ချင်ချူးမူနှင့် လီရှောင်
Vol. 22 Ch. 295
အချိန် ငါးမိနစ်ခန့် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည့်တိုင် ကျင်းယုဝေ့၏ အခြေအနေက ပိုမို၍သာ ဆိုးရွားလာနေခဲ့သည်။ ချွေးသီးချွေးပေါက်များသည် သူ၏ နဖူးနှင့် ကျောရိုးမကြီး တစ်လျှောက်လုံး ရွှဲရွှဲစိုသည်အထိ စီးကျနေ၏။ ကြားဖူးနားဝ ရှိသမျှ နည်းလမ်းများကို သုံးကာ နာကျင်မှုကို ဖယ်ရှားဖို့ ကြိုးစားနေသည့်တိုင် အရာမထင်ပြန်ချေ။
သူ ခပ်လှမ်းလှမ်းတွင် ရပ်နေသည့် ချင်ချူးမူကို မျက်ထောင့်နီနှင့် ကြည့်လိုက်မိ၏။ ထိုမိန်းကလေးမှာ နောက်ဆုံး ရလဒ်ကို သိမြင်နေသည့်အလား ဆက်လက် တိုက်ခိုက်ခြင်းပင် မပြုချေ။ ထိုအခိုက်၌ ကျင်းယုဝေ့မှာ အကြီးအကျယ် အရှက်ခွဲခံရသလို ခံစားနေရသည်။ သို့သော်လည်း သူ တိုက်ခိုက်ရန် ကြိုးစားသည့် အခါတိုင်း ရင်ဘတ်တစ်ဝိုက် ပျံ့နှံ့နေသည့် အရောင်အလင်းများမှာပိုမို တောက်ပလာကာ နာကျင်မှုမှာ သည်းမခံနိုင်သည့် အတိုင်းအတာ တစ်ခုထိ ရောက်အောင် ဆိုးရွားလာသည်။ ရှင်းလင်းစွာပင် သူ့ခန္ဓာကိုယ်ထဲ၌ ရှိနေသော အရာကို ချင်ချူးမူက ထိန်းချုပ်ထားပုံ ပေါ်သည်။
ပြင်းထန်သော ဒေါသတရားနှင့် အတူ ကျင်းယုဝေ့၏ သွေးများမှာ ပွက်ပွက်ဆူလာခဲ့၏။ သို့သော်လည်း သူ ဘာတတ်နိုင်မည်နည်း။
“ငါ...”
သူ့လေသံက မုန်းတီးမှုများ၊ ပြင်းထန်သော မကျေနပ်မှုများဖြင့် ပြည့်နှက်နေ၏။
“ငါ အရှုံးပေးတယ်...”
ဝမ်...
ချက်ချင်းပင် တိုက်ခိုက်ရေး စင်မြင့်၏ ပတ်လည်ရှိ နံရံများမှာ ပျောက်ကွယ်သွား၏။ ထို့နောက် အဖြူရောင် အလင်းရောင် ဖျော့ဖျော့က ပေါ်လာကာ သူ့ကို အဝေးဆီ ခေါ်ဆောင်သွားခဲ့သည်။ တစ်ချိန်တည်း၌ ထိုအလင်းက သူ့ခန္ဓာကိုယ်ထဲ ထိုးဖောက် ဝင်ရောက်ကာ နှလုံးသားဆီသို့ စိမ့်ဝင်လျှက် သောကမျိုးစေ့ကို အပြီးတိုင် ဖယ်ရှားပေးလိုက်၏။
အနန္တ ဧကရာဇ်ဂိုဏ်းသည် လက်နက်ချ အညံ့ခံပြီးသော မဟာဝိညာဥ် ပြိုင်ပွဲဝင်များကို အသက် အန္တရာယ် မရှိအောင် အတတ်နိုင်ဆုံး စီမံထားသည်။ ကျင်းယုဝေ့၏ ခန္ဓာကိုယ် ပတ်လည်မှ အဖြူရောင် အလင်းမှာ ဒဏ်ရာများကို ကုသနိုင်သည့် ဝိညာဥ်ချီ တစ်မျိုး ဖြစ်သည်။ ၎င်းသည် မူလ အင်ပါယာ သူတော်စင် တစ်ယောက်က ထိန်းချုပ်မှုနှင့် အတူ ကြယ်တာရာ အမြုတေ အဆင့်ငါး စွမ်းအားများကို ပိုင်ဆိုင်ထားသည်။
