ရည်မှန်းချက်
Vol. 017 Ch. 1613
တိုက်ကွက်တစ်ကွက်နှင့် သူသည် အခြားသော နည်းစနစ်အားလုံးကို တန်ပြန်တိုက်ခိုက်နိုင်ခဲ့သည်။
လှံရှည်တစ်လက်နှင့် ရီဖူရှင်းသည် ကောင်းကင်ဓားခန်းမ၏ ရှေ့၌ ပိတ်ဆို့တားဆီးထားသည်။ ရှေ့သို့ တိုးလာသော မည်သူမဆို သေပွဲဝင်ရမည် ဖြစ်၏။
အထက်ကိုးဘုံလုံးတွင် ယခု သူ လုပ်သကဲ့သို့ ခြိမ်းခြောက်မှုမျိုးကို လူအနည်းသာ လုပ်ဆောင်န်ုင်ပေလိမ့်မည်။
ရှန့်ထိုငရဲဓား သည် ခေါင်းမော့ကာ ရီဖူရှင်းကို ကြည့်လိုက်သည်။ လှံထိပ်ဖျားတွင် ထိပ်တိုက်ရေးစွမ်းအားများ ထုတ်လွှတ်နေဆဲပင် ရှိသေး၏။ ရီဖူရှင်း၏ ခန္ဓာကိုယ်မှလည်း စစ်နတ်ဘုရားစွမ်းအားတို့ ထွက်ပေါ်နေသည့်အတွက် သူ၏ တိုက်ပွဲစွမ်းအားကို အလွန် အစွမ်းထက်လာစေသည်။
ရှန့်ထိုငရဲဓား သည် သူ၏ ကိုယ်ပိုင်စွမ်းရည်ကို အလွန် အရေးထားပေသည်။ သူက အားနည်းသည်ဟု ဖော်ပြ၍ မရနိုင်ပေ။ အသင်္ချေဘုံတွင် သူသည် ရန်ဟောင်အဆင့်အောက် အထွတ်အထိပ် ပုဂ္ဂိုလ်များထဲမှ တစ်ယောက် ဖြစ်သည်။ အထက်ကိုးဘုံမှာပင် သူသည် ထိပ်သီးများအကြား စာရင်းဝင်နိုင်ပေသည်။ သို့သော် နတ်ဘုရားအမွေအနှစ် နယ်မြေအတွင်း ဝင်ရောက်ပြီးနောက် ပထမဆုံးတိုက်ပွဲတွင် သူ ဦးဆောင်သည့် ကောင်းကင်ဓားခန်းမသည် လှံတစ်လက်နှင့် လူတစ်ယောက်၏ တားဆီးခြင်းကို ခံလိုက်ရပေသည်။ ဤသည်မှာ သူ့ကို စိတ်ဓာတ်ကျမှုအား ခံစားရစေသည်။
သူသည် ဤတစ်ကြိမ်၌ နတ်ဘုရားအမွေအနှစ် နယ်မြေတွင် အားကောင်းသည့် တန်ခိုးရှင်များစွာဖြင့် ပြည့်နှက်နေပြီး ကောင်းကင်ကိုပင် ဆန့်ကျင်နိုင်သည့် ကြမ္မာနှင့် မကောင်းဆိုးဝါးဆန်ဆန် လူစွမ်းကောင်းများ ရှိနေမည်ကို သိသော်လည်း ကောင်းကင်ဓားခန်းမ၏ ရန်ဟောင်အဆင့်အောက်မှ တစ်စုံတစ်ယောက်အနေနှင့် ရှန့်ထိုငရဲဓား သည် သူ့တွင် တိုက်ခိုက်ရန် အခွင့်အရေး ရှိမည်ဟု ယုံကြည်နေပေသည်။ သူသည် အထက်ကိုးဘုံမှ ထိပ်သီးပုဂ္ဂိုလ်များကို ဆန့်ကျင်၍ပင် တိုက်ခိုက်နိုင်မည်ဟု တွေးထင်ခဲ့ပေသည်။ သို့သော် ဤသို့ ရုပ်ပျက်ဆင်းပျက် ရှုံးနိမ့်ခြင်းက သူ၏ ကိုယ်ပိုင် စွမ်းရည်ကိုပင် သံသယဝင်လာမိစေသည်။
