← Chapters

ကလဲ့စား

Vol. 22 Ch. 298

ကလဲ့စား

Vol. 22 Ch. 298

"တရှန်းရဲ့ ကျင့်ကြံခြင်း အခြေခံက အထင်ကြီးစရာ ကောင်းပါတယ်… ဒါပေမဲ့"

စုမေ့က တိတ်တဆိတ် ပြောလိုက်၏။ သူမ၏ အသံက သံသယများဖြင့် ပြည့်နှက် နေသည်။

ယွင်ဟန်ရှီသည် ဂိုဏ်းအဖွဲ့ မရှိသည့် တစ်ကိုယ်တော် ကျင့်ကြံသူ တစ်ယောက် ဆိုသော်လည်း သူ့နောက်၌ ဆရာ တစ်ယောက်တော့ ရှိနေသေးဆဲ ဖြစ်သည်။ ထို့အပြင် သူ၏ ပါရမီကလည်း နည်းနည်းမျှ လျော့နည်းခြင်း မရှိချေ။ သည်အသက်အရွယ်ဖြင့် ဝိညာဉ်ဆင်းတု အဆင့်ကို ကိုယ့်အား ကိုယ်ကိုး တက်လှမ်းနိုင်ခဲ့ခြင်းကား အတော်လေး အထင်ကြီးဖွယ်ရာ ကောင်းလှသည်။

ထို့ကြောင့်ပင် စုမေ့မှာ တရှန်း အတွက် စိတ်ပူ နေမိသည်။ သို့သော်လည်း ဝေ့ဝူယင်၏ မျက်နှာထက်ရှိ အပြုံးကို မြင်ပြီးသည့်နောက် သူမ စကားလုံးများကို ပြန်လည် မြိုချလိုက်သည်။ ထိုနတ်ဆိုးမလေးမှာ ဝေ့ဝူယင်၏ ချစ်သူများထဲမှ တစ်ယောက် ဖြစ်ပြီး သူ၏ ထောက်ပံ့မှုကို ရရှိထားသူလည်း ဖြစ်သည်။

"သူ့ကံကြမ္မာကို သူ့ဘာသာ ဆုံးဖြတ် လိမ့်မယ်… သေသေရှင်ရှင် အရာအားလုံးက သူတစ်ယောက်တည်း ပေါ်မှာပဲ မူတည်တယ်"

ဝေ့ဝူယင်က ပြောလိုက်၏။ သူ၏ မျက်လုံးများကတော့ စင်မြင့်ထက်ရှိ တရှန်းကိုသာ  စူးစိုက် ကြည့်နေခဲ့သည်။ သူ သူမ၏ ဇာတ်လမ်းကို သိသကဲ့သို့ ယွင်ဟန်ရှီကိုလည်း သိပေသည်။ သူမ၏ ဘဝ နောက်ကြောင်းကို နားထောင်ခဲ့ရသော အချိန်၌ သူမ ကိုယ်တိုင် ပြုလုပ်ရန် လိုအပ်သော အရာ တစ်ခုကို သူ တွေ့ရှိခဲ့ရသည်။

စုမေ့ ခေါင်းညိတ်လိုက်၏။

…

ထိုအချိန် တိုက်ခိုက်ရေး စင်မြင့်ထက်တွင်…

ယွင်ဟန်ရှီ၏ လက်ချောင်းများက လေထဲတွင် တူရိယာ တစ်ခု တီးခတ်သည့် အလား လှုပ်ရှားနေ၏။ ဖြည်းညင်းစွာပင် သတ္တူရည်နှင့် ဆင်တူသည့် ငွေရောင် အလင်းစက်များ ဖွဲ့စည်းလာခဲ့သည်။ မကြာခင်မှာပင် ထိုများပြားသော အလင်းစက်များမှာ ငါးလက်မခန့် ရှည်လျားမည့် အပ်များ အသွင် ပြောင်းလဲသွားကာ ပျားများ ကဲ့သို့ သူ့ဘေးတွင် လှည့်ပတ် ပျံသန်းနေကြသည်။

