စမ်းသပ်ခြင်း
Vol. 14 Ch. 204
ရန်ပေါင်ချီရဲ့ အထောက်အထားက ချီမင်ရဲ့ဟန်ဆောင်ထားတာကို သိသိသာသာခက်ခဲသွားစေတယ်။ ဒါပေမဲ့ သူ့ရဲ့အထောက်အထားကြောင့်ပဲ ချီမင်က အင်မော်တယ်ဘုရင် ကောင်းကင်ဂူထဲကို ပွင့်ပွင့်လင်းလင်း ဝင်ရောက်နိုင်တယ်။
ပြောရမယ်ဆိုရင်…
အန္တရာယ်နဲ့ အခွင့်အလမ်းက အတူတူတည်ရှိနေတယ်။ သူက ဗဟိုဒေသရဲ့ တစ်ဝက်ကျော်ကို ဖြတ်ကျော်ပျံသန်းလာတယ်။ အင်မော်တယ်မျိုးနွယ်ရဲ့ မြင့်မြတ်တဲ့နယ်မြေ၊ အသင်္ချေ အင်မော်တယ်တောင်က ဗဟိုဒေသရဲ့ အလယ်ဗဟိုမှာ တည်ရှိတယ်။ ဒါ့အပြင် အဲ့ဒါက ဗဟိုနတ်ဘုရားတောင်ကို အမြူတေအဖြစ်ထားပြီး အင်မော်တယ်တောင်တွေနဲ့ ဖွဲ့စည်းထားတဲ့ အင်မော်တယ်မြင့်မြတ်နယ်မြေတစ်ခုဖြစ်တယ်။
အင်မော်တယ်တောင် တစ်သောင်းရှိတယ်ဆိုတာကတော့ မမှန်ဘူး။
တိတိကျကျပြောရရင် အင်မော်တယ်ဘုရင်တွေမှသာ ဗဟိုနတ်ဘုရားတောင်ပတ်လည်မှာ အင်မော်တယ်တောင်တစ်ခု တည်ခွင့်ရှိတယ်။ အင်မော်တယ်မျိုးနွယ်တစ်ခုလုံးမှာ အင်မော်တယ်တောင်ပေါင်း (၁၀၈) ခု ရှိတယ်။ ဆိုလိုတာက အင်မော်တယ်ဘုရင် (၁၀၈) ပါး ရှိတယ်။
အင်မော်တယ်ဘုရင်အဆင့်အောက်က ဖြစ်တည်မှုတွေကတော့ အင်မော်တယ်မြို့တစ်ခုပဲ တည်ထောင်နိုင်တယ်။
အင်မော်တယ်တောင်က လေထဲမှာ ပျံဝဲနေပြီး အင်မော်တယ်မြို့ကတော့ မြေပေါ်မှာ တည်ရှိတယ်။ ဗဟိုနတ်ဘုရားတောင်ပတ်လည်က မြေပေါ်မှာလည်း အင်မော်တယ်မြို့တွေ တည်ရှိတယ်။
အင်မော်တယ်မြို့တိုင်းမှာ အင်မော်တယ်အများအပြားနဲ့ တခြားမျိုးနွယ်ငါးခုက အဖွဲ့ဝင်တွေ နေထိုင်ကြတယ်။ ဗဟိုဒေသမှာ တခြားမျိုးနွယ်ငါးခုရဲ့ အဆင့်အတန်းက အရမ်းနိမ့်ပြီး သူတို့အတွက် အသက်ရှင်ရပ်တည်ဖို့ အတော်လေးခက်ခဲတယ်။ သူတို့က အင်မော်တယ်တွေကို ကူညီပြီး သူတို့ရဲ့လက်အောက်ငယ်သားတွေ ဖြစ်လာရုံပဲရှိတယ်။
တခြားနေရာတွေမှာတော့ အားကောင်းရင်အား ကောင်းသလောက် လုံလောက်တဲ့အဆင့်အတန်းရနိုင်တယ်။ ဗဟိုဒေသမှာတော့ မဖြစ်နိုင်ဘူး။ဘာလို့လဲဆိုတော့ ဘယ်လောက်ပဲအားကောင်းနေပါစေ အင်မော်တယ်တွေထက် ပိုအားကောင်းနိုင်သလား။ မြို့အရှင်ထက် ပိုအားကောင်းနိုင်သလား။ အင်မော်တယ်ဘုရင်တစ်ပါးကို အနိုင်ယူနိုင်သလား။