ရီဖူရှင်းသည်လည်း သူ့ကို ကြည့်နေခဲ့၏။ သူသည် လက်ကို ပြန်ဆုတ်ကာ လက်ထဲမှ လှံရှည်ကို အောက်သို့ နှိမ့်လိုက်သည်။ ရီဖူရှင်းက ထိုနေရာတွင် ရပ်နေရုံနှင့် သူသည် ပြိုင်ဘက်ကင်းနတ်ဘုရားတစ်ပါးနှင့် တူပေသည်။ မည်သူကမှ သူ့ကို ဖြတ်ကျော်သွားရန် မဖြစ်နိုင်ပေ။
ယခုအချိန် မတိုင်မီ၌ သူသည် အလွန် သိမ်မွေ့ပြီး နတ်ဓားအတွက် အကြံဉာဏ်များပင် ပေးခဲ့သေးသည်။ သူ၏ နည်းလမ်းသည် လူအများကို လိမ်လည်လှည့်ဖျားခြင်းမရှိသလို ဆန့်ကျင်ခဲ့ခြင်းလည်း မရှိသည့်အတွက် အထက်ကိုးဘုံ ထိပ်သီးအင်အားစုများနှင့် ရန်ငြှိုးဖွဲ့မိခြင်းမှ ရှောင်ရှားနိုင်ပေသည်။ သို့သော် သူတို့၏ သဘောတူညီမှုကို ဆန့်ကျင်သည့် အဖွဲ့မျိုးအတွက် သူသည် သူတို့ကို အညံ့ခံရန် ဖိအားပေးဖို့ရာ သူ၏ စွမ်းရည်ကိုသာလျှင် အသုံးပြုနိုင်ပေသည်။
“မင်းတို့ ကြိုးစားကြည့်ချင်သေးလား။” ရီဖူရှင်းက ကောင်းကင်ဓားခန်းမမှ တန်ခိုးရှင်များကို ကြည့်ကာ ပြောလိုက်သည်။ ရှန့်ထိုငရဲဓား က ရီဖူရှင်း၏ နောက်သို့ ကြည့်လိုက်သည်။ လီဟန်ဓားသမားက နတ်ဓားကို ဆက်ခံနေ၏။ ဓားမြို့တော်တစ်ခုလုံးမှ ဓားစွမ်းအားများက သူ့ထံသို့ တိုးဝင်နေကြသည်။
ကြည်ရုံနှင့်ပင် ရှန့်ထိုငရဲဓား သည် သူ့ထံမှ ထပ်ကာ လုယူနိုင်စွမ်း မရှိတော့သည်ကို သိလိုက်ရ၏။
“သွားစို့” ရှန့်ထိုငရဲဓား က အမိန့်ပေးလိုက်သည်။ ထို့နောက် သူက လှည့်ကာ ထွက်ခွာသွားလေသည်။ ဤအရာသည် တစ်ခုတည်းသော နတ်ဘုရားအကြွင်းအကျန် မဟုတ်ပေ။ ကြီးမားသည့် ကံကြမ္မာအတွက် ယှဥ်ပြိုင်လိုသည့် အခြားသူများလည်း ရှိကြသည်။ သူတို့သည် ဤနေရာ၌ ကျရှုံးခဲ့သော်လည်း သူတို့၏ တိုက်ပွဲစွမ်းရည်က အများကြီး အားနည်းခြင်းမရှိပေ။ သူတို့သည် တိုက်ခိုက်ရန် စွမ်းရည်ရှိနေဆဲပင် ဖြစ်၏။
ရှန့်ထိုငရဲဓား က ရီဖူရှင်းကို သေသည်ထိ ဆက်တိုက်လိုပါက သူသည် ရီဖူရှင်းကို သတ်ဖြတ်ရန် မည်သည့် တန်ကြေးကို ပေးဆပ်ရမည်အား မသိချေ။
