← Chapters

အခန်း (၉၆)

Vol. 7 Ch. 96

အခန်း (၉၆)

Vol. 7 Ch. 96

God Genzo:

"အား.... ဒါခေါင်းဆောင်ပဲ"

"ခေါင်းဆောင် သတ်ခံလိုက်ရပြီ"

ပတ်ဝန်းကျင်ရှိ ဓားပြများဟာ ချီရှင်း၏ ခေါင်းကို မြင်သောအခါ ချက်ချင်း ကြောက်လန့်တုန်လှုပ်သွားကြသည်။

ခေါင်းဆောင်သည် သွေးသန့်စင်ခြင်းအဆင့် ပုဂ္ဂိုလ်ကြီး ဖြစ်သည်။ သူသည် ကိုးသွယ်တောင်ဒေသတွင် ဒေသဆိုင်ရာ ဧကရာဇ်တစ်ပါးကဲ့သို့ ဖြစ်၏။

တစ်ချိန်က နောက်မှ ဝင်ရောက်လာသည့် အရိုးသန့်စင်ခြင်းအဆင့် ပြီးပြည့်စုံသော သိုင်းသမားတစ်ဦးသည် ခေါင်းဆောင်၏ အာဏာကို စိန်ခေါ်ခဲ့သည်။

နောက်ဆုံးတွင် သူ၏ ကိုယ်လက်အင်္ဂါအစိတ်အပိုင်းများ

ကို ဖျက်ဆီးကာ တံခါးတွင် ချိတ်ဆွဲခံရပြီး နေပူရှိန်ကြောင့် သေဆုံးရ၏။

သူတို့ စိန်ခေါ်ရန် မစဉ်းစားဝံ့သည့် ယခုကဲ့သို့ သိုင်းပညာရှင်ကြီးဟာ ယခုအချိန်၌ ကြောက်မက်ဖွယ်ကောင်းလှစွာ ဦးခေါင်းတစ်ခုသာ ကျန်ပါတော့သည်။ လူတိုင်း ကြောက်လန့် တုန်လှုပ်ကုန်ကြ၏။

"ပြေး"

ဘယ်သူက ဦးစွာ စကားစခဲ့မှန်း မသိပေ။ ခံတပ်၏ တံခါးနောက်မှ ဓားပြများဟာ ပြန့်ကျဲကာ ထွက်ပြေးသွားကြသည်။

သို့သော် သူတို့ မည်မျှပင် မြန်မြန်ဆန်ဆန် ပြေးသွားကြစေကာမူ ဟန်ကျောက်လောက် မမြန်နိုင်ပေ။ လေဟုန်စီးခြေထောက်သည် စတင်ခြင်းအဆင့်တွင်သာ ရှိသော်လည်း ဟန်‌ေကျာက်၏ အားကောင်းသော သွေးချီ၏ အထောက်အပံ့ဖြင့် ၎င်း၏ သိမ်မွေ့ပြီး ရှည်လျားသော လက္ခဏာများကို လုံးဝ ထုတ်လွှတ်နိုင်သည်။

သူသည် ခြေထောက်များကို ထပ်ခါထပ်ခါ လှုပ်ရှားပြီး ခံတပ်၏ ငါးမီတာမြင့်သော တံခါးကို ခုန်ကျော်သွားခဲ့သည်။

ရှူး...

ဟန်ကျောက်၏ ခန္ဓာကိုယ် လေထဲတွင် ရှိနေစဉ် စောင့်ကြည့်ရေးစင်ပေါ်တွင် ရပ်နေသော လူဆိုးက လေးကြိုးကို လွှတ်လိုက်သည်။ လေကို ဆုတ်ဖြဲသံဖြင့် ထက်မြစွာထွက်ခွာလာသောမြှားသည် ဟန်ကျောက်၏ မျက်နှာဆီသို့ ပြေးဝင်လာ၏။

တပ်.. တပ်..