ရှင်းရှင်းလင်းလင်းပဲ မဖြစ်နိုင်ဘူး။
ဗဟိုဒေသမှာ မျိုးနွယ်ငါးခုရဲ့ အဆင့်အတန်းကို အလွန်အမင်း နိမ့်ကျအောင် ဖိနှိပ်ထားတယ်။
အင်မော်တယ်မျိုးနွယ်ကသာ အုပ်ချုပ်သူဖြစ်တယ်။
အင်မော်တယ်မျိုးနွယ်မှာ ခွန်အားကို လေးစားကြတယ်။ ဗဟိုဒေသမှာ အင်မော်တယ်မြို့ပေါင်း (၁၂၉,၆၀၀) တည်ထောင်ထားတယ်။
ဗဟိုဒေသမှာ အင်မော်တယ်မြို့တစ်ခု တည်ထောင်နိုင်တဲ့ မြို့အရှင်တိုင်းက သူတို့ရဲ့ကျင့်ကြံမှုနဲ့ ခွန်အားက အနည်းဆုံး အတိဒုက္ခကျော်လွှားခြင်းအဆင့်ကို ချိုးဖျက်ပြီးကြတယ်။
“အင်မော်တယ်မြို့ (၁၂၉,၆၀၀)။” ချီမင်က ခဏလောက် စဉ်းစားပြီးပြောလိုက်တယ် “ဒါကြောင့် အင်မော်တယ်မျိုးနွယ်မှာ အနည်းဆုံး အတိဒုက္ခကျော်လွှားခြင်းအဆင့်မှာ ရှိတဲ့သူ (၁၂၉,၆၀၀) ရှိတယ်။ ဒါက အပေါ်ယံပဲရှိသေးတယ်။”
“ရန်ပေါင်ချီရဲ့ မိဘတွေက အင်မော်တယ်မြို့ရဲ့ အရှင်သခင်တွေဖြစ်ပြီး အတိဒုက္ခကျော်လွှားခြင်းအဆင့်မှာ ရှိတဲ့သူတွေလည်း ဖြစ်ကြတယ်။ လော လောဆယ်ကျင့်ကြံမှုအဆင့်ကိုတိတိကျကျတော့ မသိသေးဘူး။ရန်ပေါင်ချီလည်း မသိဘူး။” ချီမင်က တွေးလိုက်တယ်။
ချီမင်က အင်မော်တယ်မျိုးနွယ်ရဲ့ မြင့်မြတ်တဲ့နယ်မြေကို ရောက်လာတယ်။ သူချဉ်းကပ်လာတဲ့အခါ မမြင်ရတဲ့ အင်အားနဲ့ စိတ်ဆန္ဒတစ်ခုက ချီမင်ရဲ့ တစ်ကိုယ်လုံးကို ဖြတ်သန်းသွားပေမဲ့ ထူးဆန်းတာ ဘာမှမခံစားမိဘူး။ သူက သက်ပြင်းချလိုက်တယ်။ မကြာခင်မှာ သူက ထူးခြားအင်မော်တယ်တောင်ရှေ့ကို ရောက်လာတယ်။ အဝေးကနေ သူက တိမ်တွေနဲ့ နက္ခတ်တာရာချီတွေကြားမှာ ရပ်တည်နေတဲ့ အင်မော်တယ်တောင်ကို မြင်လိုက်ရတယ်။ တိမ်တွေနဲ့ မြူတွေက ဝန်းရံထားပြီး အင်မော်တယ်စွမ်းအင်တွေဝန်းရံထားတာက နတ်ဘုံနတ်နန်းတစ်ခုနဲ့တူတယ်။
အင်မော်တယ်တောင်က ခမ်းနားခြင်း ဒါမှမဟုတ် ကြီးမားခြင်း မရှိပေမဲ့ နေရာလွတ်တာအိုကနေတစ်ဆင့် အတွင်းမှာ ကမ္ဘာတစ်ခု ပါဝင်တယ်။
ရန်ပေါင်ချီက အင်မော်တယ်ဘုရင် လင်းလုံရဲ့ အမွေခံတပည့်တစ်ယောက်ဖြစ်တယ်။ သူ့ရဲ့အဆင့်အတန်းက ထူးခြားအင်မော်တယ်တောင်မှာ အတော်လေးမြင့်တယ်။ ဒါကြောင့် သူက တောင်ပေါ်မှာ သီးခြားဂူစံအိမ်တစ်ခုကို သဘာဝအတိုင်း ပိုင်ဆိုင်ထားတယ်။ “ဂါရဝပြုပါတယ်၊ အမွေခံတပည့် ရန်။”
