← Chapters

ဝံပုလွေနှင့် လောက (၃)

Vol. 22 Ch. 302

ဝံပုလွေနှင့် လောက (၃)

Vol. 22 Ch. 302

သို့သော်လည်း မကြာခင်မှာပင် အရိပ်များ ပျောက်ကွယ်သွားကာ ပုံရိပ် နှစ်ခု ပြန်လည် ပေါ်လာခဲ့သည်။ သို့သော်လည်း သူတို့၏ ပုံစံများက တိုက်ပွဲ မစတင်ခင်ကနှင့် လုံးလုံးမှ မတူညီကြတော့ချေ။

လင်းမင်၏ အပေါ်ပိုင်း အဝတ်အစားများမှာ ရစရာ မရှိအောင် စုတ်ပြဲနေကာ သူ၏ ခပ်ပါးပါး ရင်ဘတ် ကြွက်သားများမှာ ခြစ်ရာများနှင့် ပြည့်နှက်နေသည်။ ၎င်းက သူ၏ ချောမောသော  မျက်နှာနှင့် ပူးပေါင်းကာ သူရဲကောင်း ပီသသည့် ပုံစံတစ်မျိုးကို ဖြစ်ပေါ်စေ၏။

အခြားတစ်ဖက်၌ တန်ဖိုးကြီး ရတနာများဖြင့် ဖန်တီးထားသည့် ကျူးဟိုင်၏ အဝတ်အစားများကတော့ မထိမခိုက် ရှိနေသေးဆဲ ဖြစ်သော်လည်း သူ၏ လက်များကတော့ သွေးများဖြင့် စိုရွှဲနေ၏။ သူ၏ ပါးစပ်က ထက်ရှသော အစွယ်များမှာ ခွေးတစ်ကောင် မာန်ဖီနေသလို တစ်ခုလို ပေါ်လွင်နေသည်။ တစ်ချိန်တည်း၌ သူ၏ မျက်လုံးများကတော့ မယုံကြည်နိုင်လောက်အောင် ထက်ရှနေ၏။

သူက ရေခါသလို လက်ကို လှုပ်ယမ်း လိုက်၏။ ထိုအခါ ရွှဲရွှဲစိုနေသော သွေးများမှာ ကြမ်းပြင် တစ်ခုလုံးကို ပြန့်ကျဲသွားသည်။ သူ၏ လက်တွင် မည်သည့် ဒဏ်ရာမှ မကျန်ရစ်တော့။ ကျောက်စိမ်းရောင် အရေပြားမှာ ကလေးငယ် တစ်ယောက်လို ချောမွေ့နေဆဲ ဖြစ်သည်။

လင်းမင်မှာ တိတ်တဆိတ်ပင် ရန်သူကို လေ့လာလိုက်၏။ ထိုရှို့ရန် မျိုးနွယ်၏ ခန္ဓာကိုယ်မှာ မယုံကြည်နိုင်လောက်အောင် သန်မာသည်။ သူ့လက်များမှာလည်း ကြယ်တာရာ လက်နက်များလို မာကြောလှသည်။ အကယ်၍ ရှားပါး ရတနာ များစွာ အပါအဝင် ဒြပ်စင်ကိုးမျိုးဖြင့် သန့်စင်ထားခြင်းကြောင့်သာ  မဟုတ်ပါက သူ၏ ခန္ဓာကိုယ်မှာ အစိတ်စိတ်၊ အမွှာမွှာ ကွဲသွားလောက်ပြီ ဖြစ်သည်။

ထို့အပြင် သူ၏ လှံမှာလည်း သာမန် လှံတစ်ခု မဟုတ်ချေ။ ချင်ချူးမူ၏ အသက်မြက် ကိုးခု ကြယ်တာရာ ဓားများနှင့် ယှဉ်လျှင်ပင် များစွာ နောက်ကျ ကျန်ရစ်ခဲ့ခြင်း မရှိချေ။ ၎င်းကို မူလ လှံတံဟု ခေါ်ကာ အသန့်စင်ဆုံး ဒြပ်စင် အမတေများဖြင့် သန့်စင်ထားသည်။ ထိုလှံတံက သူ၏ စွမ်းအင်များနှင့် လုံးဝ လိုက်ဖက်မှု ရှိသည်။

