ပြိုင်ဘက်ကင်းလှံ
Vol. 017 Ch. 1612
ငွေဖြူရောင်ဆံပင်နှင့် စစ်နတ်ဘုရားတစ်ပါးကဲ့သို့ ချောမောသည့် ပုံရိပ်တစ်ခုက လေထဲတွင် ရပ်နေသည်။
ထိုအချိန်တွင် ရီဖူရှင်းထံမှ တိုက်ခိုက်ရေးစွမ်းအားများက အလွန် ပြင်းထန်နေသည်။ ကောင်းကင်ဓားခန်းမမှ တန်ခိုးရှင်များက မျက်မှောင်ကြုတ်လိုက်ကြသည်။ ဓားစွမ်းအားများကလည်း သူတို့၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာကြ၏။
ရှေ့သို့ တက်လာသူများက သေရလိမ့်မည်။
ရီဖူရှင်းသည် ကောင်းကင်ဓားခန်းမကို သူတစ်ယောက်တည်းနှင့် တားဆီးရန် ကြံစည်နေသည်။
ထို့ပြင် သူသည် ထိုသို့သော ရဲတင်းလွန်းသည့် အမူအရာနှင့် မောက်မာစွာ ပြုမူနေပြီး ကောင်းကင်ဓားခန်းမကို အနည်းငယ်မျှပင် လေးစားမှုမရှိပေ။
ယွမ်ယန်ကလန်မှ တန်ခိုးရှင်များသည် ရီဖူရှင်းကို စိတ်ဝင်စားမှုကြီးစွာဖြင့် စိုက်ကြည့်နေကြသည်။ သူတို့သည် သူ့အား ထိုမျှထိ လွှမ်းမိုးနိုင်စွမ်းရှိမည်ဟု ထင်မှတ်မထားခဲ့ကြပေ။ သို့သော် သူက အမှန်တကယ်ပင် ကောင်းကင်ဓားခန်းမကို ဟန့်တားနိုင်လိမ့်မည်လား။
ဆွစ်... ဆွစ်...
တောက်ပသည့် ဓားစွမ်းအားများက ထွက်ပေါ်လာပြီး ရက်စက်ပြင်းထန်စွာဖြင့် ရီဖူရှင်းထံသို့ တိုးဝင်သွားခဲ့သည်။ ရှန့်ထိုငရဲဓား ဘေးမှ ဓားသမားတစ်ယောက်က ရှေ့သို့ ခြေလှမ်းလာခဲ့သည်။ ပြင်းထန်သည့် လေပြင်းမုန်တိုင်းတို့က သူတို့၏ အနီးဝန်းကျင်တွင် ပေါ်ပေါက်လာပြီး မုန်တိုင်း၏ အလယ်ဗဟိုမှ အသင်္ချေဓားများ ထွက်ပေါ်လာပြီး ရီဖူရှင်းထံ တည့်မတ်စွာ ပြေးထွက်သွားခဲ့သည်။ ဓားများသည် လေဟာနယ်ကို အပိုင်းပိုင်းစုတ်ဖြဲရန် ကြိုးပမ်းလာသည်။
ရှေ့တက်လာသည့် သူများက သေရလိမ့်မည်လား။
သူက သူကိုယ်တိုင် မည်သို့သေရမည်ကို မြင်တွေ့ချင်ပေသည်။
ဟူး...
ရီဖူရှင်း၏ ပုံရိပ်က ရွေ့လျားလာသည်။ သူ၏ လက်က လှုပ်ရှားသွားပြီး လှံက အလင်းတန်းသဖွယ် ဖြစ်လာကာ မုန်တိုင်းဆီသို့ တိုက်ရိုက် ဖြတ်သန်းသွား၏။ သူ၏ အသွေးအသား ခန္ဓာကိုယ်နှင့်ပင် သူသည် မုန်တိုင်းအလယ်ဗဟိုသို့ တိုက်ရိုက်ထိုးဖောက်ဝင်ရောက် သွားလေသည်။
ထိုအချိန်တွင် မုန်တိုင်းအတွင်း၌ ရွှေရောင်တွင်းပေါက်တစ်ခု ပေါ်ထွက်လာသည်ဟု ထင်မှတ်ရပေသည်။ နတ်ဘုရားလှံသည် ကောင်းကင်ကို ဖြတ်သန်း ထွက်ပေါ်လာသည်။
ဘန်း...
ညင်သာသည့် အသံခပ်သဲ့သဲ့ ထွက်ပေါ်လာသည်။ ဓားသမားသည် ရွှေရောင်ပုံရိပ်ယောင်တို့က တိုက်ခိုက်သည်ကို ခံလိုက်ရသည်ဟု မြင်ယောင်လာပေသည်။ ထို့နောက်တွင် လှံသွားက သူ၏ မျက်ခုံးကြားမှ နေရာကို ဖြတ်သန်း ထိုးဖောက်သွားခဲ့သည်။ လတ်ဆတ်သည့် သွေးများ ထိုနေရာမှ ပန်းထွက်လာခဲ့သည်။ မြင်ကွင်းမှာ ကြောက်မက်ဖွယ် ကောင်း၏။
မဖြစ်နိင်ဘူး...
