အခန်း (၉၈)
Vol. 7 Ch. 98
God Genzo:
"ချူနိုင်ငံရဲ့ စိတ်ဝိညာဉ်တစ်ရာဂိုဏ်းနဲ့ ကျားဖြူမြင့်မြတ် မိသားစုဟာ ကျွန်မတို့ရဲ့ ယီပြည်နယ်က ဒေသခံ မြင့်မြတ်မိသားစုတွေကို တိုက်ခိုက်ဖို့ ပူးပေါင်းခဲ့ကြတယ်။ နောက်ဆုံးမှာ ကျွန်မတို့ ရှုံးနိမ့်ခဲ့ရတယ်။ မြင့်မြတ်မိသားစု အများအပြားလည်း စိတ်ဝိညာဉ်တစ်ရာဂိုဏ်းနဲ့ ကျားဖြူမိသားစုရဲ့ သုတ်သင်မှုကို ခံခဲ့ရတယ်"
လျန်ချန်းရွှယ်က ရှင်းပြသည်။
"ရှုံးနိမ့်သွားတဲ့ မိသားစုတွေရဲ့ အဆက်အနွယ်တွေအနေနဲ့ ကျွန်မတို့လည်း ဘက်ပေါင်းစုံကို ပြေးလွှားကြဖို့ပဲ တတ်နိုင်ကြတယ်။ အဲလိုနဲ့ အစ်မအကြီးဆုံး၊ တတိယအစ်မနဲ့ ကျွန်မတို့တွေ... အု"
လျန်ချန်းရွှယ်၏ စကားတစ်ဝက်တွင် လျန်ချန်းယုက သူမ၏ ပါးစပ်ကို တင်းတင်းကြပ်ကြပ် ပိတ်ကာ သူမကို စားချင်ဝါးချင်သကဲ့သို့ ပြင်းထန်စွာ စိုက်ကြည့်သည်။
လျန်ချန်းရွှယ်လည်း ကြောက်ရွံ့စွာ ခေါင်းညိှတ်ပြရသည်။ လျန်ချန်းယုက ထိုအခါမှ သူမကို လွှတ်ပေးသည်။ သူမက အသံတိုးစွာ ပြော၏။
"အစ်မကြီး... ကျွန်မ တိတ်နေပါ့မယ်။ နောက်ထပ် မပြောတော့ပါဘူး"
"စိတ်ဝိညာဉ်တစ်ရာဂိုဏ်းနဲ့ ကျားဖြူမိသားစုက အဲဒီလောက် အင်အားကြီးတာလား"
ဟန်ကျောက်က မေးသည်။
"ဟုတ်ပါတယ်"
လျန်ချန်းယုက ပြန်ဖြေသည်။
"ဝေနိုင်ငံကြီးရဲ့ အင်အားကြီး မျိုးရိုးငါးခုလိုပဲ သူတို့အားလုံးက စိတ်ဝိညာဉ်သားရဲ မိသားစုတွေပါ။ သူတို့ဟာ ရှေးေဟာင်း စိတ်ဝိညာဉ်သားရဲတွေရဲ့ သွေးမျိုးဆက်ကို အမွေဆက်ခံထားကြတယ်"
စိတ်ဝိညာဉ်သားရဲ မျိုးနွယ်စုမှ ဆင်းသက်လာသူများသည် လွန်ခဲ့သော နှစ်တစ်ထောင်ေလာက်က သိုင်းပညာ၏ အထွတ်အထိပ် အချိန်အခါတွင်ပင် တူညီသောအဆင့်ရှိသည့် ထိပ်တန်းသိုင်းသမားများနှင့် ယှဉ်ပြိုင်နိုင်ကြသည်။
စိတ်ဝိညာဉ်သားရဲများ၏ သွေးမျိုးဆက်ကို နိုးထနိုင်သော မြင့်မြတ်သော မိသားစုမှ မိသားစုဝင်များသည် သိုင်းပညာကို လေ့ကျင့်နိုင်သလို သူတို့တို့၏ သွေးမျိုးဆက်စွမ်းအားကို လှုံ့ဆော်ရန် အာရုံစိုက်နိုင်ကြသည်။
