← Chapters

ဝံပုလွေနှင့် လောက (၂)

Vol. 22 Ch. 301

ဝံပုလွေနှင့် လောက (၂)

Vol. 22 Ch. 301

လင်းမင်က ကျူးဟိုင်ကို ကြည့်ရင်း သက်ပြင်း တစ်ချက် ချလိုက်သည်။

"ရောင်ရင်း… မင်းကိုယ်မင်း ဘယ်လောက် ပါရမီပါလဲ ဆိုတာ နည်းနည်းတောင် မရိပ်မိဘူးလား… ဘာလို့ အခြားလူ တစ်ယောက်ရဲ့ အစေခံလုပ်ပြီး ကိုယ့်အနာဂတ်ကို ကန့်သတ်ထားရတာလဲ…"

"ပါရမီ… အနာဂတ်… ဟဟ"

ကျူးဟိုင်က တည်ငြိမ်စွာပင် ပြုံးလိုက်၏။ သူ၏ အနီရောင် မျက်ဝန်းများတွင်မူ နူးညံ့မှု အရိပ်အငွေ့အချို့က ခိုအောင်းနေသည်။

"ငါက သူ့ရဲ့ လက်သည်း၊ သူ့ရဲ့ အစွယ်… ဒါက ငါ့ရဲ့ အနာဂတ်ပဲ… သေရမယ် ဆိုရင်တောင် အဲဒီအတိုင်းပဲ မပြောင်းလဲဘူး"

အကယ်၍ ဝေ့ဝူယင်သာ ပေါ်မလာပါက သူ့ဘဝက မည်ကဲ့သို့ ဖြစ်နေမည်နည်း။ ထောင်ထဲတွင် သေလုမြောပါး နှိပ်စက်ခံနေရရုံ မှ လွဲ၍ ဘာမှ ထူးခြားလိမ့်မည် မဟုတ်ချေ။

သူ့အသက်ကို ဝေ့ဝူယင်က ပေးထားခြင်း ဖြစ်သည်။ ဝေ့ဝူယင်ကြောင့်သာ သူ အလွန် ထွန်းလင်း တောက်ပစွာ ပြန်လည် မွေးဖွားလာခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း… လင်းမင်မှာ ထိုအရာများကို နားမလည်နိုင်ပါချေ။

"ဒီတော့ မင်းက ကျွန်ပဲ ဖြစ်ချင်တယ်ပေါ့"

"ငါက ကျူးဟိုင်ပဲ ဖြစ်ချင်တာပါ"

ကျူးဟိုင်က ချက်ချင်းပင် အဖြေပေး လိုက်၏။

လင်းမင်မှာ တိတ်ဆိတ်သွား၏။ ကျူးဟိုင်၏ သဘောထားကို အပြည့်အဝ နားမလည်နိုင်သည့်တိုင် သူ ဝမ်းနည်းမှုကို ခံစားရသည်။ ကျူးဟိုင်မှာ ဤကမ္ဘာထက် ကျော်လွန်နေသူ ဖြစ်သည်။ ကြီးကျယ်ခမ်းနားသည့် ကျင့်ကြံခြင်း အလွှာကို ထိတွေ့နိုင်မည့်လူ ဖြစ်သည်။ သူ သက်ပြင်းချရုံမှ လွဲ၍ ဘာမှ မတတ်နိုင်ခဲ့။ မည်သို့ပင်ဆိုစေ… လူတိုင်းမှာ ကိုယ့်လမ်းစဉ်ကိုသာ ကိုယ်ရွေးချယ်ကြရသည် မဟုတ်ပါလား။

"ဝှစ်…"

လင်းမင် လှံကို ဆွဲထုတ်ကာ အသွားကို အောက်စိုက်လျှက် ညာဘက်လက်ဖြင့် ကိုင်လိုက်၏။  သူ၏ အရှိန်အဝါက ပြောင်းလဲသွားကာ မျက်ခုံးနှစ်ခုကြားရှိ အစက်မှာ ရောင်စုံအလင်းများကို စတင် ထုတ်လွှတ်လာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူကား လောက၏ သဘာဝ ဒြပ်စင်များနှင့် တစ်သားတည်း ဖြစ်သွားပုံ ပေါ်သည်။

