← Chapters

ဖျက်ဆီးခြင်းနှင့် ပြန်လည်တည်ဆောက်ခြင်း

Vol. 017 Ch. 1611

ဖျက်ဆီးခြင်းနှင့် ပြန်လည်တည်ဆောက်ခြင်း

Vol. 017 Ch. 1611

လီဟန်ဓားသမားသည် ရီဖူရှင်းပို့ဆောင်လိုက်သော စကားများကို ကြားသောအခါ တိတ်ဆိတ်သွားးသည်။ သူသည်အင်ပါယာရှားဘုံတွင် ကျင့်ကြံနေစဉ် ပြန်လည်ရှင်သန်ခြင်းအဆင့်သို့ရောက်သည်နှင့် အမြဲတမ်း စွန့်စားခန်း ထွက်လိုခဲ့သည်။

လီဟန့်နန်းတော်တွင် နှစ်ပေါင်းများစွာနေခဲ့ပြီးနောက်တွင် သူ့ဆန္ဒအတိုင်း ဖြစ်လာခဲ့သည်။ သူ၏ရည်မှန်းချက်မှာ ရန်ဟောင်အဆင့်သို့ တက်လှမ်းနိုင်ရုံမျှသာ မဟုတ်ဘဲ ဓားပညာတွင်လည်း အောင်မြင်မှုများ ရလိုခဲ့သည်။ သို့သော်သူအတွက်မူ ဤအဆင့်သည် ကောင်းကင်သို့ ရောက်ရသကဲ့သို့ ခက်ခဲခဲ့သည်။ ထို့ကြောင့် သူသည် အင်ပါယာရှားဘုံမှ ထွက်ခွာလာခဲ့သည်။

သူသည် ဗဟိုဧကရာဇ်ဘုံ၏ နယ်နမိတ်အတွင်းသို့ မရောက်မီ နှစ်ပေါင်းများစွာ စမ်းသပ်စစ်ဆေးမှုများနှင့် ဆင်းရဲဒုက္ခများစွာ ခံစားခဲ့ရသည်။ ဤအတိတ်နှစ်များတွင် သူသည် များစွာသော အခက်အခဲများကို ကြံ့ကြံ့ခံကာ လမ်းကြောင်းပေါ်တွင် ဆက်လျှောက်ခဲ့ပြီး သူ၏ အကန့်အသတ်သို့ ရောက်ရှိခဲ့သော်လည်း ရန်ဟောင်အဆင့်သို့ရောက်ရှိရန်မှာ များစွာလိုနေသေးသည်။ သူသည် သူ၏ပါရမီ အကန့်အသတ်ကို နားလည်ခဲ့သည်။ သူ့တွင် စိတ်အားထက်သန်မှုများ ရှိသော်လည်း နောက်တစ်ဆင့်သို့ မတက်ရောက် နိုင်သေးပေ။ ထိုအရာသည် သူ့အတွက် ထွက်ပေါက်တစ်ခုဖြစ်သည်။

ယခုတွင် ရီဖူရှင်းသည် နတ်ဓားကိုအမွေဆက်ခံရန် တစ်ရာရာခိုင်နှုန်း အခွင့်အရေးရှိသည်ဟု ယုံကြည်မှု ရှိသော်လည်း ရီဖူရှင်းက သူ့အား အခွင့်အရေးပေးခဲ့သည်။

ရီဖူရှင်း၏ပါရမီသည် အလွန်ကောင်းမွန်ပြီး သူ့တွင် ကံကြမ္မာကောင်းများ ရှိနေသည်ကို သူသိပေသည်။ ကောင်းကင်သုံးဆယ့်သုံးလွှာသို့ တက်ပြီး ဝမ်ချွန်းကို တိုက်ခိုက်ခဲ့သောလူငယ်သည် ယခု သူ၏ရှေ့မှ လူငယ်ပင်ဖြစ်သည်။ အလားတူပင် လီဟန်ဓားသမားသည် ထိုကဲ့သို့သော ကံကြမ္မာနှင့်ကြုံတွေ့ခဲ့ရသည်။

ရီဖူရှင်းက သူ၏ အောင်မြင်မှု နှုန်းသည် ငါးဆယ်ရာခိုင်နှုန်းသာရှိသည်ဟု ပြောကြားခဲ့သည်။ အကယ်၍ သူသာ မအောင်မြင်ခဲ့ပါက သူသည်ယခင်ကျင့်ကြံသူကဲ့သို့ အဆုံးသတ်သွားပြီး သူ၏အသက်ကို ပေးဆပ်လိုက်ရပေသည်။