ထို့အပြင် သူတို့၏ ခန္ဓာကိုယ်ရှိ ကြွယ်ဝသော အသက်ဓာတ်စွမ်းအားကြောင့် ဒီဗိုင်းလက်နက်များက ၎င်းတို့ကို အသိအမှတ်ပြုရန် ပိုမိုလွယ်ကူသည်။ ထို့ကြောင့် စိတ်ဝိညာဉ်သားရဲမျိုးနွယ်စုများသည် တူညီသောအဆင့်ရှိ ဒီဗိုင်းလက်နက် မိသားစုများထက် အနည်းငယ် ပိုမိုသန်မာကြသည်။
စိတ်ဝိညာဉ်တစ်ရာဂိုဏ်းနှင့် ကျားဖြူမျိုးနွယ်စုတို့သည် ထိပ်တန်း စိတ်ဝိညာဉ်သားရဲမျိုးနွယ်စုများ ဖြစ်ကြသည်။ ကျားဖြူမျိုးနွယ်စုသည် ကျားဖြူသွေးမျိုးဆက်ကို အမွေဆက်ခံခဲ့ပြီး စိတ်ဝိညာဉ်တစ်ရာဂိုဏ်းသည် အမျိုးမျိုးသော ငှက်အမျိုးအစား စိတ်ဝိညာဉ်သားရဲများ၏ သွေးမျိုးဆက်ကို အမွေဆက်ခံခဲ့သည်။
ဝေနိုင်ငံ၏ လက်ရှိ ချောင်မိသားစုသည် ကိုးလီတိုက်ပွဲသားရဲ၏ သွေးမျိုးဆက်ရှိသော စိတ်ဝိညာဉ်သားရဲ မျိုးနွယ်စုဖြစ်သည်။
"ကျွန်တော် နားလည်ပြီ"
ဟန်ကျောက်ဟာ သဘောပေါက်သွားသည်။
ချူသည် ဝေနိုင်ငံကို ကျူးကျော်ရန် ရဲရင့်သည်မှာ အံ့သြစရာမဟုတ်ပေ။ ဆိုလိုသော နိုင်ငံတော်စစ်ပွဲဟူသည် ထိုမြင့်မြတ်သော မိသားစုများအကြား တိုက်ပွဲတစ်ခုသာ ဖြစ်သည်။
ထိုလူများသည် သူ၏ ဝိညာဉ်အဆီအနှစ်လံုးကို လုယူရန် ဒီနေရာသို့ ရောက်လာခြင်း ဖြစ်နိုင်ပါသလား။
ဟန်ကျောက်သည် ချက်ချင်းဆိုသလို ကြီးမားသော ဖိအားကို ခံစားလိုက်ရသည်။ သို့သော်လည်း လောလောဆယ်တွင် အလျင်စလို မလုပ်သင့်ပေ။ သူသည် ဦးစွာ ပုန်းအောင်းပြီး ခွန်အားကို တို့မြှင့်ရပေမည်။
မည်သို့ပင်ဆိုစေကာမူ ချူနိုင်ငံသည် သူ့ အသက် ၂၆ နှစ် မရောက်မချင်း ကျူးကျော်လာမည် မဟုတ်ပေ။ သူသည် ကြိုတင်၍ အစမ်းရှင်သန်ပြီး ရှောင်ရှားပါက အချိန်ကျန်သေး၏။ယခင်က သူသည် အစမ်းရှင်သန်မှုတွင် ရွှေ့ပြောင်းခြင်းမပြုဘဲ တိမ်စီရင်စု၌ ကောင်းစွာ နေထိုင်နိုင်ခဲ့၏။
နောက်ပိုင်းတွင်.. ဟန်ကျောက်သည် ဒီဗိုင်းလက်နက်မိသားစုနှင့် စိတ်ဝိညာဉ်သားရဲ မိသားစုများအကြောင်း ကို ဆက်လက်မေးမြန်းခဲ့သည်။
လျန်ချန်းယုက ဘာမှ မဖုံးကွယ်ခဲ့ပါ။ ဒီဗိုင်းလက်နက်မိသားစုများဟာ ယင်စွမ်းအင်နှင့် သူတို့၏ ခန္ဓာကိုယ်ကို ဖြည့်တင်းထားသော အနက်ရောင်အလွှာကို