“ဂါရဝပြုပါတယ်၊ အမွေခံတပည့် ရန်…”
“အမွေခံတပည့် ရန် ပြန်လာပါပြီလား…”
ချီမင်က ထူးခြားအင်မော်တယ်တောင်ပေါ်ကို ခြေချလိုက်တယ်။ ပတ်ဝန်းကျင်မှာ အင်မော်တယ်တပည့်တွေ အများကြီးရှိကြတယ်။ သူတို့က ချီမင်ကို မြင်တော့ တစ်ယောက်ပြီးတစ်ယောက် ဂါရဝပြုကြပြီး သူတို့ရဲ့အသံတွေက အရမ်းကိုလေးစားကြတယ်။
ရန်ပေါင်ချီရဲ့ အဆင့်အတန်းနဲ့ အထောက်အထားက တကယ်ပဲ အတော်လေးမြင့်မားတယ်။
ရန်ပေါင်ချီရဲ့ ပုံမှန်အကျင့်နဲ့ စရိုက်အရ ချီမင်က သူ့ကို ဂါရဝပြုတဲ့ ပတ်ဝန်းကျင်က အင်မော်တယ်တပည့်တွေကို မမြင်ရ၊မကြားရသလိုမျိုး လျစ်လျူရှုလိုက်တယ်။
ဟုတ်တယ်။
ဒါက ရန်ပေါင်ချီရဲ့ စရိုက်နဲ့ အမူအကျင့်ဖြစ်တယ်။ အရည်အချင်းနိမ့်ပြီး အနာဂတ်မရှိတဲ့သူတွေအပေါ် သူက ဘာအချိန်၊ ဘာအမူအရာမှ မဖြုန်းတီးဘူး။
တကယ်တော့…
သူတို့နဲ့ စကားပြောတာက သူ့ရဲ့အချိန်ကို ဖြုန်းနေတယ်လို့တောင် သူက ခံစားရတယ်။
“မင်း ကြားပြီးပြီလား။ အမွေခံတပည့် ရန်ရဲ့တာဝန်ကဒီတစ်ခါ ကျရှုံးသွားတယ်။ သူက အင်မော်တယ်ဘုရင် လင်းလုံပေးထားတဲ့တာဝန်ကို ဖျက်ဆီးလိုက်တယ်။ သူနဲ့အတူသွားတဲ့ တခြားအင်မော်တယ်ဘုရင် အမွေခံတပည့်လေးယောက် သေသွားပြီး သူတစ်ယောက်တည်း အသက်ရှင်ခဲ့တယ်။”
“ဟုတ်တယ် ငါလည်းသိတယ်။ ဒီကိစ္စက ပျံနေတာသိပ်မကြာသေးဘူး။”
“သူ ကျရှုံးသွားပေမဲ့ အမွေခံတပည့် ရန်ကို ဘာအပြစ်မှမပေးဘူးဆို။”
“ဒါကတော့ မတတ်နိုင်ဘူး။ သူက ဒုတိယမျိုးဆက် အင်မော်တယ်ပဲလေ။” “ငါတို့က သူနဲ့ လုံးဝမယှဉ်နိုင်ဘူး…”
ချီမင် ထွက်သွားပြီးတဲ့နောက်မှာ ဒီအင်မော်တယ်တပည့်တွေက စိတ်လှုပ်ရှားစွာ ဆွေးနွေးကြတယ်။ သူတို့ရဲ့စကားတွေထဲမှာ သူတို့က ရန်ပေါင်ချီအပေါ် မနာလိုမှု၊ ဝန်တိုမှုနဲ့ စက်ဆုပ်မှုကို ဖော်ထုတ်လိုက်ကြတယ်။
ဒီအင်မော်တယ်တပည့်တွေက ရန်ပေါင်ချီရဲ့စရိုက်နဲ့ အမူအကျင့်ကို မမုန်းဖို့ တကယ်ပဲ အရမ်းခက်ခဲတယ်။
ဒီအချိန်မှာ ချီမင်က ရန်ပေါင်ချီရဲ့ ဂူစံအိမ်ရှေ့မှာ ရင်းနှီးတဲ့ ပုံရိပ်နှစ်ခုကို တွေ့လိုက်တယ်။
သူတို့က ရန်ပေါင်ချီရဲ့ မိဘတွေဖြစ်တယ်။