၎င်းတို့ကား အရေအတွက်အားဖြင့် ရာချီသည် အထိ ရှိသည်။ တိတိကျကျဆိုရသော် အပ်ပေါင်း သုံးရာ့ သုံးချောင်း တိတိပင်။ ထို့အပြင် ၎င်းတို့မှာ ကြယ်တာရာ အင်အားဖြင့် ဖန်တီးထားသည့် ပုံရိပ်ယောင်များ မဟုတ်ကြပဲ အစစ်အမှန် ကြယ်တာရာ လက်နက်များပင် ဖြစ်သည်။ သို့သော်လည်း ၎င်းတို့မှာ လီရှောင်၏ ရုပ်တု ကဲ့သို့… ယွင်ဟန်ရှီ ကိုယ်တိုင် သန့်စင်ထားသည့် လက်နက်များသာ ဖြစ်လေရာ ဝင်္ကပါ၊ အစီအရင်များ ကင်းမဲ့နေသည်။ ထိုမှ တစ်ပါး ယွင်ဟန်ရှီမှာ ထိုအပ်များကို အပြည့်အဝ ထိန်းချုပ်နိုင်သည့်ပုံ ရသည်။

တရှန်းက လက်သီးများကို တင်းတင်း ဆုပ်ထား၏။ ခရမ်းရောင် ကြယ်တာရာ အင်အား တစ်ခုမှာ သူမ၏ ခန္ဓာကိုယ်ကို အဝန်းအဝိုင်း တစ်ခု သဖွယ် ဝန်းရံထားသည်။ သူမက ခြေထောက်များကို အနည်းငယ် ကွေးညွှတ်ရင်း ကိုယ်ကို ရှေ့သို့ အနည်းငယ် ကိုင်းလိုက်၏။

ဘုန်း…

သူမ၏ ပုံရိပ်က လေးညှို့မှ ပစ်လွှတ်လိုက်သည့် မြှားတစ်စင်းလိုပင်။ တစ်စက္ကန့်၏ ဆယ်ပုံတစ်ပုံခန့် အချိန်အတွင်းမှာပင် သူမ၏ အမြန်နှုန်းက အသံ၏ ကန့်သတ်ချက်ကို ကျော်လွန်သွားလေရာ လေထုမှာ ပေါက်ကွဲ၍ ကျန်ရစ်ခဲ့၏။

ဝှစ်…

မျက်တောင်တစ်ခပ်စာ အတွင်းမှာပင် တရှန်းသည် အပ်များ၏ ဝန်းရံမှု အလယ်၌ ရှိနေသည့် ယွင်ဟန်ရှီ၏ အရှေ့သို့ ရောက်လာခဲ့၏။ သူမ၏ လက်သီးများက တောင်တန်းကို ဖြိုခွင်းနိုင်သည့် အင်အားမျိုးဖြင့် သူ၏ ခေါင်းပေါ် ဦးတည် ကျရောက်သွားသည်။

ယွင်ဟန်ရှီမှာ ထိုအမြန်နှုန်းကြောင့် တုန်လှုပ် သွား၏။ သူမ၏ အရွယ်အစားက အတော်လေး ကြီးမားလေရာ ထိုကဲ့သို့ အမြန်နှုန်းမျိုး ပိုင်ဆိုင်ထားနိုင်လိမ့်မည်ဟု သူ မျှော်လင့် မထားခဲ့ချေ။ ပုံမှန်အားဖြင့် ထိုကဲ့သို့သော ကျင့်ကြံသူများမှာ လှုပ်ရှားရန် ကြယ်တာရာ အင်အားကိုသာ သုံးရလေ့ ရှိသည်။ တရှန်းကမူ ထို့အစား ခန္ဓာကိုယ် စွမ်းအား သီးသန့်ကိုသာ သုံးသွားခြင်း ဖြစ်သည်။

အံ့အားသင့်မိသည် ဆိုသော်လည်း ယွင်ဟန်ရှီမှာ ဝိညာဉ်ဆင်းတု အဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်နေဆဲ ဖြစ်သည်။ သူ၏ ဝိညာဉ် အာရုံမှာ အပ်တစ်ချောင်းချင်းစီနှင့် ချိတ်ဆက်သွား၏။

ဝီ… ဝီ…

ချက်ချင်းပင် အပ်များမှာ ဒိုင်းကာ တစ်ခု သဖွယ် စုစည်းသွားကာ သူ့တစ်ကိုယ်လုံးကို ဝန်းရံသွားသည်။ ထို့နောက် ၎င်းတို့က ညီညာစွာပင် တရှန်း၏ လက်သီးချက်ကို တိုက်ရိုက် ပိတ်ဆို့လိုက်သည်။