ကောင်းကင်အုပ်စိုးသူ တစ်ယောက် ဖန်တီးထားသည့် သောကမျိုးစေ့ကို ဖယ်ရှားရန်မှာ မူလ အင်ပါယာ သူတော်စင်များ အတွက်တော့ ထမင်းစား ရေသောက်မျှသာ ဖြစ်သည်။
ချင်ချူးမူ အသက်ကို ပြင်းပြင်းရှူလိုက်၏။ သူ၏ မျက်နှာထက်တွင်တော့ ဂုဏ်ယူအပြုံး တည်ရှိနေသည်။ သူမ ခေါင်းကို မော့ရင်း ကောင်းကင်ထက်သို့ ကြည့်လိုက်ရာ ကျင်းယုဝေ့၏ အချက်အလက်များ တဖြည်းဖြည်း မှေးမှိန်ကာ ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည်။ ထိုနေရာတွင် သူမနှင့် သက်ဆိုင်သည့် အချက်အလက်များသာ ကျန်ရစ်ခဲ့ပေသည်။
ချင်ချူးမူ
အနန္တဧကရာဇ်ဂိုဏ်း ပြိုင်ပွဲဝင်
ကောင်းကင် အုပ်စိုးသူ ကျင့်ကြံခြင်း အခြေခံ...
ဝိညာဥ် အမှတ်... ၃၀၇ မှတ်
ဆက်လက် အနိုင်ရရှိမှု... ၁ ပွဲ
ပထမ တိုက်ပွဲအတွက် သူမသည် အမှတ် ၁၀၀ ကို လက်ခံ ရရှိခဲ့သည်။ သို့သော်လည်း စိန်ခေါ်ပွဲနှင့် တိုက်ပွဲများကား မပြီးသေးချေ။ တည်ငြိမ်သော နှလုံးသားနှင့် အတူ ထပ်မံ စိန်ခေါ်လာမည့် လူများကို စောင့်ဆိုင်းရင်း သူမ၏မျက်လုံးများက တလက်လက် တောက်ပနေ၏။
နောက်ထပ်လာမည့် တိုက်ပွဲများမှာ ပထမ တစ်ကြိမ်ကလို မလွယ်ကူ နိုင်တော့ကြောင်း သူမ သိပေသည်။ ထို့ကြောင့်ပင် အရာရာကို စွန့်လွှတ်ကာ တိုက်ခိုက်ရန် သူ အဆင်သင့် ဖြစ်နေခဲ့ပြီ ဖြစ်သည်။
ဝှစ်...
သိပ်ကြာကြာ မစောင့်လိုက်ရခင်မှာပင် ပုံရိပ်တစ်ခုမှာ စင်မြင့်ထက်သို့ ခုန်တက်လာ၏။ သူမမှာ လူသားမျိုးနွယ် မိန်းကလေး တစ်ဦး ဖြစ်ကာ ကျင်းယုဝေ့နှင့် တူညီသည့် ဂိုဏ်းဝတ်စုံကို ဝတ်ဆင်ထားသည်။ မိန်းကလေး စင်မြင့်ထက်သို့ ရောက်သည်နှင့် ချက်ချင်းပင် သူမနှင့် သက်ဆိုင်သည့် အချက်အလက်များမှာ ကောင်းကင်တွင် ဖြည်းညင်းစွာ ပေါ်လာခဲ့တော့သည်။
လီရှောင်...
ဒြပ်စင် ကောင်းကင် နန်းတော် ပြိုင်ပွဲဝင်
ကောင်းကင်အုပ်စိုးသူ ကျင့်ကြံခြင်း အဆင့်...
