ဓားမြို့တော်
Vol. 017 Ch. 1608
ရီဖူရှင်းနှင့် ယူချင်းတို့ရောက်သွားချိန်တွင် အဖွဲ့သုံးဖွဲ့သည် တိုက်ခိုက်ခြင်းမရှိကြတော့ပေ။ သို့သော် တိုက်ပွဲကွင်းပြင်ကို တိုက်ခိုက်ခြင်းစွမ်းအားများ ဖုံးလွှမ်းထားသဖြင့် သူတို့သည်တိုက်ပွဲကွင်းပြင်ထဲသို့ ဝင်ရောက်နိုင်ခြင်းတော့မရှိပေ။ ထိုသို့သာမဟုတ်ပါက သူတို့သည် လှံကိုယူပြီး တိုက်ခိုက်ခြင်း စွမ်းအားများကို ဆက်ခံပြီး ဖြစ်နေပေလိမ့်မည်။ သို့သော် ယခုတွင်မူ ရီဖူရှင်းသည် ထိုအရာနှစ်ခုလုံးအား မယုံနိုင်စရာအမြန်နှုန်းဖြင့် ပြုလုပ်လိုက်သည်။
ရုတ်တရက် သောကျောက်သည် အနည်းငယ် အောင့်သက်စွာ ခံစားလိုက်ရသည်။ တိုက်ခိုက်ခြင်းစွမ်းအားများကို အမွေဆက်ခံခဲ့သည့်သူသည် ယူချင်းမဟုတ်ဘဲ အဘယ်ကြောင့် ရီဖူရှင်းဖြစ်နေသည်ကို ယခု သူနားလည်သဘောပေါက်သွားချေပြီ။
ယင်းကို“အမွေဆက်ခံသည်” ဟုပင် ခေါ်ဆိုနိုင်သေးပါသလား။ ထိုအရာမှာ လှံကိုချထားကာ ရီဖူရှင်း လာယူသည်ကို စောင့်ဆိုင်းနေသကဲ့သို့ပင်ဖြစ်ပေသည်။ ထိုကဲ့သို့ လှံအားအလွယ်တကူယူသွားသည်ကို ကြည့်နေရင်း သောကျောက်သည် ရုတ်တရက် ရီဖူရှင်းက သူတို့ကို ထွက်သွားရန်ပြောခဲ့သည်ကို သတိရမိသွားသည်။ သူသည် ထိုအရာများကို သူတို့အား မမြင်စေလိုသည့်အတွက် ရည်ရွယ်ချက်ရှိရှိ ပြောခဲ့ပုံပေါ်ပေသည်။ သို့သော် ထိုမျှ မယုံနိုင်စရာ အမြန်နှုန်းဖြင့် လှံကိုသိမ်းယူနိုင်ခဲ့သည်ဖြစ်ရာ မည်သို့သော လှည့်ကွက်ကို သုံးသည်ဖြစ်စေ ကိစ္စမရှိတော့ပေ။
“မင်းနောက်ထပ် ဘယ်ကိုသွားဦးမှာလဲ” သောကျောက်က ရီဖူရှင်းကိုမေးလိုက်သည်။
“အရှေ့ဘက်ကို။ လူတွေအဲဒီဘက်ကို သွားနေကြတာတွေ့တယ်။ တစ်ခုခုဖြစ်နေတာလားမသိဘူး။” ရီဖူရှင်းက ပြောလိုက်သည်။
ခရမ်းရွှေကြွက်ကလန်မှ ကျင့်ကြံသူများသည် ဘက်ပေါင်းစုံသို့ သွားနေကြသည်။ ဤအရာကိုကြည့်ခြင်းဖြင့် ထိုနေရာတစ်ခုတည်းတွင် တစ်စုံတစ်ရာ ဖြစ်ပျက်နေသည်မဟုတ်ဘဲ နေရာတိုင်းတွင် ဖြစ်ပျက်နေသည့်ပုံပေါ်နေသည်။ ခရမ်းရွှေကြွက်ကလန်မှ သားရဲများတွင် ကိုယ်ပိုင် လှည့်ကွက်အချို့ ရှိပုံပေါ်ပြီး သူတို့၏အနံ့ခံနိုင်စွမ်းရည်သည် ထူးချွန်လှသည်။