ဘုန်း…

တရှန်း၏ လက်သီးနှင့် ထိလေရာ အပ်တံတိုင်းမှာ ချက်ချင်း ပြန့်ကျဲ သွား၏။ သို့သော်လည်း ၎င်းတို့မှာ မပျက်စီးပဲ ရှိနေသေးဆဲ ဖြစ်သည်။

ယွင်ဟန်ရှီက လက်ချောင်းများကို လှုပ်ရှားလိုက်ရာ ရာနှင့် ချီသော အပ်များက တရှန်း၏ ခန္ဓာကိုယ် ပတ်လည်ကို ဝန်းရံသွားကြသည်။ ခပ်အုပ်အုပ် အမိန့်ပေးသံ တစ်ခုနှင့် အတူ ၎င်းတို့မှာ သူမထံ မြှားများ အလား ပြေးဝင်သွားကြတော့သည်။ ပတ်ဝန်းကျင် လေထုမှာ ချက်ချင်းပင် လေချွန်သံများဖြင့် ပြည့်နှက် သွားလေတော့၏။

တရှန်းက တည်ငြိမ်စွာပင် ခေါင်းကို မော့လိုက်သည်။ ဒူးများကို ကွေးညွှတ်ရင်း အရှိန်ယူကာ ရှေ့သို့ တဟုန်ထိုး ပြေးထွက်လိုက်၏။ သူမ၏ ခန္ဓာကိုယ်က ခဏချင်းပင် ဒုံးကျည်တစ်ခု အသွင် ပြောင်းလဲကာ လေထုကို ထိုးဖောက်သွားသည်။ ရလဒ် အနေဖြင့် ကြမ်းတမ်းသော လေများနှင့် အတူ အပ်များမှာ နောက်တစ်ကြိမ် ပြိုကွဲ သွားရတော့၏။

"ဒီလို ခွန်အားမျိုးက…"

ယွင်ဟန်ရှီမှာ တုန်လှုပ်သွားသည်။ ထိုအခိုက်တွင်ပင် တရှန်းမှာ သူ၏ အရှေ့တွင် ပေါ်လာကာ တုန့်ဆိုင်း မနေတော့ပဲ လက်သီးဖြင့် သူ့ရင်ဘတ်ကို ထိုးလိုက်တော့၏။ သူမ၏ ရွှေရောင် မျက်လုံးများမှာ အလွန်တရာ တည်ငြိမ်နေကာ သတ်ဖြတ်လိုသော ရည်ရွယ်ချက်များနှင့် ပြည့်နှက်နေသည်။

ဘုန်း…

တရှန်း၏ လက်သီးနှင့် ယွင်ဟန်ရှီ၏ ငွေရောင် အကာအကွယ် ရောင်ဝါတို့ ထိတွေ့လေရာ ကြီးမားသော ပေါက်ကွဲမှု တစ်ခု ဖြစ်ပေါ်လာသည်။ ယွင်ဟန်ရှီမှာ နောက်သို့ ခြေလှမ်း အနည်းငယ် ဆုတ်လိုက်၏။ သို့သော်လည်း သူကား  အန္တရာယ် ကင်းကင်းဖြင့် ရှိနေသေးဆဲ ဖြစ်သည်။

"လာစမ်း…"

သူက ခက်ထန်စွာဖြင့် လက်တစ်ဖက်အား ဝှေ့ယမ်းလိုက်ရာ သုံးရာ့ သုံးချောင်းသော အပ်များမှာ သူ့ထံ ပြန်လည် ရောက်ရှိလာ၏။ ၎င်းတို့က ချက်ချင်းပင် ငွေရောင် မြွေတစ်ကောင် အသွင် ပေါင်းစည်းသွားကာ တွန့်လိမ် ကောက်ကွေးရင်း တရှန်း၏ နောက်ကျောဘက်သို့ တိုးဝင် သွားကြလေ၏။