ဤနောက်ဆုံးသော အတွေးက ဓားသမား၏ စိတ်ထဲတွင် ထွက်ပေါ်လာခဲ့သည်။ ထို့နောက်၌ သူ၏ အသိစိတ်က အမှောင်ကျသွားခဲ့ပြီး သူ၏ စိတ်ဝိညာဥ်က ကြေမွသွားခဲ့သည်။ သူ၏ ခန္ဓာကိုယ်က ချက်ချင်းပင် မြေကြီးနှင့် မိတ်ဆက်သွားရတော့၏။
သူက တစ်ချက်တည်းနှင့် အသတ်ခံလိုက်ရပေသည်။
“ကျုပ်က စနောက်နေတာ မဟုတ်ဘူးနော်” ရီဖူရှင်းက ပြောလိုက်ပြီး သူ့ရှေ့ရှိ ကောင်းကင်ဓားခန်းမမှ လူများကို လှံဖြင့် ချိန်ရွယ်လိုက်သည်။ မွန်းကြပ်ဖွယ် ဓားစွမ်းအားများက သူတို့အနီးဝန်းကျင် လေဟာနယ်ကို ဖုံးလွှမ်းသွားသည်။ များပြားလှသည့် ဓားဝိညာဥ်များက လေထုအလွှာကြား၌ ပေါ်ပေါက်လာပြီး ကောင်းကင်ဓားခန်းမှ တန်ခိုးရှင်များ၏ နောက်တွင် မျောလွင့်နေသည်။
စနောက်နေခြင်းမဟုတ်...။
သူက အမှန်တကယ်ပင် တစ်စုံတစ်ယောက်ကို သတ်ပစ်ခဲ့၏။
ရီဖူရှင်းသည် တစ်ယောက်တည်းနှင့် ကောင်းကင်ဓားခန်းမရှေ့မှ လူများရှေ့ လေထဲတွင် ရပ်ကာ ရှေ့သို့ လှမ်းလာသည့် မည်သူမဆို သေရမည်ဟု ခြိမ်းခြောက်ခဲ့သည်။
ဤမြင်ကွင်းသည် ကောင်းကင်ဓားခန်းမမှ တန်ခိုးရှင်များအတွက် ရှက်ဖွယ်လိလိပင် ဖြစ်သည်။ ထိုသည်မှာ သူ၏ အဖွဲ့ဝင်တစ်ဦး ကျဆုံးသွား၍သာမက သူတို့ ကောင်းကင်ဓားခန်းမ၏ ဂုဏ်သရေကိုလည်း ညှိုးနွမ်းစေပေသည်။ နတ်ဘုရားအမွေအနှစ် နယ်မြေသို့ ဝင်ရန် ကောင်းကင်ဓားခန်းမနှင့် ပူးပေါင်းလိုခဲ့သည် လူတစ်ယောက်က ယခု သူတို့၏ ရှေ့၌ပင် နတ်ဓား၏ ပညာရပ်ကို ဖမ်းဆုပ်ရရှိပြီ ဖြစ်သည်။ သူတို့အတွက်သည်တော့ လှံတစ်ချောင်းနှင့် လူတစ်ယောက်၏ တားဆီးခြင်းကို ခံထားရပေသည်။
အသင်္ချေဘုံ၏ ဓားပညာရပ်၌ အားအကောင်းဆုံး အင်အားစုအနေနှင့် ကောင်းကင်ဓားခန်းမသည် ထိုသို့ စော်ကားခံရခြင်းမျိုးကို မည်သည့်အခါမှ မကြုံတွေ့ခဲ့ရဖူးပေ။
ထို့ပြင် ဤတစ်ကြိမ်၌ သူတို့အား ဦးဆောင်လာသူမှာ အစွမ်းထက် ရှန့်ထိုငရဲဓား ဖြစ်သည်။
ကောင်းကင်ဓားခန်းမမှ တန်ခိုးရှင်များသည် သူတို့၏ ဓားဝိညာဥ်များကို လက်နက်အဖြစ် အသုံးပြုကြသည်။ သူတို့သည် အဓိကအားဖြင့် ဓားဝိညာဥ်ကို ကျင့်ကြံကြပေသည်။ သူတို့၏ ဓားဝိညာဥ်များက အလွန် အစွမ်းထက်ကြသည်။ ဓားဝိညာဥ်တစ်ခုချင်းစီတွင် ကြောက်မက်ဖွယ် မှော်အက္ခရာများလည်း ရေးထွင်းထားပေသည်။ သူတို့၏ လမ်းစဥ်များကို ဓားဝိညာဥ်ပေါ်၌ ရေးထွင်းထားသည်။ ဓားဝိညာဥ်တစ်ခုသည် သူတို့၏ ကျင့်ကြံခြင်းတွင် လမ်းညွှန်ပြသပေးကာ ရန်ဟောင်အဆင့်သို့ တက်ရောက်နိုင်ရန် အခွင့်အရေးကို တိုးမြင့်လာစေသည်။
ဓားဝိညာဥ်တစ်ခုချင်းစီသည် များပြားလှသော အခက်အခဲများကို ဖြတ်သန်း ဖြစ်တည်လာခြင်း ဖြစ်သည်။ သူတို့က ရန်ဟောင်အဆင့်သို့ ရောက်သည့်အခါ ထို ဓားဝိညာဥ်များက သူတို့၏ မဟာလမ်းစဥ် နတ်ဝင်ရိုးအတွက် အခြေခံအုတ်မြစ် ဖြစ်လာပေသည်။