ကောင်းကင်ဓားခန်းမမှ တန်ခိုးရှင်များသည် ရှန့်ထိုငရဲဓား နှင့်အတူ ပြန်ဆုတ်ခွာသွားကြသည်။ သူတို့သည်လည်း နက်ရှိုင်းသည့် အကြည့်တို့နှင့် လီဟန်ဓားသမားကို ကြည့်သွားကြသည်။ သူတို့အကြားတွင် ယခင်က လီဟန်ဓားသမားထက် သာလွန်သည့် ဓားသမားများစွာ ရှိခဲ့သည်။ သူတို့အားလုံးက တစ်စုံတစ်ခုကို အလိုမကျသလို ခံစားနေကြရ၏။ သူတို့သည် ရီဖူရှင်းကိုယ်တိုင် နတ်ဓားကို ဆက်ခံပါက ပို၍ ကောင်းလိမ့်မည်ဟု ခံစားနေကြရပေသည်။ သို့သော် နတ်ဘုရားအမွေအနှစ် နယ်မြေသို့ ဝင်ရောက်ခွင့်ရရန်ပင် ခက်ခဲသည့် သူတစ်ယောက်က နတ်ဓားကို ဆက်ခံရခြင်းမှာ သူတို့အနေနှင့် လက်ခံရန် ခက်ခဲပေသည်။
သူတို့သည် ဤပုဂ္ဂိုလ်၏ ကံတရားက ကောင်းကင်ကိုပင် ဆန့်ကျင်နေသည်ဟုသာ ပြောနိုင်ပေသည်။ ဤကံတရားနှင့် တွေ့ဆုံရခြင်းက သူ၏ ကံကြမ္မာကို ပြောင်းလဲသွားစေပေလိမ့်မည်။
သို့သော် ယခုထိတိုင် သူတို့သည် နတ်ဓားက လီဟန်ဓားသမားအား မည်သည့် အကျိုးအမြတ်တို့ ပေးအပ်မည်ကို မသိရှိကြသေးပေ။ ဓားမြို့တော်မှ ဓားစွမ်းအားများ အားလုံးကို စုစည်းလာစေသည့် နတ်ဓားကပင် သူ့ကို ပိုးတုံးလုံးဘဝမှ အသွင်ပြောင်းလဲလာစေရန် အထောက်အကူ ဖြစ်နေပြီ ဖြစ်၏။ သူသည် ကိုယ်ပိုင် ဓားဝိညာဥ်ကို ဖျက်ဆီးပြီး ယခု ၎င်းအား ပြန်လည်တည်ဆောက်နေပြီ ဖြစ်၏။
အလွန် လျင်မြန်စွာပင် ကောင်းကင်ဓားခန်းမမှ တန်ခိုးရှင်များက တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြသည်။ ချီရှောင်းနတ်တောင်မှ လူများကလည်း မည်သည့်စကားမှ မဆိုဘဲ ဆုံးဖြတ်ချက်ပြတ်သားစွာ လှည့်ထွက်သွားလေသည်။ တစ်စုံတစ်ယောက်က နတ်ဓားကို ဆက်ခံနေပြီး သူတို့သည်လည်း ရီဖူရှင်းကို ယှဥ်နိုင်ရန် ယုံကြည်ချက်မရှိလေရာ ဤနေရာ၌ ကျန်ရစ်ခြင်းက အချိန်ဖြုန်းရုံသာ ရှိပေလိမ့်မည်။
ဗြဟ္မာ့သန့်စင်ကောင်းကင်သည်လည်း နတ်ဓားကို ရီဖူရှင်းနှင့် ယှဥ်လုရန် ရည်ရွယ်ချက်မရှိပေ။ သို့သော် ချင်းဟယ်က ထွက်မသွားဘဲ ဤနေရာ၌ နေရစ်ခဲ့ပေသည်။
လတ်တလောတွင် ချင်းဟယ်သည် များစွာ တိုးတက်မှုရှိလာပြီး သူမသည် ရန်ဟောင်အဆင့် ရောက်ရန် လမ်းတစ်ဝက်သို့ ရောက်နေပြီ ဖြစ်သော်လည်း သမူသည် ကိုယ့်အကန့်အသတ်ကိုယ် သိရှိပေသည်။ သူမ၏ စွမ်းရည်က ကောင်းကင်အာဏာစက်ဘုံ၌ ထိပ်သီးအဆင့် ဖြစ်သော်လည်း အထက်ကိုးဘုံတွင် သူမသည် အရေးသာခြင်း ရှိမည် မဟုတ်ပေ။