အလွန်တရာ လျှင်မြန်လွန်းသည့် ထိုတန်ပြန် တိုက်ခိုက်မှုကြောင့် တရှန်းမှာ ထိတ်လန့်သွားသည်။ သူမက နောက်ပြန် မလှည့်တော့ပဲ လက်သီးကိုသာ နောက်ပြန် ထိုးနှက်လိုက်၏။ ထိုလက်သီးက ပတ်ဝန်းကျင် လေထုကို နောက်တစ်ကြိမ် လဲပြိုသွားစေကာ ခရမ်းရောင် နတ်ဆိုး အင်အားများမှာ ငွေရောင် မြွေနှင့် တွေ့ဆုံသွားတော့၏။

ဘုန်း…

ပေါက်ကွဲမှု တစ်ခု ဖြစ်ပေါ်လာကာ အပ်များမှာ နောက်တစ်ကြိမ် ပြန့်ကျဲသွားပြန်သည်။

တစ်ဆက်တည်းလိုလိုပင် တရှန်းက ပတ်ဝန်းကျင်ရှိ မန်နာများကို ခြေထောက်၌  စုစည်း လိုက်သည်။ ထို့နောက် အလွန် လျှင်မြန်သော အရှိန်နှင့် အတူ သူမ နေရာမှ ပျောက်ကွယ်သွားပြန်၏။

ဘုန်း….

စက္ကန့်ဝက် အတွင်းမှာပင် သူမ၏ ခန္ဓာကိုယ်က ယွင်ဟန်ရှီ၏ အရှေ့၌ ပြန်ပေါ်လာကာ လက်သီးတစ်ချက်ကို ထိုးနှက် လိုက်ပြီ ဖြစ်သည်။

ထို့နောက် ဒုတိယမြောက် လက်သီး… တတိယမြောက် လက်သီး…

သူမ၏ လက်သီးတစ်ချက်ချင်းစီက အလွန် ကြောက်မက်ဖွယ် ကောင်းသော နတ်ဆိုး အင်အားနှင့် ပေါက်ကွဲမှုများကို သယ်ဆောင်ထားသည်။

ယွင်ဟန်ရှီမှာ တရှန်း၏ လျှင်မြန်မှုနှင့် ခွန်အားတို့ အပေါ် အံ့အားသင့်နေသည့်တိုင် တည်ငြိမ်စွာပင် ရှိနေသေးဆဲ ဖြစ်သည်။ သူသည် အပြုံးမပျက်ပင် ကြယ်တာရာ အကာအကွယ် တံတိုင်းပေါ် အာရုံစိုက်ထား၏။ နောက်သို့ ခြေလှမ်းများစွာ အဆက်မပြတ် ဆုတ်ခွာနေရသည့်တိုင် သူ၏ ခန္ဓာကိုယ်မှာမူ အန္တရာယ် ကင်းကင်း ရှိနေသေးဆဲ ဖြစ်သည်။

တစ်ချိန်တည်းတွင်ပင် သူက လက်ချောင်းများကို တိတ်တဆိတ် လှုပ်ရှားကာ အပ်များကို ထိန်းချုပ်နေသည်။ ၎င်းတို့က သေဝပ်သည့် အစေခံများ အလား သူ့အမိန့်အတိုင်း တသွေမတိမ်း လိုက်လံ လှုပ်ရှား နေကြသည်။

တရှန်းမှာ  လျှင်မြန်မှုနှင့် ခွန်အားတို့ကို သုံးရင်း အဆက်မပြတ် ဖိအားပေးကာ ဆက်လက် တိုက်ခိုက်နေဆဲ ဖြစ်သည်။ သူမ၏ လက်သီးချက်များမှာ အလွန် အစွမ်းထက်လှသည် ဆိုသော်လည်း ယွင်ဟန်ရှီ၏ ကြယ်တာရာ အကာအကွယ်ကိုတော့ နည်းနည်းမျှ ထိုးဖောက်နိုင်ခြင်း မရှိသေးပါချေ။ သူမမှာ ပို၍ ဒေါသထွက်လာနေသည့်တိုင် ဆက်လက် တိုက်ခိုက်နေဆဲ ဖြစ်သည်။

ဘုန်း…

အကြိမ် နှစ်ဆယ်မြောက် လက်သီးချက်တွင် ယွင်ဟန်ရှီမှာ နောက်သို့ အနည်းငယ် ဆုတ်လိုက်ရပြန်၏။ သို့သော်လည်း ကံကောင်းစွာပင် သူ၏ ပြင်ဆင်မှုများမှာ ပြီးဆုံး သွားခဲ့ပြီ ဖြစ်သည်။ သူက တောက်ပစွာ ပြုံးလိုက်ရင်း အားလုံးကို အဆုံးသတ်ရန် ဆုံးဖြတ်လိုက်၏။