“နတ်ဘုရား အကြွင်းအကျန်နယ်မြေမှာ သမိုင်းကြောင်းတွေ အများကြီးရှိတယ်။ ထိပ်တန်းအင်အားစုတွေရဲ့ အကြီးအကဲတွေလဲ ဒီနေရာကို ရောက်ဖူးခဲ့ကြတာကြောင့် ဒီနေရာနဲ့ ပတ်သက်တာတွေကို သိနေနိုင်တယ် ဥပမာ ကြယ်အင်ပါယာ ကျောင်းတော်တို့လိုမျိုးပေါ့” သောကျောက်က ပြောလိုက်သည်။
သောမျိုးနွယ်စု၏ ကျင့်ကြံသူများသည် ဤဒေသသို့ ပထမဆုံးလာရောက်သူများ မဟုတ်ကြပေ။ အသက်ရှင်လျက် ထွက်လာနိုင်ခဲ့သည့် ကျင့်ကြံသူများသည် ရှေးဟောင်းနတ်ဘုရား အကြွင်းအကျန် ဒေသ၌ တွေ့ကြုံခဲ့သည့် သူတို့၏အတွေ့အကြုံများကို မှတ်တမ်းတင်ထားခဲ့သည်။ ထိုသို့မဟုတ်လျှင် သူတို့သည် ကြယ်အင်ပါယာ၏ကျောင်းတော် နောက်သို့ လိုက်ရမည်ကို မည်သို့သိနိုင်မည်နည်း။
ရီဖူရှင်း ခေါင်းညိတ်လိုက်သည်။ “အင်း”
“ဒါပေမယ့် မင်းကိုသတိပေးစရာတစ်ခုရှိတယ်” သောကျောက်က ပြောလိုက်သည်။
“ပြောပါ” ရီဖူရှင်းကပြောလိုက်သည်။
“ငါတို့ မျိုးနွယ်စုရဲ့ အကြီးအကဲပြောပုံအရဆိုရင် မင်းက ဦးတည်ရာတစ်ခုတည်းကို ဆက်ပြီးသွားမယ်ဆိုရင် အဆုံးကျရင် မြင့်မြတ်အကြွင်းအကျန် နယ်မြေထဲ ရောက်သွားလိမ့်မယ်။”
ရီဖူရှင်း၏ မျက်ဝန်းများတွင် အံ့ဩရိပ်များ ထင်ဟပ်လာသည်။ သူတို့ခရမ်းရွှေကြွက်များနောက်သို့ လိုက်နေသောအချိန်က များစွာသောအင်အားစုများသည် တစ်နေရာတည်းကို မရပ်မနား ဦးတည်သွားလာနေကြသည်ကို တွေ့မြင်ခဲ့ရသည်။
မြင့်မြတ်အကြွင်းအကျန်နယ်မြေသည် နတ်ဘုရားများ အမှန်တကယ် ချန်ထားရစ်ခဲ့သည့် နောက်ကွယ်မှ အရာြဖစ်နေသည်လော။ ဤနတ်ဘုရားအကြွင်းအကျန်နယ်မြေတစ်ခုလုံးသည် နတ်ဘုရားများ၏ သင်္ချိုင်းဟုပင် ခေါ်ဆိုနိုင်ပေသည်။ သို့သော် ၎င်းကို ပြန်လည်တည်ဆောက်နိုင်မည်လော။ ရီဖူရှင်း ထပ်ပြီးခေါင်းညိတ်လိုက်သည်။ “ဒါဆိုအခု အရှေ့နားကို အရင်သွားကြည့်လိုက်မယ်။ ပြီးရင် အရှေ့ဘက်ကို ဆက်ပြီးသွားမယ်” ရီဖူရှင်းပြောသည်ကိုကြားသောအခါ သောကျောက်သည် တစ်စုံတစ်ရာအား သဘောပေါက်သွားပုံပေါ်ပြီး ရီဖူရှင်းမျက်နှာအား ထူးဆန်းသည့်ပုံဖြင့် ကြည့်လိုက်သည်။ “မင်းက ဒီရောက်နေတာလေ တခြားသူတွေဘယ်ကိုသွားမယ်ဆိုတာ မင်းဘယ်လို သိမှာမလဲ။” သူသည် ရီဖူရှင်းအကြောင်းပိုပြီးသိလာသည်နှင့်အမျှ ပိုပြီးထူးဆန်းလာသည်ဟု ခံစားမိသည်။ ဤလူသည် မည်သို့သောသူမျိုး