ချက်ချင်းပင် မရေတွက်နိုင်သော ဓားဝိညာဥ်များက ရီဖူရှင်းကို တစ်ပြိုင်တည်း ချိန်ရွယ်လာသည်။ လေဟာနယ်သည် အပိုင်းပိုင်း ဖြဲစုတ်ခံလိုက်ရသည်ဟု ထင်မှတ်ရ၏။ ဓားဝိညာဥ်တစ်ခုချင်းစီတွင် မတူညီသည့် လမ်းစဥ်တို့ ပါဝင်သော်လည်း ၎င်းတို့က အလွန် ထက်ရှပေသည်။
ဓားစွမ်းအားများက စူးရှစွာနှင့် နားစည်ကို ထိုးဖောက်လုမတတ် အော်မြည်နေကြသည်။ ဤမျှ များပြားသည့် ဓားတို့၏ တိုက်ခိုက်မှု၌ မည်သူက ရှင်သန်ကျန်ရစ်နိုင်မည်နည်း။
ဤတစ်ကြိမ်၌ သူတို့သည် သူတို့၏ ဓားများကို ကိုင်စွဲတိုက်ခိုက်ရန် ကြံရွယ်နေသော်လည်း ရှေ့သို့ မလှမ်းလာကြပေ။ ကြည့်ရသည်မှာ လူတစ်ယောက်၏ သေဆုံးခြင်းက သူတို့ကို စိတ်အနှောက်အယှက် ဖြစ်စေသော်လည်း သူတို့အား ပို၍ သတိကြီးကြီး ထားမိလာစေသည်။
ရီဖူရှင်း၏ ခန္ဓာကိုယ်ပေါ်တွင် ရန်ဟောင်အဆင့် တိုက်ခိုက်ခြင်းစွမ်းအားတို့က ပြင်းထန်စွာ ပေါက်ကွဲထွက်လာသည်။ သူ့တွင် ခြိမ်းခြောက်နိုင်သော အရှိန်အဝါ ရှိနေ၏။ ရီဖူရှင်းသည် များပြားလှသည့် လူများကို တစ်ယောက်တည်း ရင်ဆိုင်နေသည်။ သူသည် ပြိုင်ဘက်ကင်း စစ်နတ်ဘုရားတစ်ပါး ဖြစ်လာသည်။ လက်ထဲမှ လှံတစ်လက်နှင့်ပင် သူက ပြိုင်ဘက်ကင်းနေပြီ ဖြစ်၏။
ဓားများက တိုက်ခိုက်လာပြီး လေဟာနယ်က အပိုင်းပိုင်း ဖျက်ဆီးခြင်း ခံရပေသည်။ ဓားများ၏ စူးရှစွာ အော်မြည်သံက အားလုံး၏ နားစည်ကို ရိုက်ခတ်လာ၏။ ဖျက်ဆီးခြင်းစွမ်းအားများက လေထဲတွင် ပြည့်နှက်နေသည်။ မရေတွက်နိုင်သည့် ဓားဝိညာဥ်တို့က ရီဖူရှင်းကို တစ်ချိန်တည်းတွင် တိုက်ခိုက်လာပြီး အားလုံးသော ဓားများက အတူတူ ပျံသန်းလာသည်။ တစ်ခုချင်းစီသည် အလွန် ထူးခြားသာလွန်သည့် လက်နက်များ ဖြစ်ကြ၏။ ထိုမြင်ကွင်းသည် အလွန် ခမ်းနားကာ လွှမ်းမိုးနိုင်လှသည်။
ရီဖူရှင်းသည် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်၏။ သူ၏ တိုက်ခိုက်ရေးစွမ်းအားများက အကန့်အသတ်ထိ ပေါက်ကွဲထွက်လာခဲ့သည်။ မဟာလမ်းစဥ် အရှိန်အဝါတို့က ပြင်းထန်စွာ ထွက်ပေါ်လာ၏။ ရီဖူရှင်း၏ လက်ထဲမှ လှံက လေဟာနယ်ကို ထိုးဖောက်သွားခဲ့၏။
သူက လှံနည်းစနစ်ကို မလေ့ကျင့်သော်လည်း နှင်တံနည်းစနစ်ကို လေ့ကျင့်ခဲ့သည်။ ၎င်းတို့၏ မဟာလမ်းစဥ်သည် ဆက်နွယ်မှုရှိနေပြီး လှံနှင့် နှင်တံအကြား၌ တူညီမှုများစွာ ရှိနေသည်။
လှံသည် နဂါးတစ်ကောင်ကဲ့သို့ပင် ပြိုင်ဘက်ကင်း တိုက်ခိုက်ရေး စွမ်းအားများနှင့်အတူ အော်မြည်ကာ ရှေ့သို့ ပြေးဝင်သွားသည်။
ဝရော.. ဝေါ...
