← Chapters

ကလဲ့စား (၂)

Vol. 22 Ch. 299

ကလဲ့စား (၂)

Vol. 22 Ch. 299

“သူ့အဖေက ဘယ်သူလဲ...”

ယွင်ဟန်ရှီ နားမလည်စွာဖြင့် တရှန်း၏ နတ်ဆိုး သဏ္ဌာန်ကို သေချာစွာ လေ့လာလိုက်သည်။ သူမသည် အရပ် ရှစ်ပေနီးနီးခန့် ရှည်လျားသည်။ ခရမ်းရောင် အရေပြားနှင့် ရွှေရောင် မျက်ဝန်းများကို ပိုင်ဆိုင်ထားသည်။ ရင်သပ်ရှုမောဖွယ် ကောင်းအောင် လှပသော ကိုယ်လုံးကိုယ်ပေါက် ရှိသည်။ သို့သော်လည်း သူ အကြိမ်ကြိမ် အဖန်ဖန် စဥ်းစားသည့်တိုင် သူမနှင့် တူသည့် လူတစ်ဦး တစ်ယောက်ကိုမှ မမှတ်မိခဲ့ချေ။

ကျင့်ကြံသူ တစ်ယောက်... အထူးသဖြင့် တစ်ကိုယ်တော် ကျင့်ကြံသူ တစ်ယောက် အနေဖြင့် သူသည် ကြယ်တာရာ နယ်မြေတွင် လေနှင်ရာ လွင့်ခဲ့ဖူးသည်။ မရေမတွက်နိုင်သော လူများကို သတ်ဖြတ်ဖူးသည်။ သို့သော်လည်း သူ သတ်ဖြတ်ခဲ့သည့် ကြယ်တာရာ အမြုတေ အဆင့် အရေအတွက်ကတော့ အလွန် နည်းသည်။ ဤနတ်ဆိုး မိန်းကလေးမှာ ကြယ်တာရာ အမြုတေ အဆင့်သုံးကို တက်လှမ်းနိုင်ခဲ့သည့် အပြင် မြင့်မားသော ပါရမီကိုပါ ပိုင်ဆိုင်ထားရာ သူမ၏ မိဘများမှာလည်း ထင်ရှားသူများ၊ အစွမ်းထက်သူများ ဖြစ်နိုင်ပေသည်။ သူမ၏ ဖခင်ကို သူ ဘယ်တုန်းက သတ်ဖြတ်ခဲ့ဖူးသနည်း။

"ဘာဖြစ်ဖြစ်… သေလိုက်တော့…"

ယွင်ဟန်ရှီက စိတ်ထဲရှိ သံသယများကို ရှင်းထုတ်ရင်း ဆိုလိုက်၏။

ချက်ချင်းပင် သူ၏ မျက်လုံးများက သတ်ဖြတ်လိုစိတ်များဖြင့် ပြန်လည် ပြည့်နှက်သွားသည်။ ထိုမိန်းကလေးက လက်စားချေရန် အတွက် ရောက်လာတော့ရော ဘာအရေးနည်း။  အဖေ ဖြစ်သူ မကလို့ တစ်မိသားစုလုံးကိုပါ   သတ်ခဲ့လျှင်ရော ဘာအရေးနည်း။ ဘာဖြစ်ဖြစ်… သူမ သေရမည် ဆိုသော အကြောင်းအရာကတော့ ပြောင်းလဲလိမ့်မည် မဟုတ်ချေ။

တရှန်းမှာ ယွင်ဟန်ရှီ၏ လေးစားမှု ကင်းမဲ့သော တုန့်ပြန်မှု အပေါ် ဒေါသ ပေါက်ကွဲခြင်း မရှိချေ။ ထို့အစား မယုံကြည်နိုင်လောက်သည့် ရေချိန် အမှတ်တစ်ခု ရောက်အောင် တည်ငြိမ်သွားဟည်။ အခြား စကား တစ်ခွန်းမှ ထပ်မံ မဆိုပဲ သူမ၏ ခွန်အားများကိုသာ စုစည်းလိုက်လေ၏။

