်းညှိတ်သည်။

“လာခဲ့.. နင့်ရဲ့ ပါရမီကို ငါစမ်းသပ်ကြည့်မယ်”

ဟန်ကျောက်က သူမကို မတ်တပ်ရပ်ခိုင်းသည်။ အတွင်းအားကို ကျင့်ကြံပြီးနောက် သူဟာလည်းပဲ အခြားလူများ၏ ပါရမီကို စမ်းသပ်ကြည့်နိုင်နေပါပြီ။ ယုနျန်က မတ်တပ်ရပ်သည်။ သူမ၏ ခန္ဓာကိုယ်ဟာ တောင့်တင်းနေ၏။

“အရမ်းကြီး စိတ်မလှုပ်ရှားနဲ့။ စိတ်ကိုလျှော့ထား”

ဟန်ကျောက်က ပြုံးကာ ယုနျန်၏ ညာဘက်လက်ကို ညင်သာစွာ ညှစ်သည်။ ယုနျန်တစ်ယောက် သူမ၏ ကြွက်သားကြောတို့ အကြိမ်ကြိမ် ဆွဲညှစ်ခံရသည်ဟု ခံစားရ၏။ ညာဘက်ခြမ်းတစ်ခုလုံးဟာ ထုံထိုင်းနေပါသည်။ ဟန်ကျောက်၏ ထောက်ပံ့ပေးထားမှုကြောင့်သာ မဟုတ်ပါက တည်မြဲစွာ ရပ်နိုင်မည်မဟုတ်ပေ။

ထို့နောက် ဟန်ကျောက်က သူမ၏ ဘယ်ဘက်လက်ကို ညှစ်သည်။ ထို့နောက် အရိုးများ၊ နောက်ဆုံး ကျောနှင့် ပုခုံးရိုးများကို စမ်းသပ်သည်။

“အာ့”

ယုနျန်က နာကျင်မှုအချို့ဖြင့် မျက်မှောင်ကြုတ်သည်။

“ရပြီ”

ဟန်ကျောက်က လက်ကိုရုတ်သည်။

“နင့်ရဲ့ ပါရမီက မဆိုးဘူး”

သူခန့်မှန်းထားသလို အနှိုင်းမဲ့သည့် ပါရမီရှင် မဟုတ်ပေမယ့် သူ့ထက်တော့ များစွာ ပိုမိုသာလွန်ပါသည်။

“ဟူး..”

ယုနျန်တစ်ယောက် စိတ်သက်သာရာ ရသွား၏။

“ဒီလိုဆိုရင်ရော.. အရင်ဆုံး နင့်ကို စကားလုံးတွေကို သင်ပေးမယ်.. အဲ့ဒါတွေကို နှလုံးသားထဲမှာ မှတ်ထား”

“ဟုတ်”

“သေသေချာချာ နားထောင်.. ကောင်းကင်နှင့် ကမ္ဘာမြေအကြားတွင် လှုပ်ရှားသွားလာနေသည့် မည်သူတွင်မဆိငု သန့်စင်သောချီ ရှိသည်။ ချီဟာ အလွန် မာကျောနိုင်သလို ညင်လည်း ညင်သာနိုင်၏။ ချီ..”

ဟန်ကျောက်ဟာ သက်ရှည်ကျမ်း၏ ပထမအပိုဒ်ကို သုံးကြိမ်တိုင်အောင် ရွတ်ဆိုပြသည်။

“မှတ်မိလား”

“ဟင့်အင်း..”

ယုနျန်က နေရခက်စွာ ခေါင်းကိုယမ်းသည်။

“…”

ဟန်ကျောက်၏ ပုံစံက အေးခဲသွား၏။

“ဘာမှမဖြစ်ဘူး။ အကြိမ်အနည်းငယ်လောက် ထပ်ပြီး ရွတ်ပြမယ်”

နောက်ဆုံးတွင် ဟန်ကျောက်ဟာ ဆယ်မိနစ်ကျော်လောက် ရွတ်ပြပြီးမှ ယုနျန်တစ်ယောက် မှတ်မိသွား၏။

“ဒါက စွမ်းအင်လှည့်ပတ်ခြင်း လူသားပုံ။ ငါ့ရဲ့ အစစ်အမှန်ချီကို အသုံးပြုပြီး နင့်ကို လမ်းပြပေးမယ်” ဟန်ကျောက်က သက်ရှည်ကျမ်း၏ လူသားကျင့်ကြံခြင်း ပုံကိုထုတ်ကာ ယုနျန််ကို ပေးသည်။

“ဟုတ်”

ယုနျန်က ပုံကိုယူကာ လေးနက်စွာ ကြည့်ရှုသည်။ ဟန်ကျောက်က သူ၏ဖိနပ်များကို ချွတ်ပြီး အိပ်ယာပေါ်တွင် ထိုင်၏။ တရားထိုင်ဟန် လုပ်သည်။

“လိုက်လုပ်”

“ဟုတ်ကဲ့”