ခြောက်ခြားဖွယ်အသံတစ်ခုက လေဟာနယ်အတွင်း ပေါက်ကွဲထွက်လာသည်။ လှံက ဆင်းသက်လာသည့်အခါ ရီဖူရှင်း၏ အရှေ့မှ လေဟာနယ်တစ်ခုလုံးက အစိတ်စိတ်အမွှာမွှာ ပေါက်ကွဲထွက်သွားသည်။
ဓားဝိညာဥ်များသည် ပြင်းထန်စွာ တုန်ယင်နေကြ၏။ အချို့သော ဓားဝိညာဥ်များက အက်ကြောင်းများပင် ဖြစ်ပေါ်လာသည်။ ဓားများက တုန်ခါနေပြီး အချို့သော ဓားများက အက်ကြောင်းများ ဖြစ်ပေါ်လာ၍ အချို့သော ဓားများက ချက်ချင်းပင် အစိတ်စိတ်အမွှာမွှာ ကြေမွသွားခဲ့သည်။
ခြောက်ခြားဖွယ် အသံက ပတ်ဝန်းကျင်တစ်ခွင်တွင် ပဲ့တင်ထပ်လာသည်။ များပြားလှသော လူများက လတ်ဆတ်သည့် သွေးတို့ကို ပါးစပ်အပြည့် အန်ထုတ်လိုက်ကြရသည်။ သူတို့၏ မျက်နှာက ဖြူဖျော့သွားကြ၏။ အချို့သော လူများ၏ ဓားစွမ်းအားတို့က ပျောက်ကွယ်သွားပြီး သူတို့၏ အရှိန်အဝါတို့က လျင်မြန်စွာ အားနည်းသွားခဲ့သည်။
ခဏချင်းအတွင်း၌ ကောင်းကင်ဓားခန်းမမှ တန်ခိုးရှင်တို့၏ အရှိန်အဝါများက သိသိသာသာ အားနည်းသွားခဲ့ပေသည်။
လှံချက်တစ်ချက်။
ထိုသည်မှာ လှံချက်တစ်ချက်တည်းပင် ရှိနေသေး၏။
လူတိုင်းက အံ့သြထိတ်လန့်ကုန်ကြသည်။ ဤအဖြူရောင်ဆံပင်နှင့် လူငယ်သည် ထိုသို့ ပါရမီ အရည်အချင်းမျိုးနှင့် အလွန် အစွမ်းထက်လှသည်။ သူ၏ လှံမှ ရိုက်ချက်ကို မည်သူက လက်ခံနိုင်မည်နည်း။
သူက ထိုနေရာ၌ ရပ်နေရုံဖြင့် အခြားမည်သူမဆို ခြေတစ်လှမ်းမှပင် မလှမ်းနိုင်ခဲ့ပေ။
ယွမ်ယန်ကလန်မှလူများအကြားတွင် ကျူးချီသည် ထိတ်လန့်တုန်လှုပ်သွားခဲ့၏။ သိမ်းငှက်နက်၏ သခင်က အလွန် အစွမ်းထက်လှသည်။ သူ၏ စွမ်းရည်မျိုးက အလွန် ကြောက်မက်ဖွယ် ကောင်းလှ၏။ ထိုသည်မှာ ထိုအစုတ်ပလုတ် သိမ်းငှက်နက် ပြောသည့်အတိုင်းပင် ဖြစ်လေသည်။ ရီဖူရှင်းနှင့် ယှဥ်လျှင် သူမ သိရှိခဲ့သော ပါရမီရှင်များက မှေးမှိန်သွားရပေလိမ့်မည်။ သူတို့၏ ယွမ်ယန်နန်းတော်မှ မည်သူကရော ထိုလှံချက်ကို ခံနိုင်ရည် ရှိနိုင်မည်နည်း။
[အထက်ကိုးဘုံမှ ကောင်းကင်ဓားခန်းမ တပည့်များသည်ပင် မည်သူမှ ခံနိုင်ရည်မရှိကြပေ။ အောက်ဘုံကို အုပ်စိုးသည့် အင်အားစုတစ်ခုဖြစ်သော ယွမ်ယန်ကလန်သည် ခံနိုင်ရည်ရှိရန် ပို၍ ဝေးလိမ့်မည် ဖြစ်သည်။]
သူမသည် ထိုသူ၏ ဖော်ရွေရင်းနှီးသော စရိုက်နှင့် လူအုပ်ကြီးအတွက် ဓားများကို တက်ကြွစွာ ရှာဖွေပေးခဲ့သည်။ သူသည် သူတို့အားလုံးကို ကံကြမ္မာနှင့် ကံကောင်းမှုပေါ် အခြေခံ၍ နတ်ဓားများအား အလှည့်ကျ ဆက်ခံရန်လည်း အကြံပြုခဲ့သည်။ ထိုသည်မှာ သူက အားနည်းသောကြောင့် ဖြစ်သည်ဟု ကျူးချီ ယုံကြည်ခဲ့မိသည်။