"မူလဒြပ်စင် ရည်ရွယ်ချက်…"

ကျူးဟိုင်၏ မျက်လုံးများမှာ အရောင် ပြောင်းလဲသွား၏။

"မင်း ဘယ်လိုသိ…"

လင်းမင်မှာ ပထမ၌ အံ့ဩသွားသော်လည်း  ချက်ချင်းပင် အကြောင်းရင်းကို နားလည်သွားသည်။ ကျူးဟိုင်၏ သခင်ဖြစ်သူ ဝေ့ဝူယင်မှာလည်း သူ့ကဲ့သို့ပင် မူလဒြပ်စင် ရည်ရွယ်ချက်နှင့် ဆင်တူသည့် ကျင့်စဥ်တစ်မျိုးကို ကျင့်ကြံထားသည်။ သို့ဖြစ်ရာ ကျူးဟိုင် ရိပ်မိသွားခြင်းက သိပ်မထူးဆန်းလှချေ။

အခြားတစ်ဖက်၌ ကျူးဟိုင်မှာမူ အနည်းငယ် စိတ်ရှုပ်ထွေးနေ၏။ လင်းမင်နှင့် ဝေ့ဝူယင်တို့၏ ရည်ရွယ်ချက်များက အဘယ်ကြောင့် ဆင်တူရိုးမှား ဖြစ်နေရသနည်း။ သို့သော်လည်း ဝေ့ဝူယင်နှင့် ရင်ဆိုင်ရစဥ် အခါက သမုဒ္ဒရာကြီး တစ်စင်းလို ဖိအားများကို သူ ခံစားခဲ့ရသည်။ ထိုဖိအားများနှင့် နှိုင်းယှဥ်ပါက လင်းမင်၏ မူလဒြပ်စင် ရည်ရွယ်ချက်မှာ အလွန်အမင်း အားနည်းနေသယောင်ပင်။

ဟူး...

သတ်ဖြတ်ခြင်းနှင့် စစ်ပွဲ ရည်ရွယ်ချက် အငွေ့အသက်များမှာ ကျူးဟိုင်ထံမှ ပေါက်ကွဲ ထွက်ပေါ်လာ၏။ ၎င်းတို့က လေထုထဲတွင်ပင် လင်းမင်၏ မူလဒြပ်စင် ရည်ရွယ်ချက်နှင့် ထိပ်တိုက် တွေ့ဆုံသွား၏။

“ဟမ်...”

လင်းမင်၏ မျက်လုံးများက ကျဥ်းမြောင်းသွားသည်။ ကျူးဟိုင်၏ ရည်ရွယ်ချက် နှစ်ခု စလုံးမှာ အလွန် အစွမ်းထက်ကာ ကောင်းစွာ သန့်စင်ထားဟန် ရသည်။ ၎င်းတို့ တစ်ခုချင်းစီက သူ၏ ရည်ရွယ်ချက်နှင့်ပင် နှိုင်းယှဥ်နိုင်လုနီးပါး ဖြစ်သည်။

သူ ပိုင်ဆိုင်ထားသည့် မူလဒြပ်စင် ရည်ရွယ်ချက်တွင် အဆင့်မြင့် ဒြပ်စင်များမှ ဖန်တီးထားသည့် ရည်ရွယ်ချက် သုံးခု ပါဝင်နေကာ ၎င်းတို့ထဲမှ တစ်ခုမှာ သူလက်ခံရရှိခဲ့သည့် အမွေအနှစ် သုံးပိုင်းအနက်မှ တစ်ခုနှင့် ချိတ်ဆက်နေသည်။ ၎င်းတို့မှာ အလွန် အစွမ်းထက်သည် ဆိုသည့်တိုင် သူ၏ မူလဒြပ်စင် ရည်ရွယ်ချက်က မပြည့်စုံသေးချေ။

ဘုန်း... ဘုန်း...

