← Chapters

အခန်း (၁၂၀)

Vol. 8 Ch. 120

အခန်း (၁၂၀)

Vol. 8 Ch. 120

ဟန်ကျောက်ဟာ နဂါးနီလှံအတတ်၏ အသေးစိတ် သိုင်းကွက်သုံးခုကို ကြည့်သည်။ ခုနက သူနှင့် တိုက်ခိုက်ခဲ့စဉ်က ထိုအုပ်စိုးသူ မိသားစု မျိုးဆက်ဟာ မည်ကဲ့သို့ အမှားများ ပြုလုပ်ခဲ့ပုံကို တွေးမိ၏။

အုပ်စိုးသူမိသားစု၏ မျိုးဆက်အများစုတို့ဟာ သူတို့၏ သွေးမျိုးဆက်စွမ်းအားကို အမှီပြုကာ သိုင်းပညာ လှုပ်ရှားကွက်များကို အထူးအားစိုက်ခြင်း မပြုကြပါ။

“ကျီကျုလင်ပြောတာတော့.. လက်နက်သခင်နဲ့ သိုင်းနတ်ဘုရားမှာ သူတို့ရဲ့ ကိုယ်ပိုင်အားသာချက်တွေ ရှိကြတယ်တဲ့။ အုပ်စိုးသူ မိသားစုတွေသာ ဒီလိုမျိုးဆိုရင် သိုင်းနတ်ဘုရားက ရိုက်သတ်လို့ သေကုန်မှာပေါ့”

သို့ပေမယ့် သူဟာ ထိပ်တန်းအဆင့် အုပ်စိုးသူ မိသားစု မျိုးဆက်များဟာ အဘက်ဘက်တွင် သန်မာနေနိုင်သည့် ဖြစ်နိုင်ချေကို ဖယ်ထုတ်လို့မရပေ။

ရှေ့ရှိ ဒီလူသာ အသက်၁၇၊ ၁၈နှစ်လောက်သာ ရှိပါသည်။ သူ၏ သွေးမျိုးဆက်စွမ်းအားကို နိုးထစေပြီးနောက် ခွန်အားသန့်စင်ခြင်းအဆင့် သိုင်းသခင်တစ်ယောက်နှင့် နှိုင်းယှဉ်နိုင်သည့် ခွန်အားကို တစ်ခါတည်း ရရှိလာခဲ့၏။

သိုင်းသမားများနှင့် နှိုင်းယှဉ်ပါက အုပ်စိုးသူ မိသားစု မျိုးဆက်များ၏ အနိမ့်ဆုံး အကန့်အသတ်ဟာ အလွန်မြင့်မားလှပါသည်။

“ငါလေ့ကျင့်တာ.. ဆေဘာ၊ ဓါး၊ လက်သီး၊ လက်ဝါးနဲ့ ခြေထောက်တွေ ပြီးပြီ။ လက်ဗလာ သိုင်းသူတော်စင် ပါရမီကို မြှင့်တင်ချင်ရင် လက်သည်းနဲ့ လက်ချောင်းသိုင်းတွေကို ဆက်ပြီးကျင့်ရမယ်”

“အခု.. နောက်ထပ် လှံသိုင်းကောင်းတစ်ခု ရလာပြန်ပြီ။ ဒီနဂါးနီ အစစ်အမှန်အားက တစ်ချက်ကြည့်တာနဲ့ အရမ်းစွမ်းအားကြီးတာ သိသာတယ်။ မကျင့်ဘူးဆိုရင် ဖြုန်းတီးရာကျနေမယ်”

ဟန်ကျောက်ဟာ တုံ့ပြန်လာခဲ့၏။ ဆန်မာရုအိတ်ငယ်ကို စစ်ဆေးပြီးနောက် သူဟာ ၎င်းကို ကြိုးတစ်ခုနှင့် ချည်နှောင်ပြီး လည်ပင်းတွင် ဆွဲလိုက်၏။ အဝတ်များထဲတွင် ဖုံးထားလိုက်သည်။

“ရှဲ၊ ရှဲ”

ဟန်ကျောက်ဟာ သေးငယ်သည့် ကြွေပုလင်းလေး တစ်ခုကို ထုတ်ကာ အထဲမှ အနက်ရောင်အရည်များကို အုပ်စိုးသူ မိသားစု မျိုးဆက်၏ အသားစများအပေါ်သို့ လောင်းချလိုက်သည်။ မကြာခင် ၎င်းဟာ သွေးကန်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး မြေကြီးထဲသို့ စိမ့်ဝင်သွား၏။

