← Chapters

ဝိညာဉ် ဆင်းတု အဆင့်များ

Vol. 22 Ch. 297

ဝိညာဉ် ဆင်းတု အဆင့်များ

Vol. 22 Ch. 297

ဝိညာဥ်ဆင်းတု အဆင့်...

လူများမှာ အနည်းငယ် အံ့အားသင့် သွားကြ၏။ ဝိညာဥ် ဆင်းတု အဆင့် တစ်ယောက်က ဝင်ပါရန် ဆုံးဖြတ်လိုက်သည်လား။

ပုံမှန်အားဖြင့် ဆိုပါက.... ကျင့်ကြံခြင်း အဆင့် မြင့်မားသူများမှာ နိမ့်ပါးသူများကို စိန်ခေါ်ရန် ဘယ်တော့မှ စိတ်ဝင်စားလိမ့်မည် မဟုတ်ချေ။ အနိုင်ရတော့ရော ဘာထူးမည်နည်း။ မဟာဝိညာဥ် ပြိုင်ပွဲ စည်းမျဥ်းများ အရ အလွန် နည်းပါးလှသော ဝိညာဥ်အမှတ်များကိုသာ ရရှိနိုင်သည်။ သို့သော်လည်း ကံဆိုးစွာဖြင့် ရှုံးနိမ့်ခဲ့လျှင်မူ ကိုယ့်တွင် ရှိသမျှ အမှတ်အားလုံး ပုံအောပေးရလိမ့်မည် ဖြစ်သည်။

ကျင့်ကြံခြင်း အဆင့် ပိုမို မြင့်မားသူ တစ်ယောက်နှင့် ရင်ဆိုင်နေရသည့်တိုင် ချင်ချူးမူ၏ မျက်လုံးများမှာ တည်ငြိမ်စွာ ရှိနေဆဲ ဖြစ်၏။ လုံချန်နှင့် အတူ အနန္တကုန်းမြေတိုက်ကြီးကို ခြေဆန့် ခရီးနှင်ခဲ့စဥ်က ကျင့်ကြံခြင်း အဆင့် နှစ်ဆင့် သုံးဆင့် ပိုမို မြင့်မားသူများကို သူမ ယှဥ်ပြိုင် အနိုင်ယူနိုင်ခဲ့ဖူးသည်။ သူမ ထိုအတွက် အလွန် ဂုဏ်ယူခဲ့ဖူးသည်။

သို့သော်လည်း အနန္တဧကရာဇ်ဂိုဏ်းသို့ ရောက်ရှိပြီးနောက်... ထိုအရှုံးသမားများကို အနိုင်ယူနိုင်ခဲ့ခြင်းမှာ သူတို့၏ ကျင့်ကြံခြင်း အခြေခံ ခိုင်မာမှု ပျော့ညံ့မှုကြောင့် ဖြစ်ကြောင်း နားလည် သဘောပေါက်လာခဲ့သည်။ တဖန် ကြယ်တာရာ အမြုတေ အဆင့်ကို တက်လှမ်းအပြီးတွင် သူမ၏ နားလည်မှုက နောက်ဆင့်အထိ မြင့်တက်သွားခဲ့သည်။ အထူးသဖြင့်... ကြယ်တာရာ အမြုတေ ကျင့်ကြံခြင်း အဆင့်များအကြားရှိ ခြားနားချက်များကိုပင်။

သူမ သိပါသည်။ ကျင့်ကြံခြင်း အဆင့် ခြားနားချက်များကို ကျော်ဖြတ်နိုင်ရအောင် သူမက လုံချန် မဟုတ်ချေ။ ဝေ့ဝူယင် မဟုတ်ချေ။ သူမ စိတ်ထဲမှ လက်ခံပြီး ဖြစ်သည်။ သည်အတိုင်း တိုက်ခိုက်ကြမည် ဆိုပါက ကျင့်ကြံခြင်း အဆင့် တစ်ဆင့် ပိုမြင့်သည့် ထိုယွင်ဟန်ရှီကို သူမ ဘယ်နည်းနှင့်မျှ မနိုင်နိုင်ချေ။ သို့သော်လည်း ကံကောင်း ထောက်မစွာပင် သူမတွင် ဝေ့ဝူယင် ပေးထားသည့် အသက်မြက်  ကိုးခု ဓားများ ရှိသည်။

