ဝံပုလွေနှင့် လောက (၁)
Vol. 22 Ch. 300
ဟူး… ဟူး…
ခရမ်းရောင် အလင်းတန်းများက တဖြည်းဖြည်း မှေးမှိန်သွားကာ သူမ၏ ခန္ဓာကိုယ်မှာလည်း ပြန်လည် ကျုံ့ဝင်သွား၏။ တစ်ချိန်တည်း၌ လူအုပ်မှာမူ ယွင်ဟန်ရှီ၏ သေဆုံးမှုထက် တရှန်း၏ ကွင်းခုနစ်ကွင်း ဝိညာဉ် ဆင်းတုကိုဟာ ပိုမို စိတ်ဝင်စား နေကြသည်။ ထိုအရာကား ကြောက်မက်ဖွယ် ကောင်းလောက်အောင် မြင့်မားသည့် ပါရမီမျိုး ဖြစ်သည်။ ထိုမိန်းကလေးမှာ ကျိန်းသေပင် ပထမဆု နေရာကို စိန်ခေါ်နိုင်ပေလိမ့်မည်။
သို့သော်လည်း တရှန်းမှာမူ သူမ၏ ကျောက်စိမ်းပြားတွင် တိုးလာသည့် ဝိညာဉ်မှတ်များကိုပင် အရေးလုပ်ကာ ကြည့်မနေခဲ့ချေ။ ချက်ချင်းပင် စင်မြင့်ထက်မှ အောက်သို့ ခုန်ဆင်းသွား၏။ သူမ၏ သွေးပေနေသော လက်များက အနည်းငယ် တုန်ရီနေကာ သူမ၏ ရွှေရောက် မျက်ဝန်းများမှာ အမျိုးမျိုးသော ခံစားချက်များဖြင့် ပြည့်နှက်နေသည်။
သူမ ဝေးဝေးသို့ ထွက်မပြေးနိုင်ခင်မှာပင် လက်တစ်ဖက်မှာ နွေးထွေးမှုတို့ကို ယူဆောင်လာကာ သူမ၏ သွေးစွန်းနေသော လက်ကို လာရောက် ဆုပ်ကိုင်လိုက်၏။ သူမ အနည်းငယ် တုန်ရီစွာဖြင့် နောက်သို့ လှည့်ကြည့်လိုက်ရာ ငွေရောင် မျက်ဝန်း တစ်စုံကို ပထမဆုံး တွေ့လိုက်ရသည်။
ထို့နောက် ထူထဲသော မျက်ခုံးများ၊ ဖြောင့်စင်းသည့် နှာတံ၊ ချောမောသည့် မျက်နှာနှင့် နှစ်သိမ့်မှုပေးသည့် အပြုံး…
မျက်ရည်များမှာ သူမ၏ မျက်ဝန်းများမှ တရဟော စီးကျလာ၏။ ထို့နောက် သူမ၏ ခန္ဓာကိုယ်မှာ သူ့ရင်ခွင် အတွင်း လဲပြိုကျ သွားသည်။ ယခုအချိန်၌ သူ၏ ကျယ်ပြန့်သော ရင်ခွင်းအတွင်း ခိုလှုံခြင်းမှ လွဲ၍ သူမ ဘာကိုမှ မလိုချင်တော့။
"..."