အလားတူပင် ကျူးဟိုင်မှာလည်း လင်းမင်ကို စောင့်ကြည့်နေ၏။ တိုက်ပွဲအတွင်း၌ လင်းမင်၏ တိုက်ခိုက်မှု တစ်ခုချင်းစီက လေအလျင် အလား လျှင်မြန်သည်။ လျှပ်စီးကြောင်း ကဲ့သို့ သွက်လက်သည်။ တစ်ချိန်တည်းက သစ်သား ကဲ့သို့ လိုက်လျောညီထွေ ရှိသည်။ သူနှင့် ရင်ဆိုင်ရသည်က အလွန် ခက်ခဲလွန်းသည်။ ထို့အပြင် သူ ကိုင်ဆောင်ထားည့် ကြယ်တာရာ လက်နက်မှာလည်း အဆင့်မြင့်ကာ သူ၏ လက်သည်းချက်များကို ကောင်းစွာ ပိတ်ဆို့ နိုင်ခဲ့သည်။ လမင်းကား သူရင်ဆိုင်ဖူးသမျှ ထဲ၌ ဝေ့ဝူယင်ပြီးလျှင် အသန်မာဆုံးသော ပြိုင်ဘက် ဖြစ်သည်။

"ငါတို့ ပိုပြီး အလေးအနက်ထားပြီး တိုက်ခိုက်ကြမလား"

လင်းမင်က လှံကို တစ်ပတ် လှည့်လိုက်ရင်း မေးလိုက်၏။

ကျူးဟိုင်၏ ရင့်ကျက်သော အမူအရာထက်၌ တူညီစွာပင် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။

"စလိုက်ကြတာပေါ့"

အာဝူး…

ဘုန်း…

ခပ်မှိန်မှိန် ပုံရိပ်ယောင်များမှာ သူတို့ နှစ်ယောက်စလုံး၏ နောက်တွင် တဖြည်းဖြည်း ပေါ်ထွက်လာခဲ့တော့၏။

…

"တကယ် အထင်ကြီးစရာပဲ…"

အနန္တဧကရာဇ်ဂိုဏ်း၏ တဲနန်း အတွင်း ချင်းရိုင်က မယုံကြည်နိုင်စွာ ရေရွတ် လိုက်သည်။ သူတို့ နှစ်ယောက်၏ ပထမတိုက်ခိုက်မှုများမှာ တစ်ယောက်ကို တစ်ယောက် အားစမ်းခြင်းမျှသာ ဖြစ်သော်လည်း ကျင့်ကြံခြင်း အဆင့်ကိုပင် ကျော်လွန်နေသည့် အမြန်နှုန်းနှင့် ခွန်အားကို သုံးကာ တိုက်ခိုက် ခဲ့ကြခြင်း ဖြစ်သည်။ သူတို့ ထုတ်ဖော်ခဲ့သည့် တိုက်ခိုက်မှု တစ်ခုချင်းစီမှာ ချောမွေ့ကာ အလွန် ပြင်းထန်လွန်းလှသည်။ ထိပ်တိုက် တွေ့ဆုံသည့် အခါတိုင်း၌ အလင်း မျက်နှာပြင်များပင် တုန်ရီသွားခဲ့ရသည်။

သုံးလွှာ ကြယ်တာရာ နယ်မြေကြီး၏ ထိပ်ဆုံးတွင် ရပ်နေသည့် ကြယ်တာရာ အမြုတေ အဆင့်ခြောက် တစ်ယောက် ဖြစ်သည့်တိုင် သူမ ထိုတိုက်ပွဲကို အံ့အားသင့်မိနေဆဲ ဖြစ်သည်။

တစ်ချိန်တည်း၌ ယောင်ကျန်း၏ ခရမ်းရောင် မီးတောက်များမှာ ရိုင်းစိုင်းစွာ တဟုန်းဟုန်း တောက်နေ၏။

"ငါသာ သူတို့ အဆင့်မှာ ရှိနေခဲ့ရင်…"

"မင်း သူတို့နဲ့ သုံးကွက်တောင် ယှဉ်တိုက်နိုင်မှာ မဟုတ်ဘူး"

ကျိချန်းကောင်းက လှောင်ပြောင်သည့် လေသံဖြင့် ကြားဖြတ်ကာ ပြောလိုက်သည်။

ယောင်ကျန်းက နှာခေါင်းရှုံ့ လိုက်၏။

"ခင်ဗျားရော ဘာထူးလို့လဲ"

သူသည် အငယ်ဆုံး မဟာ အင်ပါယာ သူတော်စင် ဖြစ်ရာ ကိုယ့်ကိုယ်ကို ယုံကြည်ချက် များစွာ ရှိခဲ့သည်။ သုံးလွှာ ကြယ်တာရာ နယ်မြေကြီး၏ အတော်ဆုံး ပါရမီရှင် ဟုပင် ဝံ့ကြွားခဲ့ဖူးသည်။ သို့သော်လည်း လူငယ်နှစ်ယောက်၏ တိုက်ပွဲကို တွေ့မြင်ပြီးနောက်တွင် သူ စိတ်ဓာတ်များ စတင် ကျဆင်းလာခဲ့သည်။