ဖြစ်သနည်း။ အစောပိုင်းတွင် ဤသူနှစ်ဦးသည် သူတို့နောက်မှ တိတ်တဆိတ်လိုက်လာကာ အခြေအနေအရ အခွင့်ကောင်းကို စောင့်ဆိုင်းနေသည်ဟု ထင်ရသည်။ ယခုတွင် သူတို့သည် အခြားနေရာများတွင် ဖြစ်ပျက်နေသည်များကို တစ်နည်းနည်းဖြင့် သိနေပုံပေါ်သည်။ ရီဖူရှင်း၏လေသံအရ ဖြစ်ပျက်နေသည်များကို အသေးစိတ်တိကျစွာ သိနေသည်ဟုပင် ထင်ရပေသည်။ ဤသည်မှာ…။
ရီဖူရှင်းသည် သောကျောက်ကိုကြည့်ပြီးပြုံးလိုက်သည်။ “ ငါက မဟာလမ်းစဉ်ရဲ့ ဆန်းကြယ်တဲ့ စွမ်းအားကိုသုံးပြီးတော့ အတိတ်နဲ့အနာဂတ်ရဲ့ အရာရာတိုင်းကိုသိမြင်နိုင်တယ်လေ”
“…”
သောကျောက်၏ မျက်နှာနက်မှောင်သွားသည်။ သူ မပြောလိုလျှင် မပြောဘဲနေ၍ရနေသော်လည်း ထိုကဲ့သို့ လွန်ကျူးစွာ လိမ်လည်၍ပြောနေပေသည်။ သူသည် အလွန်အစွမ်းထက်သူဖြစ်သော်လည်း ဤလောကတွင် အတိတ်နှင့် အနာဂတ်ကို မြင်နိုင်သည့် စွမ်းအားရှိသည်ဟု ပြောဝံ့သည့်သူ ရှိပါသလော။
“မင်းဒီမှာ ခဏနားနေလိုက်။ ငါတို့ရှေ့ဆက်သွားလိုက်ဦးမယ်။” ရီဖူရှင်းက စနောက်နေခြင်းဖြစ်သည်။
သူသည် ချက်ချင်း အဝေးသို့ရောက်သွားသည်။ သောကျောက်သည် ပျောက်ကွယ်သွားသည့် ပုံရိပ်အား ဆွံ့အစွာကြည့်နေမိသည်။
သူသည် သူ့ဘေးရှိသောမျိုးနွယ်တစ်ယောက်အား ကြည့်ကာမေးလိုက်သည်။ “မင်းဘယ်လိုနေသေးလဲ”
“ကျွန်တော် ပြန်ကောင်းဖို့ အချိန်ယူရဦးမယ်” ထိုအကြောင်းကို ကြားသောအခါ သောကျောက်သည် သူ၏ မျက်လုံးများကို မှိတ်လိုက်ပြီး မည်သည့်စကားမျှ ထပ်မပြော တော့ပေ။
လမ်းစဉ်သစ်သီးတွင် အလွန်အံ့ဩဖွယ်ကောင်းအောင် အသက်စွမ်းအားများ ပြည့်ဝနေသည်။ ထိုသစ်သီးသည် သူ၏အသက်စွမ်းအင်ကို ပြန်လည်ရှင်သန်စေရုံသာမက ပျက်စီးယိုယွင်းနေသော စိတ်ဝိညာဉ်စွမ်းအားကိုလည်း ပြန်လည်ပြုပြင်နိုင်ခဲ့သည်။ ထိုသစ်သီးတွင် မဟာလမ်းစဉ်၏ အဆုံးမဲ့သော အသက်စွမ်းအင်များဖြင့် ပြည့်ဝနေပြီး ထိုအရာသည် လူသားအားလုံး၏ အခြေခံပင် ဖြစ်သည်။
သူတို့ စွမ်းအားပြည့်ဝလာသည့်အခါတွင် သူတို့၏ စိတ်ဝိညာဉ်စွမ်းအင်သည်လည်း သန်မာလာပေမည်။ ထိုနှစ်ခုသည် ချိတ်ဆက်နေပေသည်။ သူတို့၏ အသက်စွမ်းအားများ အားနည်းလာသည့်အခါတွင် သူတို့၏စိတ်ဝိညာဉ်စွမ်းအားသည်လည်း အားနည်းလာပေသည်။ ထို့ကြောင့် တိုက်ပွဲတွင် လူများဒဏ်ရာ ရသောအခါတွင် သူတို့၏စိတ်စွမ်းအားကို ဖျက်ဆီးရန်ပို၍လွယ်ကူစေခြင်းဖြစ်သည်။ ထို့ကြောင့် ဤသစ်သီးဖြင့်သာဆိုလျှင် ကြာမြင့်စွာစောင့်ဆိုင်းစရာမလိုဘဲ ခဏအတွင်းတွင် စွမ်းအားများ ပြန်လည်ပြည့်ဝလာပေမည်။
