ယွင်ဟန်ရှီ
Vol. 22 Ch. 296
ဝေ့ဝူယင် ဓားကိုးစင်းကို ကြည့်ရင်း အသာအယာပင် ပြုံးလိုက်၏။ တစ်ချိန်တည်း၌ လီရှောင်၏ မျက်နှာမှာမူ ဖြူဖပ်ဖြူရော် ဖြစ်နေခဲ့ပြီ ဖြစ်သည်။ လက်မခံချင်သည့်တိုင် ထိုအရာများကား အစစ်အမှန် ကြယ်တာရာ လက်နက်များ ဖြစ်သည်။ ထို့အပြင် ၎င်းတို့က အဆင့်နိမ့်များ မဟုတ်ကြချေ။ ရည်ရွယ်ချက် တစ်ခုစီနှင့် ထူးခြား ဆန်းကြယ်သည့် ဝင်္ကများကို ထည့်သွင်းထားပုံ ရသည့် လက်နက်များ ဖြစ်ကြသည်။
“ဒါတွေက...”
တဖိတ်ဖိတ် တောက်ပနေသည့် ကြယ်တာရာ လက်နက်များကို ကြည့်ရင်း လုံချန်၏ မျက်လုံးများပင် မသိမသာ အရောင်ပြောင်းလဲသွားသည်။ ၎င်းတို့ အားလုံးမှာ သီးခြားဖြစ်တည်မှုများကို ပိုင်ဆိုင်ထားကြသည့်တိုင် တစ်ချိန်တည်း၌ တစ်ခုတည်း၊ တစ်စုတစ်စည်းတည်း ဖြစ်သလို သူ ခံစားလိုက်ရသည်။ မကြာခင်မှာပင် လျှို့ဝှက် ဆန်းကြယ်သော တစ်စုံတစ်ရာကို ရှာဖွေ တွေ့ရှိသွားဟန်ဖြင့် သူ့မျက်လုံးများက တဖြည်းဖြည်း တောက်ပလာခဲ့တော့၏။
ချင်ချူးမူ လီရှောင်ကို အာရုံမစိုက်ခင် ဝေ့ဝူယင်ထံ တစ်ချက် လှမ်းကြည့်လိုက်မိ၏။ မူလ ပထမက ထိုဓားကိုးစင်းမှာ အမှီအခို ကင်းမဲ့သော ဓားများ ဖြစ်ခဲ့ကြသည်။ ထိုထက် ပို၍ တိတိကျကျ ဆိုရလျှင် ၎င်းတို့မှာ မိသားစုများ၊ မျိုးနွယ်များ နှစ်ပေါင်း ထောင်သောင်းချီ လက်ဆင့်ကမ်းလာခဲ့သည့် ကြယ်တာရာ အမွေအနှစ် ပစ္စည်းများပင် ဖြစ်သည်။ ခေတ်အဆက်ဆက်၌ မရေမတွက်နိုင်သော ကြယ်တာရာ အမြုတေ အဆင့်များသည် သူတို့၏ စွမ်းအင်များ ရည်ရွယ်ချက်များဖြင့် ၎င်းတို့ကို မွမ်းမံခဲ့ကြရသည်။
ကံထောင်းထောက်မစွာပင် ဝေ့ဝူယင်သည် ၎င်းတို့ အားလုံးကို ဝယ်ယူ စုစည်းနိုင်ခဲ့ကာ အတော်ဆုံး ပန်းပဲ ပညာရှင်များထံတွင် အပ်နှံခဲ့သည်။ အကျိုးဆက် အနေဖြင့် ဓားတစ်စင်းချင်းစီမှာ ယခင်ကထက် အားနည်း သွားခဲ့သည့်တိုင် တစ်စုတစ်စည်းတည်း အဖြစ် ပြောင်းလဲသွားကာ ချိတ်ဆက် အသုံးပြုရန် အလွန် လွယ်ကူလာခဲ့သည်။
ဓားကိုးစင်းသည် ချင်ချူးမူနှင့် ကွက်တိ လိုက်ဖက်၏။ မလိုက်ဖက်ပဲ နေနိုင်ပါမည်လော။ ဝေ့ဝူယင်မှာ ထိုဓားများကို သူမ အတွက် ရည်ရွယ်၍ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ချင်ချူးမူ အတွက်တော့ ထိုဓားများက အသက်ကယ် ဝှက်ဖဲ ဖြစ်သည်။ အကယ်၍ ပထမတိုက်ပွဲက ရရှိထားသည့် ဒဏ်ရာများကြောင့်သာ မဟုတ်ပါက သူမ ထိုဓားများကို ထုတ်ဖော်လိမ့်မည် မဟုတ်ပါချေ။
ရွှင်း...