အကယ်၍ ကျူးဟိုင် တစ်ယောက်တည်း ဆိုလျှင် သူ ဖြေသာပါသေးသည်။ မည်သို့ပင် ဆိုစေ… ထိုရှို့ရန် နောက်၌ ရှိနေသည့် ပုဂ္ဂိုလ်က အနန္တဧကရာဇ်ဂိုဏ်း ထက်ဝက်ခန့်ကို အိတ်ကပ်ထဲ ထည့်ထားနိုင်သည့် ထာဝရ မင်းသားလေး မဟုတ်ပါလား။

သို့သော်လည်း… လင်းမင် ဆိုသော လူငယ်က မည်သည့် နေရာမှ လာသနည်း။ သူက မည်သူနည်း။ အဘယ်ကြောင့် သူ့နာမည်ကို မကြားဖူးရသနည်း။

ယောင်ကျန်း စိတ်ရှုပ်ထွေးနေစဥ်မှာပင် လင်းမင်နှင့် ကျူးဟိုင်တို့မှာ ဒုတိယံပိ တိုက်ပွဲကို ဆက်လက် ဆင်နွှဲရန် တာဆူနေကြပြီ ဖြစ်လေသည်။ ကျူးဟိုင်၏ တိုက်ပွဲဝင် ဆန္ဒနှင့် ရည်ရွယ်ချက်တို့မှာ ခန္ဓာကိုယ်မှ စီးထွက်လာကာ ငွေရောင် သွေးမုန်တိုင်း တစ်ခု အသွင် ပြောင်းလဲနေ၏။ နှလုံးခုန်ချက် တစ်ခုချင်းစီတိုင်း၌ ထိုမုန်တိုင်းက ပိုမို ကြီးမားလာကာ မီတာ ရာပေါင်းများစွာ အထိ ရောက်ရှိသွားသည်။ ထိုဖြစ်တည်မှု၏ ရိုက်ခတ်မှုအောက်တွင် သလင်းကျောက် နံရံများ ပင်လျှင် စင်းကြောင်းများ ဖြစ်ပေါ်လာ၏။

ဟူး... ဟူ...

မုန်တိုင်းသည် လျှင်မြန်စွာပင် စုဝေးကာ ပုံရိပ်တစ်ခု အသွင်ကို စတင် ပြောင်းလဲလာ၏။ မကြာခင်မှာပင် ထိုပုံရိပ်မှာ အားလုံး မြင်သာနိုင်သည် အထိ ကြီးမားလာသည်။ ယင်းကား မီတာ ကိုးရာခန့် မြင့်မားသော ငွေရောင် ဝံပုလွေကြီး တစ်ကောင်ပင်။

ဟူး... ဟူ...

ငွေရောင် ဝံပုလွေကြီး၏ အမွေးအမျှင်များမှာ အသန့်စင်ဆုံး ကြယ်တာရာ အမတေများ စိုစွတ်နေသကဲ့သို့ တလက်လက် တောက်ပနေ၏။ ၎င်း၏ နီးမြန်းသော မျက်လုံးတို့ကတော့ ရက်စက် အကြမ်းဖက်လိုမှုတို့ဖြင့် ပြည့်နှက်နေသည်။ ၎င်း၏ ခြေဖဝါးအောက်တွင်မူ တော်ဝင် ကောဇာဖျာ တစ်ခုအလား မြစ်တစ်စင်း စီးဆင်းနေ၏။ ထိုမြစ်ကြီးထဲမှ အဆုံးမဲ့ အူသံများ၊ အော်ဟစ်သံများ၊ ဟိန်းဟောက်သံများကို ကြားရ၏။ ၎င်းကား မိုးကောင်းကင်အောက်ရှိ ခွေးမျိုးနွယ် အားလုံး၏ ရက်စက်မှု အပေါင်းကို သရဖူ ဆောင်းထားသလိုပင်။

ငွေရောင် ဝံပုလွေ... ဖင်းနော့...