ယခု သူမသည် သူက အလွန် ထူးချွန်လှသည်ကို မြင်တွေ့ခဲ့ရသည်။
ယခင်က လူနှင့် ယခု လူက မတူညီသော လူနှစ်ယောက် ဖြစ်သည်ဟုပင် ထက်မှတ်ရပေသည်။
ကျူးချီသာမကဘဲ ယွမ်ယန်ကလန်အဖွဲ့အား ဦးဆောင်လာသူ ယွမ်ဟုန်ပင်လျှင် အလွန်အမင်း အံ့အားသင့်နေခဲ့သည်။ ထိုဓားချက်သည် အမှန်ပင် အံ့သြထိတ်လန့်ဖွယ် ကောင်းလှ၏။ ဤပုဂ္ဂိုလ်၏ ခန့်ညားမှုနှင့် ပါရမီတို့သည် အထက်ကိုးဘုံ၏ ထိပ်သီးပုဂ္ဂိုလ်များနှင့် နှိုင်းယှဥ်၍ ရပေသည်။ သို့သော် ထိုသူက ကျော်ကြားသည့် မည်သူမှ မဟုတ်ခဲ့ပေ။ ယွမ်ဟုန်သည် ယခင်က သူ့အား သိပင် မသိခဲ့ပေ။
ယွမ်ဟုန်သည် ယနေ့၏ နတ်ဓားယှဥ်ပြိုင်ပွဲက ဤဆံပင်အဖြူ လူငယ်နှင့် မသက်ဆိုင်ဟု ယုံကြည်ခဲ့သည်။ ထိုသည်မှာ ရီဖူရှင်း၏ အဖွဲ့က အားနည်းသောကြောင့် ဖြစ်ပေသည်။ ထိုသို့သော အဖွဲ့မျိုးမှာ နတ်ဓားကို ရရှိဖို့ရာ ရည်စူးရန်ပင် မဖြစ်နိုင်ပေ။ ယွမ်ဟုန်က သဘောတူညီချက်ကို လိုက်နာ၍ ထိုအရာကို ရယူရန် မရည်ရွယ်လျှင်ပင် အခြားအင်အားစုများက သဘောတူပါမည်လား။
ယွမ်ဟုန် ခန့်မှန်းထားသကဲ့သို့ပင် ကောင်းကင်ဓားခန်းမက သဘောမတူသဖြင့် တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။
ကောင်းကင်ဓားခန်းမက လီဟန်ဓားသမားထံမှ နတ်ဓားကို ရယူခဲ့ပြီးသောအခါမှ ယွမ်ဟုန်သည် နတ်ဓားကို ကောင်းကင်ဓားခန်းမထံမှ ပြန်လည် ရယူမည်ဟု တွေးထားခဲ့သည်။
သို့သော် လူတစ်ယောက်က ကောင်းကင်ဓားခန်းမကို ဆန့်ကျင် ရပ်တည်နိုင်လိမ့်မည်ဟု ယွမ်ဟုန်တွေးမထားခဲ့ပေ။
လူတစ်ယောက်သာ စောင့်ကြပ်နေသော်လည်း ထောင်သောင်းချီသည့် လူများက ကျော်ဖြတ်ရန် မဖြစ်နိုင်သကဲ့သို့ ဖြစ်၏။
ရီဖူရှင်း၏ လက်ထဲမှ လှံက ရန်ဟောင်အဆင့် တိုက်ခိုက်ရေး စွမ်းအားတို့ကို ထုတ်လွှတ်နေသည်။ ထိုသည်မှာ နတ်ဘုရားအမွေအနှစ် နယ်မြေမှ သူ ရရှိခဲ့သော ပစ္စည်း ဖြစ်ပုံရလေသည်။
ရီဖူရှင်း၏ အရည်အချင်းနှင့် နတ်ဓားကို ဆက်ခံရသူမှာ လီဟန်ဓားသမား မဖြစ်သင့်ပေ။ ရီဖူရှင်းက ရည်ရွယ်ချက်ရှိရှိနှင့် အခွင့်အရေးကို လီဟန်ဓားသမားအတွက် လက်လျှော့ပေးခဲ့ခြင်း ဖြစ်ပေမည်။ ရီဖူရှင်း၏ ကြိုးစားမှုမှာ နတ်ဓားကို ဆက်ခံရန်မဟုတ်ဘဲ ၎င်းကို စစ်ဆေး၍ ဆက်ခံရန် နည်းလမ်းရှာဖွေခြင်းပင် ဖြစ်သည်။
ထို့ပြင် သူသည် သူရည်ရွယ်သည့်အတိုင်း အောင်မြင်အောင် လုပ်ဆောင်ခဲ့သည်။ ထို့ကြောင့် သူတို့က လီဟန်ဓားသမား အောင်မြင်စွာ ဆက်ခံနိုင်သည်ကို မြင်တွေ့ရခြင်း ဖြစ်သည်။
နတ်ဓားပညာရပ်ကို အလိုအလျောက် လက်လျှော့ခြင်းမှာ မည်သို့သော စိတ်နေစိတ်ထားနည်း။ သူက ထိုသို့သော ပညာရပ်ကို အထင်အမြင်သေးနေခဲ့သည်လား။