ဓားကိုးစင်းမှာ ပြိုင်တူညီညာစွာပင် သံစဥ်တစ်ခုကို သီကျူးလာကြ၏။ တစ်ချိန်တည်း၌ လီရှောင်၏ နှလုံးခုန်သံက ပိုမို၍ ကျယ်လောင်လာသည်။
သူမ အလင်းအကာအရံနားသို့ ရောက်သည် အထိ ဆုတ်ရင်း ရွှေရောင် အစင်းကြောင်းများ ပါသည့် အစိမ်းရောင် ရုပ်တုတစ်ခုကို ဆွဲထုတ်လိုက်သည်။ ၎င်းမှာလည်း ကြယ်တာရာ လက်နက် တစ်ခု ဖြစ်သည့်တိုင် ချင်ချူးမူ၏ ဓားကိုးစင်းနှင့် ရောင်ဝါချင်း ယှဥ်၍ မရအောင် မှေးမှိန်လှသည်။ ထို့အပြင် ၎င်းတွင် ရည်ရွယ်ချက် အငွေ့အသက် ပင်လျှင် မပါဝင်ချေ။
၎င်းကာ သူမ ကိုယ်တိုင် သန့်စင်နေသည့် လက်နက် တစ်ခု ဖြစ်ကြောင်းနှင့် ပြီးပြည့်စုံသည့် ကြယ်တာရာ အဆင့်ကို ရောက်ရန် လိုအပ်ချက်များ ရှိနေသေးကြောင်း ရှင်းလင်းလှပေသည်။ ပြောရလျှင် ထိုလက်နက်ကို ကြယ်တာရာ လက်နက်ဟုပင် ယူဆ၍ မရချေ။
လီရှောင်၏ အဆင်သင့် ဖြစ်နေပုံကို ကြည့်ရင်း ချင်ချူးမူ၏ တိုက်ခိုက်လိုစိတ်မှာ ပေါက်ကွဲလာ၏။ အလွန်တရာ လှပလှသည့် သူမ၏ မြစိမ်းရောင် မျက်လုံးများက ကြောက်မက်ဖွယ် ကောင်းအောင် ထက်ရှလာကာ ကောင်းကင် အုပ်စိုးသူ အဆင့် ကြယ်တာရာ အင်အားများမှာ အတူ ဓားများထံ စီးဝင်သွားသည်။
“လီရှောင်တော့ သေပြီပဲ...”
စုမေ့က ခေါင်းခါရင်း ရေရွတ်လိုက်၏။ ထိုအခိုက်တွင်ပင် ချင်ချူးမူ၏ ဓားကိုးစင်းမှာ အရှိန်အဟုန်နှင့် အတူ အလင်းတန်းများ အသွင် ပြောင်းလဲကာ လီရှောင်ထံ တိုးဝင်သွားခဲ့ပြီ ဖြစ်သည်။ ၎င်းတို့မှာ အလွန် လျှင်မြန်လွန်းလှရကား လောက၏ မန်နာများ ပင်လျှင် နှစ်ပိုင်း ကွဲထွက်သွားခဲ့ရ၏။
တိုးဝင်လာသည့် အလင်းတန်းများကို ကြည့်ရင်း လီရှောင်၏ နှလုံးသားမှာ ကဆုန်ပေါက် နေခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း... ကြယ်တာရာ အမြုတေ အဆင့် တစ်ယောက် အနေဖြင့် သူမ သတိလင်ဟင်းခြင်း မရှိပါချေ။ ချက်ချင်းပင် ရုပ်တုကို ရင်ဘတ်ရှေ့၌ ထားရင်း ဓားအလင်းများကို ကာကွယ်ရန် ကြိုးစားလိုက်၏။
ကံဆိုးသည်က ဓားများမှာ အလွန့်အလွန်ကို မြန်ဆန်လွန်းလှခြင်း ဖြစ်သည်။ ထို့အပြင် ချင်ချူးမူ၏ သန့်စင်သော သစ်သား အင်အားနှင့် ပူးပေါင်းကာ ၎င်းတို့မှာ အကြီးကျယ်ဆုံးသော အင်အားကိုလည်း ပိုင်ဆိုင်ထားကြသေးသည်။
ဘုန်း... ဘုန်း...