ချင်ချူးမူ၏ တည်ငြိမ်သော အမူအရာကို အကဲခတ်ရင်း ယွင်ဟန်ရှီက တောက်ပစွာ ပြုံးလိုက်၏။

“ကဲ... အချိန်မနှောင်းခင် စလိုက်ကြတာပေါ့ဗျာ... ကျုပ် ယွင်ဟန်ရှီက သစ်နွယ် မင်းသမီးလေးကို စိန်ခေါ်...”

“နေဦး...”

ရုတ်တရက် ထွက်ပေါ်လာ‌သော အသံကြောင့် ယွင်ဟန်ရှီ၏ စိန်ခေါ်မှုက တစ်ဝက်တစ်ပျက်ဖြင့် ရပ်တန့်သွားသည်။ သူက မျက်မှောင်ကြုတ်ရင်း လှည့်ကြည့်လိုက်ရာ အပြုံးတစ်ခုဖြင့် ချည်းကပ်လာသည့် ‌ငွေရောင် မျက်ဝန်းများ ပိုင်ရှင်ကို တွေ့လိုက်ရသည်။

“ဝေ့ဝူယင်...”

ယွင်ဟန်ရှီ၏ နက်မှောင်သော မျက်လုံးများထဲတွင် အုံ့မှိုင်းသော အငွေ့အသက်များ ယှက်သမ်းသွား၏။ သို့သော်လည်း သူက လျှင်မြန်စွာပင် ယင်းတို့ကို သိမ်းဆည်းကာ ကြင်နာစွာ ပြုံးလိုက်သည်။

“မင်းသားလေးဝေ့... ကျုပ်ဆီက တစ်ခုခု လိုအပ်တာ ရှိလို့လား”

ဝေ့ဝူယင်က တည်ငြိမ်စွာပင် ယွင်ဟန်ရှီကို ကြည့်လိုက်သည်။ ထို့နောက် ပေါ့ပေါ့ပါးပါးပင် ရယ်ပြရင်း ချင်ချူးမူဘက်သို့ လှည့်လိုက်၏။

“စင်မြင့်ပေါ်က ဆင်းခဲ့ဦး... ငါနင့်ကို ပြောစရာ ရှိတယ်”

သူ့ထံမှ ထွက်ပေါ်လာသော စကားလုံးများက လူအုပ်ကို တုန်လှုပ် ခြောက်ခြားသွားစေ၏။ ယခုလို အခိုက်အတန့်မျိုး၌ နာမည်ကျော် ထာဝရ မင်းသားလေးကဝင်ရောက် စွက်ဖက်လိမ့်မည်ဟု မျှော်လင့် မထားခဲ့ကြချေ။

လုံချန်၏ အမူအရာက သန်းခေါင်ယံ တစ်ခု မျက်နှာပေါ် မှောက်ကျလာသည့် အလား မှောင်မိုက်သွားသည်။ ချင်ချူးမူမှာ အနည်းငယ် အံ့သြနေဟန် ရ၏။ သို့သော်လည်း သူမက မတုန့်ဆိုင်းပဲ ချက်ချင်းပင် စင်မြင့်ထက်မှ ခုန်ဆင်းလာသည်။

“ဝမ်...”