ချက်ချင်းပင် ကျောက်တုံး စင်မြင့်ပေါ်ရှိ ကမ္ဘာငယ်လေးမှာ သွေးရောင် အလင်းတန်းများ၊ လေမုန်တိုင်း ရိုက်ခတ်သံများ၊ မြေကမ္ဘာ တုန်ဟီးမှုများနှင့် ပြည့်နှက်သွားသည်။ ၎င်းတို့က အပြင်လောကကိုပင် ပျံ့နှံ့လာလေရာ စင်မြင့်အနီးရှိ လူငယ်များမှာ ချက်ချင်းပင် ကြယ်တာရာ အင်အားများကို ထုတ်ဖော်ကာ နောက်သို့ ဆုတ်လိုက် ကြရ၏။

တရားဝင် စိန်ခေါ်မှု မစတင်ခင်မှာပင် ရည်ရွယ်ချက် တိုက်ပွဲတစ်ခုကား စတင် ဖြစ်ပွားနေခဲ့ပြီ ဖြစ်သည်။ ကျူးဟိုင်နှင့် လင်းမင်တို့ နှစ်ယောက်စလုံးမှာ အသုံးမဝင်သော စကားလုံးများကို ဆက်လက် ပြောဆိုခြင်းဖြင့် အချိန်ဆွဲရန် စိတ်မဝင်စားကြတော့ချေ။ သူတို့က ပြိုင်တူပင် ကြေညာလိုက်ကြ၏။

“ကျုပ် လင်းမင် စိန်ခေါ်တယ်....”

“ကျုပ် ကျူးဟိုင် စိန်ခေါ်တယ်...”

...

ဝမ်... ဝမ်...

စင်မြင့်ပတ်လည်တွင် နံရံများမှာ လျှင်မြန်စွာ ဖွဲ့စည်းလာ၏။ ကြီးကျယ် ခမ်းနားသော တိုက်ပွဲ တစ်ခုကား အစပျိုးတော့မည် ဖြစ်သည်။ မရေရာသော အကြောင်းပြချက် တစ်ခုကြောင့် လူတိုင်း၏ နှလုံးခုန်သံများက အတိုင်းအတာ တစ်ခု ရောက်အောင် နှေးကွေးသွားသည်။ မိုင်ပေါင်းများစွာ ကျယ်ဝန်းသော ကွင်းပြင်ကြီး တစ်ခုလုံးမှာ အပ်ကျသံပင် မကြားရအောင် တိတ်ဆိတ် ငြိမ်သက်သွား၏။ သို့သော်လည်း ၎င်းကား မုန်တိုင်းတိုက်ခင် လေပြေသွေးခြင်းမျိုးပင်။

ဝှစ်...

လေတိုးသံ တစ်ခုနှင့် အတူ လျှပ်စီးလက်သည့် အလား လင်းမင်၏ လှံတံက ရွေ့လျားသွား၏။ ရုတ်ချည်းပင် တိုက်ခိုက်‌ရေး စင်မြင့်ထက်ရှိ လောကမှာ ပြောင်းလဲသွားသည်။ လင်းမင်ကား မူလဒြပ်စင် ရည်ရွယ်ချက်နှင့် အတူ လောကသစ် တစ်ခုကို ဖန်တီးလိုက်ချေပြီ ဖြစ်လေသည်။

ဟူး... ဟူး...

မြေ၊ ရေ၊ လေ၊ မီး ဟူသော အခြေခံ ဒြပ်စင်များမှာ ထိုလောက၏ အမြုတေများ အဖြစ် နေရာယူထားကြ၏။ တစ်ချိန်တည်း၌ သတ္တု၊ လျှပ်စီး၊ သစ်သား၊ ရေခဲနှင့် ချော်ရည် ဟူသော အဆင့်မြင့် ဒြပ်စင်များက လောက တစ်ခုလုံးကို သိမ်းပိုက် ဖြန့်ကျက်ထားသည်။ ဒြပ်စင် တစ်ခုချင်းစီက အမှောင်၊ အလင်း၊ အရိပ်၊ အစိုင်အခဲ... စသည်ဖြင့် အသွင်သဏ္ဌာန် အမျိုးမျိုးဖြင့် တည်ရှိနေ၏။

လင်းမင် ဖန်တီးထားသည့် လောကကမ္ဘာငယ်ကို ကြည့်ရင်း ကျူးဟိုင်၏ လွှသွား ကဲ့သို့ အစွယ်များမှာ မာန်ဖီ ထွက်ပေါ်လာ၏။ ရက်စက်ကြမ်းကြုတ်ကာ သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည့် အရှိန်အဝါများမှာ သူ့ခန္ဓာကိုယ် ဆဲလ် တစ်ခုချင်းစီမှ ထွက်ပေါ်လာသည်။ ထိုအခိုက်၌ သူ၏ ပုံစံက လောကတွင် နောက်ဆုံး ကျန်ရစ်ခဲ့သည့် သားကောင်ကို မြင်တွေ့နေရသည့် အတိုင်းပင်။

ဘုန်း...