“နှစ်ဆယ်ရာခိုင်နှုန်းပဲရှိတယ်ဆိုရင်တောင်မှ အခွင့်ကောင်းရဖို့ ကြိုးစားသင့်တာကို အခုက ငါးဆယ်ရာခိုင်နှုန်းတောင်မှရှိတာလား။” လီဟန်ဓားသမားက သူ၏စိတ်နှင့် ဆက်သွယ်ကာ ပြန်ပြောလိုက်သည်။

လီဟန်ဓားသမားသည် ကိုယ့်အားကိုယ်ကိုးခဲ့ပါက ထိုကဲ့သို့သော ကံတရားနှင့် ကြုံတွေ့ရမည်မဟုတ်ပေ။ ဤမတိုင်မီ နတ်ဘုရားအကြွင်းအကျန် နယ်မြေအတွင်းသို့ ၀င်ရောက်နိုင်ရန် အတွက် ကောင်းကင်ဓားခန်းမ၏ အကူအညီနှင့်အတူ လိုက်ပါနိုင်ရန် ကြိုးစားခဲ့သည်။ ထို့နောက် ရီဖူရှင်းရောက်လာပြီး ရီဖူရှင်းက သူနှင့်တူ နတ်ဘုရားအကြွင်းအကျန်နယ်မြေသို့ လိုက်ပါနိုင်ရန် ခေါ်ဆောင်ပေးခဲ့သည်။ ဗဟိုဧကရာဇ်ဘုံတွင် ဤနေရာသို့ ရောက်လာနိုင်ရန် လီဟန်ဓားသမား လုပ်ဆောင်ခဲ့သောအရာအားလုံး အလဟဿဖြစ်သွားပေမည်။ ထို့ကြောင့် သူသည် နတ်ဓားအား အမွေဆက်ခံရန်ကြိုးစားရပေမည်။

“ကောင်းပြီ” ရီဖူရှင်းကပြောလိုက်သည်။

“နောက်တစ်ခေါက် ကြိုးစားကြည့်ဦးမလား” ရီဖူရှင်းက ကောင်းကင်ဓားခန်းမဘက်မှ ကျင့်ကြံသူများကိုကြည့်ကာ မေးလိုက်သည်။ ရီဖူရှင်းက ယခု စမ်းသပ်ခဲ့မှုအရ  ရှန့်ထိုငရဲဓားကိုယ်တိုင် ကြိုးစားခဲ့မည်ဆိုလျှင်ပင် နတ်ဓား၏လျှို့ဝှက်ချက်ကို တစ်ခါတည်းနှင့် ဖြေရှင်းနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် လီဟန်ဓားသမားအတွက် အခွင့်အရေး ရနိုင်မည်ဖြစ်သည်။

“အင်း” ရှန့်ထိုငရဲဓားသည် စကားတစ်ခွန်းတည်းဖြင့်သာ တုံ့ပြန်ခဲ့သည်။ ဤတစ်ကြိမ်တွင် သူကိုယ်တိုင်ရှေ့သို့ထွက်လာပြီး နတ်ဘုရားဓားအောက်မှ ဓားဝင်္ကပါဆီသို့ ဦးတည်လိုက်သည်။ ရီဖူရှင်းပင်  ဘေးကင်းစွာ ထွက်လာနိုင်ပါက ရှန့်ထိုငရဲဓားသည် မည်သည်ကို ကြောက်နေရမည်နည်း။ ဤနတ်ဓားသည် မည်မျှနက်နဲသည်ကို သိမြင်လိုပေသည်။ ရှန့်ထိုငရဲဓားသည် ဓားဝင်္ကပါသို့ဝင်လိုက်သည်နှင့် အားကောင်းသောဖိအားကို ခံစားလိုက်ရသည်။ ဓားစွမ်းအားများ သူ့အပေါ်ကျဆင်းလာသည်။ သူ့ခန္ဓာကိုယ်တစ်ဝိုက်တွင် တောက်ပသောရွှေရောင်နတ်အလင်းများ ထွက်ပေါ်လာသည်။ သူ၏အကြည့်များသည် မရေတွက်နိုင်သော ရွှေရောင်အလင်းတန်းများ လွှမ်းခြုံထားသည့် နတ်ဓားဆီသို့ ရောက်သွားသည်။ သူသည် နတ်ဓားကို တိုက်ရိုက်သိမ်းယူလိုခဲ့သည်။ သူသည် အလွန်အစွမ်းထက်ပြီးလွှမ်းမိုးနိုင်စွမ်းသော ဓားစွမ်းအားများကို ထုတ်လွှတ်လိုက်သည်။