ဝိညာဥ် အမှတ်... ၈၃
တိုက်ပွဲစင်မြင့်ထက်သို့ ရောက်သည်နှင့် လီရှောင်သည် လူတိုင်း၏ အမြင်အာရုံကို ဖမ်းစားသွား၏။ သူမသည် အသက်နှစ်ဆယ်ကျော် အရွယ် ရုပ်ရည်မျိုး ရှိသည့် မိန်းမလှလေး တစ်ယောက် ဖြစ်သည်။ ခပ်ပါးပါး မိတ်ကပ်နှင့် အတူ သူမ၏ အရည်လဲ့နေသည့် အယ်မွန် မျက်လုံးများ၊ နီထွေးသော နှုတ်ခမ်းသားများ... အထူးသဖြင့် ဖြောင့်စင်းသော နှာတံလေးတို့မှာ ပန်းပုထုထား သကဲ့သို့ ထင်ရအောင် လက်ရာမြောက်စွာ လှပလွန်းလှသည်။
ကံဆိုးစွာပင်... ထိုအလှအပများမှာ ချင်ချူးမူနှင့် ယှဥ်လျှင်တော့ ပိုးစုန်းကြူးနှင့် လမင်းကြီးလို ကွာခြားနေဆဲ ဖြစ်သည်။
လီရှောင် စင်မြင့်ထက်တွင် ခြေချရင်း ချင်ချူးမူကို ကြည့်လိုက်၏။ မနာလိုမှုနှင့် ဒေါသ အရိပ်အငွေ့ အချို့က သူမ၏ မျက်လုံးများထဲတွင် ကိန်းအောင်း နေခဲ့သည်။
“အကို ယုဝေ့ကို အနိုင်ယူနိုင်ခဲ့တယ် ဆိုပြီး နင့်ကိုနင် သိပ်အထင်ကြီး မနေနဲ့... နင် ယုတ်ညံ့တဲ့ နည်းလမ်းတွေ သုံးခဲ့တာ ငါသိတယ်”
သူမ၏ နှုတ်မှ ပထမဆုံး ထွက်ပေါ်လာသည့် စကားလုံးများက အေးစက်ခြင်းများနှင့် ပြည့်နှက်နေသည်။ စင်မြင့်အောက်မှ ကြည့်နေသည့် များစွာသော ပြိုင်ပွဲဝင်များမှာ လက်စားချေလိုသည့် သူမ၏ ဆန္ဒကို ခံစားလိုက်ကြရ၏။
“ ... “
ချင်ချူးမူ လီရှောင်ကို ကြည့်ကာ မျက်မှောင် အနည်းငယ် ကြုတ်သွားသည်။ သို့သော်လည်း နှုတ်လှန် ပြန်ထိုးခြင်း မပြုပဲ တိတ်တဆိတ်သာ စောင့်ဆိုင်းနေ၏။
ထိုတုံတိဘာဝေ အပြုအမူကြောင့် လီရှောင်မှာ ပို၍ ဒေါသထွက် လာခဲ့သည်။ သူမ၏ မျက်နှာက ပို၍ မည်းမှောင် လာခဲ့သည်။
“ဘာလဲ... နင်က နင့်ကိုနင် ပြိုင်ဘက်ကင်းပြီ ထင်နေတာလား... အဲဒီ အလစ်ချောင်း တိုက်ကွက်က နင် တတ်တတ်ထားတာ အကုန်မလား”
“ ... “
ချင်ချူးမူမှာ ဆက်လက် တိတ်ဆိတ်နေဆဲ ဖြစ်သည်။ အခြားတစ်ဖက်၌ ဝေ့ဝူယင်က တိတ်တဆိတ် သက်ပြင်းချလိုက်၏။ မိန်းကလေးများ၏ မနာလိုမှုက လက်နက် တစ်ခုသာ ဆိုလျှင် အတော်လေး ကြောက်စရာ ကောင်းမည်မှာ သေချာလှသည်။
“ဘုန်း...”
