(ထူးခြားမှုကို ရှာဖွေခြင်း)
Vol. 6 Ch. 78
ရှလင်အနေနှင့် ပထမအဆင့်၏ ပြီးပြည့်စုံခြင်းသို့ ကျင့်ကြံပြီးသည်နှင့် လုံလောက်လောက်ပါသည်။ ထိုအချိန်၌ နှစ်ဖက်စလုံး အကျိုးကျေးဇူးကြီးစွာ ရမှာဖြစ်၏။
သူမ၏ အခြေခံဟာ ဟန်ကျောက်ထက် ကောင်းပါသည်။ သို့ပေမယ့် စနစ်မရှိပေ။ ထို့အပြင် တောင်ခွဲဆေဘာအတတ်၏ ဒုတိယအဆင့်မှ တတိယအဆင့်သို့ ကျင့်ကြံရန်မှာ အနည်းငယ် ခက်ခဲ၏။
သွေးသန့်စင်ခြင်းအဆင့်မှာ သိုင်းသမားများအတွက် ပထမဆုံး ကြီးမားသည့် တစ်ဆို့မှုတစ်ခုလည်း ဖြစ်သည်။ အခြားလူများအတွက် ချိုးဖျက်ရန် လွယ်ကူခြင်းမရှိပါ။ ခြံဝန်းအနောက်ဘက်သို့ ဟန်ကျောက်ရောက်လာပြီးနောက် မျက်လုံးများကို မှိတ်ကာ ကုလားထိုင်ပေါ်တွင် လဲလျောင်းပြီး နေပူဆာနေသည့် လုယီကို တွေ့ရသည်။ သို့ရာတွင် ဒီတစ်ကြိမ်၌ ဘေးနားတွင် အစေ့ခွံများ ရှိမနေပါ။
“ဆရာ”
ဟန်ကျောက်က လျှောက်သွားကာ ဦးညွှတ်သည်။
“ဟန်”
ရင်းနှီးသည့် အသံကို ကြားရပြီးနောက် လုယီ၏ မျက်လုံးများ ရုတ်တရက် ပွင့်လာ၏။ ရပ်နေသည့် ဟန်ကျောက်ကို တွေ့ရပြီးနောက် ဝမ်းသာသွားသည်။ သို့ပေမယ့် ကုလားထိုင်ပေါ်တွင် ပြန်လှဲကာ နှာခေါင်းရှုံ့၏။
“မင်းမသေဘူးလား”
လုယီ၏ စကားလုံးအတွင်းရှိ မကျေနပ်မှုကို ကြားရပြီးနောက် ဟန်ကျောက်က လျှင်မြန်စွာ တုံ့ပြန်၏။ သူက နောက်သို့ အမြန်လျှောက်သွားကာ လုယီ၏ ပုခုံးကို နှိပ်ပေးသည်။
ပြုံးကာ ပြော၏။
“ဆရာ… ဘာတွေပြောနေတာလဲ… ကျွန်တော်သေရင် ဝမ်းနည်းနေရမှာပေါ့။ ဒဏ်ရာကုရုံပါပဲ.. အခုလေးတင် မြို့ကိုပြန်ရောက်တာနဲ့ ဆရာ့ဆီ ချက်ချင်းလာတွေ့တာ”
“အသိစိတ်တော့ ရှိသေးသားပဲ”
လုယီက ဟန်ကျောက်၏ မျက်နှာကို သေသေချာချာ ကြည့်သည်။ ထို့နောက် သူ၏ပုံစံက စိတ်သက်သာရာ ရသွား၏။
“ကံကောင်းတယ်.. မင်းရဲ့ ပုံကိုကြည့်ရတာ ဒဏ်ရာအားလုံး ပြန်ကောင်းပြီးပုံပဲ။ သွေးချီ ထိခိုက်ထားတာလည်း မရှိဘူး။ နောင်မှာ သွေးသန့်စင်ခြင်းအဆင့်ကို ချိုးဖျက်တာကို မသက်ရောက်ဘူး။ ပြီးရင် မြို့ထဲမှာ ကောင်းကောင်းနေတော့.. အပြင်လျှောက်သွားမနေနဲ့တော့.. နားလည်လား”
“ဟုတ်ကဲ့”
ဟန်ကျောက်လည်း လုယီ၏ စိုးရိမ်မှုကို ခံစားရပြီး ခေါင်းညှိတ်၏။
“ဒါနဲ့ဆရာ.. သိုင်းကျောင်းပြိုင်ပွဲက..”