ချီမင်က တုန်လှုပ်သွားတယ်။
“သား။”
ချီမင် အခုမှရောက်လာတုန်းရှိသေးတယ်။ ရန်ပေါင်ချီရဲ့ မိခင်၊ ယွဲ့ယီလင်က လှည့်လာတယ်။ သူမက အရင်ဆုံး ချီမင်ကို ကြည့်လိုက်တယ်။ သူမရဲ့ လှပတဲ့မျက်လုံးတွေထဲမှာ ထူးဆန်းတဲ့စာလုံးတစ်မျိုးလင်းလက်သွားတယ်။
နောက်တစ်ခဏမှာ ယွဲ့ယီလင်က ချီမင်ဆီကို ပြေးလာတယ်။ သူ့ရဲ့ ရှက်ရွံ့နေတဲ့အကြည့်အောက်မှာ သူမက သူ့ကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်ပြီး သူမရဲ့ရင်ခွင်ထဲကို ဆွဲသွင်းလိုက်တယ်။
ချီမင်က ရန်ပေါင်ချီရဲ့စရိုက်အတိုင်း ပြုမူလိုက်တယ်။
သူ့ရဲ့မျက်နှာတစ်ခုလုံးက ကြီးမားတဲ့တောင်တန်းတွေထဲမှာ မြှုပ်ထားရသလို ခံစားလိုက်ရတယ်။ နူးညံ့တဲ့ ပန်းရောင်အသားအရေကို ထိတွေ့လိုက်တဲ့အခါ သူက မွန်းကျပ်သွားသလိုဖြစ်သွားတယ်။
သူ့ရဲ့နှာခေါင်းထဲမှာ လန်းဆန်းတဲ့ရနံ့တွေနဲ့ ပြည့်နှက်သွားတယ်။
ကောင်းကင်ဘုံပဲ။
ဒါက လူတစ်ယောက်ကို သေသွားစေနိုင်တယ်။ ရန်ပေါင်ချီရဲ့ မိခင်၊ ယွဲ့ယီလင်က တကယ်ပဲ လှပတဲ့အမျိုးသမီးတစ်ယောက်ဖြစ်တယ်။ သူမက ကျက်သ ရေရှိပြီး ထူးခြားတဲ့အရှိန်အဝါမျိုးရှိတယ်။ သူမကပြိုင်ဘက်ကင်းအလှမျိူးရှိပြီး သူမရဲ့ကိုယ်ဟန်က ပိုပြီး ကြွရွကာ ကြီးမားတဲ့ တောင်ထိပ်တစ်စုံလည်း ရှိတယ်။
ချီမင်က ဒါကို နက်နက်ရှိုင်းရှိုင်း နားလည်သွားတယ်။
“အား…” ယွဲ့ယီလင်က သက်ပြင်းချလိုက်တယ် “အမေ့ရဲ့သနားစရာသားလေး၊ အမေ အရမ်းစိုးရိမ်နေခဲ့တာ။ အင်မော်တယ်ဘုရင် လင်းလုံက မင်းကို ဒီလောက်အန္တရာယ်များတဲ့အရာကို ဘယ်လိုလုပ်ခိုင်းရတာလဲ။”
“ကံကောင်းလို့မင်းဘာမှမဖြစ်ဘူး။မဟုတ်ရင်အမေ ဘယ်လိုဆက်အသက်ရှင်ရမှာလဲ…”
“အဟွတ် အဟွတ်…”
ရန်ပေါင်ချီရဲ့ ဖခင်၊ ရန်ယင်ဖန်က ဘေးမှာရပ်ပြီး ခပ်ဖွဖွ ချောင်းဟန့်တယ်“မင်းစကားကို သတိထား။ အင်မော်တယ်ဘုရင် လင်းလုံသာ ဒါကိုမြင်ရင် ငါတို့ အဆူခံရလိမ့်မယ်။”
“ဟွန့်။” ယွဲ့ယီလင်က ရန်ယင်ဖန်ကို စိုက်ကြည့်လိုက်တယ် “ဘာမှားလို့လဲ။ အင်မော်တယ်ဘုရင် လင်းလုံက ကျွန်မသားကို ဒီလောက်အန္တရာယ်များတဲ့တာဝန်ကို သွားခိုင်းပြီး ပြန်မလာနိုင်တော့မလို ဖြစ်လာတာ။ ကျွန်မ ဘာမှမပြောရဘူးလား။”