ရှဲ…

နတ်ဓားဝင်္ကပါ အသက်ဝင်လာပြီး တစ်မြို့လုံးမှ အဆုံးမဲ့ ဓားစွမ်းအားများ စီးဝင်လာသည်။ ဓားစွမ်းအားများ သူ့အပေါ်ကျဆင်းလာသည်။ နတ်ဓားဝင်္ကပါအတွင်းတွင် ကြောက်မက်ဖွယ်ရာ ပေါက်ကွဲမှုများ ဖြစ်ပေါ်လာသည်။

ရှန့်ထိုငရဲဓားထံမှ ညည်းညူသံထွက်ပေါ်လာသည်။ သူ၏မျက်နှာသည် ချက်ချင်းဖြူဖျော့သွားသည်။ သို့သော် သူ၏စိတ်စွမ်းအားသည် နတ်ဓားကို အရှုံးမပေးဘဲ တိုက်ခိုက်နေပြီး စစ်ဆေးကြည့်ရှုနေဆဲဖြစ်သည်။ သူသည် တစ်စုံတစ်ရာအား ခံစားမိပုံပေါ်သည်။ ဤနတ်ဓားအတွင်းတွင် စိတ်ဝိညာဉ်ရှိပုံပေါ်ပေသည်။ ထိုဓားဝိညာဉ်သည် ဓားတစ်ချောင်းဖြစ်ဟန်တူသည်။ သူ၏ စိတ်ဝိညာဉ်ထံသို့ မရေမတွက်နိုင်သော ဓားစွမ်းအင်များ ဝင်ရောက်လာသည်။ သူ၏အမူအယာသည် ရုတ်တရက် ပြောင်းလဲသွားသည်။

ကျယ်လောင်သော မြည်ဟည်းသံနှင့်အတူ ရွှေရောင်နတ်အလင်းများ တောက်ပလာသည်။ သူ့ထံမှ ညည်းညူသံများ ထွက်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်သည် ချက်ချင်း ပျောက်ကွယ်သွားပြီး အောက်ကိုဆင်းလာခဲ့သည်။ ဓားစွမ်းအင်များသည် သူ့ခန္ဓာကိုယ်ပေါ်က အဝတ်အစားများကို အပေါက်ကြီးများ ဖြစ်သွားစေသည်။ သူ၏နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာသည်။

“သူဒဏ်ရာရလာတာလား” ကောင်းကင်ဓားခန်းမမှ ကျင့်ကြံသူများသည် ရှန့်ထိုငရဲဓားကို ကြည့်ရှုလိုက်ကြသည်။ သူလည်းဒဏ်ရာရခဲ့သည်လား။ သို့သော် ရှန့်ထိုငရဲဓားသည် နတ်ဓားကို လှည့်ကြည့်လိုက်သည်။ သူသည် ဓား၏ နောက်ကွယ်မှ လျှို့ဝှက်ဆန်းကြယ်မှုများကို အနည်းငယ် ရိပ်မိခဲ့သည်။ နောက်ထပ်အခွင့်အရေးအနည်းငယ်ရလျှင် သူသည် ၎င်း၏လျှို့ဝှက်ချက်ကို သိရှိပြီး နတ်ဓားကို ထိန်းချုပ်နိုင်လိမ့်မည်ဟု ယုံကြည်လေသည်။ ရီဖူရှင်းသည် ရှန့်ထိုငရဲဓားကို ကြည့်လိုက်သည်။ ဤလူသည် သူတွေးထားသည်ထက်ပို၍ အစွမ်းထက်ပေသည်။

“ငါထပ်ပြီး ကြိုးစားကြည့်မယ်” ရှန့်ထို ငရဲဓားသည် နောက်ထပ်ကြိုးစားရန် ရှေ့တိုးလိုက်သည်။

“သခင်လေး” ရီဖူရှင်းက တားလိုက်သည်။  ရှန့်ထို ငရဲဓားကလှည့်ကြည့်လိုက်သည်။

“ငါတို့ စည်းကမ်းချထားပြီးတာကို အားလုံး လိုက်နာသင့်ပါတယ်။ ဒီလိုမှ ငါတို့အချင်းချင်း ပိုပြီးခင်မင်ရင်းနှီးလာမယ်။ သူတို့ထဲက တစ်ယောက် အရင်သွားသင့်တယ်။” ရီဖူရှင်းသည် ယွမ်ယန်ကလန်နှင့် ချီရှောင်းနတ်တောင်တန်းမှ ကျင့်ကြံသူများဘက်လှည့်ကာ ပြောလိုက်သည်။