ဟန်ကျောက်က ညင်သာစွာ မေးသည်။ ဒီတစ်ကြိမ်တွင် သူဟာ စီစဉ်ထားသည်ထက် တစ်လနောက်ကျကာ ပြန်လာခဲ့ရသည်။ သိုင်းကျောင်းများ၏ ပြိုင်ပွဲဟာ ပြီးနေလောက်ပါပြီ။
လုယီက သူ့ကို စူးစိုက်စွာ ကြည့်သည်။
“အဲ့ကိစ္စကို ပြောရဲသေးတယ်ပေါ့.. မင်းပဲငါ့ကို အကောင်းဆုံး ကြိုးစားပေးပါ့မယ်လို့ ကတိပေးထားတာလေ။ နောက်ဆုံးတော့ ငါ့ရဲ့ နတ်ဆိုးသားရဲအသားတွေ အများကြီးကို စားပြီး ဘာမှပြန်မလုပ်ပေးဘူး။ သိုင်းကျောင်းပြိုင်ပွဲမှာ ငါလည်း မျက်နှာပျက်ခဲ့ရတယ်”
ဟန်ကျောက်က နေရခက်စွာ ပြုံးသည်။ သူ့တွင် အကြောင်းပြချက်တို့ ရှိနေပေမယ့် ကတိကို အမှန်တကယ်ကို ချိုးဖျက်ခဲ့တာ ဖြစ်သည်။ ချက်ချင်းပင် ရင်ဘတ်ကို ပုတ်ကာ ပြော၏။
“ဆရာလု.. စိတ်မပူပါနဲ့.. နောက်တစ်ကြိမ်ကျရင်..”
“ငါ့ကို ကတိတွေ လာမပေးနဲ့တော့”
လုယီက ဒေါသတကြီး ကြားဖြတ်သည်။ ချက်ချင်းပင် စကားပြောင်းသွား၏။
“နောက်နှစ်မှာ မင်းရဲ့ခန္ဓာကိုယ်ကို အားဖြည့်ဖို့ နတ်ဆိုးသားရဲအသားအချို့ ငါပေးမယ်။ ဒါပေမယ့် လာမယ့်သိုင်းပြိုင်ပွဲမှာ အဆင့်တူတဲ့ အရိုးသန့်စင်ခြင်းအဆင့် သိုင်းသမားတစ်ယောက်ကို ရှုံးရဲရင်တော့.. သေတဲ့အထိ လူသစ်တွေကို ပြန်သင်ပေးပြီး အကြွေးဆပ်ရမယ်”
“ဆရာ.. စိတ်မပူပါနဲ့… အဆင့်တူမှာ ဘယ်သိုင်းသမားကိုမှ မရှုံးဘူးလို့ ကျွန်တော် အာမခံတယ်။ နောက်တစ်ကြိမ်ကျ သေချာပေါက် မျက်နှာရအောင် ပြန်လုပ်ပေးမှာပါ” ဟန်ကျောက်က လေးနက်စွာ ပြောသည်။
“ဆရာ.. ကျွန်တော်…”
“သွားစရာရှိရင် သွားတော့လေ… ယွမ်ထုလည်း ခဏခဏ လာမေးဖြစ်တယ်။ မင်းအဆင်ပြေတာ သူ့ကို သွားပြောလိုက်ဦး”
လုယီက စိတ်မရှည်စွာ ပြောသည်။ ဒီအရှက်မဲ့သည့် တပည့်က အကုန်ပြောနိုင်လေသည်။
“ဟုတ်ကဲ့”
ဟန်ကျောက်ဟာ အကူအညီမဲ့စွာဖြင့် လျှောက်ထွက်လာခဲ့၏။ တကယ်တော့ သူက ပထမအဆင့် သွေးချီချိုးဖျက်မှုသို့ ရောက်ရှိပြီး ဖြစ်ကြောင်းအား ပြောပြမလို့ပါ။
‘ထားလိုက်ပါတော့… နားမထောင်ချင်မှတော့ ပြီးမှ အံ့ဩအောင် လုပ်ပေးလိုက်မယ်’
ဟန်ကျောက်ဟာ ခြံဝန်းထဲမှ လျှင်မြန်စွာ လျှောက်ထွက်လာပြီး ရှလင်ကို ခေါ်ကာ ကျောက်ယွမ်ထု၏ အိမ်ဆီသို့ ထွက်ခဲ့သည်။
အိမ်သို့ ရောက်ပြီးနောက် စကားပြောအပြီးတွင် ကျောက်ယွမ်ထုက ပြန်မလွှတ်ချင်သေးပေ။ နောက်တစ်နေ့တွင် ဒကာလိုက်ခံမည်ဟု သေချာပေါက် အာမခံပြီးမှ လွှတ်ပေး၏။
ဟန်ကျောက်ဟာ ရှလင်နှင့် ခဏတာ ဈေးဝယ်ရင်း ဘဲကင်၊ ဝက်ခေါင်းသား၊ ကြက်ကင်နှင့် သစ်အယ်သီးတို့ကို ပိုဝယ်ခဲ့သည်။
ညအချိန်တွင် ဟန်ကျောက်ဟာ အိပ်ယာပေါ်၌ တင်ပျဉ်ခွေထိုင်၏။
“အချက်ပေးအပိုင်းအစ ၃၀ခုတို့ကို စုဆောင်းထားသည်။ သင်သည် အစမ်းဝင်ရောက်ခွင့် တစ်ကြိမ်ကို ပေါင်းစပ်မည်လား”
“တစ်ကြိမ် ပေါင်းစပ်ခြင်း- အချက်ပေးအပိုင်းအစ ၃၀နှင့် ရွှေ၁၀လျန်တို့ကို….”