ချက်ချင်းပင် သူမ၏ ဆက်တိုက်နိုင်ပွဲ အရေအတွက်မှာ “၀” သို့ ကျဆင်းသွားသည်။ ပြိုင်ပွဲ စည်းမျဥ်းအရ စိန်ခေါ်သူမှာ ဆက်တိုက်နိုင်ပွဲ ၁၀ ပွဲမပြည့်ခင် စင်မြင့်ထက်မှ ဆင်းခဲ့လျှင် ရလဒ်အားလုံး အစမှ တစ်ဖန် ပြန်စရလိမ့်မည် ဖြစ်သည်။ သို့သော်လည်း သူ ရရှိထားသည့် ဝိညာဥ်အမှတ် အရေအတွက်မှာမူ ပြောင်းလဲလိမ့်မည် မဟုတ်ပါချေ။

ဝှစ်...

ချင်ချူးမူ လျှင်မြန်စွာပင် ဝေ့ဝူယင် အနားသို့ ရောက်ရှိလာ၏။ ဝေ့ဝူယင်က သူမကို တောင်းပန်ဟန်ဖြင့် ပြုံးပြသည်။

“ကိစ္စမရှိပါဘူး...”

သူမက ပြုံးရင်း ခေါင်းခါလိုက်သည်။ ဝေ့ဝူယင် သူမကို စင်ပေါ်မှ ဆင်းခိုင်းမှတော့ အကြောင်းရင်း တစ်ခုခု ရှိမည်မှန်း သူမ သိရှိပြီး ဖြစ်သည်။ ထို့အပြင် မဟာ ဝိညာဥ် စမ်းသပ်ပွဲတွင် ပထမဆု ရယူနိုင်ရန် သူမ ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ချေ။ သုံးလွှာ ကြယ်တာရာ နယ်မြေရှိ ထိပ်သီး ဆိုသော ပါရမီရှင်များနှင့် လက်ရည်စမ်းချင်ရုံမျှသာ ဖြစ်သည်။

ရင်းနှီးစွာ ရှိနေသည့် သူတို့ နှစ်ယောက်ကို ကြည့်ရင်း လုံချန်၏ နှလုံးသားများမှာ ပွက်ပွက်ဆူ လာ၏။ သူ၏ မျက်လုံးများမှာ မည်းမှောင်လာသည်။

သို့သော်လည်း... ဝေ့ဝူယင်မှာ ထိုအရာကို သတိပြုမိဟန် မရပဲ ခေါင်းတစ်ချက် ညိတ်လိုက်၏။

“မကြာခင် အခြား အခွင့်အရေး တစ်ခု ရလာမှာပါ...”

စကားစမြည် ပြောကာ ထွက်ခွာရန် ပြင်နေသည့် ဝေ့ဝူယင်တို့ နှစ်ယောက်ကို ကြည့်ရင်း ယွင်ဟန်ရှီ၏ အမူအရာက ဆိုးရွားလာ၏။ ယခု၌ စင်မြင့်ပေါ်တွင် သူ တစ်ယောက်တည်းသာ ကျန်ရစ်ခဲ့တော့သည်။ ဆိုလိုသည်က သူသည် စိန်ခေါ်သူ ဖြစ်နေချေပြီ။ ထိုနှစ်ယောက် တမင်တကာ လုပ်သွားခြင်း ဟုတ်၊ မဟုတ် မသေချာသည့်တိုင် လှည့်စားခံရသလို သူ ခံစားနေရသည်။

ဝေ့ဝူယင်က တစ်စုံတစ်ရာကို သတိရဟန်ဖြင့် စင်မြင့်ထက်ကို ကြည့်လိုက်၏။ သူ၏ နှုတ်ခမ်းများကတော့ အရင်လို ပြုံးယောင်သမ်းနေဆဲ ဖြစ်သည်။

“နောက်ပွဲကို အရှုံးပေးပြီး ထွက်ခွာမယ် ဆိုရင် မင်းသေရမယ်...”