"ချည်နှောင်အား" ဟု ခေါ်ကြောင်း သိရသည်။
ချည်နှောင်အဆင့်တွင် ချည်နှောင်အား တိုးလာတိုင်း အနက်ရောင်အလွှာ သွေးကြောတစ်ခု ထပ်တိုးလာမည်ဖြစ်သည်။ အများဆုံး သွေးကြောခုနစ်ခုအထိ ရှိနိုင်၏။
ချည်နှောင်အဆင့်၏ ပထမသွေးကြောသည် သိုင်းသမားများအတွက် ခွန်အားသန့်စင်ခြင်းအဆင့်နှင့် ညီမျှပြီး ချည်နှောင်အဆင့်၏ ဒုတိယသွေးကြောသည် ခွန်အားသန့်စင်ခြင်း၏ အကြီးစားကျွမ်းကျင်မှုနှင့် ညီမျှသည်။
တတိယသွေးကြောမှစ၍ အရည်အသွေးပြောင်းလဲမှု ဖြစ်ပေါ်လာမည် ဖြစ်၏။ ၎င်းသည် ကိုယ်တွင်းအင်္ဂါသန့်စင်ခြင်းအဆင့်ရှိ သိုင်းသမားတစ်ဦးနှင့် ညီမျှသည်။ ထိုအဆင့်ကို မြင့်မြတ်သော မိသားစုတွင် ကျွမ်းကျင်သူအဖြစ် သတ်မှတ်သည်။
ကိုယ်တွင်းအင်္ဂါသန့်စင်ခြင်း အဆင့်တွင် နှလုံး၊ အစာအိမ်၊ အဆုတ်၊ ကျောက်ကပ်နှင့် အသည်းတို့၏ အစဉ်အတိုင်း အတွင်းအားကို လူ၏ ကိုယ်တွင်းအင်္ဂါများထဲသို့ ပေါင်းစည်းရမည်ဖြစ်သည်။
သူတို့သည် မီး၊ မြေ၊ သတ္တု၊ ရေနှင့် သစ်သားချီတို့ကိုလည်း ပေါင်းစည်းရမည်ဖြစ်သည်။ ထိုအခါမှသာ ချည်နှောင်အားကို တိုက်ရိုက် ရင်ဆိုင်နိုင်မည် ဖြစ်သည်။
သွေးကြောသုံးခုမှ ခုနစ်ခုအထိ ချည်နှောင်အဆင့်သည် ချီတစ်ခုမှ ငါးခုအထိ ကိုယ်တွင်းအင်္ဂါသန့်စင်ခြင်းအဆင့်နှင့် သက်ဆိုင်သည်။
ချည်နှောင်အဆင့်ပြီးနောက် မြွေအဆင့်ဖြစ်သည်။ အနက်ရောင်အလွှာသည် မဖြတ်ဆီးနိုင်သော မြွေတစ်ကောင်သဖွယ် စုစည်းလာပြီး သိုင်းသမားများ၏ ဖင်းစုစည်းခြင်းအဆင့် သိုင်းသူတော်စင်နှင့် သက်ဆိုင်သည်။
ထိုအဆင့်ရှိ ကျွမ်းကျင်သူများသည် စီရင်စုတစ်ခုတွင် နာမည်ကြီးသူများ ဖြစ်ကြသည်။
စိတ်ဝိညာဉ်သားရဲမျိုးနွယ်စု အနေဖြင့် သွေးမျိုးဆက် နိုးထလာမှုအပေါ် မူတည်၍ ခွဲခြားထားသော သီးခြားစနစ်တစ်ခုလည်း ရှိသည်။
ပထမအကြိမ် နိုးထခြင်းသည် ခွန်အားသန့်စင်ခြင်းအဆင့် သိုင်းသခင်နှင့် ညီမျှပြီး ဒုတိယအကြိမ် နိုးထခြင်းသည် ကိုယ်တွင်းအင်္ဂါသန့်စင်ခြင်း စစ်ဘုရင်အဆင့်နှင့် ညီမျှကာ တတိယအကြိမ် နိုးထခြင်းသည် ဖင်းစုစည်းခြင်းအဆင့် သိုင်းသူတော်စင်နှင့် ညီမျှသည်။