“ယင်စွမ်းအင်က ဒီအချိန်အတွင်းတော့ လုံလောက်သေးတယ်။ ဒါပေမယ့် ပိုရဖို့နည်းလမ်းကိုလည်း စဉ်းစားထားဖို့ လိုတယ်”
“ထောယွမ်ရွာမှာ ပေါ်လာတဲ့ ထူးခြားမှုက သူ့ဘာသာ ဖြစ်လာတာ မဟုတ်ဘူး။ အခြားဟာတွေ ရှိဦးမှာပဲ။ အစမ်းရှင်သန်ရင်းနဲ့ ရှာလို့ရတယ်”
ထိုကဲ့သို့ တွေးမိပြီးနောက် ဟန်ကျောက်ဟာ နှလုံးသားထဲ၌ ရေရွတ်လိုက်၏။
“ထူးခြားမှုကို ရှာမယ်…”
“ပေါင်းစပ်မယ်…. အစမ်းရှင်သန်မှု စမယ်”
“အသက်၁၉နှစ်တွင် သင်သည် ကျီကျုလင်၏ တောင်းဆိုချက်ကို လုပ်ဆောင်ပေးပြီးနောက် ကျောက်နက်မြို့သို့ ပြန်ခဲ့သည်”
“၂လကြာပြီးနောက် ကျန်းထန်ဝမ်ဟာ သွေးသန့်စင်ခြင်းအဆင့်သို့ ချိုးဖျက်ခဲ့၏”
“အသက်၂၀တွင် သင်သည် သွေးချီချိုးဖျက်မှု ဒုတိယအဆင့်သို့ ရောက်ရှိကာ နဂါးပျံအဖွဲ့သို့ ဝင်ရောက်ပြီး ချီရှင်းကို သတ်ဖြတ်ခဲ့သည်။ နောက်ဆုံးတွင် နဂါးပျံအဖွဲ့တွင် နောက်ထပ် သွေးသန့်စင်ခြင်းအဆင့် သိုင်းသမားတစ်ယောက် ရှိနေသေးကြောင်းကို တွေ့လိုက်ရ၏။ တစ်ဖက်လူ၏ လက်ဝါးသိုင်းဟာ အလွန် ပြင်းထန်ပြီး လှုပ်ရှားမှုခြေကွက်များက သေသပ်လှသည်။ ရင်ဆိုင်ရန် အလွန်ခက်ခဲ၏”
“နောက်ဆုံးတွင် သင်သည် နှစ်ယောက်တစ်ယောက် တိုက်ခိုက်ကာ အသေးစားဒဏ်ရာအချို့ ရရှိပြီးနောက် ရန်သူနှစ်ယောက်ကို သတ်ဖြတ်နိုင်ခဲ့သည်”
“အသက်၂၁နှစ်တွင် သင်သည် လုံလောက်သည့် ရွှေနက်တို့ကို တယ်ယူနိုင်ခဲ့သည်။ ကျုခန်ရှန်းက သင့်အတွက် ဆေဘာနှင့် ဓါးတို့ကို ထုလုပ်ပေး၏။ သင်သည် ကျောက်နက်မြို့နှင့် ကျောက်စိမ်းလေမြို့၌ ထူးခြားမှုအကြောင်းကို စတင်စုံစမ်းသည်”
“အသက်၂၂နှစ်တွင် ကျောက်စိမ်းလေမြို့၏ မိုင်၃၀၀အကွာရှိ စံအိမ်တစ်ခု၌ နေထိုင်ရင်း ညအချိန်တွင် သင်သည် ထူးခြားမှုကို ကြုံတွေ့ရသည်”
“တိုက်ပွဲတွင် ထူးခြားသည့် ခြေလှမ်းကွက်များနှင့် သိုင်းသမားတစ်စုတို့ ရုတ်တရက် ပေါ်လာ၏။ သူတို့ဟာ မသေခြင်းဂိုဏ်းမှ ဖြစ်သည်ဟု ဆိုကြကာ မိစ္ဆာအလောင်းများနှင့်အတူ သင့်ကို ဝန်းရံကြသည်”
“သင်သည် သိုင်းသမား တစ်ဝက်ကျော်တို့ကို သတ်ဖြတ်ပြီးနောက် စွမ်းအင်ခမ်းခြောက်ကာ သေဆုံးခဲ့ရသည်..”