ယွမ်ယန်ကလန်၏ တိုက်ရိုက်မျိုးဆက်အနေနှင့် ယွမ်ဟုန်သည် ထိုနတ်ဘုရားအမွေအနှစ်ဆိုသည်က ယခုခေတ် ဓားသမားတစ်ယောက်ယောက် ချန်ရစ်ခဲ့သော အရာမဟုတ်သည်ကို နားလည်ပေသည်။ ဤနေရာက ရှေးဟောင်းစစ်မြေပြင် ဖြစ်သည်။ ဤနေရာ၌ ကျန်ရစ်ခဲ့သော ပညာရပ်များက မဟာလမ်းစဥ်နှင့် ပြည့်ဝနေပေသည်။ ထိုသည်မှာ နတ်ဘုရားအမွေအနှစ် နယ်မြေက မည်သည့်အတွက် အထက်ဘုံကိုးခုအား တုန်လှုပ်စေရသနည်းဟူသော အကြောင်းရင်းပင် ဖြစ်သည်။ ဤနေရာ၌ ကြမ္မာငင်မည့် ဖြစ်ရပ်များစွာလည်း ပုန်းကွယ်နေသည်။ ကောင်းမွန်သော ကံတရားကို ရယူနိုင်သည့် မည်သူမဆို ဤနေရာမှ ထွက်ခွာသွားသည်နှင့် ထူးခြားပြောင်မြောက်သည့် ရန်ဟောင်တစ်ပါး ဖြစ်လာပေလိမ့်မည်။
ဗြဟ္မာ့သန့်စင်ကောင်းကင်မှ နတ်မိမယ်များက ရီဖူရှင်းကို စူးစိုက်ကြည့်လိုက်ကြသည်။ သူတို့၏ မျက်လုံးများက လင်းလက်ရွှန်းစိုနေခဲ့သည်။ သူသည် သူတို့ ရွှမ်ထျန်းစံအိမ်၌ ဆုံတွေ့ခဲ့စဥ်ကထက်ပင် ပို၍ သန်မာ အားကောင်းလာခဲ့၏။ ယခု သူက ရိထျန်းယွီနှင့် တစ်ဖန် ရင်ဆိုင်ရလျှင် ထိုသူက သူ၏ ပြိုင်ဘက်ပင် မဖြစ်နိုင်တော့လောက်ပေ။
ထို့ပြင် ချင်းဟယ်နှင့် နတ်မိမယ်ကျင့်ရီးလည်း ရှိနေ၏။ အတိတ်တွင် သူမက နတ်ဆိုးဘုံမှ မှော်ဝိဇ္ဇာထံ သွားရောက်ခဲ့ဖူးသည်။ ထိုနေရာ၌ ရီဖူရှင်းအား ပထမဆုံး ဆုံတွေ့ခဲ့ဖူးခြင်း ဖြစ်သည်။
ရုတ်တရက် သူမက ထို မတော်တဆ အဖြစ်အပျက်ကို ပြန်တွေးမိလိုက်သည်။ ရီဖူရှင်း မှော်ဝိဇ္ဇာနန်းတော်သို့ ဝင်သွားပြီးနောက် မကြာခင်မှာပင် မှော်ဝိဇ္ဇာက သူ၏ အသက်ကိုသူ အဆုံးသတ်ခဲ့သည်။ ထို့နောက်၌ မှော်ဝိဇ္ဇာဟူသည်မှာ လောကမီ ပျောက်ကွယ်သွားတော့၏။
သူ မသေဆုံးမီက မှော်ဝိဇ္ဇာသည် ကောင်းကင်အာဏာစက်ဘုံ၌ ကြီးမားသည့် ဖြစ်ရပ်ကြီးတစ်ခု ဖြစ်ပွားလိမ့်မည်ဟု ဟောကိန်း ထုတ်ခဲ့သည်။ လူတိုင်းက သူတို့၏ အာရုံကို ဂူကလန်မှ ဂူထျန်းရှင်းနှင့် ဂူတုံးလျှိုထံ အပြည့်အဝ ထားရှိခဲ့ခြင်းကြောင့် မည်သူကမှ မှော်ဝိဇ္ဇာ မသေဆုံးမီ တွေ့ဆုံခဲ့သည့် နောက်ဆုံးလူ ရီဖူရှင်းနှင့် မှော်ဝိဇ္ဇာ၏ သေဆုံးခြင်းအကြား ဆက်စပ်မှုကို သတိမထားမိခဲ့ကြပေ။
သို့သော် ယခု ကျင့်ရီးသည် ထိုအဖြစ်အပျက်အား ပြန်တွေးမိပြီးနောက် သူမက တစ်ခုခုကို ရုတ်တရက် သတိပြုမိလိုက်လေသည်။
သူမ၏ နှလုံးသားက ပြင်းထန်စွာ ခုန်လှုပ်လာ၏။ မှော်ဝိဇ္ဇာ မသေဆုံးခင်၌ ဟောကိန်းထုတ်ခဲ့သော ကောင်းကင်အာဏာစက်ဘုံကို ပြောင်းလဲနိုင်မည့်သူ ဆိုသည်မှာ ရီဖူရှင်းကို ပြောခြင်း ဖြစ်နိုင်သည်လား။