ထိုသို့ ပြောပြီးနောက် သူက ချင်ချူးမူကို ခေါ်ကာ ပထမ နေရာသို့ ပြန်လည် ထွက်ခွာသွား၏။

“ ... “

ယွင်ဟန်ရှီ တစ်ယောက်မှာ စင်မြင့်ထက်တွင်ပင် ရပ်ရင်း ဦးရေပြားများ ထုံကျင်လာသလို ခံစား လိုက်ရသည်။

“ငါ ဘယ်တုန်းက သူ့ကို စော်ကားမိလိုက်တာလဲ...”

တစ်ချိန်တည်း၌ လူအုပ်ကြီးမှာလည်း နားမလည်နိုင်အောင် ဖြစ်သွားကြသည်။ ယွင်ဟန်ရှီက ဝေ့ဝူယင်ကို ဘာလုပ်ခဲ့ဖူးသနည်း... လူတိုင်း ကိုယ့်ကိုယ်ကို ပြန်လည် မေးလိုက်မိကြ၏။ ကြည့်ရသည်က သူတို့ အကြားတွင် ဇာတ်လမ်း တစ်ခုခု ရှိမည်မှာ သေချာသည်။

အားလုံး စိတ်ဝင်တစားဖြင့် စောင့်ဆိုင်းနေကြချိန်မှာပင်....

“ငါ စိန်ခေါ်တယ်...”

ပြင်းပြသော ဆုံးဖြတ်ချက်တို့နှင့် ပြည့်နှက်နေသည့် အသံတစ်ခု ထွက်ပေါ်လာသည်။ သလင်းကျောက် နံရံများမှာ လျှင်မြန်စွာ ဖွဲ့စည်းလာခဲ့တော့၏။

တရှန်း...

အနန္တဧကရာဇ်ဂိုဏ်း ပြိုင်ပွဲဝင်

ဝိညာဥ်ဆင်းတု အဆင့်...

ဝိညာဥ်အမှတ်... ၅၃ မှတ်

ထိုစကားလုံးများ ကောင်းကင်ယံ၌ ပေါ်လာချိန်တွင် လူတိုင်း၏ နှလုံးသားများမှာလည်း တဒိန်းဒိန်း မြည်ဟည်းလာကြ၏။ သူတို့သည် စင်မြင့်ထက်၌ ရပ်နေသည့် ရွှေရောင် မျက်လုံးများနှင့် ပုံရိပ်ကို စိတ်ဝင်တစားဖြင့် ကြည့်လိုက်မိကြ၏။

တည်ငြိမ်မှု...

သူမနှင့် ပတ်သက်၍ အားလုံး သတိထားမိလိုက်သည့် ပထမဆုံး အရာက အလွန်အမင်း တည်ငြိမ်မှုပင်။ သို့သော်လည်း ထိုတည်ငြိမ်မှုက မုန်တိုင်းမလာခင် လေပြေသွေးနေသည့် တည်ငြိမ်မှုမျိုးသာ ဖြစ်ပေသည်။

အခြားတစ်ဖက်၌ ယွင်ဟန်ရှီမှာမူ ဝေ့ဝူယင်၏ စကားကြောင့် တုန်လှုပ်နေဆဲ ဖြစ်သည်။ ဤမျိုးဆက်၏ အကျော်ကြားဆုံးသော လူငယ် ပါရမီရှင်က အဘယ်ကြောင့် ထိုစကားမျိုး ပြောရသနည်း။ သူ အမျိုးမျိုး စဥ်းစားသည့်တိုင် အကြောင်းရင်းကို စဥ်းစားမရချေ။

ဟူး... ဟူး...