“ရန်ယင်ဖန်။” ယွဲ့ယီလင်က အော်တယ်“ရှင် အရမ်း သွေးကြောင်တာပဲ။”
“လင်အာ မင်း ဘာတွေပြောနေတာလဲ…” ရန်ယင်ဖန်ကပြောစရာစကားမဲ့သွားတယ်။
အဲ့ဒီအချိန်မှာ ပုံရိပ်တစ်ခုက လေထဲကနေ ဆင်းသက်လာတယ်။ အဖြူရောင်အလင်းတစ်ခု လင်းလက်သွားပြီး ကောင်းကင်လျှို့ဝှက်ချက်တာအိုအရှိန်အဝါကမြင့်တက်လာကာ မှုန်မိုင်းတဲ့မြူအဖြစ် ပြောင်းလဲသွားပြီးမမြင်နိုင်တဲ့ဖိအားတစ်ခုဖြစ်တည်လာတယ်။
“အင်မော်တယ်ဘုရင် လင်းလုံကိုဂါဝရပြုပါတယ်။” ရန်ယင်ဖန်နဲ့ ယွဲ့ယီလင်ရဲ့ မျက်လုံးတွေ ကျဉ်းမြောင်းသွားပြီး သူတို့မျက်နှာပေါ်မှာ အံ့အားသင့်တဲ့အမူအရာ ပေါ်လာတယ်။ ရန်ယင်ဖန်က ချက်ချင်း ဒူးတစ်ဖက်ထောက်လိုက်ပြီး ယွဲ့ယီလင်ကလည်း ချီမင်ကို လွှတ်ပြီး သူ့ရဲ့ညာဘက်လက်ကို ဆွဲကာ အတူတူဒူးထောက်လိုက်တယ်။
“မင်းတို့ ငါ့ကို အပြစ်တင်ချင်လို့လား။” အင်မော်တယ်ဘုရင် လင်းလုံကနီမြန်းပြီး အနည်းငယ်ဝတဲ့ လူအိုကြီးတစ်ယောက်ဖြစ်တယ်။ သူက အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး တကယ့်ကိုတစ်ခြားလောကက အင်မော်တယ်တစ်ပါးဖြစ်တယ်။ “ကျွန်တော်တို့… ကျွန်တော်တို့ မဝံ့ရဲပါဘူး…” ရန်ယင်ဖန်က ပြောတယ် “ယွဲ့ယီလင်က ကျွန်တော်တို့သားရဲ့ လုံခြုံရေးအတွက် စိုးရိမ်လို့ ဒီစကားတွေကို ပြောခဲ့တာပါ။ အင်မော်တယ်ဘုရင် လင်းလုံ ခွင့်လွှတ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။”
“မင်းတို့ မဝံ့ရဲဘူးဆိုတာ ငါသိတယ်။” အင်မော်တယ်ဘုရင် လင်းလုံက ပြောတယ်“ရန်ပေါင်ချီက ငါ့ရဲ့အမွေခံတပည့်ပဲ။ မင်းတို့နှစ်ယောက်သာ ငါ့ကိုမယုံရင် အဲ့ဒီတုန်းက သူ့ကို ထူးခြားအင်မော်တယ်တောင်ကို မပို့ခဲ့သင့်ဘူး။”
ယွဲ့ယီလင်က ဘာမှမပြောတော့ဘူး။
“မင်းတို့နှစ်ယောက် ပြန်လို့ရပြီ။” အင်မော်တယ်ဘုရင် လင်းလုံက လက်ဝှေ့ယမ်းလိုက်တယ်။
“ဟုတ်ကဲ့။” ရန်ယင်ဖန်က ထရပ်ပြီး ယွဲ့ယီလင်ကို ဆွဲထူလိုက်တယ်၊ “သွားကြစို့။” “သား။” ယွဲ့ယီလင်က ချီမင်ရဲ့လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး တွန့်ဆုတ်နေတယ်“အမေတို့ကို လအင်မော်တယ်မြို့ကို လာရှာဖို့ သတိရပါ။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ သတိရပါ။ မင်းရဲ့အသက်ထက် ပိုအရေးကြီးတာ ဘာမှမရှိဘူး။”