လူများမှာ ထိုမြင်ကွင်းကို ကြည့်ကာ တိတ်ဆိတ် ငြိမ်သက်နေကြ၏။ သူမ၏ ဇာတ်လမ်း၊ သူမ၏ နောက်ခံ၊ သူမ၏ အတွေးတို့ကို သူတို့ မသိကြသည့်တိုင် ဝေ့ဝူယင်ကို လေးစားသည့် အနေဖြင့် တိတ်ဆိတ်ပေးနေကြခြင်း ဖြစ်သည်။ ဤသည်က ဆူညံရန် အချိန်မဟုတ်သည်မှာ ထင်ရှားလှပေသည်။
ချင်ချူးမူမှာ ခမ်လှမ်းလှမ်းမှ နေ၍ ထိုမြင်ကွင်းကို ကြည့်နေခဲ့၏။ ဘာကြောင့်မှန်း မသိ… သူမ၏ နှလုံးသားက စိတ်ရှုပ်ထွေးမှုများနှင့် ပြည့်နှက်နေသည်။ သူမ၏ မြစိမ်းရောင် မျက်ဝန်းများမှာ အနည်းငယ် ရီဝေသွားကာ အတွေးတို့၏ ကြီးစိုးခြင်းကို ခံလိုက်တော့သည်။
…
ဝေ့ဝူယင်သည် ငြိမ်သက်စွာပင် တရှန်း၏ ခန္ဓာကိုယ်လေးကို ဖက်ထားခဲ့၏။ သူမ ခံစားရသမျှ ခံစားချက်တိုင်းကို သူ နားလည်အေသည်။ သူသည် သူမထက် ပိုမို နက်ရှိုင်းစွာပင် ခံစားခဲ့ဖူးသည်။
သူမ ကဲ့သို့ပင် သူ မိသားစုကို ဆုံးရှုံးခဲ့ရသည်။ သူ့မိခင်နှင့် ဖခင်ဖြစ်သူတို့ ပျောက်ဆုံးသွားခဲ့ချိန်တွင် အကိုကြီး ဖြစ်သူကသာ သူ့ကို ချစ်ခြင်း မေတ္တာ အပြည့်ဖြင့် ပြုစုပျိုးထောင် ပေးခဲ့သည်။
အကိုကြီးမှာ သူ့ဘဝ၏ အရေး အကြီးဆုံးသော ဖြစ်တည်မှု ဖြစ်သည်။ အကိုကြီး အသတ်ခံရပြီးနောက်၌ သူ ပြေးခဲ့သည်။ ပြေးနိုင်သမျှ ပြေးခဲ့သည်။ သူ၏ ခြေလှမ်းများက နေသွေးနီနီဂိုဏ်းကို ရောက်သည် အထိ…။
ဂိုဏ်းထဲသို့ ရောက်ရှိပြီးသည့်နောက် သူ့ပထမဆုံး ရည်မှန်းချက်က လက်စားချေရန်ပင်။
နှစ်ကြာကြာ မစောင့်လိုက်ရခင်မှာပင် ထိုနေ့က ရောက်ရှိလာခဲ့သည်။ တာဝန်ရှိသူတိုင်းအား ကိုယ်တိုင်လက်ဖြင့် သတ်ဖြတ်ကာ အကိုကြီး အတွက် သူ လက်စားချေခဲ့သည်။ ထိုနေ့ရက်များ၌ လက်ကို သွေးမစွန်းသော နေ့ ဟူ၍ပင် မရှိခဲ့ချေ။
ကံဆိုးစွာပင် အကိုကြီးကတော့ ပြန်မလာနိုင်ခဲ့ပါချေ။ သူ၏ သင်ပြမှု၊ သူ၏ အပြုံး၊ သူ၏ ထွေးပွေ့မှု၊ သူ၏ အသံ… အကိုကြီးနှင့် ပတ်သက်သမျှ အရာအားလုံး ပြန်မလာနိုင်တော့။