ယုနျန်လည်း အိပ်ယာပေါ်တွင် ထိုင်ကာ လှည့်လည်ခြင်း ပုံကြမ်းကို ရှေ့တွင်ချပြီး ဟန်ကျောက်နှင့် မျက်နှာချင်းဆိုင်ကာ ထိုင်သည်။ ဟန်ကျောက်က သူ၏လက်ကို ယုနျန်၏ ရင်ဘတ်ပေါ်သို့ တင်၏။

“အစစ်အမှန်ချီရဲ့ စီးဆင်းမှုကို ခံစားကြည့်”

အစိမ်းရောင် အငွေ့နှင့် အစစ်အမှန်ချီဟာ ဆံချည်မျှင်သဖွယ် ပါးလျစွာဖြင့် ယုနျန်၏ နှလုံးသားဆီသို့ ဝင်ရောက်သွား၏။ ထို့နောက် သူမ၏ လက်ချောင်းခြေချောင်းများ၊ အရိုးများမှတစ်ဆင့် စီးဆင်းကာ ဒျန်တျန်အတွင်းသို့ ဝင်ရောက်သည်။

“အမည်- ယုနျန်(ရေခဲတေးသီငှက်- တစ်ဝက်တစ်ပြတ်နတ်ဆိုး)”

“ကျင့်စဉ်- သက်ရှည်ကျမ်း(ပထမအဆင့် မစတင်သေး၊ အဆင့်မြှင့်တင်နိုင်)”

ယုနျန်၏ အချက်အလက်များဟာ စနစ်မျက်နှာပြင်တွင် ပေါ်လာ၏။ အဆင့်မြှင်တင်နိုင်သည့် စကားလုံးကို တွေ့ရပြီးနောက် ဟန်ကျောက်တစ်ယောက် မှင်သက်သွားသည်။

“မိုက်လိုက်တာ.. သူမလည်း ဖြတ်လမ်းရတာလား”

ကြည့်ရတာ စွမ်းရည်မှတ်ဟာ ယုနျန်၏ ကျင့်ကြံမှု အမြန်နှုန်းကိုလည်း တိုးမြင့်စေသည့် ပုံပါ။ သူဟာ စနစ်ကို အထင်သေးမိသေးပုံပါ။ ဤသည်မှာ နှစ်ယောက်အကြားရှိ သွေးမျိုးဆက် ဆက်သွယ်မှုကြောင့်လား မသိပေ။

“ကံဆိုးစွာပဲ.. စွမ်းရည်မှတ်က ငါ့ကိုယ်ငါတောင် မလောက်ဘူး.. သူမကို ဘယ်လိုပေးနိုင်မှာလဲ”

ဟန်ကျောက်ဟာ နှလုံးသားထဲ၌ သက်ပြင်းချ၏။

သို့ရာတွင် သူ့ဆီ၌ ယင်စွမ်းအင် မလုံလောက်တော့သည့် အချိန်တွင်တော့ စွမ်းရည်မှတ် တစ်စိတ်တစ်ပိုင်းကို ယုနျန်ကို ပျိုးထောင်ရန် အသုံးပြုနိုင်ပါသည်။

ဟန်ကျောက်က အစစ်အမှန်ချီကို သုံးကြိမ်လှည့်လည်ရန် လမ်းပြပေးပြီးနောက် သူမကို ပုံအတိုင်း ကျင့်ကြံစေ၏။ သူက သူ၏အခန်းဆီသို့ ပြန်ကာ အင်္ကျီအတွင်းသို့ နှိုက်သည်။ ပါးလျသည့် စာအုပ်လေးတစ်အုပ်ကို ထုတ်၏။

ဟန်ကျောက်က လျှို့ဝှက်ကျမ်း၏ ရွှေရောင်အဖုံးကို လှန်သည်။ ဗလာကျင်းလင်းနှင် တင်ပျဉ်ခွေထိုင်ကာ ကျင့်ကြံနေသည့် ဘုန်းကြီးတစ်ပါး၏ ပုံကို တွေ့ရ၏။ သူက စိုက်ကြည့်လိုက်ချိန်တွင် ဘုန်းကြီး၏ ခန္ဓာကိုယ်ဟာ ဆက်တိုက်တုန်ယင်နေပြီး ပြင်းထန်သည့် နာကျင်မှုကို သည်းခံနေရသည့်အလား တွေ့ရသည်။

ဘုန်းကြီးပုံ၏ အောက်တွင် ပထမအဆင့်၏ စကားလုံးများ ပါရှိ၏။ သူ၏ လက်ရှိမှတ်ဉာဏ်နှင့် ၎င်းကို လျှင်မြန်စွာ မှတ်မိနိုင်သည်။

“အစမ်းရှင်သန်မှုထဲမှာ ကိုယ့်ကိုယ်ကိုယ် အားကိုးပြီး ဗာဂျရာအတတ်ရဲ့ ပထမအဆင့်ကို ပြီးမြောက်နိုင်ခဲ့တယ်။ ဒါ့ကြောင့် တကယ့်ပြင်ပမှာလည်း မလုပ်နိုင်စရာ မရှိဘူး။ အဲ့ဒီအပြင် ငါ့လက်ထဲမှာ မှင်နက်နတ်ဆိုးမြွေရဲ့ အသားလည်း ရှိသေးတယ်။ စမ်းကြည့်တာပေါ့”