စတုတ္ထအကြိမ်မှ ဆဋ္ဌမအကြိမ် နိုးထခြင်းသည် ဒီဗိုငစွမ်းအား သိုင်းနတ်ဘုရားအဆင့်နှင့် ညီမျှသည်။
စိတ်ဝိညာဉ်သားရဲမျိုးနွယ်စုနှင့် နတ်လက်နက်မျိုးနွယ်စုတို့၏ နှိုင်းယှဉ်မှုသည် အတော်လေး မရေမရာ နိုင်လှသည်။
အကြောင်းမှာ စိတ်ဝိညာဉ်သားရဲ အမျိုးအစားများစွာရှိပြီး ဒီဗိုငလက်နက်များ၏ စွမ်းအားသည်လည်း ထူးဆန်းသောကြောင့်ဖြစ်သည်။
လျန်မိသားစုမှ ညီအစ်မသုံးဦးမှ လျန်ချန်းယု၏ အဆိုအရ သူမတို့သည် သေးငယ်သော မြင့်မြတ်သော မိသားစုမှ အဆင့်မဝင်သော သူများသာ ဖြစ်ကြသည်။ သူမတို့သည် သူမတို့၏ သွေးမျိုးဆက်ကိုပင် မနိုးထစေနိုင်ဘဲ သွေးသန့်စင်ခြင်းအဆင့် သိုင်းသမားတစ်ဦးကိုပင် အနိုင်ယူနိုင်စွမ်း မရှိပေ။
ဟန်ကျောက်သည် လျန်ချန်းယုဟာ တစ်စုံတစ်ခုကို ဖုံးကွယ်ထားသည်ဟု ခံစားရသော်လည်း ဆက်လက် မစုံစမ်းေတာ့ပေ။ ပြဿနာရှာရန် မလိုအပ်ပေ။
ဒီခရီးတွင် ငွေကြေးအမြောက်အမြားနှင့် သတင်းအချက်အလက်များ ရရှိခဲ့ရာ လုံလောက်၏။
ပြောရလျှင် ယခင်အစမ်းလေ့ကျင့်မှုတွင် ဒီလျန်ညီအစ်မသုံးဦးကို သူ မတွေ့ခဲ့ပေ။ အကြောင်းမှာ အစမ်းရှင်သန်မှုတွင် စနစ်၏ အကြောင်းကြားချက် မရှိသောကြောင့်ဖြစ်၏။
ဒီအမျိုးသမီးသုံးဦးသည် သူ၏မျက်နှာချင်းဆိုင်တွင် ရပ်နေလျှင်ပင် သူမတို့ကို မြင့်မြတ်သော မိသားစုမှ ဆင်းသက်လာသူများဖြစ်ကြောင်း သူ မပြောနိုင်ပေ။
သတင်းအချက်အလက်များအား မေးမြန်းပြီးနောက် ဟန်ကျောက်သည် ခြံအေရှ့ပိုင်းသို့ ပြန်လာပြီး ရွာထဲရှိ အမျိုးသမီးများကို ခရီးစရိတ်အချို့ ပေးခဲ့သည်။ သူမတို့သည် နေလိုက နေနိုင်သည်။ သို့မဟုတ် သွားလိုက သွားနိုင်၏ဟု သူမတို့ကို ဆုံးဖြတ်စေခဲ့သည်။
အိမ်ရှိပါက အိမ်ပြန်နိုင်ပြီး အိမ်မရှိပါက ရွာတွင် နေထိုင်နိုင်သည်။
ထို့နောက် သူသည် တာဝန်ရှိသူများထံ သတင်းပို့ခိုင်းပြီး အလောင်းများကို သိမ်းဆည်းခိုင်းခဲ့သည်။ စုန့်ချွေ၏ နာမည်ဖြင့် အစိုးရသည် သူ့ကို အနည်းငယ် မျက်နှာသာ ပေးလိမ့်မည်။