ထို့နောက် သူဟာ ဝတ်စုံနက်၏ အလောင်းကို စတင်ရှာဖွေသည်။ တစ်ဖက်လူတွင် ငွေ၁၀၀လျန်ပင် မရှိကြောင်းအား တွေ့ရ၏။

ဟန်ကျောက်ဟာ ကျိန်ဆဲမိလေသည်။ ခဏတာ စဉ်းစားပြီးနောက် အဖိုးတန်သည့် အလောင်းဖျောက်ရည်ကိုပင် မသုံးတော့ပဲ လှည့်ကာ ထွက်ခွာသွား၏။

“သူပြန်လာပြီ”

လမ်းမကြီးပေါ်၌… အဝေး၌ ပေါ်လာသည့် ရှုံပကို ကြည့်ကာ တိုက်ပွဲကို ရှင်းလင်းပြီးဖြစ်သည့် ကုန်သည်အုပ်စုဟာ လေးစားစွာ ရှိနေကြ၏။

“ဂိုဏ်းချုပ်ရှုံ.. လိုက်သွားတာ ဘယ်လိုလဲဗျ..”

ဖုန်းရှောင်က လေးစာားစွာ မေးသည်။

“သိုင်းသခင်တစ်ယောက် ရောက်လာတယ်။ ဒါပေမယ့် ငါသူ့ကို ရှင်းပြီးပါပြီ”

သူ၏ တည်ငြိမ်သည့် လေသံဟာ သာမန်လူတစ်ယောက်ကို သတ်ခဲ့သည်နှင့် တူ၏။

လူတိုင်းဟာ အသက်ကို ရှူသွင်းမိကြသည်။

တကယ့်ကိုပင်….

“ဂိုဏ်းချုပ်ရှုံ.. ကျွန်မတို့တွေ ကျားယွမ်မြို့ကို သွားကြဦးမှာလား”

ရှလင်ဟာ အနည်းငယ် တုံ့ဆိုင်းနေ၏။ ရန်သူကို ယခုကဲ့သို့ နက်ရှိုင်းသည့် နောက်ခံတို့ ရှိနေမည်ဟု ထင်မထားခဲ့ပေ။

“ရတယ်.... စပြီးပြီဆိုတော့ ဆုံးအောင်လုပ်ရမှာပေါ့”

ကြီးစိုးသည့် အသံက လူတိုင်းကို ပြန်လည်တည်ငြိမ်လာစေ၏။

“ဂိုဏ်းချုပ်ရှုံက တကယ့်ကို လူတွေကြားက သူရဲကောင်းတစ်ယောက်ပဲ။ ဟန်ကျောက် သူနဲ့ဘယ်လိုတွေ့ခဲ့လဲ မသိဘူး”

သိုင်းသမားများစွာဟာ သိလိုနေကြသည်။ အားလုံးဟာ ရှုံပကို နှလုံးသားထဲမှ လေးစားမိကြ၏။

“သွားရအောင်”

ရှလင်က လက်ကိုဝှေ့ယမ်းကာ လူတိုင်းကို ပြောသည်။

“သွားကြမယ်ဟေ့”

အနောက်ဘက်မှ အော်သံများ ပြိုင်တူ ထွက်ပေါ်လာ၏။ အရှိန်အဟုန်ဟာ ကြီးစွာ မြင့်တက်လာခဲ့သည်။

အမှောင်ထဲတွင် အသံမထွက်ရဲပဲ သွားခဲ့ရမှုနှင့် နှိုင်းယှဉ်ပါက ယခုအချိန်၌ လူတိုင်းဟာ မီးတိုင်များကို မြင့်မားစွာ မြှောက်ထားပြီး ထည်ထည်ဝါဝါ လျှောက်လှမ်းလာကြသည်။

သူတို့၏ အကြည့်များဟာ မနေနိုင်ပဲ အဖွဲ့၏ ရှေ့ဆုံးရှိ မြင့်မားကာ ကြီးစိုးလှသည့် ပုံရိပ်၏ နောက်ကျောသို့ ကျရောက်သွား၏။

“ဒါကမှ ယောကျားတစ်ယောက် ဖြစ်သင့်ဖြစ်ထိုက်တဲ့ ပုံစံပဲ”

လူပေါင်းများစွာ၏ နှလုံးသားထဲတွင် ထိုအတွေးဟာ ဝင်လာခဲ့သည်။

ကံဆိုးစွာပင် သိုင်းပညာလမ်းစဉ်ဟာ အဆင့်မြင့်လာလေလေ ဆက်လက်လျှောက်လှမ်းရန် ခက်ခဲလေ ဖြစ်၏။ အများစုဟာ အမြင့်ဆုံး သွေးသန့်စင်ခြင်းအဆင့် တစ်ဝက်တစ်ပြတ် သိုင်းသခင်တစ်ဦး ဖြစ်လာရန်သာ‌ မျှော်လင့်ကြသည်။