တစ်ချိန်တည်း၌ ငွေရောင် ကွင်းကိုးကွင်းမှာ ထိုပုံရိပ်ကြီးကို ဝန်းရံကာ နားမလည်နိုင်အောင် ပြင်းထန်သည့် ဝိညာဥ်အင်အားများကို ထုတ်လွှတ်ပေးနေ၏။ ၎င်း၏ တည်ရှိမှုက အားနည်းသူများ၏ စိတ်ခွန်အားများကို ဖြိုခွင်းကာ အကြောက်တရားကို အသွေးအသားထဲ ရောက်အောင် သွတ်သွင်း ပေးနိုင်စွမ်း ရှိပုံရသည်။

“ကွင်းကိုးကွင်း ဝိညာဥ် ဆင်းတု...”

ငွေရောင် ဝံပုလွေကြီး၏ အုပ်မိုးမှု အောက်တွင် လင်းမင်ကား အကြောက်အရွံ့ ကင်းမဲ့နေဆဲ ဖြစ်သည်။ ချက်ချင်းပင် သူ၏ မျက်လုံးများက မီးခိုးရောင် မျက်လုံးများက အဖြူရောင် အဖြစ် ပြောင်းလဲသွားကာ သူ့ခန္ဓာကိုယ်မှာ လောကြီး၏ မူလ ဖြစ်ဟန်ရသည့် အရောင်များစွာကို စတင် ထုတ်လွှတ်လာသည်။

ဟူး... ဟူး...

စက္ကန့်ပိုင်းမျှ အတွင်းမှာပင် မြူနှင်းများ ကဲ့သို့ ကမ္ဘာလောက တစ်ခုမှာ စင်မြင့် တစ်ဝက်ခန့်ကို ဖုံးအုပ်သွားခဲ့ပြီ ဖြစ်သည်။ ထိုမြူနှင်းများမှာ ထာဝရ ပြောင်းလဲနေသလို ထာဝရလည်း တည်မြဲနေဟန် ရသည်။ မကြာခင်မှာပင် ၎င်းတို့က စုဝေးသွားကာ လှံတစ်စင်း ဖြစ်ပေါ်လာ၏။

ထိုလှံတံမှာ လုံးဝ ပြီးပြည့်စုံနေ၏။ ၎င်းက ဟန်ချက်ညီမှု၊ စည်းလုံးညီညွတ်မှု အမတေတို့ အပြင် လောကကြီး၏ စွမ်းအားများကိုပါ ပေါင်းစပ်ထားပုံရသည်။  ကြီးကျယ်ခမ်းနားသည့် ရောင်ဝါများ ထွက်ပေါ်မနေသည့်တိုင် နူးညံ့သိမ်မွေ့သည့် အရိပ်အယောင်တို့ ရှိ၏။ ထို့အပြင် ထိုလှံတံမှာ မီတာ ကိုးရာ ရှည်လျားသည်။ ၎င်း၏ အရွယ်အစားမှာ ကျူးဟိုင်၏ ဝိညာဥ် ဆင်းတု ဖင်းနော့နှင့်ပင် နှိုင်းယှဥ်နိုင်စွမ်း ရှိ၏။

ဝိညာဥ် ဆင်းတု နှစ်ခုကား ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။ တစ်ဖက်က ကြောက်မက်ဖွယ် အသွင်အပြင်နှင့် သတ်ဖြတ်သူ သားရဲကြီး တစ်ကောင် ဖြစ်ကာ အခြားတစ်ဖက်မှာမူ လောကလှံတံ တစ်စင်း ဖြစ်သည်။

ခရက်...

သူတို့၏ အရှိန်အဝါများမှာ ထိပ်တိုက် တွေ့ဆုံသွားကြ၏။ ချက်ချင်းပင် ပေါက်ကွဲသံကြီး တစ်ခု ထွက်ပေါ်လာကာ ငွေရောင်၊ သွေးရောင်နှင့် အဖြူရောင် မုန်တိုင်းများမှာ ပြန့်ကျဲသွားကြသည်။ ၎င်းတို့၏ သက်ရောက်မှုကို ပထမဆုံး ခံလိုက်ရသည်တော့ တိုက်ပွဲစင်မြင့်ပင်။

ဘုန်း.... ဘုန်း...

၎င်း၏ မာကျောသော မျက်နှာထက်တွင် လှိုင်းဂယက်များစွာ ဖြစ်ပေါ်လာ၏။ စိန်များနှင့် သဏ္ဌာန်တူသည့် သလင်းကျောက်များမှာ အဆက်မပြတ် ပုံစံ ပျက်ယွင်းလာကြကာ အက်ကွဲကြောင်းများက စတင် နေရာယူ လာကြသည်။

“မကောင်းတော့ဘူး...”