ပေါက်ကွဲသံ တစ်ခုနှင့် အတူ ကျူးဟိုင်၏ ခြေထောက်များက စတင် လှုပ်ရှားလာ၏။ တစ်ခဏအတွင်းမှာပင် သူသည် အသံ၏ အမြန်နှုန်းကို ချိုးဖျက်ကာ ငွေရောင် အရိပ် တစ်ခုနှယ် လင်းမင်၏ အရှေ့သို့ ရောက်ရှိသွားသည်။ သူ၏ သွေးရောင် မျက်ဝန်းများမှာ မီးကျီမီးခဲများ အလား အရှိန်တရဲရဲ တောက်ပနေ၏။

ဝှစ်...

သူ၏ ညာဘက်လက်မှ လက်သည်းများမှာ ရှေ့သို့ ဆန့်ထွက်လာ၏။ ထို့နောက် အလွန် ချွန်ထက်သည့် ဓားရှည်များလို လင်းမင်၏ ခန္ဓာကိုယ်ကို ထက်ပိုင်းပိုင်းချ လိုက်တော့သည်။

သို့သော် လင်းမင်မှာလည်း ခေသူ တစ်ယောက် မဟုတ်ချေ။ သူသည် နောက်ကို ခြေတစ်လှမ်း လှမ်းကာ သုံးမီတာ အကွာအဝေး တိုင်အောင် ဆုတ်လိုက်၏။ ထို့နောက် တစ်ဆက်တည်းလိုလိုပင် လှံကို မြှောက်ကာ တန်ပြန် တိုက်ခိုက်မှုကို စတင်လိုက်သည်။

ဝှစ်...

ချက်ချင်းပင် သူ၏ အဖြူရောင် လှံတံမှာ လေနှင့် တစ်သားတည်း ဖြစ်သွားကာ အရှိန်အဟုန်နှင့် အတူ ပျောက်ကွယ်သွား၏။ ၎င်း၏ ဦးတည်ရာကတော့ ကျူးဟိုင်’ လည်ချောင်းထံသို့ပင်။

သို့သော်လည်း ထိုတိုက်ခိုက်မှုလောက်ဖြင့် ကျူးဟိုင်ကို မည်ကဲ့သို့ သတ်ဖြတ်နိုင်ပါမည်နည်း။ ကျူးဟိုင်၏ လက်သည်းများက အလွန် လျှင်မြန်စွာဖြင့် လှံသွားကို ဦးတည်ကာ ခုတ်နှက်လိုက်၏။ လှံတံနှင့် လက်သည်းတို့ ထိတွေ့သွားသော အခိုက်၌...

ဘုန်း...

အလွန်အမင်း ကျယ်လောင်လှသော ပေါက်ကွဲမှု တစ်ခု ဖြစ်ပေါ်လာသည်။ သူတို့ နှစ်ယောက်စလုံးမှာ သလင်းကျောက် နံရံနှင့် ထိလုနီးပါး အထိ နောက်သို့ ပြိုင်တူ ဆုတ်လိုက်ကြရသည်။ ထိုပြင်းထန်သည့် ထိပ်တိုက်တွေ့မှု အဟုန်တွင် ပြင်းထန်သော စွမ်းအင်လှိုင်းများ ထွက်ပေါ်လာလေရာ စင်မြင့် တစ်ခုလုံးမှာ ကြောက်မက်ဖွယ်ကောင်းအောင် တုန်ရီသွား၏။

ဂါး...