ဝှစ်…

လက်များကို ဖြည်းညင်းစွာ ဝှေ့ယမ်း လိုက်သည်နှင့် ကြောက်မက်ဖွယ် အရှိန်အဝါက ဖြန့်ကျက်လာ၏။ ကြယ်တာရာ အင်အားများက အဆုံးမဲ့စွာ စီးဆင်း လာသည်။

အနန္တ အပ်ကျင့်စဉ်… အပ်တစ်သောင်း အဆုံးသတ်ခြင်း…

ချွင်... ချွင်...

ချက်ချင်းပင် အပ်များထံမှ စူးရှသော သတ္တုအော်မြည်သံများ ထွက်ပေါ်လာသည်။ သုံးရာ့ သုံးချောင်းသော အပ်များမှာ ပုံရိပ်များစွာ ဖြာထွက်ကာ မရေမတွက်နိုင်သော ကိုယ်ပွားများကို ဖန်တီးလိုက်ကြသည်။

" … "

မျက်စိတ်တစ်မှိတ် အတွင်းမှာပင် ပတ်ဝန်းကျင် တစ်ခုလုံး ပြည့်နှက်သွားသည့် ငွေရောင် အလင်းများကို ကြည့်ရင်း တရှန်း၏ မျက်လုံးများမှာ ကျဥ်းမြောင်းသွား၏။ သူမ တုန့်ပြန်ရန် အချိန်မရခင်မှာပင် အပ်တစ်ချောင်းချင်းစီက အလွန် ပြင်းထန်သော အရှိန်အဟုန်နှင့် အတူ သူမ၏ ခန္ဓာကိုယ် ပတ်လည်ရှိ နတ်ဆိုး အင်အားများကို စတင် ထိုးဖောက်ကြတော့သည်။ ၎င်းတို့ကား အလွန် ချွန်ထက်လှလေရာ တိုက်ခိုက်မှုကိုသာ အာရုံစိုက်နေသည့် တရှန်း၏ အကာအကွယ် အလွှာက ချက်ချင်းပင် လဲပြိုစပြုလာ၏။

သို့သော်လည်း တရှန်း၏ မျက်နှာထက်၌ ကြောက်ရွံ့မှု တစ်စုံတစ်ရာမှ ရှိမနေချေ။ ထို့အစား ဒေါသထွက်မှုနှင့် ဝမ်းနည်းမှုများသာ ကြောက်မက်ဖွယ် ကောင်းအောင် ပေါ်လွင်လာသည်။

“ဒါက နင် အဖေ့ကို သတ်ခဲ့တဲ့ ပုံစံလား...”

သူမက အနည်းငယ် တုန်ရီနေသည့် အသံဖြင့် မေးလိုက်၏။ သူမ၏ ရွှေရောင် မျက်လုံးများကမူ ယွင်ဟန်ရှီကို မုန်းတီးစွာဖြင့် စိုက်ကြည့်နေသည်။ ထိုအခိုက်၌ သူမ၏ ခန္ဓာကိုယ်ထဲတွင် ခံစားချက် လှိုင်းတစ်ခု ထန်နေပုံ ရလေသည်။

ယွင်ဟန်ရှီမှာ သူ အနိုင်ရပြီဟု ကျိန်းသေ တွက်ထားပြီး ဖြစ်သည်။ ပြိုင်ဘက် ဖြစ်သူမှာ သူ၏ သတ္တု ကြယ်တာရာ အကာအကွယ်ကို မထိုးဖောက်နိုင်သလို ထောင်ချောက်ထဲကိုပင် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ သူ အနည်းငယ် ထပ်မံ အားစိုက်လိုက်သည်နှင့် သူမ၏ အကာအကွယ်က လုံးဝ ကျိုးပျက် သွားတော့မည် ဖြစ်သည်။ သို့သော်လည်း သူမက ကြောက်ရွံ့ဟန် မရပဲ သူ့မျက်လုံး တည့်တည့်ကို ကြည့်ကာ ထူးဆန်သော မေးခွန်းတစ်ခု မေးလာသည်။

“အဖေ... ဘယ်က အဖေလဲ...”

***

All Chapters