နဂါးပျံအဖွဲ့ကို တစ်ဦးတည်း ဖြိုဖျက်လိုက်သော သတင်း ပျံ့နှံ့သွားသောအခါ အခြားလူဆိုးများသည် သူ့ကို စိန်ခေါ်ရန် သေချာပေါက် ရဲဝံ့ကြမည် မဟုတ်လောက်ပေ။
လျန်ညီအစ်မသုံးဦး ကတော့ သူမတို့သည် ကိုယ့်သဘောနှင့်ကိုယ် ထွက်ခွာရန် ရွေးချယ်ခဲ့ကြသည်။ ထွက်ခွာချိန်တွင် လျန်ချန်းရွှယ်က သူမတို့သည် ကိုးသွယ်မြို့တွင် အခြေချနေထိုင်ရန် ပြင်ဆင်နေကြောင်းနှင့် အချိန်ရသောအခါ သူမတို့ထံ လာရောက်လည်ပတ်ရန် ဟန်ကျောက်ကိုပင် ပြောခဲ့သောကြောင့် လျန်ချန်းယုကို ပြောစရာစကားပင် မဲ့စေခဲ့သည်။
ထို့နောက် ဟန်ကျောက်သည် နဂါးပျံအဖွဲ့၏ အဝင်ဝသို့ ရောက်ရှိလာပြီး မြက်ခင်းပြင်မှ ချီရှင်း၏ ခေါင်းကို ယူခဲ့သည်။
သူသည် စုန့်ချွေ၏ အသွင်အပြင်ဖြင့် လင်းယုန် ပျိုးထောင်ခြင်းစံအိမ်သို့ အလျင်အမြန် သွားရောက်ကာ ကျုခန်ရှန်းနှင့် တစ်ဦးတည်း တွေ့ဆုံခဲ့သည်။ သူသည် ချီရှင်း၏ ခေါင်းကို ကိုယ်တိုင် ပေးအပ်ကာ အလဲအလှယ်ကို ပြီးမြောက်ခဲ့၏။
ကျုခန်ရှန်းဟာ မြေပြင်ပေါ်တွင် ဒူးထောက်ကာ ပြင်းထန်စွာ ငိုကြွေးခဲ့သည်။ သူသည် ခေါင်းကို စံအိမ်၏ အနောက်ဘက်သို့ ယူဆောင်သွားကာ ကွယ်လွန်သွားသော ဇနီးနှင့် သားကို ရိုသေစွာ ပူဇော်ခဲ့သည်။
သူ၏ ဆန္ဒကို ဖြည့်ဆည်းပြီးနောက် ကျုခန်ရှန်းသည် သက်ခြွေဓားနှင့် သုတ်သင်ခြင်းေဆဘာကို ယူကာ ဆေဘာဓားနှင့် ဓားကို ပြန်လည်ပြုပြင်ခြင်း၏ နောက်ဆုံးအဆင့်ကို ပြီးမြောက်ဖို့ရာ သုံးလပြီးပါက စံအိမ်သို့ ထပ်မံလာရန် ဟန်ကျောက်ကို ပြောသည်။
ကျုခန်ရှန်း၏ အပြုံးတစ်ခုနှင့် သူ၏ ဆေဘာဓားနှင့် ဓားကို ယူဆောင်ကာ ထွက်ခွာသွားသည်ကို ကြည့်ရင်းက ဟန်ကျောက်ဟာ အနည်းငယ် စိတ်မကောင်းဖြစ်သွားသည်။
သူသည် ကျုခန်ရှန်းကို နှစ်အတော်ကြာ သိခဲ့သည်။ သူတို့သည် စီးပွားရေးဆက်ဆံရေးသာ ရှိပြီး မိတ်ဆွေများ မဟုတ်သည့်တိုင် နီးစပ်သူများဟု ဆိုနိုင်၏။
"ဟူး... ဒီကမ္ဘာမှာ အင်အားကြီးလာမှ ရမယ်..."