ကျူးဟိုင်က ပါးစပ်ကို ဟ၍ ဟိန်းဟောက်သံ အချို့ကို ထုတ်လွှတ်လိုက်သည်။ ထိုသို့ ပြုလုပ်လိုက်သည်နှင့် သူ၏ ခန္ဓာကိုယ်က မူလကထက် အနည်းငယ် ပြန့်ကားလာပုံ ပေါ်၏။  သူ၏ မျက်လုံးများ အတွင်းရှိ သွေးရောင် အလင်းကမူ သာ၍သာ ထွန်းလင်းလာသည်။

လင်းမင်မှာမူ တည်ငြိမ်စွာ ရပ်နေဆဲ ဖြစ်သည်။ သူ၏ ခြေထောက်များကမူ စင်မြင့်၏ ကြမ်းပြင်ထက်တွင် ငါးစင်တီမီတာမျှ ထိအောင် ကျွံဝင်နေ၏။ တစ်ချိန်တည်း၌ လှံကိုင်ထားသော သူ၏ လက်များက သွေးများဖြင့် ပေကျံနေသည်။ သူ၏ လက်ခုံအရေပြားမှာ အနည်းငယ် ကွဲသွားပုံ ရ၏။ သို့သော်လည်း သစ်သား စွမ်းအင်များမှာ သူ၏ ခန္ဓာကိုယ်ထဲမှ စီးထွက်လာကာ ထိုဒဏ်ရာကို အလျှင်အမြန်ပင် ပြန်လည် ကုစားနေသည်။

သူတို့ နှစ်ယောက် စလုံးမှာ သုန်မှုန်သော အမူအရာနှင့် တစ်ယောက်ကို တစ်ယောက် ကြည့်နေခဲ့ကြ၏။ တူညီစွာပင် သူတို့၏ တိုက်ပွဲဝင် ဆန္ဒများမှာ အမြင့်မားဆုံးထိတိုင်အောင် ရောက်ရှိနေကြပြီ ဖြစ်သည်။

ဝှစ်...

လေတိုးသံများနှင့် အတူ လင်းမင်နှင့် ကျူးဟိုင်တို့မှာ သူတို့၏ မူလ နေရာများမှ ‌ပျောက်ကွယ်သွားကြ၏။ စင်မြင့်၏ အလယ် ဗဟိုတည့်တည့်တွင် ပြန်လည် ပေါ်လာကြသော အခိုက်၌ လက်သည်းနှင့် လှံတို့က နောက်တစ်ကြိမ် တွေ့ဆုံသွားပြန်သည်။ ပေါက်ကွဲမှုက ဒုတိယ အကြိမ်မြောက် ဖြစ်ပေါ်လာကာ စင်မြင့် တစ်ခုလုံးမှာ တုန်ရီသွား၏။ ထို့နောက် သူတို့၏ ခန္ဓာကိုယ်များက ပျောက်ကွယ်သွားကြပြန်သည်။

သူတို့ နှစ်ယောက်စလုံးမှာ အရိပ်များ ကဲ့သို့ အဆက်မပြတ် ရွေ့လျားနေကြ၏။ တစ်ယောက်က အဆုံးမဲ့ လေအလျင်နှင့် တူကာ အခြား တစ်ယောက်ကတော့ သားကောင်နောက်ကို လိုက်နေသည့် ရက်စက် ကြမ်းကြုတ်သော သားရဲတစ်ကောင်လိုပင်။

စက္ကန့်ပိုင်း အတွင်းမှာပင် သူတို့ တိုက်ခိုက်မှုပေါင်း ရာချီကို ဖလှယ်ပြီးသွားကြပြီ ဖြစ်လေသည်။

ဘုန်း... ဘုန်း...

ပုံရိပ် နှစ်ခုမှာ တိုက်ပွဲ စင်မြင့်ထက်တွင် အဆက်မပြတ် တိုက်ခိုက်နေကြ၏။ အလွန် ကျယ်လောင်သော ပေါက်ကွဲသံများနှင့် အတူ စင်မြင့် တစ်ခုလုံးမှာ တုန်ရီ ယိမ်းထိုးနေသည်။ အောက်ရှိလူများမှာ မြင်ကွင်းများကိုပင် သည်းကွဲစွာ မမြင်ရတော့ချေ။ ထိုအခိုက်၌ သူတို့ တွေ့နိုင်သမျှက လက်သည်းနှင့် အဖြူရောင် လှံအလင်းများသာ ဖြစ်လေတော့သည်။

***

All Chapters