ရှန့်ထိုငရဲဓားသည် ရီဖူရှင်းကို ထိုးဖေါက်မတတ် စူးရှသောအကြည့်ဖြင့် ကြည့်လိုက်သည်။ ထိုအကြည့်သည် အဝေးမှရီဖူရှင်း၏ မျက်ဝန်းများဆီသို့ ဓားတစ်ချောင်း ပစ်လွှတ်လိုက်သည့်ပမာ မှတ်ထင်ရစေသည်။  ရီဖူရှင်းသည် ဓားစွမ်းအားများကို အာရုံခံမိသောအခါ သူ၏မျက်ခုံးများကို ပင့်လိုက်သည်။ သို့သော်

ရှန့်ထိုငရဲဓားသည် မည်သို့မျှ မပြုလုပ်ဘဲ နောက်ပြန်ဆုတ် လိုက်သည်။ သူသည်ပင် တစ်ကြိမ်တည်း ကြိုးစားကာ မရယူနိုင်ခဲ့သည်ဖြစ်ရာ အခြားသူများလည်း ရယူနိုင်မည်မဟုတ်ပေ။ ဤတစ်ကြိမ်တွင်မူ ယွမ်ယန်ကလန်နှင့် ချီရှောင်းနတ်တောင်တန်းတို့သည် စောင့်ကြည့်ရုံသာမက သူတို့ကိုယ်တိုင် ပါဝင်စမ်းသပ်ကြသည်။ သို့သော် သူတို့၏ကြိုးစားမှုများသည် မအောင်မြင်ခဲ့ပေ။ ရီဖူရှင်းသည် လီဟန်ဓားသမားကို ကြည့်ကာ ရှေ့သို့သွားလိုက်သည်။

“လီဟန်ဓားသမား” ရီဖူရှင်းသည် အခြားလမ်းစဉ်သစ်သီးကိုထုတ်ကာ လီဟန်ဓားသမားကို ပေးလိုက်သည်။

“စားလိုက်ပါ” လီဟန်ဓားသမားက ရီဖူရှင်းကိုကြည့်ကာ ခေါင်းညိတ်လိုက်သည်။ သူသည် လမ်းစဉ်သစ်သီးကို ယူကာစားလိုက်သည်။ ခဏအကြာတွင် သူ၏အသက်စွမ်းအားများသည် ထူးခြားစွာ မြင့်တက်လာသည်။ သူ၏စိတ်ဝိညာဉ်စွမ်းအားသည် အစွမ်းထက်လာပြီး အလွန်ထူးခြားသည့် အနေအထားသို့ ရောက်ရှိသွားသည်။

“ဒါက…”

လူအုပ်ကြီးသည် သူတို့နှစ်ယောက်ကို ထူးဆန်းစွာကြည့်လိုက်ကြသည်။ သူတို့ပုံစံ ကြည့်ရသည်မှာ လုံးဝအောင်မြင်မည်ဟု တွေးထင်နေပုံပေါ်သည်။

လီဟန်ဓားသမားသည် ရှေ့သို့ခြေလှမ်းတစ်လှမ်းလှမ်းလိုက်ပြီး ဝင်္ကပါထဲသို့ဝင်လိုက်သည်။ သူသည် တခြားသူများ ကြုံတွေ့ခဲ့ရသော ဓားစွမ်းအားကို ခံစားလိုက်ရသည်။ သူ၏အသက်စွမ်းအင်များ  ပြင်းစွာထွက်ပေါက်ကွဲ ထွက်ပေါ်လာသည်။ ဓားစွမ်းအင်များသည် သူ၏ပတ်ဝန်းကျင်တွင် ဝဲပျံနေကြသည်။ သူ၏ မျက်လုံးများသည် သူ၏ခေါင်းပေါ်ရှိ ကောင်းကင်ထက်မှ နတ်ဓားကို ကြည့်နေသည်။ သူ၏စိတ်ဝိညာဉ်အား နတ်ဓားထဲသို့ တိုက်ရိုက်ထည့်သွင်းလိုက်သည်။ ပြိုင်ဘက်ကင်း ဓားစွမ်းအင်များ တစ်ရှိန်ထိုး စီးဆင်းလာကြသည်။ သူသည် အလွန်ပြင်းထန်သော နာကျင်မှုကိုခံစားနေရသော်လည်း နတ်ဓားကိုကြည့်နေသော လီဟန်ဓားသမား၏ မျက်ဝန်းများသည် မယုံနိုင်လောက်အောင် တည်ကြည်နေသည်။