ဟန်ကျောက်သည် သက်ပြင်းချကာ ကျောက်နက်မြို့သို့ ပြန်ခဲ့သည်။
ကျောက်နက်မြို့သို့ ပြန်လာသောလမ်းတွင် ဟန်ကျောက်သည် အရိုးကျုံ့ခြင်းအတတ်ကိုသုံးကာ သူ၏မူလရုပ်ရည်သို့ ပြန်လည်ရောက်ရှိသွား၏။
အစမ်းရှင်သန်ခြင်းမှ ရရှိသော အချက်အလက်များအရ ယနေ့သည် ရှလင်၏ သွေးသန့်စင်ခြင်းအဆင့်သို့ အောင်မြင်စွာ တိုးတက်ရောက်ရှိသောနေ့ ဖြစ်သည်။ သူမသည် အောင်ပွဲခံရမည် ဖြစ်သည်။
ရဲကျင်းခရိုင်ရှိ သိုင်းကျောင်းအ၀င်ပေါက်သို့ သူရောက်သောအခါ အတွင်းမှ အားပေးသံများကို ကြားနိုင်လေသည်။
“အရမ်းကောင်းတယ်”
“စီနီယာအစ်မ ရှလင်လည်း အဆင့်တက်သွားပြီ”
“ငါတို့သိုင်းကျောင်းမှာ သွေးသန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူ နောက်တစ်ယောက် ထပ်တိုးလာပြီ”
ဟန်ကျောက်သည် သိုင်းကျောင်းထဲသို့ လျှောက်ဝင်သွားသည်။ ကျန်းထန်ဝမ် အဆင့်တက်တုန်းက ကဲ့သို့ပင် သိုင်းကျောင်းသားတွေဟာ အပြင်ဘက် ခြံဝန်းမှာ စုရုံးပြီး ရှလင်ကို ဝိုင်းရံထားကြသည်။
သို့သော် ကွာခြားချက်တစ်ခုလည်း ရှိ၏။ ကျန်းထန်ဝမ်သည် များသောအားဖြင့် မာနကြီးပြီး အနိုင်ကျင့်တတ်သည်။ သူ့ရဲ့ အဆင့်တက်မှုကို စီနီယာများနှင့် ဂျူနီယာ တပည့်အများအပြားက ဂုဏ်ပြုကြပေမဲ့ အင်အားကြီးသူကို မှီခိုအားထားမှုသက်သက်သာ ဖြစ်သည်။ တပည့်တော်တော်များများက သူ့ကို မထိပါးလို၍သာ ပြုံးပြုံးရွှင်ရွှင် ဆက်ဆံကြတာ ဖြစ်သည်။
ရှလင်ကတော့ မတူပေ။ သူမက ပိုပြီး ပွင့်လင်းပြီး လူချစ်လူခင်များသည်။ သိုင်းကျောင်းတွင် မိန်းကလေးတပည့် အရေအတွက်မှာ အစကတည်းက နည်းပါး၏။
ထို့အပြင် သူမဟာ ချောမောလှပပြီး မိသားစုကလည်း ချမ်းသာကြွယ်ဝသည်။ ယခု သူမ အဆင့်တက်သွားချိန်၌ လူအများစု၏ စိတ်ရင်းမှန်နှင့် ဂုဏ်ပြုတာကို ခံယူရသည်။
“မောင်လေး ဟန်”