လီရှောင် လက်သီးများကို တင်းတင်း ဆုပ်လိုက်၏။ ကောင်းကင်အုပ်စိုးသူ အဆင့် အရှိန်အဝါက သူမ၏ ခန္ဓာကိုယ်တွင် ပေါက်ကွဲ ထွက်ပေါ်လာသည်။ ကြောက်မက်ဖွယ် ကောင်းကင်ဖိအားသည် အရှိန်အဟုန်နှင့် အတူ ချင်ချူးမူထံ စီးဝင်သွား၏။
“ငါ နင့်ကို ရွေးချယ်စရာ တစ်ခု ပေးမယ်... ခုချက်ချင်း တောင်းပန်ပြီး...”
“သောက်ရစ်တွေ ရှည်မနေနဲ့တော့... သောက်ကောင်မ...”
သူမ၏ စကားမဆုံးသေးခင်မှာပင်... စင်အောက်နားမှ ဒေါသတကြီး အော်ဟစ်သံ တစ်ခု ထွက်ပေါ်လာ၏။ မေးစရာ မလိုလောက်အောင် ကျူးဟိုင်ပင်။ ထိုအခိုက်၌ သူ၏ သွေးရောင် မျက်လုံးများက စိတ်မရှည်ခြင်းများဖြင့် တဖိတ်ဖိတ်တောက်နေ၏။
သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည့် ကျူးဟိုင်၏ အသံကြောင့် လီရှောင်မှာ လန့်ဖျန့်သွားသည်။ ပထမ၌ ဟန်ကိုယ့်ဖို့ သဘောဖြင့် နှုတ်လှန်ထိုးရန် သူမ ကြိုးစားလိုက်သေးသော်လည်း တဖိတ်ဖိတ် တောက်ပနေသည့် သွေးရောင်မျက်လုံးများနှင့် ဆုံတွေ့သည့် အခိုက် စကားလုံးများက လည်ချောင်းထဲတွင်ပင် ပျောက်ရှသွားခဲ့သည်။
“တိုက်ရင်တိုက်... မတိုက်ရင် ထွက်သွားတော့...”
ကျူးဟိုင်က ထပ်ပြောလိုက်၏။ သူ၏ အမြင်အရ ဆိုလျှင် မြန်မြန်တိုက်၊ မြန်မြန်ပြီး၊ မြန်မြန်အေးသည်။ အရည်မရ၊ မဖတ်မရ လျှောက်စကားနိုင်လုခြင်းမျိုးက တမင်သက်သက် အဖိုးတန် အချိန်များကို ဖြုန်းတီးခြင်းသာ ဖြစ်သည်။
အခြား တစ်ဖက်၌ ဝေ့ဝူယင်မှာ တိတ်တဆိတ်သာ ပြုံးနေခဲ့၏။ လူများမှာ တိုက်ပွဲ မစခင်နှင့် တိုက်ပွဲအတွင်း စကားနိုင်လုရခြင်းကို အဘယ်ကြောင့် နှစ်သက်ကြကြောင်း သူ စဥ်းစား မရချေ။
အနန္တကုန်းမြေတိုက်ကြီးတွင် ရှိစဥ်က အဖြစ်အပျက် တစ်ခုကိုပင် သူ ပြန်လည် အမှတ်ရလိုက်မိသည်။ ထိုစဥ်က အရိပ်ဝှက် နယ်မြေ၏ နတ်ဘုရား အရှင်သည် ညီမဖြစ်သူ၏ ခေါင်းပြတ်ကို ကိုင်ဆောင်လျှက် လက်စားချေရန် သူ့ထံ ရောက်ရှိလာခဲ့သည်။
ဝေ့ဝူယင် ပထမ၌ အတော်လေး ထိတ်လန့်နေခဲ့သည်။ သို့သော်လည်း ရန်သူထံမှ ပထမဆုံး ထွက်ပေါ်လာခဲ့သည်က သူမျှော်လင့်ထားခဲ့သလို ကြောက်မက်ဖွယ်ရာ အဆက်မပြတ် တိုက်ခိုက်မှုများအစား စကားလုံးများသာ ဖြစ်သည်။ ပြန်တွေးလျှင် ထိုအဖြစ်က အတော်လေး ရယ်စရာ ကောင်းလှသည်။
ထိုအချိန် စင်မြင့်ထက်၌...