မြည်ဟည်းသံတစ်ချက်ထွက်ပေါ်လာသည်။ သူသည် ယခင်ကျင့်ကြံသူများကဲ့သို့ပင် ဓားကမ္ဘာနှင့် ဓားဝိညာဉ်၏ တည်ရှိမှုကိုခံစားလိုက်ရသည်။ ချက်ချင်းဆိုသလိုပင် ဓားဝိညာဉ်သည် အဆုံးမဲ့သော ဓားစွမ်းအားများနှင့်အတူ သူ့အပေါ်ဖိနှိပ်လာသည်။

မကြာမီက ရှန့်ထိုငရဲဓားသည် ဤအဖြစ်မျိုးဖြင့် ကြုံတွေ့ခဲ့ရသည်။ သို့သော်သူသည် ဓားစွမ်းအားကိုရှောင်ရှားခဲ့သည်။ လီဟန်ဓားသမားက ဓားစွမ်းအားများကို ရှောင်တိမ်းခြင်းမရှိပေ။ သူ၏စိတ်ဝိညာဉ်ကို ထုတ်လိုက်ပြီး ဓားစွမ်းအားများ၏ ထိုးနှက်ချက်ကိုခံယူစေကာ ဓားဝိညာဉ်ဆီသို့ ပို့လွှတ်ဆက်သွယ်လိုက်သည်။  ထိုအချိန်ခဏအတွင်းတွင် သူ၏စိတ်ဝိညာဉ်တစ်ခုလုံး ပျက်စီးသွားတော့မည်ဟု ခံစားလိုက်ရသည်။ သူသည် ကြီးစွာသော နာကျင်မှုကို ခံစားလိုက်ရပြီး သူသည်လူတစ်ယောက်မဟုတ်တော့ဘဲ ဓားတစ်ချောင်းအဖြစ် ပြောင်းလဲလာသည်ဟု ထင်မှတ်ရသည်။

ထိုအချိန်တွင် လမ်းစဉ်သစ်သီး၏ စွမ်းအားများ ပြင်းထန်စွာ ပေါက်ကွဲထွက်လာသည်။ ၎င်းသည် သူ၏အသက်စွမ်းအားကို ကာကွယ်ပေးပြီး ပိုမိုအားကောင်း လာစေခဲ့သည်။ လူများသည် လီဟန်ဓားသမား၏ကိုယ်မှ ဓားတစ်ချောင်းကို အာရုံခံစားမိကြသည်။ ထိုအရာမှာ သူ၏ဓားဝိညာဉ်ဖြစ်သည်။ အခုအချိန်တွင် လီဟန်ဓားသမားသည် သူ၏ရွေးချယ်မှုအတိုင်း ပြင်းထန်သည့်တိုက်ပွဲကို ရင်ဆိုင်နေသည်။ ယနေ့ သူသေသွားမည် ဆိုလျှင်ပင် သူ၏ဓားဝိညာဉ်အား လီဟန့်နန်းတော်သို့ ပြန်သွားစေမည်ဟု လီဟန်ဓားသမားကတွေးတောထားသည်။

ထိုခဏအတွင်းတွင် ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါများသည် သူ၏ခန္ဓာကိုယ်အတွင်းမှထွက်ပေါ်လာပြီး နတ်ဓား အတွင်းသို့ ပေါင်းစပ်သွားသည်။ တစ်ချိန်တည်းမှာပင် အဆုံးမဲ့သော ဓားစွမ်းအင်များ ကျဆင်းလာသည်။ သူ၏ဓားဝိညာဉ်တွင် အက်ကွဲကြောင်းများ ထွက်ပေါ်လာသည်။ “သူရူးသွားတာလား” လူများသည် လီဟန်ဓားသမားကို ကြည့်နေကြသည်။ သို့သော် ဓားစွမ်းအားများ ပျက်ပြယ်မသွားသော်လည်း သူသည် ယခုထိအသက်ရှင်နေဆဲဖြစ်သည်။

ဤမတိုင်မီက ထိုသူသည် သူတို့၏ကောင်းကင်ဓားမခန်းမထဲ ဝင်ရောက်ရန် ငြင်းပယ်ခဲ့ပြီးနောက် ရီဖူရှင်းက သူ့အား ခေါ်ဆောင်သွားခဲ့သည်။ ယခု သူသည် အမှန်တကယ်ပင် နတ်ဓားကို အမွေဆက်ခံလို ခဲ့သည်လား။