လူအုပ်အလယ်မှာ ရောက်နေသည့် ရှလင်ဟာ ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီးနောက် တံခါးဝတွင် ရပ်နေသည့် ဟန်ကျောက်ကို တွေ့လိုက်ရသည်။ သူမဟာ ချက်ချင်း ပြေးသွားပြီး သူ့ကို လက်ပြနှုတ်ဆက်၏။
“ဂုဏ်ယူပါတယ်”
ဟန်ကျောက်က ရှေ့သို့ လျှောက်သွားသည်။
“ရှင့်ကို စောင့်နေတာ”
ရှလင်က သူ့ဆီကို လျှောက်လာပြီး သူ၏လက်မောင်းကို ရဲရဲတင်းတင်း ဖက်လိုက်သည်။
“ဟေး..”
တပည့်များက အားပေးကြ၏။
“သောက်ကျိုးနည်း.. ဂိုဏ်းစစ်ပွဲတုန်းကတောင် ဒီလောက် ပြင်းထန်တဲ့ ဒဏ်ရာ မရခဲ့ဘူး”
“စီနီယာဟန်က တကယ် သေသွားသင့်တာ.. ငါ လုံးဝ မနာလိုဘူး”
“အာ.. ဘာလို့ ချမ်းသာတဲ့ မိန်းကလေး ဘယ်သူကမှ ငါ့ကို လာမကြိုက်ကြတာလဲ.. မတရားဘူး”
“မင်းက အရမ်းရုပ်ဆိုးလွန်းတယ်။ ကြိုးစားပြီးပဲ ကျင့်ကြံသင့်တယ်။ အိပ်မက်မက်နေတာတွေ ရပ်လိုက်”
ဟန်ကျောက်နှင့် ရင်းနှီးသည့် တပည့်တချို့က အော်ပြောကြ၏။
“ဟန့်”
တံခါးဝမှ အေးစက်သော နှာမှုတ်သံတစ်ခု ထွက်ပေါ်လာ၏။
မုတ်ဆိတ်နှင့် ဆံပင်တွေ ဖြူဖွေးနေသည့် လုယီဟာ တည်ငြိမ်သည့် ခြေလှမ်းများနှင့် လျှောက်ဝင်လာ၏။ သူက မျက်နှာတည်တည်နှင့်
“မင်းတို့အားလုံး ကောင်းကောင်းကျ မလေ့ကျင့်ဘူး.. ဘယ်လို မဟုတ်တာ ပြောရမယ်ဆိုတာပဲ သိတယ်…”
ဟု ပြောလိုက်သည်။
တပည့်များဟာ လုယီ၏ ရောက်ရှိလာမှုကို တွေ့ရပြီးနောက် လက်နှစ်ဖက်ကို ဘေးမှာ ချထားပြီး နာခံမှုအပြည့်နှင့် ရပ်နေကြ၏။
“တော်တယ်.. တော်တယ်”
လုယီက ရှလင်ကိုကြည့်ကာ ကျေနပ်စွာ ပြုံးသည်။
ကျန်းထန်ဝမ် သေဆုံးရခြင်းမှာ သိုင်းသခင်တစ်ဦးကြောင့်ဖြစ်ကြောင်းအား လူတိုင်းသိသော်လည်း မြို့တွင်း၌ သတ်ခံရခြင်း ဖြစ်ကာ သူ၏သိုင်းကျောင်းမှ တပည့်တစ်ဦးလည်း ဖြစ်သည်။ နောက်ဆုံး၌ လူသတ်သမားကိုပင် ရှာမတွေ့သဖြင့် သိုင်းကျောင်းအပေါ် ကြီးမားသော သက်ရောက်မှုရှိခဲ့၏။