မှော်ဝိဇ္ဇာ၏ သေဆုံးခြင်းက ရီဖူရှင်းနှင့် ဆက်စပ်နေခဲ့ပါလျှင် နောက်ကွယ်၌ မည်သည့် အကြောင်းအရာကို ဖုံးကွယ်ထားပါသနည်း။
ရီဖူရှင်းနှင့် ယူချင်းက စောင့်ကြပ်နေသည်ဖြစ်ရာ လီဟန်ဓားသမား နတ်ဓားပညာရပ်ကို ဆက်ခံနေခြင်းအား မည်သူမှ နှောက်ယှက်နိုင်ခြင်း မရှိပေ။ ထိုက်ရွှမ်တောင်မှ အဖွဲ့သည် လီဟန်ဓားသမားကို အနည်းငယ် အားကျကာ မနာလိုဖြစ်နေခဲ့သည်။
ရီဖူရှင်းက ဤဓားသမားကို အမှန်တကယ်ပင် ကောင်းစွာ ဆက်ဆံလေသည်။ ထိုဓားသမားမှာ ရီဖူရှင်း အလွန် လေးစားသည့် စီနီယာတစ်ယောက် ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ရီဖူရှင်းက သူ့အတွက် ထိုသို့ အရေးကြီးသည့် ကံကြမ္မာကို ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
အဆုံးမဲ့ ဓားစွမ်းအားများက ရစ်ပတ်နေပြီး ဓားမြို့တော်တစ်ခွင်မှ အားလုံးသော ဓားစွမ်းအားတို့က လီဟန်ဓားသမား ရှိနေသည့် ဓားဝင်္ကပါထံသို့ တစ်ဟုန်ထိုး ပြေးဝင်လာနေ၏။ သူက အားနည်းသော်လည်း သူ၏ ခန္ဓာကိုယ်သည် ထိုအခြေအနေကို ထောက်လှမ်းမိကာ သူ၏ ဓားစွမ်းအားများက သူ့ခန္ဓာကို ဖုံးလွှမ်းလာခဲ့၍ သူ့အား တစ်ဖန် အားကောင်းလာစေသည်။
ရီဖူရှင်း၏ ရှေ့တွင် ရှန့်ထိုငရဲဓား ၏ ရွှေရောင်မျက်လုံးတစ်စုံက သူ့အပေါ်တွင် စူးစိုက်ကြည့်နေခဲ့၏။
မျှော်လင့်ထားသကဲ့သို့ပင် ကောင်းကင်ဓားခန်းမက မည်သူမှ ရှေ့သို့ တိုးမလာခဲ့ကြပေ။ ယခင် တိုက်ခိုက်မှုတွင် ဓားများကို အားလုံး စေလွှတ်ခဲ့သောလည်း မည်သူမှ အရေးသာခြင်းမရှိခဲ့ကြပေ။
သို့သော် ရှန့်ထိုငရဲဓား က သူ၏ ဓားကို စေလွှတ်ခဲ့ခြင်း မရှိချေ။
ရှန့်ထိုငရဲဓား ၏ ခန္ဓာကိုယ်မှ တောက်ပသော ရွှေရောင်အလင်းများ ထွက်ပေါ်လာသည်။ သူ့ထံ၌ ရွှေရောင်သင်္ကေတများနှင့် တောက်ပနေသည့် နတ်ဓားတစ်လက် ထွက်ပေါ်လာခဲ့၏။ ယင်းက သူ၏ ခေါင်းထက်တွင် ရစ်ဝဲနေသည်။ သူသည် လက်နှစ်ဖက်ကို ဓား mudra အသွင် လှုပ်ရှားလိုက်၏။ ခဏချင်းအတွင်း ဓားအရိပ်များက ကောင်းကင်ကို ဖုံးလွှမ်းသွားခဲ့သည်။
ရီဖူရှင်း၏ ခန္ဓာကိုယ်ကို ဗဟိုပြုကာ ရွှေရောင်သင်္ကေတများက ဓားများ၌ ရိုက်နှိပ်ထားသကဲ့သို့ ထွက်ပေါ်လာပြီး ကောင်းကင်ကို ပိတ်ကွယ်သွားသည်။ နတ်ဓားအလင်းတန်းများ ကျဆင်းလာပြီး ကြောက်မက်ဖွယ် လေဟာနယ်ဓားအလွှာ တစ်ခု ဖြစ်တည်လာ၏။ ယင်းတို့သည် အံ့အားသင့်ဖွယ်အလင်းတို့ ဖုံးလွှမ်းထားပြီး ရီဖူရှင်းကို အတွင်း၌ ပိတ်ဆို့ထားသည်။
“လေဟာနယ်နတ်ဓားတွေ” ရီဖူရှင်းက ခေါင်းကို မော့ကာ အနီးကို ဝေ့ဝဲကြည့်လိုက်သည်။ ရွှေရောင်နတ်ဓားများက သူ့အနီး နေရာအနှံ့တွင် ပေါ်ပေါက်လာ၏။