“မဖျက်ဆီးဘဲနဲ့ ပြန်ပြီးတည်ဆောက်လို့မရဘူး” ရီဖူရှင်းက ရေရွတ်လိုက်သည်။ သူသည် နတ်ဓား၏စွမ်းအားကို လျှော့တွက်ခဲ့မိသည်။ လီဟန်ဓားသမားကို အမွေဆက်ခံစေခြင်းသည် အလွန်အန္တရာယ်များပေသည်။ သို့သော် ဤသည်မှာ လီဟန်ဓားသမား၏ ဆုံးဖြတ်ချက်ပင်ဖြစ်သည်။ အကယ်၍ တစ်ခုခုအမှားအယွင်းဖြစ်လာလျှင် ရီဖူရှင်းသည် သူ့အားကယ်တင်ရန် လုပ်ဆောင်မည် ဖြစ်သည်။ သို့သော် ယခုအခြေအနေတွင်မူ မြှားကိုဆွဲတင်ထားသကဲ့သို့ ရှေ့သို့ ဆက်ပြီး လုပ်ဆောင်ရန်သာ ရှိပေတော့သည်။

ဒင်…

လီဟန်ဓားသမား၏ ဓားဝိညာဉ်သည် အက်ကွဲသံထွက်ပေါ်လာပြီး ပျက်စီးသွားကာ နတ်ဓားသည် သူ၏ ဦးခေါင်းထက် လက်မအနည်းငယ် အကွာတွင် ထွက်ပေါ်လာသည်။ လီဟန်ဓားသမား၏တစ်ကိုယ်လုံးသည် လုံးဝငြိမ်သက်ကာ သေဆုံးလုနီးပါ အခြေအနေသို့ရောက်ရှိသွားသည်။ ကျယ်ပြန့်သော ဓားမြို့တော်တစ်ခုလုံးမှ အဆုံးမဲ့သော ဓားစွမ်းအားများသည် နတ်ဓားဆီသို့ စီးဆင်းသွားကြသည်။ ထို့နောက် ထိုစွမ်းအားများသည် သူ၏ကိုယ်ပေါ်လွှမ်းခြုံလာပြီး သူ၏ကိုယ်တွင်းသို့ ထိုးဖေါက်ဝင်ရောက်သွားသည်။

ရီဖူရှင်း၏ အမြင်အာရုံသည် အလွန်ထက်မြက်ဖြစ်ရာ လီဟန်ဓားသမား ယခုခံစားနေရသည့် နာကျင်မှုအား ရှင်းလင်းစွာ ခံစားမိသည်။ လီဟန်ဓားသမားသည် လူသေတစ်ယောက်ကဲ့သို့ တိတ်ဆိတ်နေသော်လည်း လက်ရှိသူသည် သူမတူသော နာကျင်မှုဝေဒနာကို ခံစားနေရပေသည်။ သောင်းချီသောဓားများသည် သူ၏ ခန္ဓာကိုယ်ကိုဖြတ်သန်းသွားကြသည်။ သူ၏စိတ်ထဲမှ တစ်ခုတည်းသောအသိမှာ သူဆက်လက် ထိန်းသိမ်းနိုင်ရန်သာဖြစ်သည်။ သူသည် ဓားမြို့တော်တစ်ခုလုံးမှ ဓားစွမ်းအားများ၏ သန့်စင်ခြင်းကို ခံနေရပေသည်။

“ဒါကို အောင်မြင်တယ်လို့ သတ်မှတ်လို့ရမလား” ရီဖူရှင်းသည် လက်သီးကိုဆုပ်ကာ ဓားဝင်္ကပါအတွင်းမှ မြင်ကွင်းကိုကြည့်လိုက်သည်။ လီဟန်ဓားသမားသာ အောင်မြင်ခဲ့ပါက သူ့အတွက် အပြောင်းအလဲကြီး တစ်ခုဖြစ်သွားပေမည်။ ဤသန့်စင်ခြင်းသည် လီဟန်ဓားသမားအား ပိုးအိမ်မှ လိပ်ပြာတစ်ကောင်ဖြစ်လာသကဲ့သို့ပင် ဖြစ်သွားစေလိမ့်မည်။ ရီဖူရှင်းအတွက်မူ ထိုအရာသည် သိပ်ပြီး အကျိုးမများပေ။ သို့သော် လီဟန်ဓားသမားအတွက်မူ ကွဲပြားပေသည်။ ၎င်းသည် သူအတွက် အမှန်တကယ် အပြောင်းအလဲတစ်ခု ဖြစ်သွားစေမည်ဖြစ်သည်။