ဟန်ကျောက်သည် သူ့နောက်ကျောတွင် ဆေဘာဓားနှင့် ဓားကို လွယ်ထားသည်။ သူသည် ၎င်းတို့ကို ထုတ်ရန် ရည်ရွယ်ချက် မရှိပေ။

‌ရွှေနက်လက်အိတ်ကို ဝတ်ဆင်ထားသော သူ၏ ညာဘက်လက်သည် လက်ဝါးဓားအဖြစ် ပြောင်းလဲကာ ယင်ကောင်ကို ပုတ်သကဲ့သို့ မြှားကို အလယ်မှ ခုတ်ချိုးလိုက်သည်။

တစ်ချိန်တည်းတွင် သူသည် သူ၏ ဘယ်ဘက် လက်ညှိုးနှင့် လက်ခလယ်ကို လိမ်ကာ မြှားထိပ်ကို ညှပ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်သည် လေထဲတွင် ပါလာသော အရှိန်အားအလိုက် လှည့်ကာ မြှားဦးထိပ်နှင့် မြှားတစ်ဝက်ကို ပြန်ပစ်လိုက်၏။

ရွှီး...

အရှိန် ခုနစ်ဆကျော်ရှိသည့် မြားဦးထိပ်ဟာ ၎င်းသည် မူလလမ်းကြောင်းအတိုင်း ပြန်သွားသည်။ ဝှစ်ကနဲဟူသည့် အသံနှင့်အတူ ဓားပြ၏ နဖူးကို ဖောက်ထွက်သွား၏။

ထို့နောက် သူ၏ ခေါင်းအနောက်ဘက်မှ ထွက်လာခဲ့သည်။ အဝါရောင်နှင့် အဖြူရောင် စွန်းထင်းနေသော မြှားအပိုင်းသည် မိုးမျှော်စင်ပေါ်ရှိ သစ်သားတိုင်ထဲသို့ နက်ရှိုင်းစွာ စိုက်ဝင်သွားခဲ့သည်။ မြှားရိုးသည် တုန်ခါနေ၏။

သွေးသန့်စင်ခြင်းအဆင့်နှင့် အရေအပြားသန့်စင်ခြင်းအဆင့် သိုင်းသမားများအကြား အလုံးစုံ ခွန်အား ကွာခြားချက်ကို မတူညီသော သတ္တဝါ နှစ်မျိုးသဖွယ် တွေ့မြင်နိုင်သည်။ ထို့အပြင် တစ်ဖက်လူဟာ ဟန်ကျောက်ကို ရင်ဆိုင်နေရခြင်း ဖြစ်၏။

နောက်ဆုံးအကြိမ် ဟန်ကျောက် နဂါးပျံခံတပ်သို့ ရောက်ရှိခဲ့စဉ်က ညအချိန်တွင် ခိုးဝင်ခဲ့ရပြီး ဓားပြများ ဝိုင်းရံခြင်းခံရသည့် အန္တရာယ်ထဲသို့ ကျရောက်မည်ကို ကြောက်ရွံ့‌ေနခဲ့သည်။

ယခုတိုက်ခိုက်မှုတွင်တော့ သွေးသန့်စင်ခြင်းအဆင့် သိုင်းသမား အနည်းငယ် ပိုရောက်လာလျှင်ပင် သူ့ကို ဘာမှ မလုပ်နိုင်တော့ပေ။

ထို့အပြင် ရွာတွင် ကျန်ရှိသော ခွန်အားအကောင်းဆုံး သိုင်းသမားမှာ အရေအပြားသန့်စင်ခြင်းအဆင့်တွင်သာ ရှိ၏။

"အား"

"ပြေး"

"ချမ်းသာပေးပါ"

ဟန်ကျောက်သည် သိုးအုပ်ထဲသို့ ဝင်လာသော ကျားတစ်ကောင်နှင့်တူ၏။ သူသည် သူ၏ လက်သီး၊ လက်ဝါးနှင့် ခြေထောက်များဖြင့် ကျပန်း တိုက်ခိုက်ကာ လူဆိုးများကို အဖေကယ်ပါ အမေကယ်ပါ ခေါ်ကာ ငိုကြွေးသည်အထိ သတ်ပစ်ခဲ့သည်။ သူ၏ ထိုးနှက်ခြင်းကို ခံရပြီးနောက် မည်သူမျှ မတ်တပ်ရပ်နိုင်စွမ်း မရှိခဲ့ပေ။