ယခုအချိန်တွင် သူတို့စိတ်ရှည်ရှည်ဖြင့် ပြန်လည်ကုစားရန်သာ လိုပေသည်။ ထိုနှစ်ယောက်သည် နတ်ဘုရားအကြွင်းအကျန်နယ်မြေထဲတွင် မည်သို့သောမုန်တိုင်းများကို ဖြစ်ပေါ်လာစေမည်ကို မသိနိုင်ပေ။ ထိုနှစ်ယောက်သည် ဤနေရာတွင် အကြီးကျယ်ဆုံးသော မြင်းနက်ကြီး နှစ်ကောင်ဖြစ်သည်ဟု ထင်မြင်မိသည်။ ထိုနှစ်ယောက်နှင့် နောက်ထပ်တွေ့ဆုံမည့် ကံဆိုးသူသည် မည်သူဖြစ်မည်နည်း။
…
နတ်ဘုရားအပျက်အစီးနယ်မြေ၏ ဝင်ပေါက်သည် ဗဟိုဧကရာဇ်ဘုံ၌ရှိသော ပျက်စီးခြင်းမြို့တော်တွင် ဖြစ်သည်။ ထို့ကြောင့် သင်သည် နတ်ဘုရားအပျက်အစီးအကြောင်းကို နားလည်အောင် ရှင်းပြလိုလျှင် ဗဟိုဧကရာဇ်ဘုံ၏ ထိပ်တန်းအင်အားစုများကို ဖော်ပြရပေမည်။ ဤအင်အားစုများသည် ရှေးကျပြီး ကျယ်ပြန့်နက်နဲသော လျှို့ဝှက်ချက်များစွာလည်းရှိကြသည်။ ထို့ကြောင့် သူတို့သည် နတ်ဘုရား ရှေးဟောင်းနယ်မြေအကြောင်း အသိဆုံးသောသူများဖြစ်သည်မှာ သေချာပေသည်။ ထိုအင်အားစုများထက် ရှေးဟောင်းနယ်မြေမတိုင်မီကတည်းက ရှိခဲ့သော ရှေးကျသည့် ထိပ်တန်း အင်အားစုများမှ အကြီးအကဲများက ပို၍သိနိုင်ပေသည်။
ထို့ကြောင့် ထိုအင်အားစုများမှသူများသည် နတ်ဘုရားရှေးဟောင်း အကြွင်းအကျန်နယ်မြေထဲ ဝင်ရောက်သည့်အခါတွင် ပြုလုပ်ရမည့်အချို့အရာများကို သိထားကြသည်။ ဥပမာဆိုရသော် ကြယ်အင်ပါယာကျောင်းတော်မှ လုပ်ဆောင်ချက်များဖြစ်ပြီး သောမျိုးနွယ်စုနှင့် ဝရိန်ခုနစ်ပါး၏ မျိုးနွယ်စုသည် သူတို့နောက်သို့ လိုက်သွားခဲ့ကြသည်။ ကြယ်အင်ပါယာကျောင်းသာမက အခြားအင်အားစုများသည်လည်း နတ်ဘုရားအပျက်အစီးနယ်မြေအကြောင်း သိရှိသည်မှာ သဘာဝကျပေသည်။