ပရိသတ်များမှာ တဖြည်းဖြည်း အရှိန်တက်လာသည့် တိုက်ပွဲကို ကြည့်ရင်း စိတ်များ လှုပ်ရှား လာကြသည်။ တရှန်းက ခန္ဓာကိုယ် ခွန်အားနှင့် ကြောက်မက်ဖွယ် အမြန်နှုန်းကို သုံး၍ တိုက်ခိုက်နေချိန်တွင် ယွင်ဟန်ရှီကမူ တည်ငြိမ်စွာပင် ခံစစ်ကို အာရုံစိုက်ကာ အပ်များဖြင့် တန်ပြန် ထိုးစစ်ဆင်သည်။

ယခု အခြေအနေကို ကြည့်ရသည်က တရှန်းမှာ အလစ်အငိုက် မိသွားဟန် တူသည်။ အပ်များက သူမ၏ အကာအကွယ် အလွှာများကို လျှင်မြန်စွာ ထိုးဖောက်ကာ ခန္ဓာကိုယ်ကိုပင် ရောက်လုနီးနီး ဖြစ်နေခဲ့ချေပြီ ဖြစ်သည်။ ဝိညာဉ်ဆင်းတုတို့၏ တိုက်ပွဲက လျှင်မြန်စွာနှင့် အဆုံးသတ် သွားတော့မည်လော။

သို့သော်လည်း စုမေ့တွင်တော့ ခြားနားသော အမြင်တစ်ခု ရှိနေဟန် ရသည်။ သူမက အပ်များကို ကြည့်ကာ အထင်သေးစွာဖြင့် နှာခေါင်း ရှုံ့လိုက်၏။

"ဒီကျင့်စဉ်က ကြယ်တာရာ အင်အား လိုအပ်ချက် များလွန်းတယ်… မကြာခင် သူ အားကုန် သွားတော့မယ်"

ဝေ့ဝူယင်က တည်ငြိမ်စွာပင် ပြုံးလိုက်သည်။

"ရန်သူရဲ့ အကြောင်းကို သိထားတာကလည်း ကိုယ့်အတွက် အားသာချက် တစ်ခုပဲ"

စုမေ့က ခေါင်းညိတ်လိုက်၏။

"ပွဲက ပြီးသွားပြီ…"

သူမ ထိုကဲ့သို့ ပြောလိုက်ချိန်မှာပင် ခရမ်းရောင် အလင်းတန်းများမှာ တရှန်း၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာ၏။ ၎င်းတို့က မိုးကြိုးများ အလား ပေါက်ကွဲကာ ပတ်ပတ်လည်ကို တစ်ဟုန်ထိုး ဖြန့်ကျက်သွားသည်။ ချက်ချင်းပင် ယွင်ဟန်ရှီ၏ အပ်ပင်လယ်မှာ လေထဲတွင် အေးခဲကာ ရပ်တန့် သွား၏။

ဟူး… ဟူး…

ခရမ်းရောင် အလင်းများ၏ အလယ်ဗဟိုတွင်မူ တရှန်းမှာ မယိမ်းမယိုင် ရပ်နေသေးဆဲ ဖြစ်သည်။ သူမ၏ ရွှေရောက် မျက်လုံးများကမူ အလွန်တရာ တည်ငြိမ်နေ၏။ သူမ၏ နောက်တည့်တည့်တွင်မူ မီတာ ခုနစ်ရာခန့် မြင့်မားသည့် ခရမ်းရောင် တောင်ကြီး တစ်ခုက အုပ်မိုးနေသည်ကို တွေ့ရသည်။

"ဟူး… ဟူး…."