မကြာမီ ဓားပြအုပ်စုကြီးသည် သူ့ပတ်ဝန်းကျင်တွင် လဲလျောင်းကျကုန်၏။ သို့ပေမယ့် သူ၏ အဖြူရောင်အဝတ်အစားများမှာ အစွန်းအထင်း မရှိပေ။

ပြောရလျှင် အစစ်အမှန်ချီသည် တိုက်ခိုက်ရာနှင့် အသက်ရှည်ခြင်းကို ထောက်ပံ့ပေးသည့် အပြင် ဖုန်မှုန့်များကို ရှောင်ရှားနိုင်သော အကျိုးသက်ရောက်မှုလည်း ရှိသည်ဟု ဆိုရ‌ေပမည်။

မဟုတ်ပါက တိုက်ပွဲတစ်ခုပြီးနောက် သူ၏ အဖြူရောင်အဝတ်အစားများသည် မီးခိုးရောင် ပြောင်းသွားမည်ဖြစ်ပြီး စုန့်ချွေသည် သူ၏ အေးစက်စတိုင်ကျမှုကို ဆုံးရှုံးသွားလိမ့်မည်။

အဝေးရှိ ဘက်ပေါင်းစုံသို့ ထွက်ပြေးနေသော လူဆိုးများကို ကြည့်ကာ ဟန်ကျောက်ဟာ ထိုသူတို့ကို လျင်မြန်စွာ လိုက်ဖမ်းခဲ့သည်။ လမ်းတစ်လျှောက် သတ်ဖြတ်လာရင်း ချီရှင်း၏ နေအိမ်သို့ ရောက်လာသောအခါ အတွင်းတွင် အမျိုးသမီးများ ပြန့်ကြဲနေပုံကို တွေ့ရသည်။

"အားလုံးပဲ.. နင်တို့ နေရာမှာပဲ နေကြ.. ဟိုဟိုဒီဒီ မပြေးနဲ့" ဟန်ကျောက်က ပြောသည်။

အမျိုးသမီးများသည် သူ၏ အေးစက်သော အမူအရာနှင့် အဖြူရောင်ဝတ်စုံကို မြင်လိုက်ကြရ၏။ သူ၏ အသွင်အပြင်သည် သာမန်မဟုတ်ဘဲ ဖြောင့်မတ်သော သူရဲကောင်း၏ အသွင်အပြင် ရှိသည်။ ထို့ကြောင့် တစ်ဦးပြီးတစ်ဦး ရပ်တန့်သွားကြ၏။ သို့ပေမယ့် စိတ်ထဲတွင် မသက်မသာ ခံစားနေရဆဲ ရှိသည်။

"ရှင်က... သူရဲကောင်း စုန့်လား"

အံ့အားသင့်ဝမ်းသာသော အသံတစ်ခု ထွက်ပေါ်လာ၏။

ဟန်ကျောက်က အသံလာရာသို့ ကြည့်လိုက်သည်။ ပိတ်ကြမ်းအဝတ်အစား ဝတ်ထားသော နူးညံ့သိမ်မွေ့သည့် အမျိုးသမီးတစ်ဦးသည် သူမ၏ ပါးစပ်ကို အုပ်ကာ မယုံနိုင်စွာ သူ့ကို ကြည့်နေ၏။

"မင်းက... အဲ့ဒီညက မိန်းကလေးမိန်ပဲ"

ဟန်ကျောက်က သေချာကြည့်လိုက်သည်။ ထိုအမျိုးသမီးငယ်သည် သွေးသန့်စင်ခြင်းအဆင့် မိစ္ဆာ သိုင်းသမားကို ဆွဲဆောင်ကာ သတ်ရန် အသွင်ယူခဲ့သော ညတွင် တွေ့ခဲ့သည့် အမျိုးသမီးဖြစ်သည်။