ဥပမာအားဖြင့် ယွမ်ယန်ဂိုဏ်း၊ ကောင်းကင်ဓားခန်းမနှင့် အခြားအင်အားစုများသည် နတ်ဘုရားရှေးဟောင်းအမွေအနှစ်နယ်မြေအတွင်းသို့ ရောက်သည်နှင့် အရှေ့အရပ်သို့ ဦးတည် သွားခဲ့ကြသည်။ ယွမ်ယန်ဂိုဏ်း၏ တပ်ဖွဲ့သည် မယုံနိုင်စရာကောင်းလောက်အောင် ကြီးကျယ်ခန်းနား လွန်းလှသည်။ နောက်ဆုံးတွင် သူတို့သည် ယွမ်ယန်ဘုံကိုထိန်းချုပ်နိုင်ခဲ့ပြီး ထိုနယ်မြေရှိ ကျင့်ကြံသူများ အားလုံးသည် သူတို့အတွက် အဓိကကျသူများဖြစ်ပြီး နတ်ဘုရားရှေးဟောင်းအမွေအနှစ်နယ်မြေ အတွင်းသို့ ဝင်ရောက်ခွင့်ရနိုင်ရန် သူတို့အပေါ်မူတည်နေပေသည်။ ထို့ကြောင့် သူတို့သည် ဤနေရာသို့ ရောက်သည်နှင့်တပြိုင်နက် ထယ်ဝါခမ်းနားလှသည့်တပ်တစ်တပ်အား ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။
သိန်းငှက်လေးနှင့်အတူရှိခဲ့ဖူးသော ကျူးချီသည် ယွမ်ယန်ဘုံမှလူတစ်ဦးပင်ဖြစ်သည်။
ထိုအချိန်တွင် လူအုပ်ကြီးသည် ရှေးဟောင်းမြို့၏အပြင်ဘက်တွင် ရပ်နေသည်။ မြို့၏ဂိတ်တံခါးများသည် ကျိုးပဲ့နေပြီး အတွင်းတွင် သက်ရှိများမရှိသည့်ပုံပေါ်လွင်နေသည်။ သို့သော် မြို့အပြင်ဘက်တွင် ရပ်နေသော ယွမ်ယန်ဘုံမှ ကျင့်ကြံသူများသည် လေးလေးနက်နက် စူးစမ်းကြည့်ရှုနေသည်။ ဧရာမမြို့ကြီး တစ်ခုလုံးအား ဓားစွမ်းအင်များဖြင့် လွှမ်းခြုံထားသည်။
မြို့တော်တစ်ခုလုံးတွင် မရေမတွက်နိုင်သော ဓားများဖြင့် တည်ဆောက်ထားသကဲ့သို့ ခံစားလိုက်ရပြီး ကျိုးပျက်မှုများရှိနေသော်လည်း တင့်တယ် လှပနေဆဲဖြစ်သည်။ ထိုအရာများအားလုံးသည် ဓားစွမ်းအားများဖြင့် ပြုလုပ်တည်ဆောက်ထားသော ရှေးဟောင်းဓားမြို့တော်ဖြစ်သည်။ ဤမြို့အား ကြီးမြတ်သော ဓားသမားတစ်ဦးမှ အုပ်ချုပ်ခဲ့သည်။
မြို့အပြင်ဘက်တစ်နေရာတွင် အခြားအင်အားစုတစ်စု ထပ်မံပေါ်ပေါက်လာသည်။ ထိုသူများသည် အသင်္ချေဘုံ၏ ကောင်းကင်ဓားခန်းမမှ ကျင့်ကြံသူများဖြစ်ကြသည်။ ထိုလူစုသည် ယွမ်ယန်ဘုံမှလာသည့် အဖွဲ့လောက် လူအင်အား မများသော်လည်း ထိုဓားသမား တစ်ယောက်စီတိုင်းမှ ကြောက်မက်ဖွယ်ရာ ဓားအရောင်အဝါများ ဖြာထွက်နေပြီး မြို့တွင်းသို့ စူးစူးရဲရဲ စိုက်ကြည့်နေကြသည်။
သူတို့သည် အဝေးမှ ဓားစွမ်းအင်များကို ခံစားမိနေကြပေသည်။ အခြားတစ်နေရာတွင် ခမ်းနားထည်ဝါသော အုပ်စုတစ်စု ရပ်နေ၏။ သူတို့သည် အလွန်လျင်မြန်လွန်းလှပြီး သူတို့ကိုယ်ပေါ်တွင် တောက်ပသော နတ်ဘုရား အလင်းရောင်များ ထွက်ပေါ်နေသည်။ ထိုလူစုသည် သူရိယဘုံ၏ထိပ်တန်းအင်အားစုဖြစ်သည့် ချီရှောင်းနတ်တောင်တန်းမှ ကျင့်ကြံသူများဖြစ်ကြသည်။ သူတို့သည် ဓားပညာအား အဓိကထားသည့် အင်အားစုမဟုတ်သော်လည်း ဓားပညာအား လေ့ကျင့်ကြသူများဖြစ်ကြသဖြင့် ဤနေရာသို့ ရောက်လာကြခြင်းဖြစ်သည်။