မိနစ် အနည်းငယ် ကြာအောင် ငြိမ်သက် တိတ်ဆိတ်ပြီးနောက်၌ တရှန်းမှာ ခံစားချက်ကို ပြန်လည် ထိန်းချုပ် လာနိုင်ခဲ့၏။ သူမက အသာအယာပင် ဝေ့ဝူယင်ထံမှ ခွာကာ မူလ နေရာသို့ ပြန်လည် သွားကာ ထိုင်လိုက်သည်။ မည်သို့ပင် ဆိုစေ… စမ်းသပ်ပွဲမှာ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်။ သူမကြောင့် ဝေ့ဝူယင် အနှောက်အယှက် ဖြစ်သွားမည်ကို တရှန်း မလိုလားချေ။
ဝေ့ဝူယင် သူမကို သွားခွင့် ပြုလိုက်၏။ ထို့နောက် သူက အသာအယာ သက်ပြင်းတစ်ချက် ချရင်း အခြား ပြိုင်ပွဲဝင်များကို ခြုံကာ ကြည့်လိုက်သည်။
"စမ်းသပ်ပွဲကို နှောင့်နှေးသွားအောင် လုပ်ခဲ့မိတဲ့ အတွက် တောင်းပန်ပါတယ်… ခင်ဗျားတို့ရဲ့ လေးစားပေးမှု အတွက် ပြိုင်ပွဲပြီးဆုံးတဲ့ အခါ အဆင့် ခုနစ် ဆေးလုံး တစ်လုံးစီနဲ့ ကျုပ်ဘက်က ကျေးဇူးတုန့်ပြန်ပါရစေ"
" … "
သူ၏ စကားလုံးများက အားလုံးကို ပါးစပ် အဟောင်းသားဖြင့် အံ့အားသင့် သွားစေသည်။
"အဆင့်ခုနစ်ဆေးလုံး… ဒီလိုပဲလား…"
ထိုအရာက တိတ်ဆိတ်ငြိမ်သက်ပေးမှု တစ်ခုတည်းကြောင့်လား။ သူတို့ စကညး မပြောခဲ့ခြင်းမှာ ဝေ့ဝူယင်ကို ဆန့်ကျင်မိမှာ ကြောက်သောကြောင့် ပါသလို ဘာမှ ပြောစရာ မရှိ၍လည်း ဖြစ်သည်။ ဘာဖြစ်ဖြစ် သူတို့ ပါးစပ်ပိတ် နေမိသည်က ကံကောင်းသည်။ အဆင့်ခုနစ် ဆေးတစ်လုံး… ထိုတန်ဖိုးက မသေးလှချေ။ အားလုံး၏ မျက်လုံးများက စိတ်လှုပ်ရှားမှုများဖြင့် တောက်ပလာသည်။
ဝေ့ဝူယင်က ခေါင်းတစ်ချက် ညိတ်ကာ ကျူးဟိုင်ဘက်သို့ လှည့်လိုက်သည်။
"မင်းသွားလို့ ရပြီ…"
ဝေ့ဝူယင်ထံမှ ခွင့်ပြုချက် ရသည်နှင့် ကျူးဟိုင်၏ သွေးရောင် မျက်လုံးများက တလက်လက် တောက်ပလာ၏။ ကြောက်မက်ဖွယ် အရှိန်အဝါက ကြမ်းတမ်း ခက်ထန်မှုတို့ကို ယူဆောင်ကာ ကွင်းပြင် တစ်ခုလုံးကို ပျံ့နှံ့သွားသည်။ သူ၏ မျက်လုံးများထဲတွင်မူ သတ်ဖြတ်ခြင်းနှင့် တိုက်ပွဲ အငွေ့အသက်များမှာ ကိန်းအောင်းနေ၏။
"နောက်ဆုံးတော့…"
"ဂျွတ်… ဂျွတ်…"
ကျူးဟိုင်က လည်ပင်းကို တဂျွတ်ဂျွတ် မြည်အောင် ဘယ်ညာ ခါကာ ချိုးလိုက်၏။ ထို့နောက် ခြေဖလာဖြင့် တက်ကြွသော သူ၏ ခြေလှမ်းများက စင်မြင့်စီသို့ ဦးတည် သွားသည်။ သူ၏ ပေါ့ပေါ့ပါးပါး ပုံစံက တိုက်ပွဲ တစ်ခုဆီသို့ သွားရောက်သည်ထက် အပန်းဖြေ ခရီးထွက်လာသလိုပင်။