"အားလုံး မကြောက်ပါနဲ့။ သူရဲကောင်း စုန့်က ငါတို့ကို ကယ်ဖို့ ရောက်လာတာ"

အမျိုးသမီးမိန်က ကျယ်လောင်စွာ ပြောသည်။

ထိုအခါမှသာ လူတိုင်းဟာ သက်သာရာရသွားကြ၏။ အမျိုးသမီးအများအပြားသည် တစ်ဦးကိုတစ်ဦး ပွေ့ဖက်ပြီး ငိုကြွေးကြသည်။

"သူရဲကောင်းစုန့်.. အမျိုးသမီးတချို့ကို ဓားပြတွေက ထောင်ထဲမှာ အကျဉ်းချထားတယ်။ ကျွန်မက သူတို့ကို မကြာခဏ စားစရာတွေ ယူသွားပေးရတယ်။ ထောင်က ဘယ်မှာလဲဆိုတာ ကျွန်မ သိတယ်။ ကျွန်မ ရှင့်ကို ခေါ်သွား‌ေပးမယ်"

အမျိုးသမီးမိန်က ရှေ့သို့ လျှောက်လာ၏။

"ကောင်းပြီ"

ဟန်ကျောက် ခေါင်းညိတ်သည်။ သူသည် ချီရှင်း ချန်ထားခဲ့သော ပိုက်ဆံများကို ဦးစွာ ရှာချင်သော်လည်း သူမက ထိုသို့ ပြောလာရာ သူရဲကောင်းတစ်ဦး၏ အခန်းကဏ္ဍကို အဆုံးအထိ ဆောင်ရွက်ရမည်ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ကျန်သူများအားလုံးသည် သာမန်လူများဖြစ်ပြီး ထွက်ပြေးနိုင်စွမ်း မရှိပေ။

အမျိုးသမီးမိန်သည် ဟန်ကျောက်ကို အနောက်ဘက် ခြံဝန်းပိုင်းဆီသို့ ခေါ်ဆောင်သွားပြီး အမျိုးသမီးအချို့ လိုက်ပါခဲ့၏။

"ရွာထဲက အမျိုးသမီးအများစုက အနီးအနားက ဆင်းရဲတဲ့ မိသားစုတွေကပါ။ သူတို့ကို အတင်းအဓမ္မ ဖမ်းဆီးပြီး တောင်ပေါ်ကို ခေါ်ဆောင်လာခဲ့တာ။ မနာခံတဲ့သူတွေကို ထောင်ထဲမှာ ပိတ်ထားတယ်။ တချို့ကို ဓားစာခံအဖြစ် ခေါ်ဆောင်လာခဲ့တယ်။ မကြာသေးခင်က ချူနိုင်ငံက သုံးယောက် မိသားစုကို မပြောဘဲ အိမ်က ထွက်လာရင်း.. နောက်ဆုံးမှာ သူမတို့ ဒီမှာ ပိတ်မိနေတယ်"

အမျိုးသမီးမိန် လမ်းလျှောက်ရင်း ရှင်းပြသည်။

"ချူမှာ ဘာတွေ ဖြစ်နေတာလဲ.. အတိအကျသိချင်လို့ပါ.. ဘာလို့ ဝမ်းရောဂါနဲ့ မိုးခေါင်ရေရှားမှု ဖြစ်နေတာလဲ"

ဟန်ကျောက်က မေးသည်။

သူသည် နောက်ဆုံးအကြိမ်တုန်းက အလျင်အမြန် ရောက်ရှိလာခဲ့ပြီး အသေးစိတ် မေးမြန်းရန် အချိန်မရှိခဲ့ပေ။

ချူနိုင်ငံသည် ဝေနှင့် ချီနိုင်ငံများနှင့် တူညီသည်။ ၎င်းတို့အားလုံးသည် အင်အားကြီးမားသော နိုင်ငံများ ဖြစ်ကြသည်။ ကာလဝမ်းရောဂါနှင့် မိုးခေါင်ရေရှားမှုကိုပင် မဖြေရှင်းနိုင်လောက်အောင် ဆိုးရွားရန် အကြောင်းမရှိပေ။