သူတွေးတောနေစဥ်မှာပင် စိန်သဏ္ဌာန် သလင်းကျောက်များမှ နံရံများ ဖြစ်ပေါ်လာကာ စင်မြင့် တစ်ခုလုံးကို ဖုံးအုပ်သွားပြန်၏။ တိုက်ပွဲကား စတင်တော့မည် ဖြစ်သည်။

ယွင်ဟန်ရှီ အတွေးများကို မောင်းထုတ်လိုက်ရင်း ကိုယ့်ကိုယ်ကို တည်ငြိမ်စေရန် ကြိုးစားလိုက်၏။ သူက အသက်ကို ပြင်းပြင်းရှူရင်း အရှေ့ရှိ တရှန်းကို ကြည့်လိုက်သည်။

ထိုနတ်ဆိုး မိန်းကလေးသည် ခရမ်းရောင် အသားအရောင်ကို ပိုင်ဆိုင်ထားကာ အရပ် ရှစ်ပေခန့် ရှည်လျားသည်။ သူမသည် တိုက်ခိုက်ရေး ကိုယ်ကြပ်ဝတ်စုံကို ဝတ်ဆင်ထားကာ ဆန်းကြယ်သော ရွှေရောင် မျက်လုံးများမှာ တဖိတ်ဖိတ် တောက်ပနေ၏။ အားအနည်းဆုံး နေရာဟု ဆိုနိုင်သည့် ‌တံတောင်ဆစ်နှင့် ဒူးနေရာများတွင်မူ သူမက ရွှေရောင် သတ္တုအစွပ်များကို ဝတ်ဆင်ထားသည်။

သူမ၏ ပုံစံက ဒဏ္ဍာရီများထဲတွင် မကြာခဏ ဖော်ညွှန်းလေ့ ရှိသော ရဲရင့်သည့် စစ်သည်တော် မိန်းမပျိုလေး တစ်ဦးနှယ်ပင်။

တရှန်းမှာ ယွင်ဟန်ရှီ၏ တုန့်ဆိုင်းနေမှုကို အခွင့်အရေး မယူချေ။ ထို့အစား ကြယ်တာရာ အင်အားများကိုသာ စုစည်းရင်း တိတ်တဆိတ် စောင့်ဆိုင်းနေ၏။ ပြင်းထန်သော နတ်ဆိုး စွမ်းအင်များက သူမ၏ ခန္ဓာကိုယ်မှ  ဖြာထွက်နေလေရာ စင်မြင့်တစ်ခုလုံးပင် တဟုန်းဟုန်း ‌တောက်လောင်နေတော့သည်။

ယွင်ဟန်ရှီ၏ သိမ်မွေ့ကာ ကြင်နာတတ်တော အပြုံးများကား ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ခက်ထန်ပြီး မနာခံလိုစိတ်များဖြင့် ပြည့်နှက်နေသည့် အကြည့် တစ်ခုသာလျှင် သူ၏ မျက်ဝန်းများထဲတွင် နေရာယူနေ၏။ သူ့စိတ်ထဲတွင်မူ ယခု ရင်ဆိုင်နေရသမျှက အဓိပ္ပာယ်မဲ့နေသယောင် ခံစားနေရသည်။

“နတ်ဆိုးမ တစ်ကောင်ကများ...”

သူ အေးစက်စက် နှာခေါင်းတစ်ချက် ရှုံ့လိုက်၏။ ထို့နောက် တရှန်းကို လျစ်လျူရင်း ဝေ့ဝူယင်ဘက်သို့ လှည့်ကာ ဖြေရှင်းချက် တောင်းရန် ပြင်လိုက်သည်။ အဘယ်ကြောင့် သူသေရန် လိုအပ်ရသနည်း။

“အရူးပဲ...”

တရှန်းက တူညီစွာပင် နှာခေါင်းရှုံ့ကာ ပြောလိုက်၏။ ယွင်ဟန်ရှီ၏ လှုပ်ရှားမှုများက ရပ်တန့်သွား၏။ သူက ချက်ချင်းပင် ပြန်လှည့်ကာ တရှန်းကို ကြည့်လိုက်သည်။ သူ၏ မျက်လုံးများက စိတ်ရှည်မှု ကုန်ခမ်းသွားဟန်ဖြင့် တဖြည်းဖြည်း သွေးရောင်လွှမ်းလာသည်။