“ကျန်းထန်ဝမ်က သွေးသန့်စင်ခြင်းအဆင့်ကို ချိုးဖျက်သွားတယ်။ နဂါးပျံအဖွဲ့မှာ နောက်ထပ် သွေးသန့်စင်ခြင်းအဆင့် သိုင်းသမားတစ်ယောက် ပေါ်လာတယ်”
'ကျန်းမိသားစုက သွေးသန့်စင်ခြင်းအဆင့် သိုင်းသမားနှစ်ယောက်ကို ဆုံးရှုံးပြီး ကြီးကြီးမားမား ထိခိုက်ထားတာလေ.. ဘယ်လိုလုပ်ပြီး ဒီလောက်မြန်မြန် အင်အားပြန်ကြီးလာတာလဲ...'
ကျန်းထန်ဝမ်၏ သွေးသန့်စင်ခြင်းအဆင့်သို့ ချိုးဖျက်နိုင်မှုဟာ ကံကောင်းမှုဟု ယူဆနိုင်၏။ သို့ပေမယ့် ကျန်းမိသားစုဟာ နဂါးပျံအဖွဲ့၏ နောက်ခံဖြစ်သည်။ ယခု နောက်ထပ် သွေးသန့်စင်ခြင်းအဆင့် သိုင်းသမားတစ်ယောက်လည်း ပေါ်လာ၏။ ဤသည်က အလွန်ထူးဆန်းနေပါပြီ။
“သွေးချီချိုးဖျက်မှု ဒုတိယအဆင့်ကို ငါရောက်ပြီးရင်.. အခွင့်အရေးရှာပြီး တစ်ယောက်ကို အရင်သတ်ပြီးမှ နောက်တစ်ယောက်ကို ထပ်သတ်ရမယ်”
ဟန်ကျောက်က စဉ်းစားသည်။ ထို့အပြင် သူဟာ ထူးခြားမှုကိုလည်း အမှန်တကယ် တွေ့ခဲ့သည်။ သို့ရာတွင် မသေခြင်းဂိုဏ်းက မည်သည်နည်း။ အဘယ်ကြောင့် ထူးခြားမှုနှင့်ပေါင်းကာ သူ့ကို တိုက်ခိုက်ရသနည်း။
“ဖြစ်နိုင်တာက… နတ််ဆိုးနဲ့များ ပက်သက်နေတာလား” ဟန်ကျောက်ဟာ နောက်ဆုံးအကြိမ်တုန်းက အစမ်းရှင်သန်မှုတွင် ထောယွမ်ရွာ၌ တွေ့ခဲ့ရသည့် နတ်ဆိုးကို ပြန်လည်စဉ်းစားမိ၏။
ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်းအဆင့် အကြီးစားကျွမ်းကျင်မှုအဆင့်ရှိ ကျီကျုလင်ပင်လျျင် ထိုနတ်ဆိုး၏ ပြိုင်ဘက် မဟုတ်ပါ။ နောက်ဆုံးအကြိမ်တုန်းက ထူးခြားမှုကြောင့် ပြဿနာဖြစ်ကာ နတ်ဆိုးကို ဖိတ်ခေါ်သလို ဖြစ်ခဲ့သည်။
ဒီတစ်ကြိမ်တွင် မသေခြင်းဂိုဏ်းမှ လူများကို ဖိတ်ခေါ်မိခဲ့၏။ ထိုဂိုဏ်းမှ လူတစ်ဝက်ကျော်တို့ကို သတ်ဖြတ်နိုင်ခဲ့ရာ ဆိုလိုသည်ကား ထိုသူများ၏ ခွန်အားဟာ သွေးသန့်စင်ခြင်းအဆင့် ဝန်းကျင်လောက်တွင်သာ ရှိမှာပါ။