“စွမ်းရည်မှတ်အပေါ်ပဲ အရမ်းကြီးမှီခိုနေလို့ မရဘူး။ ကိုယ့်ဘာသာလည်း ကြိုးစားကျင့်ကြံဖို့ အရမ်းအရေးကြီးတယ်”

ဟန်ကျောက်ဟာ ဒီလောကဆီသို့ ပထမဆုံး ရောက်ရှိလာစဉ်က အခြေခံအားဖြင့် ကိုယ့်ကိုယ်ကိုယ်သာ မှီခိုခဲ့ပါသည်။ ထိုကဲ့သို့ တွေးမိပြီးနောက် သူက မြွေနက်အသားတုံးကို ထုတ်သည်။ ရှလင်အတွက် ချန်ထားရန် ပြင်ဆင်ထားပေမယ့် သူက စမ်းကြည့်ရုံသာ ဖြစ်ရာ အများကြီး စားမည်မဟုတ်ပေ။

“ချွတ်”

ဟန်ကျောက်ဟာ နက်မှောင်ရှည်လျားသည့် အသားတုံးချောင်းကို ယူကာ အနည်းငယ် ကိုက်သည်။ အရသာက ဂျုံကြော်နှင့်တူ၏။ တစ်လုတ်စားပြိးနောက် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးရှိ သွေးချီတို့ လျှင်မြန်စွာ ထကြွလာခဲ့သည်။

“သိုင်းပညာများ- ဗာဂျရာအတတ်(ပထမအဆင့် မစတင်သေး(အဆင့်မြှင့်တင်နိုင်))”

ကျင့်စဉ်အတိုင်း လှည့်ပတ်လိုက်သည်နှင့် ဟန်ကျောက်ဟာ ခန္ဓာကိုယ်တစ်ခုလုံး နာကျင်စွာ ခံစားရသည်။ ကြွက်သားများက တုန်ခါနေ၏။ အသား၊ အရိုးနှင့် ချဉ်ဆီ.. တစ်လမချင်းစီတိုင်းဟာ ပြင်းထန်စွာ နာကျင်လှသည်။

မြွေအသားက သွေးချီကို လှုံ့ဆော်ကာ နာကျင်မှုကို လျှော့ချပေးထား၍သာ မဟုတ်ပါက အော်ဟစ်မြည်တမ်းမိမှာပါ။

“ဟစ်”

သူဟာ အံကိုကြိတ်ပြီး အသံကိုအောင့်ထား၏။ ဒီအဆင့်ရှိသည့် နာကျင်မှုဟာ သက်ရှည်ကျမ်း ဒုတိယအဆင့်မှ တတိယအဆင့်သို့ ချိုးဖျက်သည်နှင့် နှိုင်းယှဉ်နိုင်နေပြီး ဖြစ်သည််။

ဝမ်းဗိုက်အတွင်းရှိ မြွေအသားတို့ လုံးဝ အစာကြေသွားပြီးနောက် နာကျင်မှုတို့ ထောင်တက်လာမှုကို ဟန်ကျောက်ခံစားရသည်။ သူဟာ စွမ်းအင်လှည့်လည်မှုကို အမြန်ရပ်လိုက်၏။

“သိုင်းပညာများ- ဗာဂျရာအတတ်(ပထမအဆင့် စတင်ခြင်းအဆင့် ၁%၊ အဆင့်မြှင့်တင်နိုင်)”

စနစ်မျက်နှာပြင်ပေါ်ရှိ ဗာဂျရာအတတ်၏ တိုးတက်မှုကို ကြည့်ကာ ဟန်ကျောက်ဟာ တိတ်ဆိတ်စွာ ခေါင်းညှိတ်သည်။

“ဟုတ်ပြီ.. မြင့်မားလှတယ်ဆိုတဲ့ အဆောက်အအုံတွေလည်း အခြေခံကနေပဲစတာ။ အခက်ခဲဆုံးအပိုင်းကို ငါဖြတ်ကျော်နိုင်ခဲ့ပြီ။ ကျန်တာကိုတော့ အမှတ်ပဲ ထပ်ပေါင်းတော့မယ်”

ဤကျင့်စဉ်ဟာ သာမန်လူများ ကျင့်ကြံနိုင်သည့်အရာ မဟုတ်ပေ။

“ငါ့ခန္ဓာကိုယ်ကို အတင်းကြီး ဖိအားပေးစရာ မလိုဘူး။ လက်သီးအတတ်၊ လက်ဝါးအတတ်၊ ခြေထောက်အတတ်နဲ့ လက်ချောင်းအတတ်တွေကို ကိုယ့်ကိုယ်ကိုယ်အားကိုးပြီး ကျင့်ကြံဖို့လည်း ရှိသေးတယ်”

All Chapters