ဘန်း…

ရှန့်ထိုငရဲဓားသည် ရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်သည်။ သူ့မျက်လုံးထဲတွင် ရွှေရောင်နတ်အလင်းတန်းတစ်ခု ရှိနေသည်။ သူ၏မျက်လုံးများသည် ရှေ့တည့်တည့်သို့စိုက်ကြည့်နေသည်။ ရုတ်တရက် ရွှေရောင်နတ်ဓားတစ်ချောင်း ထွက်ပေါ်လာသည်။ ထိုသူသည် အမှန်တကယ်အောင်မြင်သည့် ပုံရိပ်များထွက်ပေါ်နေသည်။

ဖျက်ဆီးပြီး ပြန်လည်တည်ဆောက်ခြင်း။ ယခင်က ကောင်းကင်ဓားခန်းမမှ နတ်ဘုရား ရှေးဟောင်း အမွေအနှစ်နယ်မြေထဲသို့ပို့ ခေါ်ဆောင်လာခဲ့သော ဤသူသည် နတ်ဓားကို အမွေဆက်ခံတော့မည်လား။ ရီဖူရှင်းသည် ဤလူအတွက် လမ်းဖွင့်ပေးရန် ကြိုးစားခဲ့သည်လား။ ချင်းဟယ်လည်း ထိုအရာကို သတိပြုမိပေသည်။ သူမ၏လှပသောမျက်လုံးများဖြင့် ရီဖူရှင်းကိုကြည့်လိုက်သည်။ သူသည် ထိုကဲ့သို့သော ကံကောင်းမှုမျိုးကို လီဟန်ဓားသမားကိုပေးခဲ့သည်လား။

“သခင်လေး ခင်ဗျား ဘာလုပ်နေတာလဲ” ရီဖူရှင်းသည် ရှန့်ထိုငရဲဓားရှေ့တွင်ရပ်ကာပြောလိုက်သည်။

“ငါတို့ ခင်မင်ရင်းနှီးမှု တည်ဆောက်ဖို့ ဒီနတ်ဓားကို အမွေဆက်ခံတဲ့နေရာမှာ စည်းကမ်းချက်တွေကို သတ်မှတ်ခဲ့တယ်လေ။”

“အရင်ကတည်းက နတ်ဘုရားအမွေအနှစ်ထဲဝင်တဲ့အခါတိုင်းမှာ အစွမ်းထက်တဲ့သူက  အရာရာကို ရယူနိုင်တာပဲ။ ဘာစည်းကမ်းတွေ လာပြောနေတာလဲ” ရှန့်ထိုငရဲဓားက ဂရုမစိုက်စွာပြောလိုက်သည်။

ထိုသို့ပြောပြီးသည်နှင့် မရေမတွက်နိုင်သော ရွှေရောင်နတ်ဓားများ သူ့ပတ်ပတ်လည်တွင် ထွက်ပေါ်လာသည်။ နတ်ဓားတစ်ချောင်းစီတိုင်းတွင် ရွှေရောင်စာလုံးတံဆိပ်များပါရှိသည်။ ဓားများသည် မျက်စိမလွှဲချင်လောက်အောင် လှပပြီး အာကာသကို ဖြတ်သန်းသွားနိုင်ပြီး ရန်သူကို တိုက်ရိုက် တိုက်ခိုက်နိုင်ပုံပေါ်သည်။ ရှန့်ထိုငရဲဓားအနီးတွင်သာမက ဓားဝင်္ကပါအနီးတွင်ပင် ရွှေရောင်ဓားများ ထွက်ပေါ်လာသည်။ ဓားများသည် ဓားဝင်္ကပါအတွင်းရှိ လီဟန်ဓားသမားကို ပစ်မှတ်ထားပေသည်။ ယခုအချိန်တွင် လီဟန်ဓားသမားသည် ထိုဓားများကို တားဆီးနိုင်မည်မဟုတ်ပေ။

“ယူချင်း…” ရီဖူရှင်းက အော်ခေါ်လိုက်သည်။

ယူချင်းသည် နားလည်စွာဖြင့် ချက်ချင်းပင် ခြေလှမ်းကြီးကြီးဖြင့် ရှေ့သို့တက်လိုက်သည်။