ယခင်က သူသည် အစမ်းရှင်သန်မှု၌ အသက် ၂၆ နှစ်တွင် ချူနိုင်ငံသည် မိုးတိမ်စီရင်စုကို ကျူးကျော်ခဲ့ကြောင်း အကြိမ်ပေါင်းများစွာ ကြုံခဲ့သည်။ ဤသည်မှာ ချူနိုင်ငံရှိ ကာလဝမ်းရောဂါနှင့် မိုးခေါင်ရေရှားမှုနှင့် သက်ဆိုင်ခြင်း ရှိမရှိ သူ မသိခဲ့ပေ။

အသုံးဝင်သော သတင်းအချက်အလက်အချို့ကို ရရှိနိုင်ပါက အလွန်ကောင်းမည်ဖြစ်သည်။

"ကျွန်မလည်း သေချာမသိပါဘူး။ ကျွန်မ နေထိုင်ခဲ့တဲ့နေရာမှာ ဘာသတိပေးချက်မှ မရှိဘူး။ ရုတ်တရက် မိုးခေါင်ရေရှားမှုနဲ့ ကာလဝမ်းရောဂါ ဖြစ်ပွားခဲ့ပြီး လူအများအပြား သေဆုံးခဲ့ပါတယ်။ မိုးခေါ်နတ်ဆိုးပျံ ပေါ်လာလို့ ကျတ်တီးမြေဖြစ်ရတာလို့ ကောလဟာလတွေ ထွက်လာတာလည်း ကြားတယ်"

အမျိုးသမီးမိန်၏ မျက်နှာက အနည်းငယ် ဝမ်းနည်းသွားသည်။

စိတ်တည်ငြိမ်သွားပြီးမှ ဆက်ပြော၏။

"အမျိုးသမီး ၃ယောက်ရဲ့ အဝတ်အစား‌ေတွကို ကြည့်ရတာ သူတို့က ချမ်းသာပြီး မြင့်မြတ်တဲ့သူတွေ ဖြစ်ကြောင်း ထင်ရှားတယ်။ သူတို့ကတော့ အကြောင်းတစ်ခုခု သိသင့်တယ်"

မိုးခေါင်နတ်ဆိုးပျံ...

ဟန်ကျောက်ဟာ အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။

"သွားကြရအောင်"

သူသည် အမျိုးသမီးမိန်၏ နောက်သို့ လိုက်ကာ နောက်ဖေးရှိ မြေအောက်ခန်းတစ်ခုသို့ ရောက်သွားခဲ့သည်။ မြေအောက်ခန်းနောက်တွင် အခြားကမ္ဘာတစ်ခု ရှိလိမ့်မည်ဟု မထင်ခဲ့ပေ။

မြေအောက်စင်္ကြံတစ်ခုကို ဖြတ်သန်းပြီးနောက် သူတို့ရှေ့တွင် စတုရန်းမီတာ တစ်ရာနီးပါးရှိသော ထောင်တစ်ခုကို တွေ့လိုက်ရသည်။ နှစ်ဖက်စလုံးတွင် သေးငယ်သော အခန်းငါးခန်းရှိပြီး အခန်းတစ်ခုစီတွင် အမျိုးသမီး နှစ်ဦး သို့မဟုတ် သုံးဦး အကျဉ်းချထားသည်။

သူမတို့အများစုမှာ ဆံပင်ဖရိုဖရဲနှင့် အဝတ်ဗလာကျင်းလင်းများ ဖြစ်ကြသည်။ လေထဲတွင် မှို၊ မစင်နှင့် ဆီးနံ့များ ရောနှောနေ၏။ ပျို့အန်ချင်စရာ ကောင်းလှသည်။

အတွင်းရှိ အမျိုးသမီးများသည် မူလက အလောင်းများကဲ့သို့ မြေပြင်ပေါ်တွင် လဲလျောင်းနေကြသည်။ အမျိုးသမီးမိန် လျှောက်လာသည်ကို မြင်သောအခါ သေလုမြောပါးများကဲ့သို့ သံတိုင်တံခါးသို့ တွားသွားကြ၏။

"စားဖို့ အချိန်ရောက်ပြီ... စားစရာ တစ်ခုခု ပေးပါဦး"

ကလန်.. ကလန်.. ကလန်...