ရှန့်ထိုငရဲဓား ၏ ခေါင်းထက် လေထဲမှ ဓားများသည် ရန်ဟောင်လက်နက်နှင့် ဓားဝိညာဥ်တို့ ပေါင်းစပ်ထားသည်ဟု ထင်မှတ်ရသည်။ ၎င်းက ခမ်းနားသည့် ရန်ဟောင်အလင်းတို့ပင် ထုတ်လွှတ်နေ၏။ ဓားများက ထိခတ်သံများ ထွက်ပေါ်နေ၏။ အဆုံးမဲ့လေဟာနယ် နတ်ဓားများက ကောင်းကင်တွင် မျောလွင့်နေသည်။
“သွား” ရှန့်ထိုငရဲဓား က ရေရွတ်လိုက်၏။ နတ်ဓားများသည် လေဟာနယ်ကို ဖြတ်သန်းကာ ရီဖူရှင်းထံ ပြေးဝင်သွားသည်။ တစ်ချိန်တည်းမှာပင် ကောင်းကင်ထက်၌ မရေတွက်နိုင်သည့် လေဟာနယ်နတ်ဓားများက အဝေးမှ လေဟာနယ်ကို ထိုးခွဲ ဖြတ်သန်းကာ ကျဆင်းလာသည်။
ဝေါ... ဝုန်း...
ရီဖူရှင်းထံမှ ပြင်းထန်လှသည့် တိုက်ခိုက်ရေးစွမ်းအားတို့ ထွက်ပေါ်လာသည်။ သူက ခြေတစ်လှမ်း လှမ်းရုံမျှနှင့် သူ့အနီးမှ လေထုက သိပ်သည်းသွားပြီး လေဟာနယ်သည် သူ၏ လက်အောက်သို့ ကျရောက်သွားသလိုပင် ဓားများ၏ အရှိန်က နှေးကွေးသွားလေသည်။ ကြီးမာသည့် တိုက်ခိုက်ရေးစွမ်းအင်လှိုင်းတို့က ရီဖူရှင်း၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာခဲ့သည်။ သူက လက်ကို ဆန့်ထုတ်လိုက်ပြီး လှံက ပစ်မှတ်ထံ ရောက်ရှိသွားခဲ့သည်။ ချက်ချင်းပင် လွှမ်းမိုးနိုင်စွမ်းရှိသည့် တိုက်ခိုက်ရေးစွမ်းအားတို့သည် မရေတွက်နိုင်သည့် လှံအရိပ်များအဖြစ် ပြောင်းလဲသွား၍ နတ်ဓားများနှင့် ထိပ်တိုက်တွေ့ဆုံသွားခဲ့သည်။
ကောင်းကင်နှင့် မြေကြီးက တုန်ခါသွားလေသည်။ ဖျက်ဆီးခြင်းစွမ်းအားတို့က ကောင်းကင်တစ်ခွင်ကို လွှမ်းခြုံသွားသည်။ သို့သော် ရီဖူရှင်း၏ ခန္ဓာကိုယ်က တောက်ပသည့် အလင်းတန်းတစ်ခု ဖြစ်လာပြီး လေဟာနယ်ကို ချက်ချင်း ဖြတ်သန်းထိုးဖောက်ကာ ရှေ့တည့်တည့်သို့ ဝင်ရောက်သွားသည်။ လှံ၏ ထိပ်ဖျားက အားအကောင်းဆုံး နတ်ဓားပေါ်သို့ သက်ဆင်းလာခဲ့၏။
တောက်ပသည့် အလင်းရောင်တို့ ထွက်ပေါ်လာသည်။ နတ်ဓားက နောက်သို့ လွင့်စင်သွားပြီး ရှန့်ထိုငရဲဓား က ခပ်တိုးတိုး ညည်းညူလိုက်ရသည်။ ထိတ်လန့်ဖွယ်ကောင်းစွာနှင့် သဏ္ဌာန်မဲ့ စွမ်းအားတစ်ခုက သူ၏ ခန္ဓာကိုယ်ကို နောက်သို့ လွင့်ထွက်သွားစေသည်။ သူသည် ကောင်းကင်ဓားခန်းမမှ တန်ခိုးရှင်များနှင့် တိုက်မိသွားမှပင် နောက်ဆုံးရပ်တန့်သွားခဲ့ပေသည်။
အဟွတ်...
တိုးတိမ်သော ချောင်းဆိုးသံတစ်ချက်ကို ကြားလိုက်ရပြီး ရှန့်ထိုငရဲဓား ၏ ပါးစပ်ထောင့်မှ သွေးတို့ စီးကျလာခဲ့ပေသည်။
ထိုသည်မှ လှံချက်တစ်ချက်မျှသာ ဖြစ်သော်လည်း အလွန် အစွမ်းထက်လှပေသည်။
***