မျက်စိတစ်မှိတ်စာ အတွင်းမှာပင် လီရှောင်၏ ရုပ်တု အကာအကွယ်မှာ ကျိုးပဲ့ ပျက်စီးသွား၏။
“အရမ်းကို ထက်ရှလွန်းတယ်...”
ထိုအရာက သူမ၏ ပထမဆုံးနှင့် နောက်ဆုံးသော အတွေးပင်။
ရွှင်း...
ကြက်သီးထဖွယ်ရာ အသံနှင့် အတူ ဓားကိုးစင်းမှာ လီရှောင်၏ ခန္ဓာကိုယ် အတွင်း ထွင်းဖောက် ဝင်ရောက်သွား၏။ ၎င်းတို့က လည်ချောင်းမှ နေ၍ ဝမ်းဗိုက်အထိ မလစ်ဟင်းရအောင် နေရာယူကာ သူမ၏ ခန္ဓာကိုယ်လေးကို နောက်ရှိ အလင်းနံရံထံ အရုပ်လေး တစ်ရုပ်လို သယ်ဆောင်သွားသည်။
“ ... “
လောကတစ်ခုလုံးမှာ စက္ကန့်ပိုင်းမျှ ကြာအောင် တိတ်ဆိတ်သွား၏။ လီရှောင်း၏ အသက်မဲ့ ခန္ဓာကိုယ်ကမူ နံရံတွင် ပင်အပ်များနှင့် တွယ်ခံထားရသည့် စက္ကူတစ်စလို ငြိမ်သက်နေသည်။ အရောင် ခပ်ရင့်ရင့် သွေးများကတော့ နံရံတစ်လျှောက် စွတ်ကြောင်း တစ်ခုလို စီးကျလျှက်...။
ဝှစ်...
ချင်ချူးမူက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ဓားများမှာ အလင်းတန်းများ အလား ပျံသန်းကာ သူမ၏ အင်္ကျီလက်အိုး အတွင်း ဝင်ရောက်သွားကြသည်။ တစ်ခဏ အတွင်းမှာပင် အရာအားလုံးကား ဘာမှ မဖြစ်ခဲ့သလို ပြန်လည် ငြိမ်သက်သွားခဲ့ပြီ ဖြစ်သည်။
ဘုတ်...
လီရှောင်၏ အလောင်းက ကြမ်းပြင်ထက်သို့ တဖြည်းဖြည်း လျောကျသွားရာ ခပ်အုပ်အုပ် အသံတစ်ခု ထွက်ပေါ်လာ၏။
“သူက နည်းနည်းတောင် ချမ်းသာ မပေးဘူးပဲ...”
စင်မြင့်အောက်၌... ဝေ့ဝူယင်က ဖြူရော်စွာ ပြုံးရင်း ခေါင်းခါလိုက်သည်။ ချင်ချူးမူသည် တိုက်ပွဲစကတည်းက အစွမ်း အထက်ဆုံးသော ဓားဝင်္ကပါကို အသက်သွင်းခဲ့သည်။ ထို့အပြင် သူမ၏ ကြယ်တာရာ အင်အားဖြင့် ဓားများ၏ အစွမ်းကိုပါ ထပ်မံ တိုးမြှင့်ခဲ့သေးသည်။ သို့ဖြစ်လေရာ လီရှောင် မည်ကဲ့သို့ ခုခံနိုင်ပါမည်နည်း။
“ဝမ်...”
တောက်ပသော အဖြူရောင် အလင်းမှာ နောက်တစ်ဖန် ပေါ်လာကာ လီရှောင်၏ အလောင်းကို သယ်ဆောင်သွား၏။ သူမကား အသေထွက်ဖြင့် မဟာဝိညာဥ် စမ်းသပ်ပွဲမှ ထွက်ခွာသွားရပြီ ဖြစ်လေသည်။ ထိုအချိန် ကောင်းကင်ထက်တွင်မူ...
ချင်ချူးမူ...
အနန္တဧကရာဇ်ဂိုဏ်း ပြိုင်ပွဲဝင်...