ခွန်အားသန့်စင်ခြင်း အဆင့်မှာတော့ သူတို့ အိပ်မက်မက်ရန်ပင် မရဲသည့် အရာဖြစ်သည်။ ဖုန်းရှောင်၊ ရှလင်နှင့် အခြား သွေးသန့်စင်ခြင်းအဆင့် သိုင်းသမားများပင်လျှင် သူတို့၏ ပန်းတိုင်များမှာ အတွင်းအားသာ ဖြစ်သည်။

သို့ရာတွင် အတွင်းအားကို ဖမ်းဆုပ်နိုင်လျှင်တောင် သူတို့ဟာ ဂိုဏ်းချုပ်ရှုံကဲ့သို့ သွေးသန့်စင်ခြင်းအဆင့် သိုင်းသမား ရှစ်ယောက်တို့ကို အလွယ်တကူ သတ်ဖြတ်နိုင်မည် မဟုတ်ပေ။

ဖြစ်နိုင်တာက ကျောက်နက်မြို့တစ်ခုလုံးတွင် ကောင်တီအုပ်ချုပ်သူ ဝူဒီသာလျှင် ဂိုဏ်းချုပ်ရှုံနှင့် နှိုင်းယှဉ်နိုင်ပေလိမ့်မည်။ သို့ရာတွင် လူတိုင်းဟာ ရှုံပကို ပိုမိုသန်မာမည်ဟု ပိုမိုယုံကြည်ကြ၏။

ယခု တွေးကြည့်ပြီးနောက် ဟန်ကျောက်ကို အလွန် ကံကောင်းလှသည်ဟု ခံစားကြရသည်။ သူဟာ မြို့တွင်းပိုင်းရှိ အဓိက မိသားစုကြီးများ၏ တန်ဖိုးထားခြင်းကို ခံရပြီး ခြွင်းချက်ထားကာ မိသားစုသုံးခု၌ အမည်စာရင်းပေးနိုင်ခဲ့ရုံမက ယခု ဂိုဏ်းချုပ်ရှုံကဲ့သို့ ခွန်အားသန့်စင်ခြင်း၏ အကြီးစားကျွမ်းကျင်မှုအဆင့်ရှိ ထိပ်တန်း ကျွမ်းကျင်သူတစ်ယောက်ကိုလည်း ဆင့်ခေါ်နိုင်လေသည်။ သူ၏ အနာဂတ်ဟာ အကန့်အသတ် မဲ့လှ၏။

‘မောင်လေးဟန်က ငါ့ကို နောက်ထပ် အံ့ဩမှုတစ်ခု တကယ်ထပ်ပေးတာပဲ’

ရှလင်၏ မျက်ဝန်းများဟာ ပျော်ရွှင်မှုတို့ဖြင့် ပြည့်နှက်နေ၏။ သူမ၏ လူဟာ အလွန်ထူးချွန်လှပါသည်။

သူမ၏ ဘဝရှိ ရင်းနှီးမြှုပ်နှံမှုများ အကြားတွင် အအောင်မြင်ဆုံးမှာ ဂျူနီယာမောင်လေးဟန်၏ အခက်ခဲဆုံး အချိန်များတွင် သူ့ကို ငွေကြေးနှင့် စိတ်ပိုင်းဆိုင်ရာ အားပေးမှုများ ထောက်ပံ့ပေးခဲ့ခြင်း ဖြစ်သည်။ ယခုတော့ ရလဒ်အနေနှင့် ဆယ်ဆမက ပြန်ပေးလာခဲ့ပြီ ဖြစ်၏။

“နောင်မှာ.. ရှမိသားစုက သူ့အပိုင်ဖြစ်လာမှာပဲ.. မောင်လေးဟန်လည်း မရှုံးပါဘူး.. ဟီး”

ရှလင်ဟာ အနည်းငယ် ခေါင်းငုံ့သွား၏။ သူမကိုယ်သူမ ပြန်လည်ကြည့်ကာ မနေနိုင်ပဲ ပြုံးမိသည်။

သူမ၏ သက်ရှည်ကျမ်းဟာ တတိယအဆင့်သို့ ချိုးဖျက်တော့မှာပါ။ ထိုအချိန်၌ ဒုတိယ သွေးချီချိုးဖျက်မှု အဆင့်သို့ တက်လှမ်းရန် အခွင့်အရေးဟာ ကြီးစွာ မြင့်တက်လာမှာ ဖြစ်၏။ ထို့နောက် ဂျူနီယာမောင်လေးဟန်နောက်သို့ လိုက်ကာ…

“ဖက်၊ ဖက်၊ ဖက်..”