ဘုန်း…

ရွှေရောင်နတ်ဓားများသည် အာကာသကို ထိုးဖောက်ပြီး လီဟန်ဓားသမားကို သတ်ဖြတ်ရန်ကြိုးပမ်းလိုက်သည်။ သို့သော် နက်မှောင်သော နတ်ဆိုးပုံရိပ်တစ်ခု ကောင်းကင်မှ ကျဆင်းလာသည်။ လီဟန်ဓားသမား၏ ပတ်ပတ်လည်တွင် နတ်ဆိုးနံရံတစ်ခုပေါ်လာပြီး သူရှိနေသောနေရာကို တားဆီးပိတ်ဆို့ထားလိုက်သည်။ ထိုအရာကို မြင်သောအခါ ကောင်းကင်ဓားခန်းမမှ ကျင့်ကြံသူများသည် တစ်ယောက်ပြီးတစ်ယောက် ရှေ့သို့တက်လာပြီး လေထဲသို့ ခုန်တက်သွားကြသည်။ ချက်ချင်းပင် ဓားစွမ်းအားများသည် ကောင်းကင်နှင့် နေရာတစ်ခုလုံးကို လွှမ်းခြုံသွားသည်။ မရေမတွက်နိုင်သော ဓားများ၏ အော်မြည်သံများ ထွက်ပေါ်လာသည်။ ဆန်းကျယ်သော ဓားစွမ်းအားများတွင် အလွန်ပြင်းထန်သော သတ်ဖြတ်ခြင်း အရှိန်အဝါများ ထွက်ပေါ်နေသည်။

သူတို့သည် ရီဖူရှင်းနှင့် ယူချင်းကိုကြည့်လိုက်ကြသည်။ သူတို့၏ အေးစက်သောမျက်လုံးများတွင် အလေးမထားမှုများ ရှိနေသည်။ သူတို့သည် နတ်ဓားကို အမွေဆက်ခံနိုင်မည့် အခွင့်အရေးကို တွေ့နေပြီဖြစ်ရာ နတ်ဘုရားနယ်မြေသို့ ဝင်ရောက်ရန် သူတို့အား အကူအညီတောင်းခံခဲ့သည့် လီဟန်ဓားသမားကို အဘယ်ကြောင့် အမွေဆက်ခံခွင့်ပြုရမည်နည်း။ ရီဖူရှင်းနှင့် ယူချင်းတို့က တားမြစ်လိုလျှင်ပင် မည်သို့မျှတတ်နိုင်မည်မဟုတ်ပေ။

“အရည်အချင်းရှိတဲ့သူက ယူနိုင်တယ်လား” ရီဖူရှင်းက ရှန့်ထိုငရဲဓားကိုကြည့်လိုက်သည်။

“ကျန်နေတဲ့ ဓားသုံးချောင်းမှာ နှစ်ချောင်းက ငါရလာတာပဲ။ နတ်ဓားဝင်္ကပါကိုဖွင့်ပြီးတဲ့အခါမှာ နတ်ဓားဟာ ငါ့အပိုင်လို့ ငါမတွေးခဲ့ဘဲ အားလုံးကို မျှမျှတတ ဓားကို ယူနိုင်ဖို့ ခွင့်ပြုခဲ့တယ်။ မင်းက အစွမ်းရှိတယ်လို့ယူဆရင် လာယူလေ…”

ရီဖူရှင်းပြောသည်ကို ကြားသောအခါ ကောင်းကင်ဓားခန်းမမှကျင့်ကြံသူများက အေးစက်စွာ ပြုံးလိုက်ကြသည်။ သူသည် သူတို့၏ဓားများကို တားဆီးနိုင်သည်ဟု ယုံကြည်ချက်ရှိနေသည်လား။ ရှန့်ထိုငရဲဓား၏ ဓားကိုပင် တားဆီးနိုင်ပါမည်လား။ ထိုအချိန်တွင် ရီဖူရှင်း၏လက်ထဲတွင် ရွှေရောင်တောက်ပနေသော နတ်လှံတစ်ချောင်း ထွက်ပေါ်လာသည်။ တိုက်ခိုက်ခြင်းစွမ်းအားများ လေထုထဲတွင် ပြည့်နှက်လာသည်။ သူသည် တစ်ယောက်တည်းနှင့် တစ်သောင်းကို ရင်ဆိုင်ရန် အသင့်ဖြစ်နေခဲ့သည်။ သူ၏ပတ်၀န်းကျင်တွင် ပြိုင်ဘက်ကင်းအရှိန်အဝါများ ထွက်ပေါ်နေသည်။ သူသည် လှံရှည်ဖြင့် ကောင်းကင်ဓားခန်းမမှ ကျင့်ကြံသူများကို ညွှန်ပြကာပြောလိုက်သည်။

“ရှေ့တက်လာတဲ့သူတိုင်း သေရမယ်”

***

All Chapters