သူမ၏ ခန္ဓာကိုယ်က အလွန် လျှင်မြန်သော အရှိန်နှင့် အတူ ကြီးထွားလာသည်။ သူမ ဝတ်ဆင်ထားသည့် ချပ်ဝတ် တန်ဆာများ၊ ဒူးကာများမှာလည်း တူညီသော အရှိန်နှင့် အတူ ကြီးထွားလာ၏။ တစ်ချိန်တည်း၌ အလွန် တရာလှသော နတ်ဆိုး သင်္ကေတများမှာ သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးကို စတင် ဖုံးလွှမ်းလာသည်။ ထိုအခိုက်၌ သူမ၏ ပုံသဏ္ဌာန်ကား ကောင်းကင်မှ ဆင်းသက်လာသည့် နတ်ဆိုးသခင်မ တစ်ပါးနှင့်ပင် တူနေသေးတော့သည်။

"ကွင်းခုနစ်ကွင်း…"

လူများမှာ ခရမ်းရောင် တောင်ကြီးကို ကြည့်ရင်း စိတ်ထဲမှ အော်ဟစ်လိုက်မိကြ၏။ ကြီးကျယ်ခြင်း၊ ခမ်းနားခြင်း၊ မြင့်မြတ်ခြင်း… ထိုအရာက တရှန်း၏ ဝိညာဉ် ဆင်းတုနှင့် ပတ်သက်၍ သူတို့ ခံစားရမိသမျှ ဖြစ်သည်။

ဝိညာဉ်ဆင်းတု တစ်ခုချင်းစီ၏ ကွင်းတစ်ကွင်းချင်းစီက စွမ်းအား အဆင့် တစ်ခုချင်းစီကို ကိုယ်စားပြုသည်။ ဝိညာဉ် ကွင်းတစ်ကွင်း ဖန်တီးရန်မှာ အလွန်အမင်း ခက်ခဲလှပြီး လက်ရှိခေတ်၏ အစွမ်း အထက်ဆုံးသော ပညာရှင်များပင် အများဆုံး ငါးကွင်း၊ ခြောက်ကွင်းခန့်သာ ဖန်တီးနိုင်ကြသည်။ ယခုတွင်မူ တရှန်းမှာ ခုနစ်ကွင်း အထိ ဖန်တီးထားနိုင်သည်။ သူမက မည်မျှ ကြောက်မက်ဖွယ် ကောင်းလိုက်သနည်း။

"ဘုန်း…"

အားလုံး အံ့ဩ၍ မဆုံးခင်မှာပင် ပေပေါင်း ရှစ်ဆယ်ခန့် မြင့်မားသော တရှန်းက လက်ကို မြှောက်ကာ ယွင်ဟန်ရှီကို ဆုပ်ကိုင်လိုက်၏။ ယွင်ဟန်ရှီမှာ ရှောင်တိမ်းရန် ကြိုးစားလိုက်သော်လည်း တရှန်း၏ လှုပ်ရှားမှုက ခန္ဓာကိုယ် ကြီးသလောက် မြန်ဆန်လွန်းနေသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် တိုက်တန်သမျှ ကြီးမားလှသော လက်ကြီးထဲ၌ သူ အဖမ်းခံလိုက်ရတော့၏။

"ဂျွတ်… ဂျွတ်…"

ကြောက်မက်ဖွယ် အရိုးကျိုးသံများ ထွက်ပေါ်လာသည်။ ယွင်ဟန်ရှီ၏ မျက်နှာက  နာကျင်စွာဖြင့် ရှုံ့မဲ့သွား၏။

ဝိညာဉ်ဆင်းတု တစ်ယောက်မှာ အရိုးများ ကျိုးခြင်းလောက်ကို စာဖွဲ့လိမ့်မည် မဟုတ်ချေ။ ဤသို့ဆိုလျှင် အဘယ်ကြောင့်နည်း။ ရှင်းလင်းစွာပင်  သူ့ခန္ဓာကိုယ် အတွင်း တိုးဝင်လာသည့် အဆုံးမဲ့ ခရမ်းရောင် အလင်းတန်းများကြောင့်ပင် ဖြစ်သည်။