စုမေ့က တည်ငြိမ်စွာပင် ကျူးဟိုင်၏ လှုပ်ရှားမှုများကို ကြည့်နေခဲ့သည်။ ဝိညာဉ်ဆင်းတု အဆင့်သို့ ကိုယ်တိုင် တက်လှမ်းပြီးနောက်တွင် သူမသည် ကျူးဟိုင်နှင့် ပြိုင်ဆိုင်လိုစိတ်များ ရှိလာခဲ့သည်။ ထို့ကြောင့်ပင် ဤတိုက်ပွဲ၌ ကျူးဟိုင် မည်မျှ စွမ်းဆောင်နိုင်မည်ကို သူမ သိလိုနေသည်။
ဝမ်… ဝမ်…
ကျူးဟိုင် စင်မြင့်ထက်သို့ ရောက်ရှိသည်နှင့် စင်မြင့်မှာ လင်းလက်လာကာ ကောင်းကင်တွင် စာလုံးများ ပေါ်လာခဲ့၏။
ကျူးဟိုင်…
အနန္တဧကရာဇ်ဂိုဏ်း ပြိုင်ပွဲဝင်…
ဝိညာဉ်ဆင်းတု ကျင့်ကြံခြင်း အခြေခံ…
ဝိညာဉ်အမှတ်… ၃၇၅၀
ကျူးဟိုင်၏ ဝိညာဥ် အမှတ်အရေအတွက်က လူများကို ရုန်းရင်းဆန်ခတ် ဖြစ်သွားစေ၏။ ဝိညာဉ်ဆင်းတု အဆင့်များ အတွက်ပင် ၎င်းမှာ များလွန်းလှသော ပမာဏ ဖြစ်သည်။ ကြောက်ရွံ့စိတ်က လူတိုင်း၏ နှလုံးသားထဲတွင် အမြင့်ဆုံးထိအောင် ရောက်ရှိ သွား၏။
"နောက်ဆုံးတော့…"
ထိုအခိုက်တွင်ပင် အခြား အသံတစ်ခုက ကျယ်လောင်စွာ ထွက်ပေါ်လာကာ ပုံရိပ်တစ်ခု စင်ပေါ်သို့ လှစ်ခနဲ ရောက်ရှိလာ၏။
လင်းမင်…
ဒြပ်စင်ကောင်းကင်နန်းတော် ပြိုင်ပွဲဝင်…
ဝိညာဉ်ဆင်းတု ကျင့်ကြံခြင်း အခြေခံ…
ဝိညာဉ်အမှတ်… ၃၆၂၅
လင်းမင်၏ ချောမောသော မျက်နှာထက်တွင် အပြုံးတစ်ခုက နေရာယူနေ၏။ နတ်ဘုရားနှင့်ပင် နှိုင်းယှဉ်နိုင်သည့် ယုံကြည်မှုများက သူ့မျက်လုံးများတွင် တဖိတ်ဖိတ် တောက်ပနေသည်။ သူက တက်ကြွစွာပင် ကျူးဟိုင်ကို ကြည့်လိုက်၏။
"မင်းသိလား… ငါ ဒီအချိန်ကို တစ်ချိန်လုံး စောင့်နေတာ…"
ကျူးဟိုင်က ငွေရောင် မျက်ခုံး အစုံကို အနည်းငယ် ပင့်တင်ကာ တုန့်ပြန်လိုက်၏။ ကြည့်ရသည်က ထိုလူငယ်မှာ တိုက်ပွဲ မစတင်ခင် စစ်ထိုးစကား များများ ပြောရသည်ကို နှစ်သက်ပုံ ရသည်။ ကံဆိုးစွာပင် သူက ထိုအရာမျိုးကို သောက်ရမ်း မုန်းသည်။
တိတ်ဆိတ်နေသည့် ကျူးဟိုင်ကို ကြည့်ရင်း လင်းမင်၏ မျက်လုံးများက စိတ်ဝင်စားမှုများဖြင့် ပြည့်နှက်သွားသည်။ လွန်ခဲ့သည့် လအနည်းငယ်ခန့်က ကျူးဟိုင်နှင့် ဝေ့ဝူယင်တို့မှာ တိုက်ကွက် သုံးကွက် ဖလှယ်ကာ အခြေခံ အုတ်မြစ်ချင်း ယှဉ်ပြိုင် ခဲ့ကြသည်။ ထိုနေ့တွင် ကျူးဟိုင်သည် သူ၏ ကွင်းကိုးကွင်း ဝိညာဉ် ဆင်းတုကို ထုတ်ဖော် ပြသခဲ့သည်။ ထိုအရာကား ကျင့်ကြံခြင်း လမ်းစဥ် အထွတ်အထိပ် ပါရမီရှင် တစ်ဦး၏ လက္ခဏာရပ်ပင်။