ထို့အပြင် ကောင်းကင်အာဏာစက်ဘုံမှ အင်အားစုများလည်းရောက်ရှိလာကြသည်။ ထိုသူများသည် ဗြဟ္မာ့သန့်စင်ကောင်းကင်မှ မိန်းမပျိုများဖြစ်ကြပြီး ထိုအုပ်စုအား ချင်းဟယ်က ဦးဆောင်လာသည်။ သူတို့သည် အခြားအင်အားစုများ၏နောက်ဘက်ခပ်လှမ်းလှမ်းတွင် ရပ်နေကြသည်။ ဗြဟ္မာ့သန့်စင် ကောင်းကင်သည် ကောင်းကင်အာဏာစက်ဘုံ၏ ထိပ်တန်းအင်အားစုများထဲမှ တစ်ခုဖြစ်သော်လည်း အမှန်တကယ်တွင်မူ ကောင်းကင်အာဏာစက်ဘုံ၏မင်းဆက်နှင့် ကောင်းကင်နတ်တံခါးဂိတ် တို့သည်သာ အင်အားအကောင်းဆုံးများဖြစ်ကြသည်။
နတ်ဆိုးဘုံတွင် နတ်နဂါးများနှင့် ကောင်းကင် နတ်ဆိုးအဖွဲ့တို့ရှိကြသည်။ ထို့ကြောင့် ဗြဟ္မာ့သန့်စင်ကောင်းကင်သည် အားအကောင်းဆုံး အင်အားစုမဟုတ်ပေ။ ဘုံကိုးပါးလုံး၏အမြင်တွင်မူ သူတို့သည် အလွန်ထင်ပေါ်ခြင်းမရှိပေ။ ထို့ကြောင့် ချင်းဟယ်သည် သူမ လုပ်သင့်သည့်အရာနှင့် မလုပ်သင့်သည်တို့ကို သိပေသည်။
“အထဲဝင်တဲ့အခါ သတိထားကြပါ။ တစ်မြို့လုံးက ဓားစွမ်းအားတွေနဲ့ပြည့်နှက်နေတယ်” ယွမ်ယန်ကလန်အား ဝံ့ကြွားသော ဝတ်စုံအားဝတ်ဆင်ထားသည့်လူငယ်လေးက ဦးဆောင်လာသည်။ သူသည် ထိုသို့အားလုံးကို သတိပေးပြီးနောက် ရှေးဟောင်းမြို့တော်သို့ ဦးတည်သွားလိုက်သည်။
လူတိုင်းသည် သတိမပြတ်ထားနေကြသည်။ နေရာတိုင်းရှိ ဓားစွမ်းအားများသည် သူတို့၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်ပြီး အတိတ်တွင် လူပေါင်းများစွာသည် ဤနေရာတွင် သေဆုံးသွားခဲ့ရပေသည်။ ထို့နောက် ကောင်းကင်ဓားခန်းမနှင့် ချီရှောင်းတောင်တန်းမှလူများသည် မြို့တွင်းသို့ ဝင်လိုက်ကြသည်။
“ဝင်ကြစို့” ဗြဟ္မာ့သန့်စင်ကောင်းကင်မှ ချင်းဟယ်က အမိန့်ပေးလိုက်သည်။ နတ်မိမယ်များသည် တစ်ယောက်ပြီးတစ်ယောက် မြို့တွင်းသို့ ဝင်လာကြသည်။ သူတို့ မြို့တွင်းသို့ဝင်လိုက်သည်နှင့် ဓားစွမ်းအင်များက သူတို့အားရစ်ပတ်လာကြသည်။ အစွမ်းထက်သော ကျင့်ကြံသူများသာလျှင် နေရာတိုင်း၌ရှိသည့် ဓားစွမ်းအင်များကို ကာကွယ်နိုင်သည်။ သူတို့က ထိုစွမ်းအင်များကို သူတို့ကိုယ်တွင်းသို့ ဝင်ခွင့်ပြုလိုက်လျှင် ထိုစွမ်းအားများ ပိုမိုအားကောင်းလာသည်ကို ခံစားလိုက်မိကြသည်။