ကောင်းကင်အုပ်စိုးသူ ကျင့်ကြံခြင်း အခြေခံ...
ဝိညာဥ်အမှတ်... ၃၉၀
ဆက်တိုက်အနိုင်ရရှိမှု... ၂ ပွဲ
...
ချင်ချူးမူ တည်ငြိမ်စွာ ရပ်နေဆဲ ဖြစ်သည့်တိုင် သူမ၏ နှလုံးသားကတော့ မြင်းရိုင်းတစ်ကောင်လို ခုန်ပေါက်နေသည်။
အမှန်အတိုင်း ပြောရလျှင် လီရှောင်ကို သတ်ရန် သူမ မရည်ရွယ်ခဲ့ချေ။ မထမ တိုက်ပွဲတွင် ရရှိထားသည့် ဒဏ်ရာကြောင့် အသာစီးယူရန် အားကုန်ထုတ် တိုက်ခိုက်ခဲ့ခြင်းမျှသာ ဖြစ်သည်။ ဝေ့ဝူယင် လက်ဆောင်ပေးခဲ့သည့် ထိုဓားကိုးစင်းက ကြောက်မက်ဖွယ် ကောင်းအောင် ထက်မြက်လိမ့်မည်ဟု သူမ မည်ကဲ့သို့ ထင်မိခဲ့မည်နည်း။
ဝေ့ဝူယင်ကို လှမ်းကြည့်ရင်း ခံစားချက် တစ်ခုမှာ သူမ၏ နှလုံးသားထဲတွင် ဖြစ်ပေါ်လာ၏။ ထိုအရာက ပျော်ရွှင်မှုနှင့် ဆင်တူသလိုလို ရှိသော်လည်း... အသေအချာတော့ မဟုတ်ပါချေ။
“ ... “
မိနစ်အနည်းငယ် ကြာမြင့်သည့်တိုင် ချင်ချူးမူကို မည်သူမျှ စိန်မခေါ်ကြပါချေ။ အားလုံးမှာ စိတ်ရှုပ်ထွေးစွာဖြင့် စင်မြင့်ထက်၌ ရပ်နေသည့် လှပသော ပုံရိပ်ကလေးကို ကြည့်နေခဲ့မိကြသည်။
လီရှောင်...
သူမမှာ သာမန် ကောင်းကင်အုပ်စိုးသူ တစ်ယောက် ဟုတ်ချေ။ အစွမ်းအထက်ဆုံး မဟုတ်လျှင်ပင် ထိပ်တန်း အဆင့်၌ ပါသူ တစ်ယောက် ဖြစ်သည်။ အားအနည်းဆုံး ဝိညာဥ်ဆင်းတု အဆင့်များကိုပင် တူတူတန်တန် တိုက်ခိုက်နိုင်သူ ဖြစ်သည်။၊ သို့တိုင်အောင် ချင်ချူးမူနှင့် ရင်ဆိုင်ရချိန်၌ သူမမှာ တစ်စက္ကန့်မျှပင် မခုခံနိုင်ပဲ အသက်ထွက် သွားခဲ့ရသည်။
ဒွိဟများက သူတို့၏ စိတ်များ အတွင်း ရောထွေးလာ၏။ ရှေ့သို့ တက်ပြီး စိန်ခေါ်သင့်သလော။ ထိုကဲ့သို့ ပြုလုပ်ခြင်းက စွန့်စားလွန်းရာ ကျနေမည်လော။
“ငါတို့ ဘာလုပ်သင့်လဲ...”