ဟူး… ဟူး…

သူ သတ္တု ကြယ်တာရာ အကာအကွယ်ကို ထုတ်ကာ ကာကွယ်ရန် ကြိုးစားလိုက်၏။ သို့သော်လည်း သူ မည်သို့ပင် ကာကွယ်စေကာမူ… ခရမ်းရောင်  အလင်းတန်းတို့မှာ အရာရာကို ထိုးဖောက်ကာ သူ၏ အသွေးအသားများထဲ အထိ စိမ့်ဝင်လာနေဆဲ ဖြစ်၏။

ယွင်ဟန်ရှီ၏ မျက်နှာကား ဖြူရော် နေခဲ့ပြီ ဖြစ်သည်။ မျှော်လင့်ချက် အရိပ်အယောင်က သူ့မျက်လုံးများထဲတွင် တဖြည်းဖြည်း ပျောက်ရှလာ၏။ ပြောရလျှင်… သူကား ကွင်းသုံးကွင်း ဝိညာဉ်ဆင်းတု တစ်ယောက်မျှသာ ဖြစ်သည်။ ကြယ်တာရာ နယ်မြေအတွင်းရှိ အခြား ထိပ်သီး ပါရမီရှင်များ ယှဉ်လျှင် အားနည်းသော ဘက်၌ ရှိသူ ဖြစ်သည်။ သူ့အနေဖြင့် ကွင်းခုနစ်ကွင်း ဝိညာဉ်ဆင်းတု တစ်ယောက်ကို မည်ကဲ့သို့ ယှဉ်နိုင်ပါမည်နည်း။

"တိုက်တန်မျိုးဆက်…"

မိုးကောင်းကင် ထိလုနီးပါး အုပ်မိုးနေသည့် တရှန်းကို ကြည့်ရင်း ယွင်ဟန်ရှီမှာ တစ်စုံတစ်ရာကို သတိရသွား၏။ ချက်ချင်းပင် သူ့မျက်နှာက သွေးမရှိသလို ဖြူရော်သွားသည်။

"ဒါဆို သူက…"

…

တိုက်တန်မျိုးဆက်…

ထိုအရာကား လူသား အသွင် သက်ရှိများ၏ အလွန်ရှားပါးသည့် သွေးမျိုးဆက်ကို ဆက်ခံထားသော နတ်ဆိုးများအား ရည်ညွှန်းသည့် အမည် တစ်ခု ဖြစ်သည်။ တိုက်တန် မျိုးဆက်များမှာ ရုပ်ပိုင်းဆိုင်ရာ စွမ်းအင်များကို မြှင့်တင်ကာ ခန္ဓာကိုယ်ကို ကြီးမားစေနိုင်သည့် အစွမ်းကို ပိုင်ဆိုင်ထား၏။

တိုက်တန် မျိုးဆက်များမှာ သုံးလွှာ ကြယ်တာရာ နယ်မြေတွင် အလွန်အမင်း ကျော်ကြားကြသည်။ သို့သော်လည်း ထိုအချင်းအရာက ရုပ်ပိုင်းဆိုင်ရာ စွမ်းအင်များကြောင့်တော့ မဟုတ်ချေ။ ၎င်းတို့၏ ခန္ဓာကိုယ်များကို သွေးဆေး  အဖြစ် သန့်စင် အသုံးပြုနိုင်ကြသောကြောင့်ပင် ဖြစ်သည်။