“သူက လက်နက်ချ အရှုံးပေးရင် နင် သေရမယ်ပဲ ပြောတာ... ငါ့ကို အနိုင်ရနေသမျှ ဘာ စိုးရိမ်စရာ ရှိလို့လဲ”

တရှန်းက တည်ငြိမ်စွာပင် ဆိုလိုက်၏။ ဝေ့ဝူယင်မှာ သူမကို အခွင့်အရေး ပေးထားခြင်း ဖြစ်ကြောင်း သူမ သိပေသည်။ ထို့ကြောင့်ပင် အခွင့်အရေးကို အပြည့်အဝ ဆုပ်ကိုင်ရန် သူမ ဆုံးဖြတ်ထားသည်။

" ... “

ဟန်ယွင်ရှီ၏ မျက်လုံးများမှာ မျှော်လင့်ချက်ကို တွေ့သည် အလား အနည်းငယ် အရောင်ပြောင်းသွား၏။ ထိုနတ်ဆိုးမ ပြောတာ မှန်သည်။ ဝေ့ဝူယင်က လက်နက်ချ အရှုံးပေးလျှင် သေရမည်ဟုသာ ပြောသွားခြင်း ဖြစ်သည်။ ထိုအရာက သစ်နွယ် မင်းသမီးလေးကို စိန်ခေါ်မိသည့် အတွက် ထာဝရ မင်းသားလေး၏ အပြစ်ပေးခြင်းလော... ဖြစ်နိုင်သည်။ မျှော်လင့်ချက် ရောင်ခြည် သမ်းလာသည်နှင့် အမျှ သူ့စိတ်ထဲမှ သံသယ မြူမှုန်များမှာ တဖြည်းဖြည်း လွင့်ပါး ပျောက်ကွယ်သွား၏။

ယွင်ဟန်ရှီ၏ ချောမောသော မျက်နှာထက်တွင် လှပသော အပြုံးတစ်ခု ပြန်လည် ဖြစ်ပေါ်လာသည်။ ၎င်းက အလွန်အမင်း ဆွဲဆောင်မှု ရှိလွန်းလှ၏။ သို့သော်လည်း တရှန်း အတွက်တော့ ၎င်းက ဘာမှ မထူးခြားပါချေ။

“ကျုပ် နားလည်ပြီ... ကျေးဇူးတင်ပါတယ်”

ယွင်ဟန်ရှီက လက်နှစ်ဖက်ကို ယှက်ရင်း ပြောလိုက်၏။ ထို့နောက်တွင် သူက တူရိယာ တီးခတ်သကဲ့သို့ လက်ချောင်းများကို လေထဲသို့ မြှောက်တင်လိုက်သည်။

“ကျေးဇူးတင်တဲ့ အနေနဲ့ နင့်ရဲ့ နတ်ဆိုး အသက်ကို ညင်ညင်သာသာလေး ထွက်နိုင်အောင် ငါ ကူညီပေးပါမယ်”

သူ၏ အပြုံးက ရွှင်မြူးခြင်းများနှင့် ပြည့်နှက်နေ၏။ တစ်ချိန်တည်း၌ သူ၏ ခန္ဓာကိုယ် အတွင်းရှိ ကြယ်တာရာ အင်အားများက ကြောက်မက်ဖွယ် အရှိန်အဟုန်နှင့် အတူ ပေါက်ကွဲ ထွက်ပေါ်လာကာ လေထုကိုပင် တုန်လှုပ်စေသည့် အရှိန်အဝါများအား ထုတ်လွှတ်လာသည်။

တရှန်းမှာ တုန့်ပြန် ပြောဆိုခြင်း မပြုချေ။ ထို့အစား သူမက လက်သီးများကိုသာ တင်းကြပ်စွာ ဆုပ်ကိုင်လိုက်၏။

ဝိညာဥ် ဆင်းတု အဆင့် နှစ်ယောက် အကြားမှ တိုက်ပွဲကား စတင်တော့မည် ဖြစ်လေသည်။

***

All Chapters