တိုက်ပွဲစင်မြင့်ကို ကွပ်ကဲရသည့် ကြယ်တာရာ အမြုတေ အဆင့်ငါး ကျင့်ကြံသူက ကြောက်ရွံ့ ထိတ်လန့်စွာဖြင့် ထအော်လိုက်မိ၏။ ထိုဝိညာဥ်ဆင်းတုများ၏ တိုက်ခိုက်မှုအောက်တွင် စင်မြင့်၏ ဝင်္ကပါများမှာ လျှင်မြန်စွာ ယိုယွင်းလာနေခဲ့ပြီ ဖြစ်သည်။ သူ၏ ထိန်းချုပ်နိုင်စွမ်း ပင်လျှင် အားနည်းလာနေခဲ့၏။

ဟူး... ဟူး....

သူ အဆုံးမဲ့ ကြယ်တာရာ အင်အားများကို ထုတ်လွှတ်ကာ စင်မြင့်ကို အားဖြည့်ရန် ကြိုးစားလိုက်၏။ သို့သော်လည်း ထိုအရာက လုံးလုံးမျှ အသုံးမဝင်‌ချေ။

အဆုံးသတ်၌...

ခရက်... ခရက်... ခရက်... ခရက်...

ဘုန်း...

သလင်းကျောက် လေးခုမှာ တစ်ခုပြီး တစ်ခု ထပေါက်ကွဲ ကုန်တော့၏။ ထိုအခါ ၎င်းတို့မှ ဖန်တီးထားသည့် နံရံနှင့် အမိုးမှာလည်း ချက်ချင်းပင် ပျက်ရွင်းကျသွား၏။ အကာအကွယ် မရှိတော့သည်နှင့် ကွင်းကိုးကွင်း ဝိညာဥ်ဆင်းတု နှစ်ခုမှ ဖိအားများမှာ ချက်ချင်းပင် လူအုပ်ကြီး အပေါ်သို့ ဆင်းသက်လာခဲ့တော့သည်။

တိုက်ပွဲစင်မြင့်အောက်နားမှ ကြည့်ရှုနေကြသည့် များစွာသော လူငယ်များ၏ မျက်နှာများမှာ ဖြူရော်သွားကြလေသည်။ အဖြစ်အပျက်များက အလွန် လျှင်မြန်စွာ ဖြစ်ပျက်သွားခဲ့လေရာ နောက်ဆုတ်ရန် အချိန် မရတော့ချေ။ ကြောက်ရွံ့သော စိတ်နှလုံးနှင့် အတူ ကံကြမ္မာကို စောင့်ဆိုင်းရုံမှ တစ်ပါး သူတို့တွင် အခြား ရွေးချယ်စရာ မရှိတော့။

“ဟူး...”

သက်ပြင်းချသံ တစ်ခုက အားလုံး၏ နားများ အတွင်း ပဲ့တင်ထပ်ကာ ဝင်ရောက်လာ၏။ တစ်ဆက်တည်း လိုလိုပင် အဖြူရောင် အလင်း တစ်ခု ပေါ်လာကာ အားလုံးကို ဖုံးလွှမ်းသွားသည်။

“ဒါက...”

လူငယ် ပါရမီရှင်များမှာ ရုတ်ချည်း ပေါ်လာသည့် ထိုအဖြူရောင် အလင်းကို မော့ကြည့်လိုက်မိကြသည်။ ဘုရား၏ လက်တစ်ဖက် အလား ၎င်းမှာ ဝိညာဥ်ဆင်းတု များမှ ထွက်ပေါ်လာသည့် ဖိအားများကို ကာရံကာ တားဆီးထား၏။

“နောက်ဆုတ်ကြ...”

သူတို့ တွေဝေနေစဥ်မှာပင် ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာ၏။ ထိုအခါတွင်မှ လူငယ်များမှာ အခြေအနေကို ပြန်လည် သတိရသွားကြကာ နောက်သို့ ဆုတ်ခွာ လိုက်ကြသည်။ ဤသည်ကား ကျူးဟိုင်နှင့် လင်းမင်တို့၏ ဝိညာဥ်ဆင်းတုများမှ သည်အတိုင်း ထွက်ပေါ်လာသည့် အရှိန်အဝါမျှသာ ဖြစ်သည်။ အကယ်၍ သူတို့သာ ထိပ်တိုက် တိုက်ခိုက်မည် ဆိုပါ မည်ကဲ့သို့ ဖြစ်လာမည်နည်း။ အလွန်အရာ ကြောက်လန့်စရာ ကောင်းမည်ကတော့ အသေအချာပင်။

***

All Chapters