သွေးဆေး…

သွေးဆေးများမှာ သက်ရှိတို့၏ ခန္ဓာကိုယ်များထဲမှ အမတေများကို ထုတ်ယူကာ အဂ္ဂိရတ် နည်းလမ်းများဖြင့် သန့်စင် ဖော်စပ်ထားသည့် ဆေးတစ်မျိုးပင် ဖြစ်သည်။ သွေးဆေးများမှာ ကျင့်ကြံခြင်း လမ်းစဉ် အတွက် အလွန် အသုံးဝင်ကာ များသောအားဖြင့် နတ်ဆိုး ကျင့်ကြံသူများမှာ သူတို့၏ ခွန်အားများကို ထိုနည်းလမ်းဖြင့် မြှင့်တင် ကြလေ့ ရှိသည်။ ဝေ့ဝူယင်၏ စကားလုံးများဖြင့် သုတ်သင်ခြင်းကို ခံခဲ့ရသည့် ကျိမျိုးနွယ်စုထဲတွင် ကလေးငယ်များကို အသုံးပြုကာ ဖော်စပ်ထားသည့် သွေးဆေးများကို တွေ့ရှိခဲ့ရသည်။

သို့သော်လည်း အားကြီးသူက အားနည်းသူကို အနိုင်ယူသော ကျင့်ကြံခြင်း လောက၌ ထိုကဲ့သို့သော နည်းလမ်းမျိုးကို အပြစ်တင်၍ မရချေ။ ကျင့်ကြံခြင်းလမ်းစဉ်က ခက်ခဲလွန်းသည် မဟုတ်ပါလော။

တိုက်တန်သွေးဆေးလုံးများမှာ သာမန် သွေးဆေးလုံးများထက် များစွာ သာလွန်သည့် စွမ်းရည်များကို ပိုင်ဆိုင်ထားသည်။ ထို့ကြောင့်ပင် နတ်ဆိုးကျင့်ကြံသူများမှာ သူတို့ကို ရှာဖွေကာ အမဲလိုက်လေ့ ရှိကြသည်။

…

ယွင်ဟန်ရှီ၏ စိတ်များက လွန်ခဲ့သည့် ရာစုနှစ် တစ်ခုဆီသို့ ရွေ့လျားသွားခဲ့၏။ ထိုစဉ်က သူသည် လေနှင်ရာ လိုက်ပါရင်း ကုန်းမြေတိုက်ကြီး တစ်ခုပေါ်သို့ အရောက်၌ တိုက်တန် သွေးမျိုးဆက် ပိုင်ဆိုင်ထားသည့် နတ်ဆိုးမျိုးနွယ်စုလေး တစ်စုကို တွေ့ခဲ့ရသည်။ သူတို့ အားလုံးမှာ ကြယ်တာရာ အမြုတေ အဆင့် အောက်တွင် ဖြစ်ပြီး သူနှင့် ယှဉ်ပါက အတော်လေး အားနည်းကြသူများ ဖြစ်သည်။

ဆရာဖြစ်သူသည် သွေးဆေး ဖော်စပ်သည့် နည်းလမ်းကို သင်ပြပေးကာ ထိုနတ်ဆိုးလေးများ အပေါ်တွင် လက်တွေ့ စမ်းသပ်ဖို့ ညွှန်ကြားခဲ့သည်။ ယွင်ဟန်ရှီသည် တစ်ချက်ပင် မတုန့်ဆိုင်းပဲ ပျော်ရွှင်၊ စိတ်လှုပ်ရှားစွာဖြင့် သူတို့ အားလုံးကို သတ်ဖြတ်ခဲ့သည်။

ထိုအဖြစ်အပျက်များကား ရာစုနှစ် တစ်ခုခန့် အလွန် ကြာညောင်းခဲ့ပြီး ဖြစ်သည်။ ထို့အပြင် ထိုစဉ် အခါက သူ ရုပ်ဖျက်ကာ လှုပ်ရှားခဲ့ခြင်း ဖြစ်သည်။ သည်မိန်းကလေးက မည်ကဲ့သို့ သိသွားရသနည်း။ မဟုတ်သေး… သူမ မည်သည့် နည်းနှင့်မှ မသိနိုင်ချေ။