ဟန်ကျောက်သည် ဆေဘာဓားကို ဆွဲထုတ်ပြီး တံခါးသော့များကို ဖြတ်လိုက်သည်။

"ရွာထဲက လူဆိုးတွေကို သူရဲကောင်း စုန့်က အကုန် သတ်ပစ်လိုက်ပြီ။ နင်တို့အားလုံး လွတ်မြောက်ပြီ"

အမျိုးသမီးမိန်သည် မိန်းကလေးများ၏ ဝမ်းနည်းဖွယ် အခြေအနေကို ကြည့်ပြီး တိတ်တဆိတ် ငိုကြွေးမိသည်။

အချိန်အတော်ကြာ အကျဉ်းချထားခံရသော အမျိုးသမီးများသည် ပွင့်နေသော သံတံခါးကို ငေးကြည့်နေကြ၏။ ခဏတာအတွင်း သူမရှေ့ရှိ အရာအားလုံးသည် အမှန်တကယ် ဟုတ်မဟုတ် မပြောနိုင်ပေ။

ဟန်ကျောက်က စိတ်ထဲတွင် သက်ပြင်းချသည်။ သူမတို့သည် အမျိုးသမီးဖြစ်သောကြောင့် ဖမ်းဆီးခံရပြီး တောင်ပေါ်ခံတပ်သို့ ခေါ်ဆောင်ခံခဲ့ရသည်။ သူမတို့သည် အမျိုးသမီးဖြစ်သောကြောင့်ပင် အမျိုးသားများကဲ့သို့ လူဆိုးများက သတ်ပစ်ခြင်းအား မခံခဲ့ရပေ။

"လူသစ်သုံးဦးက အခန်းအစွန်ဆုံးမှာ ရှိတယ်"

အမျိုးသမီးမိန်က သူမ၏ မျက်ရည်များကို သုတ်ကာ အခန်းအစွန်ဆုံးကို ညွှန်ပြသည်။

ဟန်ကျောက်သည် ထိုဦးတည်ရာအတိုင်း လိုက်သွားပြီး ထောင်ထဲတွင် အကျဉ်းချထားသော မိန်းကလေး သုံးဦးကို တွေ့လိုက်ရ၏။

ဆူညံသံကို ကြားသောအခါ မိန်းကလေးသုံးဦးသည် ခေါင်းထောင်လိုက်ကြသည်။ သူမတို့၏ အမူအရာများသည် ထုံထိုင်းနေသော်လည်း သူမတို့၏ အလှကို မဖုံးကွယ်ထားနိုင်ပေ။ ကြည့်ရတာ သူမတို့သည် အသက် ၁၅ နှစ် သို့မဟုတ် ၁၆ နှစ်သာရှိသော အမြွှာသုံးယောက် ဖြစ်ပုံရသည်။

ဟန်ကျောက်၏ အကြည့်က အာရုံစူးစိုက်သွား၏။ ဤသည်မှာ မိန်းကလေးများ၏ အလှကြောင့် မဟုတ်ဘဲ စနစ်၏ အကြောင်းကြားချက်ကြောင့် ဖြစ်သည်။

[အနည်းငယ်သော မြင့်မြတ်သော မိသားစု သွေးမျိုးဆက် ရှိပြီး လစ်လျှူရှုနိုင်လောက်အောင် နည်းပါးသည့် ယင်စွမ်းအင် ပါဝင်သည်]

"မင်းတို့ သုံးယောက်က... မြင့်မြတ်တဲ့ မိသားစုတွေရဲ့ အဆက်အနွယ်တွေလား"

ဟန်ကျောက်က သတ္တုတံခါးမှတစ်ဆင့် မေးသည်။

မိန်းကလေးသုံးဦး၏ မူလက ထုံထိုင်းနေသော အမူအရာများသည် ချက်ချင်း ပြောင်းလဲသွား၏။

All Chapters