အတွေးများ လွန်ဆွဲရင်း အချိန် ဆယ်မိနစ်ခန့် အချိန် ကြာမြင့်သွားခဲ့ပြီ ဖြစ်သည်။ ပြိုင်ပွဲဝင်များမှာ တဖြည်းဖြည်းနှင့် လှုပ်လှုပ်ရွရွ ဖြစ်လာခဲ့ကြ၏။ အကယ်၍ အချိန်တစ်နာရီအတွင်း စိန်ခေါ်သူ မရှိပါက ချင်ချူးမူမှာ အလိုအလျောက် အနိုင်ရရှိသူ ဖြစ်သွားလိမ့်မည် ဖြစ်သည်။ သည်လိုမျိုးတော့ သူတို့ မဖြစ်မခံနိုင်ချေ။
အားလုံးတစ်ယောက် အခြေအနေ တစ်ယောက်ကြည့်လိုက်ကြစဥ်မှာပင် လူငယ်တစ်ယောက်မှာ ထရပ်လာ၏။ ထိုလူငယ်မှာ အလွန်တရာ ပြေပြစ်လှသည့် အလှတရားကို ပိုင်ဆိုင်ထားသည်။ အပြစ်ဆိုစရာ တစ်စက် မရှိအောင် နူးညံ့သိမ်မွေ့လွန်းလှသည့် သူ၏ ပုံစံက မိန်းမသားတို့ထက်ပင် ပိုမို ချောမောလွန်းသည်။ သူသည် ဖုန်မှုန့် တစ်စပင် စွန်းထင်ခြင်း မရှိသည့် အဖြူဆွတ်ဆွတ် ဝတ်ရုံကို ဝတ်ဆင်ထား၏။
လူငယ်က ကြင်နာကာ ရိုးသားဖြူစင်သည့် အပြုံးမျိုးကို ဆင်မြန်းရင်း စင်မြင့်ထက်သို့ တဖြည်းဖြည်း လှမ်းတက်သွား၏။
“ခင်ဗျားက ပါရမီ အရမ်း မြင့်မားပြီး ပြိုင်ဘက်ကင်းတဲ့ စွမ်းဆောင်ရည်မျိုးကို ပိုင်ဆိုင်ထားတာပဲ... သစ်နွယ် မင်းသမီးလေး ဆိုတဲ့ နာမည်နဲ့ တကယ် လိုက်ဖက်ပါပေတယ်ဗျာ”
သူ၏ လေသံက နူးညံ့သိမ်မွေ့ကာ ကဗျာ တစ်ပုဒ် ရွတ်ဖတ်နေသလိုပင် ထင်ရသည်။ သို့သော်လည်း တစ်ချိန်တည်း၌ သူရဲကောင်း ဆန်ကာ တည်ကြည် ဖြောင့်မတ်သည့် အရှိန်အဝါ တစ်မျိုး ပါဝင်နေ၏။
လူငယ်ကို ကြည့်ရင်း စုမေ့၏ မျက်လုံးများက ကျဥ်းမြောင်းသွား၏။ သူမ၏ ကြည်လင်သော အနက်ရောင် မျက်ဝန်းများထဲတွင် ရွံရှာမှု အရိပ်အငွေ့ အချို့ ဖြစ်တည်လာ၏။
ဝေ့ဝူယင် တရှန်းကို လှမ်းကြည့်လိုက်သည်။ တည်ငြိမ်နေဟန် ရသည့်တိုင် သူမ၏ ရွှေရောင် မျက်ဝန်းများက မြဲမြံစွာဖြင့် စင်မြင့်ကိုသာ စိုက်ကြည့်နေ၏။
“ကြည့်ရတာ အနှေးနဲ့ အမြန်ပဲ”
ဝေ့ဝူယင် တွေးနေသည်နှင့် တစ်ချိန်တည်းတွင် ကျူးဟိုင်၏ သွေးရောင် မျက်လုံများမှာမူ တဖိတ်ဖိတ် တလက်လက် တောက်ပလာနေတော့၏။ သူ့အား ကြည့်ရသည်က သည်အခိုက်အတန့်ကို အချိန် အတော်ကြာ စောင့်ဆိုင်း နေခဲ့ရသည့် အလားပင်။
“ဒီစိန်ခေါ်မှုမှာ ကျုပ်ဘက်က နည်းနည်း အရှက်မဲ့သလို ဖြစ်သွားတဲ့ အတွက် တောင်းပန်ပါတယ်...”
လူကယ်က လက်သီးနှစ်ဖက်ကို ဆုပ်ရင်း သိမ်မွေ့စွာ ပြောလိုက်၏။ ထိုအခိုက်တွင်ပင် သလင်းကျောက် နံရံများမှာ လင်းလက် တောက်ပလာကာ သူနှင့် သက်ဆိုင်သည့် အချက်အလက်များ ကောင်းကင်တွင် ပေါ်လာခဲ့လေသည်။
ယွင်ဟန်ရှီ
တစ်ကိုယ်တော် ပြိုင်ပွဲဝင်
ဝိညာဥ် ဆင်းတု ကျင့်ကြံခြင်း အခြေခံ...
ဝိညာဥ်အမှတ်... ၁၃၂ မှတ်
***