ချီမင်က ခေါင်းညိတ်ပြီး အနည်းငယ် အေးတိအေးစက်ကြည့်လိုက်တယ်။
“သွားကြစို့။” ရန်ယင်ဖန်က ပြောတယ်။
ရန်ပေါင်ချီရဲ့ မိဘတွေ ထွက်သွားကြတယ်။
“အရိုအသေပြုပါတယ် ဆရာ။” ချီမင်က ဦးညွှတ်ပြီးပြီး ဒေါသတကြီး ပြောတယ် “ကျွန်တော် ဆရာ့ရဲ့တောင်းဆိုချက်ကို မပြီးမြောက်နိုင်ခဲ့ဘူး။ ကျွန်တော်… ကျွန်တော်…”
“ထပြီး စကားပြော။”
အင်မော်တယ်ဘုရင် လင်းလုံက သူ့ရဲ့ညာဘက်လက်ကို ဝှေ့ယမ်းလိုက်ပြီး မမြင်ရတဲ့ အင်အားတစ်ခုက ချီမင်ရဲ့ခန္ဓာကိုယ်ပေါ်မှာ သက်ရောက်သွားလို့ သူက အတင်းအဓမ္မထရပ်လိုက်ရတယ်။
“တာဝန်ကျရှုံးရတဲ့ တာဝန်က မင်းနဲ့မဆိုင်ဘူး။ ငါက ချီမင်ရဲ့ နည်းလမ်းတွေနဲ့ စွမ်းရည်တွေကို အထင်သေးခဲ့လိုဖြစ်တာ။ သူ့ရဲ့စွမ်းရည်တွေက ဒီအဆင့်ကို ရောက်နေမှန်းသာ ငါသိရင် မင်းကို မလွှတ်ဘူး။ အနည်းဆုံးတော့ မြို့အရှင်တစ်ယောက်ကို လွှတ်တယ်။”
“နောက်ပိုင်းအချိန်တွေမှာ ကောင်းကောင်းလေးတံခါးပိတ်ကျင့်ကြံထားပြီး အင်မော်တယ်ဘုရင် ကောင်းကင်ဂူကို သွားဖို့ လုံလောက်တဲ့ ပြင်ဆင်မှုတွေ လုပ်ပါ။ ဒါက အရေးအကြီးဆုံးပဲ။”
“ဟုတ်ကဲ့ပါ၊ ကျွန်တော် နားလည်ပါပြီ။”
“ကျန်တဲ့ အင်မော်တယ်ဘုရင်လေးပါးအတွက်တော့ ငါက မင်းကို ကူညီဖြေရှင်းပေးမယ်။ အပြစ်က မင်းအပေါ်ကို မကျစေရဘူး။”
အင်မော်တယ်ဘုရင် လင်းလုံက ဆက်ပြောတယ်“ဘာပဲဖြစ်ဖြစ် လက်နက်အရှင် အင်မော်တယ်ဘုရင်နဲ့ တခြားသူတွေရဲ့ အမွေခံတပည့်တွေအားလုံး သေသွားပြီး မင်းတစ်ယောက်တည်း အသက်ရှင်လာတာ။ တကယ်ပဲ ဒီအချိန်အတွင်းတော့ ကောလာဟလတွေက မင်းအပေါ်မှာ တော်တော်ပြင်းထန်တယ်။”
“တပည့်က ဆရာ့ကို ကျေးဇူးတင်ပါတယ်။”
ချီမင်က အရိုအသေပြုချင်တယ်။
“အကြောင်းမရှိဘဲ ဒူးထောက်စရာမလိုဘူး။” အင်မော်တယ်ဘုရင် လင်းလုံက သူ့ရဲ့ညာဘက်လက်ကို ထပ်ဝှေ့ယမ်းလိုက်ပြီး နောက်ထပ်မမြင်ရတဲ့ အင်အားတစ်ခုက ချီမင်ကို တားဆီးလိုက်တယ် “မင်းရဲ့စရိုက်ကို ပြောင်းလဲရမယ်။ ပြီးတော့ မင်းနဲ့ပတ်သက်တဲ့ အရာအချို့ကိုလည်း ပြောင်းလဲရမယ်။ အင်မော်တယ်ကျင့်ကြံခြင်းလမ်းစဥ်မှာ အတွင်းနတ်ဆိုးတွေကို ဖယ်ရှားပြီး နှလုံးသားကို သွေးထားရမယ်။ မင်းလုပ်တာတွေကို ငါမသိဘူးလို့ မထင်နဲ့။”