ပိုမို ကြီးကျယ် ခမ်းနားသည့် လောကကြီး၏ မေ့ပျောက်လုနီးပါး ဆိတ်သုဉ်းနေသော ဤကြယ်တာရာ နယ်မြေလေးတွင် ကွင်းကိုးကွင်း ဝိညာဉ်ဆင်းတု ပိုင်ရှင် တစ်ယောက် ထွက်ပေါ်လာလိမ့်မည်ဟု ထင်မှတ် မထားခဲ့ချေ။ စီနီယာ အမက ဤနေရာ၏ ပတ်ဝန်းကျင် အခြေအနေနှင့် အားနည်းချက်များ အကြောင်းကို သူ့အား အသေးစိတ် ပြောပြထားခဲ့သည်။ အဂ္ဂိရတ် ပညာရှင်များ၏ အကူအညီသာ မပါက သည်ပတ်ဝန်းကျင်မျိုးဖြင့် ကြယ်တာရာ အမြုတေ အဆင့်လေး အာကာသ ပဲ့တင်သံ အဆင့်ကို ရောက်ရန်မှာ မဖြစ်နိုင်လု နီးပါးပင်။
ဤသည်မှာ ထာဝရ ဧကရာဇ်၏ ခေတ်မတိုင်ခင် ကတည်းက တည်မြဲလာသည့် စမ်းသပ်ခံ အမှန်တရား တစ်ခု ဖြစ်သည်။ သူ၏ ပေါ်ထွက်လာမှုကြောင့်သာလျှင် ကျင့်ကြံသူများမှာ သည်ပတ်ဝန်းကျင်၏ ကန့်သတ်ချက်များကို ကျော်လွန်နိုင်ခဲ့ကြခြင်း ဖြစ်သည်။
ယခု သူ့အရှေ့ရှိ ကျူးဟိုင်မှာ ကွင်းကိုးကွင်း အထိကိုပင် ဖွဲ့စည်းထားနိုင်သည်။ သည်ရှို့ရန်က သူ့ကဲ့သို့ပင် ကြယ်တာရာ အမြုတေ အဆင့်ကို ကျော်လွန်နေသည့် ကျင့်ကြံသူကြီး တစ်ဦးထံမှ အမွေအနှစ်များကို ရရှိထားသည်လော။ သို့မဟုတ် ရှေးဟောင်း အဂ္ဂိရတ် ပညာရှင် တစ်ယောက်၏ ရတနာသိုက်ကို တူးဖော်နိုင်ခဲ့သည်လော။
သို့သော်လည်း ထိုအရာက ဝေ့ဝူယင်နှင့် တိုက်ရိုက် သက်ဆိုင်နေလိမ့်မည်ဟုတော့ လင်းမင် မတွေးမိပါချေ။ အမှန်အတိုင်း ဆိုရလျှင် သူ ဝေ့ဝူယင်ကို သိပ် ဂရုမစိုက်ချေ။ အဂ္ဂိရတ် ကြယ်တာရာ ဝိညာဉ် မရှိသည့် လူများမှာ သေမျိုး အဂ္ဂိရတ် အင်ပါယာ ဖြစ်မလာနိုင်ကြောင်း စီနီယာ အမက ပြောခဲ့ဖူးသည်။ ယခုအချိန်တွင် ဝေ့ဝူယင် မည်မျှပင် ကျော်ကြားစေကာမူ အချိန်တန်ပါက ခေတ်အဆက်ဆက် ပေါ်ထွန်းခဲ့သည့် အခြား ပါရမီရှင်များလိုပင် ပြန်လည် ပျောက်ကွယ် သွားလိမ့်မည် ဖြစ်သည်။
ဤကြယ်တာရာ နယ်မြေတစ်ခုလုံးတွင် ထာဝရ မင်းသမီးလေး တစ်ယောက်သာလျှင် ထာဝရ ဧကရာဇ်၏ ခြေရာကို နင်းနိုင်ရန် ဖြစ်နိုင်ချေ ရှိသည်။
***