သူ့အတွေးကား တစ်ဝက် မှန်ကန်ပေသည်။ တရှန်းမှာ မည်ကဲ့သို့ သိလိမ့်မည်နည်း။ သို့သော်လည်း ထိုကုန်းမြေတိုက်ကြီး၏ စောင့်ရှောက်သူကိုတော့ ယွင်ဟန်ရှီ မေ့နေပုံ ရသည်။ စောင့်ရှောက်သူတိုင်းမှာ မိမိ နေထိုင်သည့် ကုန်းမြေတိုက်ကြီး ပေါ်ရှိ ကြီးကြီး ငယ်ငယ် ကိစ္စအားလုံးကို တစ်ခုမှ မလွတ်အောင် မှတ်သား ထားကြရသည်။ အကယ်၍ အရေးမယူလျှင်ပင် သူတို့မှာ ဆက်လက် အမှတ်ရနေဆဲ ဖြစ်သည်။

ဝေ့ဝူယင်၏ အဆက်အသွယ်၊ ကြွယ်ဝ ချမ်းသာမှုတို့ဖြင့် ဆိုပါက… တရားခံကို စုံစမ်းရန်မှာ မည်ကဲ့သို့ ခက်ခဲပါမည်နည်း။

"ဘုန်း…"

ယွင်ဟန်ရှီ သွေးရူးသွေးတန်းဖြင့် ကြယ်တာရာ အင်အားများကို ထုတ်လွှတ်ကာ ရုန်းထွက်ရန် ကြိုးစားလိုက်၏။ သို့သော်လည်း အသုံး မဝင်ပါချေ။ ခရမ်းရောင် အလင်းတန်းများမှာ ဦးခေါင်းမှ နေ၍ အသိစိတ် ပင်လယ်ထဲ အထိ ထိုးဖောက် ဝင်ရောက်လာ၏။ သူ၏ အမြင် အာရုံက တဖြည်းဖြည်း ဝေဝါးလာကာ ခရမ်းရောင် လွင်ပြင် တစ်ခု အသွင် တဖြည်းဖြည်း ပြောင်းလဲလာသည်။

သူ အညံ့ခံချင်သည်။ သို့သော်လည်း အညံ့ခံ၍ မဖြစ်။ အညံ့ခံလျှင် ထာဝရ မင်းသားလေးက သူ့ကို ကျိန်းသေ သတ်ဖြတ်ပေလိမ့်မည်။

ယွင်ဟန်ရှီ ရုန်းကန်နေစဉ်တွင် တရှန်း၏ ဝိညာဉ်အာရုံမှာ အသိစိတ် တစ်ခုလုံးကို သိမ်းပိုက်ကာ မှတ်ဉာဏ်များကို စတင် ရှာဖွေ နေခဲ့ပြီ ဖြစ်သည်။ ရာစုနှစ်နှင့် ချီနေရာ ပုံရိပ်များက သိပ် မရှင်းလင်းတော့သည့်တိုင် သတ်ဖြတ်ခံနေရသည့် လူတစ်စု၏ ပုံရိပ်များကိုတော့ သူမ မြင်တွေ့နေရဆဲ ဖြစ်သည်။ ထိုအရာကပင်လျှင် သူမ အတွက် လုံလောက်၏။

တရှန်း၏ နှလုံးသားက နာကျင့်မှုကြောင့် တဆတ်ဆတ် တုန်ရီနေခဲ့ပြီ ဖြစ်လေသည်။

ဘုန်း…

သူက လက်သီးကို တင်းတင်း ဆုက်လိုက်လေရာ ယွင်ဟန်ရှီ၏ ခန္ဓာကိုယ်မှာ လက်ချောင်းများ အတွင်း ဖျက်ဆီး ခံလိုက်ရ၏။ သူမ လက်ကို ပြန်လည် ဖြန့်လိုက်သော အခိုက်၌ အသက်မဲ့ အသွေးအသားပုံ တစ်ခုသာ ကျန်ရစ်ခဲ့ပေသည်။

သူမ လက်စားချေနိုင်ခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း ဖခင်ဖြစ်သူမှာမူ ပြန်မလာနိုင်တော့။

***

All Chapters