“ဟုတ်ကဲ့ပါ ဆရာ။”
အင်မော်တယ်ဘုရင် လင်းလုံက ကျေနပ်စွာ ခေါင်းညိတ်လိုက်တယ်။ ပြီးတာနဲ့သူက ထွက်သွားပြီး သူ့ရဲ့ပုံရိပ်က ဘာလက္ခဏာမှမပြဘဲ လေထဲမှာ ပျောက်ကွယ်သွားတယ်။
“ဟူး…”
ချီမင်က သက်ပြင်းချလိုက်တယ်။
အင်မော်တယ်ဘုရင် လင်းလုံနဲ့ ဒီစကားဝိုင်းက ထူးဆန်းပုံမပေါ်ပေမဲ့ နောက်ပိုင်းမှာ သူက သူ့ကို သုံကြိမ်စစ်ဆေးခဲ့တယ်။
ပထမဆုံး ရန်ယင်ဖန်နဲ့ ယွဲ့ယီလင်တို့ ရှိနေတုန်းက သူက အံ့ဖွယ်စွမ်းအားနည်းစနစ်တွေကိုသုံးပြီး ချီမင်ကို ထောက်လှမ်းတယ်။ သူတို့ကို ပြန်လွှတ်ပြီး တော့သူက ချီမင်ကို သူ့ရဲ့ဓမ္မစွမ်းအားတွေနဲ့ အတင်းအဓမ္မ ထူမတယ်။ ဒါကလည်း စမ်းသပ်မှုတစ်ခုပဲ။
တတိယအကြိမ်မှာ အင်မော်တယ်ဘုရင် လင်းလုံက ချီမင်ကို ဒူးထောက်အရိုအသေပြုတာကို တားဆီးခဲ့တယ်။ ဒါက သူရဲ့ နည်းစနစ်တွေနဲ့ အံ့ဖွယ်စွမ်းအားတွေကို ပေါင်းစပ်ပြီး စစ်ဆေးတဲ့ နောက်ဆုံးအကြိမ်ဖြစ်တယ်။ အရမ်းမထင်ရှားပေမဲ့ ချီမင်က အဲ့ဒါကို အာရုံခံနိုင်တယ်။
အရင်တုန်းက ရန်ပေါင်ချီက အင်မော်တယ်ဘုရင် လင်းလုံကို သူ့နှလုံးသားရဲ့ အောက်ခြေကနေ လေးစားတယ်။ ဒါကြောင့် သူ့ကိုတွေ့တိုင်း သူ့စိတ်အခြေအနေ လှုပ်ရှားသွားတိုင်း ဒူးထောက်တယ်။
ဒါကြောင့် အင်မော်တယ်ဘုရင် လင်းလုံက ရန်ပေါင်ချီကို အကြောင်းမရှိဘဲ ဒူးထောက်တာ မကောင်းဘူးလို့ ပြောခဲ့တာဖြစ်တယ်။
အင်မော်တယ်ဘုရင် လင်းလုံက အရင်တုန်းက ရန်ပေါင်ချီကို ဒူးထောက်တာကို ဘယ်တုန်းကမှ မတားဆီးဖူးဘူး။ ဒါက သူ ပထမဆုံး လုပ်ဖူးတာဖြစ်တယ်။ ဒါက အင်မော်တယ်ဘုရင် လင်းလုံက ချီမင်ကို စမ်းသပ်နေတယ်တာကို ဆိုလိုတယ်။
ချီမင်ရဲ့ ရုပ်ခန္ဓာပြောင်းလဲခြင်း အံ့ဖွယ်စွမ်းအားနည်းစနစ်က တကယ်ပဲ ကောင်းကင်ကို ဆန့်ကျင်လွန်းတယ်။ သူက တခြားအံ့ဖွယ်စွမ်းအားနည်းစနစ်တွေကို သုံးခဲ့တာနဲ့ ပေါင်းစပ်ပြီး သူက အင်မော်တယ်ဘုရင် လင်းလုံဆီကနေ အမှန်တရားကို တကယ်ပဲ ဖုံးကွယ်ထားနိုင်လိုက်တယ်။