ဒီတစ်ကြိမ်တွင် ကျီပိုင်ဝေနှင့် ကျီကျုလင်တို့နှင့် တွေ့ခဲ့၍သာ မဟုတ်ပါက ဟန်ကျောက်ဟာ အုပ်စိုးသူ မိသားစုများနှင့် ထူးခြားမှုတို့ အဆင့်ရှိ အကြောင်းအရာများကို ထိတွေ့နိုင်မည် မဟုတ်ပေ။
ကြည့်ရတာ ဒီမသေခြင်းဂိုဏ်းမှ သိုင်းသမားများဟာ နတ်ဆိုး(သို့) အုပ်စိုးသူ မိသားစုများနှင့် ပက်သက်နေသည့် ပုံပါ။ ဟန်ကျောက်ဟာ ရှေ့တစ်ခုကို ပိုမို ဖြစ်နိုင်သည်ဟု ထင်၏။
“ဖြစ်နိုင်တာက.. သူတို့က တစ်ယောက်ယောက် ဝင်ပြီး ယင်စွမ်းအင်စုပ်ယူမှာစိုးလို့ ထူးခြားမှုကို ကာကွယ်နေတာာလား”
ဟန်ကျောက်ဟာ ကျီကျုလင်ကို တွေးမိသည်။ သူမ၏ ခန္ဓာကိုယ်ကို ယင်စွမ်းအင်လွှာတစ်ခုက လွှမ်းခြုံထား၏။ ဟန်ကျောက်ဟာ ကျီပိုင်ဝေနှင့် တစ်လကျော်ကြာ အတူရှိခဲ့စဉ်တွင် သူမဆီမှ အုပ်စိုးသူ မိသားစုများ၏ အချက်အလက်များစွာကိကို ရရှိခဲ့သည်။
ထိုအထဲတွင် လက်နက်သခင် မျိုးဆက်များ၏ ဒီဗိုင်းလက်နက်စွမ်းအား တစ်စိတ်တစ်ပိုင်းအား အမွေဆက်ခံနိုင်မှုကို အထူး သိရှိခဲ့၏။
အစမ်းရှင်သန်မှုအတွင်းတွင် ကျီကျုလင်၏ ဦးခေါင်းကို သူဟာ ဓါးဖြင့် ဖြတ်တောက်ခဲ့ပေမယ့် တစ်ဖက်လူဟာ ဘာမှမဖြစ်သည့်အလား ပြန်ကောင်းလာခဲ့သည်။
သူ၏တိုက်ခိုက်မှုဟာ ဆံချည်မျှင်တစ်ခုကိုပင် ထိခိုက်စေခြင်း မရှိခဲ့ပေ။ ထိုအချိန်၌ ကျီကျုလင်ဟာ သူ၏ တိုက်ခိုက်မှုကို ကာကွယ်ဖို့ပင် စိတ်ဝင်စားခြင်း မရှိခဲ့ပါ။
သန်မာသည့် လူလတ်ပိုင်းလူကြီးက ကလေးတစ်ယောက်၏ အရုပ်ဓါးဖြင့် ခုတ်ပိုင်းခြင်းကို ကြည့်နေသကဲ့သို့ ရှိ၏။ အုပ်စိုးသူမိသားစု မျိုးဆက်များ၏ ခန္ဓာကိုယ်ပေါ်တွင် ယင်စွမ်းအင်များဟာ ကြီးစွာ စုစည်းနေပြီး အကာအကွယ် အလွှာတစ်ခုကဲ့သို့ ဖြစ်နေလေသည်။
သူ၏ စုံစမ်းမှုအရ ထိုအလွှာကို အနက်ရောင်အလွှာဟု ခေါ်၏။ အနက်ရောင်အလွှာ ရှိနေသည်နှင့် ခန္ဓာကိုယ်ဟာ မည်မျှပင် ပျက်စီးသွားစေကာမူ လျှင်မြန်စွာ ပြန်ကောင်းလာနိုင်သည်။
၎င်းကို ဖျက်ဆီးရန် အကောင်းဆုံးနည်းလမ်းမှာ ပိုမိုသန်မာသည့် အနက်ရောင်အလွှာကို အသုံးပြုခြင်း ဖြစ်သည်။