ယခု ရှလင်၏ အောင်မြင်စွာ အဆင့်တက်သွားမှုကြောင့် လုယီသည် အလွန်ဝမ်းမြောက်ေနခဲ့သည်။
ရှလင်သည် အသက် ၂၂ နှစ်သာ ရှိသေးပြီး ကျန်းထန်ဝမ်ထက် ရှစ်လမှ ကိုးလအထိ စော၍ အဆင့်တက်ခဲ့သည်။ အတွင်းအားကို ဆုပ်ကိုင်နိုင်ခြေသည် သွေးချီချိုးဖျက်မှု ဒုတိယအဆင့်သို့ ရောက်ရှိထားသော ကျောက်ယွမ်ထုထက်ပင် မြင့်မား၏။
ရှလင်သည် သွေးသန့်စင်ခြင်းအဆင့်သို့ ရောက်ရှိပြီး ရှမိသားစု၏ မိသားစုလုပ်ငန်းကို အမွေဆက်ခံရန် အခြေအနေ တည်ငြိမ်နေပြီ ဖြစ်သော်လည်း ရှမိသားစု၏ အဘိုးကြီးက တလွဲမလုပ်စေရန် သူမ အဆင့်တက်သည်နှင့်တစ်ပြိုင်နက် လုယီသည် မြို့တွင်းရှိ မိသားစုကြီးအချို့ကို အကြောင်းကြားရန် သွားခဲ့သည်။
သိုင်းသခင်များအဖွဲ့ချုပ်ရှိ သိုင်းသခင်များသည် မည်သည့်အဖွဲ့အစည်းများအကြား ပဋိပက္ခတွင်မှ ပါဝင်ခွင့်မရှိသော်လည်း သူ့တွင် အခြားနည်းလမ်းများ မရှိသည်မဟုတ်ပေ။
ရှလင်သာ မြို့တွင်းပိုင်းရှိ မိသားစုကြီးများနှင့် ဆက်ဆံရေးကောင်းမွန်ေနသရွေ့ မိသားစုေခါင်းေဆာင်ဖြစ်လာမည့်ကိစ္စသည် တည်ငြိမ်သွားမည် ဖြစ်သည်။
“မင်းကရော.. ဒီအေတာအတွင်း အပြင်ပဲ သွားနေတာပဲ။ အဆင့်တက်ဖို့ အဆင်သင့် ပြင်ပြီးပြီလား”
လုယီက ဟန်ကျောက်ကို တစ်ချက်ကြည့်သည်။
ဟန်ကျောက်က ပြုံးပြီး လုယီကို မျက်စိမှိတ်ပြ၏။
“ကောင်လေး မင်း…”
လုယီသည် ဟာသသဘောဖြင့် နှောကာ ဆူ၏။
ထို့နောက် သူသည် ဟန်ကျောက်၏ အရိုးသန့်စင်ခြင်းအဆင့်သို့ အဆင့်တက်ခဲ့သည့်မြင်ကွင်းကို ရုတ်တရက် ပြန်လည်သတိရသွားပြီး မျက်လုံးများက မထိန်းချုပ်နိုင်စွာ ပြူးကျယ်လာခဲ့သည်။
ဒီကောင်လေးကများ အခုဆိုရင်…
လုယီသည် ဟန်ကျောက်ကို နက်ရှိုင်းစွာ ကြည့်၏။ သို့ပေမယ့် သူ၏မျက်နှာအမူအရာမှာ မပြောင်းလဲခဲ့ပေ။