မြို့နှင့်မလှမ်းမကမ်းမှ လူတစ်စုသည် မြို့ဆီသို့ ဦးတည်လာနေသည်။ ထိုအုပ်စု၏ရှေ့တွင် ဦးဆောင်လာသည့် လူနှစ်ဦးမှာ ရီဖူရှင်းနှင့် ယူချင်းဖြစ်သည်။ သူတို့နောက်တွင် သိန်းငှက်လေးနှင့် တစ်ခြားသူများ လိုက်ပါလာကြသည်။
သောကျောက်က သူ့အား ဤလမ်း အဆုံးရှိ နတ်ဘုရားအကြွင်းအကျန်နယ်မြေအကြောင်းပြောခဲ့သော်လည်း သူသည် လမ်းတစ်လျှောက်တွင် ရှိနေသော အရာများကိုလည်း စွန့်လွှတ်မည်မဟုတ်ပေ။
“ငါတို့ဝင်သင့်သလား” ယူချင်းသည် သူ့နံဘေးရှိ ရီဖူရှင်းကိုမေးလိုက်သည်။
“ရန်ဟောင်တွေသာ မရှိဘူးဆိုရင် ဘာခြိမ်းခြောက်မှုမှမရှိဘူးလေ” ရီဖူရှင်းက ပြန်ဖြေလိုက်သည်။
“အဲဒီမှာ ငါတို့အားလုံးပေါင်းပြီး ဖြေရှင်းလို့မရတာမျိုးရှိနေရင် ငါတို့ပြေးကြတာပေါ့” ထိုသူတို့တွင် ဓားသမားများရှိသည် - လီဟန်ဓားသမား၊ ရာရာ၊ လော့ယွဲ့ အပြင် အခြားသူများလည်း ရှိသည်။ သူကိုယ်တိုင်လည်း ဓားပညာကိုကျင့်ကြံနေသည်ဖြစ်သဖြင့် ထိုနေရာသို့ ဝင်ရောက်ရန် ဆုံးဖြတ်လိုက်သည်။ ထို့အပြင် သူသည် မကြာခင်က တိုက်ခိုက်ခြင်းစွမ်းအားအချို့အား အမွေဆက်ခံခဲ့ပြီး လှံအသစ်တစ်ချောင်းလည်း ရခဲ့သည်။ အကယ်၍ ရန်ဟောင်တစ်ယောက်မျှ မပါရှိလျှင် သူနှင့်ယူချင်းတို့အား ခြိမ်းခြောက်နိုင်ရန် ခက်ခဲပေလိမ့်မည်။
သူတို့ရင်ဆိုင်ခဲ့ရသည့် အခက်ခဲဆုံးတိုက်ပွဲမှာ သူနှင့် ယူချင်းတို့သည် သောကျောက်အားတိုက်ခိုက်ပြီး သတ္တမတံဆိပ်ကို အသက်သွင်းခဲ့သည့် တိုက်ပွဲပင် ဖြစ်သည်။
“ဒါပေမယ့် ဒီမြို့မှာရှိတဲ့ ဓားစွမ်းအားတွေက အရမ်းပြင်းထန်တယ် မင်းတို့အားလုံး သတိထားကြ” ရီဖူရှင်းသည် သူ့နောက်မှလူများကို သတိပေးလိုက်သည်။
ရာရာနှင့်အခြားသူများခေါင်းညိတ်လိုက်သည်။ ရီဖူရှင်းသည် မြို့ကို ပြန်ကြည့် လိုက်သောအခါတွင် သူ၏အမူအယာသည် အံ့ဩဟန်များ ပြောင်းလဲသွားသည်။ သူသည် ပုံရိပ်ယောင်များ မြင်ယောင်နေသကဲ့သို့ ထင်မှတ်ရပေသည်။ မြို့တစ်မြို့လုံး၏ အထက်မှ အောက်အထိ ဓားစွမ်းအင်များဖြင့် ဖုံးလွှမ်းထားသည်။ နဂိုပုံစံအတိုင်း မရှိတော့ဘဲ ဓားစွမ်းအားများဖြင့် ပြည့်နှက်နေသည်။ ထို့အပြင် မြို့အတွင်းသို့ ပို၍ဝင်လေ ဓားစွမ်းအားက ပိုပြီးပြင်းထန်လာလေဖြစ်သည်။ သူသည် ဓားစွမ်းအင်စာလုံးအချို့ကို ပြတ်သားစွာမြင်နေရပေသည်။