“ငါ...”
လီရှောင်မှာ တစ်ခုခု ပြောချင်နေသော်လည်း နောက်ဆုံး၌ ရေငုံနှုတ်ပိတ် နေရန်သာ ဆုံးဖြတ်လိုက်သည်။ ကျူးဟိုင်အား ကြည့်ရသည်က သူမ နောက်ထပ် စကားတစ်ခွန်း ထပ်ပြောလျှင် အစိမ်းလိုက်ပင် ဝါးစားတော့မည့်ပုံ ရသည်။ အထူးသဖြင့် သွေးရောင် တလက်လက် တောက်ပနေသည့် ထိုရှို့ရန်မျိုးနွယ်၏ မျက်လုံးများက ကြောက်စရာ ကောင်းလွန်းလှသည်။
သူမက ချင်ချူးမူဘက်သို့ လှည့်ကာ လက်သီးနှစ်ဖက်ကို တင်းကြပ်စွာ ဆုပ်လိုက်၏။
“ငါ လီရှောင် စိန်ခေါ်တယ်...”
“ဝမ်...”
ထိုစကားလုံများ ဆုံးသည်နှင့် ချက်ချင်းပင် သလင်းကျောက် အလင်းနံရံများမှာ နောက်တစ်ကြိမ် ပြန်လည် ဖြစ်ပေါ်လာခဲ့၏။
“ဝှစ်...”
တိုက်ပွဲ စတင်လို့ ရသည်နှင့် ချင်ချူးမူမှာ အင်္ကျီလက်များကို ဝှေ့ယမ်းလိုက်သည်။ သူမ၏ လှပသော လှုပ်ရှားမှုက လောကနှင့် တစ်သားတည်း ဖြစ်နေခဲ့၏။ ချက်ချင်းပင် လေထဲ၌ အလင်းများ ဖြစ်ပေါ်လာကာ ကိုးလက်မခန့် ရှည်လျားသော ဓားကိုးစင်း အသွင် ပြောင်းလဲသွားသည်။ ထိုဓားတစ်စင်းချင်းစီမှာ သိမ်မွေ့သည့် သစ်သား စွမ်းအားများကို သယ်ဆောင်ထားကာ အမျိုးမျိုးသော ရည်ရွယ်ချက်များကို သယ်ဆောင်ထားကြဟန် ရသည်။
“အသက်မြက် ကိုးခု ကြယ်တာရာ ဓားတွေ...”
စုမေ့က ခပ်တိုးတိုး ရေရွတ်လိုက်၏။ အမှတ်မထင် သူက ဝေ့ဝူယင်ဘက်သို့ လှည့်ကာ ကြည့်လိုက်မိသည်။ ကြယ်တာရာ အဆင့် လက်နက်များမှာ အလွန် ရှားပါးလှကာ သန်းနှင့်ချီသော ကြယ်တာရာ အမြုတေ အဆင့်များတွင်ပင် တစ် ရာခိုင်နှုန်းသာ ကိုင်ဆောင်နိုင်ကြသည်။ ထိုအဆင့် လက်နက်တစ်ခုကို အောင်မြင်စွာ သန့်စင်နိုင်ရန် ဆယ်စုနှစ် များစွာမှ ရာစုနှစ်ချီသည် အထိ လိုအပ်သည်။
ကြယ်တာရာ အဆင့် လက်နက် ကိုးခု...
အနန္တဧကရာဇ်ဂိုဏ်း တစ်ခုလုံးတွင် ထိုကဲ့သို့ ရတနာများကို ပေါပေါလေလေ သုံးနိုင်သည့် တပည့်မှာ ဝေ့ဝူယင် တစ်ယောက်တည်းသာ ရှိပေသည်။
***