“ဘာတွေလျှောက်တွေးနေတာလဲ ရှလင်.. နင်ဘယ်တုန်းက ဒီလောက်အထိ အရှက်မဲ့လာတာလဲ”

ရှလင်ဟာ သူမ၏ ပူထူလာသည့် မျက်နှာကို ပုတ်သည်။

အာရုံဦးတွင်…

ဝတ်စုံဖြူဝတ် သခင်လေးတစ်ယောက်နှင့် ဝတ်စုံနီဝတ် လူလတ်ပိုင်း လူကြီးတစ်ဦးတို့ဟာ လင်းရှဲသေဆုံးခဲ့သည့် တောနက်ထဲတွင် ပေါ်လာခဲ့သည်။ ခြောက်သွေ့သည့် အလောင်းတစ်ခုအဖြစ် ပြောင်းလဲနေသည့် ဝတ်ပြုဆရာဝေကို ကြည့်ကာ ဝတ်စုံဖြူနှင့် လူငယ်ဟာ အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။

“ကြည့်ရတာ သူ့ရဲ့ သွေးအဆီအနှစ်ကို ဒီဗိုင်းလက်နက်က စုပ်ယူထားတာပဲ။ လင်းရှဲရဲ့ လက်ချက်များလား” ဝတ်စုံနီနှင့် လူက သွေးစိုနေသည့် ရွှံ့မြေရှေ့တွင် ထိုင်ကာ အော်လိုက်သည်။

“သခင်လေးခြောက်.. ဒီကိုလာကြည့်ပါဦး”

ဝတ်စုံဖြူနှင့် လူငယ်ဟာ လျှောက်လာပြီး မြေအနည်းငယ်ကို လက်ဖြင့်ယူလိုက်ကာ နမ်းကြည့်၏။ ထို့နောက် ခါးရှိ ဆန်မာရုအိတ်ငယ်အတွင်းမှ လှံတစ်ချောင်းကို ထုတ်သည်။

လှံဟာ လုံးဝ မဲနက်နေပြီး လှံ၏ အရှေ့ပိုင်းတွင် အနက်နှင့်အနီရောင် ကျောက်မျက်တစ်ခုကို မြှုပ်နှံထားသည်။ အပြင်လူများသာ ဆိုပါက ဒီလှံကို လင်းရှဲဆီမှ ဟန်ကျောက် လုယူခဲ့သည့် လှံဟု ထင်လုမတတ် ဖြစ်သွားမှာပါ။

တစ်ခုတည်းသော ခြားနားချက်မှာ ၎င်း၏အပေါ်တွင် မြှုပ်နှံထားသည့် ကျောက်မျက်ဟာ ပိုမိုသေးငယ်ခြင်း ဖြစ်သည်။

လူငယ်ဟာ သွေးစိုနေသည့် ရွှံ့မြေကို လှံထိပ်ဖြင့် ထိကြည့်လိုက်သည်။

“ဘဇ်”

လှံဟာ အနည်းငယ် တုန်ခါသွားပြီး အနီရောင်ပြောင်းကာ စတင် ပူလောင်လာခဲ့၏။

ဝတ်စုံဖြူနှင့် လူငယ်က အသံနိမ့်စွာ ကျိန်ဆဲသည်။ “ကြည့်ရတာ လင်းရှဲတော့ အသတ်ခံခဲ့ရပုံပဲ။ သူ့ကို ဂရိုစိုက်နေပါလို့ ပြောထားတာကို.. တကယ့် ငတုံးပဲ”

“ဒါဆို.. ကျွန်တော်တို့ ဘာလုပ်ကြမလဲ။ လင်းရှဲလည်း အသတ်ခံလိုက်ရပြီ.. သူ့ရဲ့ ဆန်မာရုအိတ်လည်း ပါသွားတာ ဖြစ်မယ်။ ဒါက အကြီးဆုံး ဒီဗိုင်းလက် အပိုင်းအစကို ဆုံးရှုံးလိုက်ရတာပဲ”

ဝတ်စုံနီနှင့်လူက အံ့ဩစွာ ပြောသည်။

“အလောင်းတောင် ဒီလိုဖြစ်သွားခဲ့တယ်.. အုပ်စိုးသူမိသားစုဝင် လက်ချက်လား… သိုင်းသမားတစ်ယောက်များလား မသိဘူး”

ဝတ်စုံဖြူနှင့် သခင်လေးက တွေးဆကာ ပြောသည်။

All Chapters