ရီဖူရှင်းနှင့် တစ်ခြားသူများသည် ပြိုပျက်နေသောမြို့ရိုးကိုဖြတ်သန်းကာ ရှေ့သို့တိုးတက်လိုက်ကြသည်။ သူတို့မြို့ထဲသို့ ရောက်သော အခါတွင် အရာအားလုံး ပျက်စီးနေသည်ကို တွေ့လိုက်ကြရသည်။ ထို့အပြင် ဓားစွမ်းအင်များသည် တစ်ဟုန်ထိုးတိုးလာနေပြီး နေရာတိုင်းတွင် မရေမတွက်နိုင်သော ဓားအမှတ်အသားများရှိနေသည်။ ရီဖူရှင်းသည် ခုခံခြင်းမရှိဘဲ ထိုစွမ်းအားများကို သူ၏ကိုယ်ခန္ဓာထဲဝင်ခွင့်ပြုလိုက်သည်။ တစ်ချိန်တည်းတွင် သူ့ထံမှ များစွာသော ဓားစွမ်းအားများ ထွက်ပေါ်လာကြသည်။
“ဒီဓားစွမ်းအားတွေ အကုန်လုံးက မတူညီကြဘူး။ တကယ်တော့ ဒါတွေက ကွဲပြားခြားနားတဲ့ ဓားစွမ်းအားတွေဖြစ်လိမ့်မယ်” လီဟန်ဓားသမားက လေသံတိုးတိုးဖြင့် ပြောလိုက်သည်။ ဓားစွမ်းအားများသည် များစွာသောလူများထံမှ လာသည်မှာထင်ရှားနေသည်။
“ဒီနေရာမှာ ဓားကျိုးတွေ အများကြီးရှိနေတယ်။” ရာရာက သူမပတ်ဝန်းကျင်ကိုကြည့်ကာ ပြောလိုက်သည်။ ဓားကျိုးများစွာသည် နေရာတိုင်းတွင်ရှိနေသည်။
ထိုဓားကျိုးများတွင် ဓားစွမ်းအားများဖြင့် ပြည့်နှက်နေပြီး ရှေးခေတ်က ဓားဘုရင်တစ်ယောက် ဤနေရာတွင် ချန်ထားရစ်ခဲ့ပုံပေါ်နေသည်။ သို့သော် ထိုနေရာတွင် အလောင်းများကို မတွေ့ရပေ။ ဖြစ်နိုင်သည်မှာ သူတို့အား ဓားစွမ်းအားများက ဖျက်ဆီးပစ်လိုက်ပုံပေါ်ပေသည်။ ရီဖူရှင်းသည် ရှေ့သို့ အနည်းငယ်ဆက်သွားလိုက်ပြီး ဓားတစ်ချောင်းကို ဆုပ်ကိုင်လိုက်သည်။ သူသည် ဓားအတွင်းမှ ဓားစွမ်းအားကို ခံစားရသည်။
“ဓားတွေက ကျိုးနေပြီဆိုတော့ လူတွေက သေသွားကြပြီပေါ့ ဒါပေမယ့် လူတွေကမရှိတော့ပေမယ့် ဓားတွေက ကျန်နေသေးတယ်” သူကပြောလိုက်သည်။ ယခင်အချိန်ကဆိုလျှင် ထိုဓားကျိုးများသည် သူ့အတွက်အလွန်အဖိုးတန်မည်ဖြစ်သော်လည်း ယခုလက်ရှိ သူ၏အဆင့်တွင်မူ အသုံးမဝင်တော့ပေ။
“မြို့အလယ်ကို သွားရအောင်” ရီဖူရှင်းက ပြောပြီး ရှေ့မဆက်သွားလိုက်သည်။
***