သူမသည် ရီဖူရှင်းကို ဆန့်ကျင်ရန် စိတ်ပင် မကူးနိုင်ချေ။
ယခုတွင် သူမသည် ရီဖူရှင်းနှင့် ခရီးအတူသွားရန် အခွင့်အရေးက သူမ၏ မျက်စိရှေ့သို့ ရောက်လာပြီ ဖြစ်၏။
လက်ရှိတွင် ယွမ်ယန်ကလန်သာလျှင် နတ်ဓားအတွက် ယှဥ်ပြိုင်နိုင်စွမ်း ရှိပေသည်။
ရီဖူရှင်းက သူ၏ အကြည့်တို့ကို ယွမ်ဟုန်ထံသို့ ရွှေ့လိုက်သည်။ သို့သော် ယွမ်ဟုန်က ပြုံးကာ ပြောလိုက်သည်။ “ဂုဏ်ယူပါတယ်။ မင်းက အမွေအနှစ်ကို ရသွားပြီဆိုမှတော့ ကျုပ်တို့လည်း သွားပါတော့မယ်။”
“ကျေးဇူးအများကြီးတင်ပါတယ်။” ရီဖူရှင်းက နားလည်သဘောပေါက်စွာ ခေါင်းညိတ်ရင်း ပြန်ပြောလိုက်သည်။ အင်အားစု အနည်းငယ်တွင် ဗဟိုအင်ပါယာဘုံမှ ယန်ယွမ်ကလန်သာလျှင် သူတို့အတွက် ကြီးစွာသော ခြိမ်းခြောက်မှုကို ဖြစ်စေသည်။ ယွမ်ဟုန်က နတ်ဓားအား ဆန္ဒအလျောက် လက်လျှော့လိုက်ခြင်းမှာ အကောင်းဆုံး ရလဒ်ပင် ဖြစ်၏။ ရီဖူရှင်းသည် သူတို့အား ဆန့်ကျင်မိမည်ကို စိုးရိမ်ခြင်း မရှိပေ။
“ကျုပ်က ယွမ်ယန်ကလန်က ယွမ်ဟုန်ပါ။ နောက်တော့ ထပ်တွေ့ကြတာပေါ့။” ယွမ်ဟုန်က လက်နှစ်ဖက်ဆုပ်ရင်း ရီဖူရှင်းကို ပြောလိုက်သည်။
“ကျုပ်က ထျန်းဟယ်ဘုံက ထျန်းဟယ်မဟာအကြီးအကဲရဲ့ တပည့်ပါ။ နောက်မှ ထပ်ဆုံကြတာပေါ့” ရီဖူရှင်းက ပြန်ဖြေလိုက်သည်။ သူ ယခင် ဓားပညာသင်ကြားစဥ်က ထျန်းဟယ်နန်းတော်သည် ထျန်းဟယ်မဟာအကြီးအကဲ၏ အမည်မှ ဖြစ်တည်လာသည်။ ထိုသည်မှာ အကြီးအကဲနေထိုင်ရာ တောင်များကိုလည်း ရည်ညွှန်းပေသည်။ ရီဖူရှင်းသည် ထျန်းဟယ်မဟာအကြီးအကဲ၏ တပည့်အနေနှင့် ဗဟိုအင်ပါယာဘုံသို့ လာခြင်းဖြစ်၍ သူ့ကိုယ်သူ ထျန်းဟယ်နန်းတော်မှ တပည့်အဖြစ် ကြေညာခြင်းက အသင့်တော်ဆုံး ဖြစ်သည်။
ထို့ပြင် သူ၏ ဆရာသည်လည်း ထျန်းဟယ်နန်းတော်၏ တပည့်တစ်ဦးဖြစ်သည့် ချင်ရွှမ်ကန်းပင် ဖြစ်လေသည်။
“ထျန်းဟယ်ဘုံ” ယွမ်ဟုန်သည် ထိုအမည်အား ယခင်က ကြားဖူးခဲ့သည်။ အတိတ်ကာလတွင် ထျန်းဟယ်ဘုံနှင့် ရှန်းကလန်တို့ကြားတွင် ကြီးမားသည့် ပဋိပက္ခ ဖြစ်ပွားခဲ့ကြသည်။ ၎င်းသည် ထိုအရာကြောင့် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ရီဖူရှင်းက ထိုအရာနှင့် ပတ်သတ်နေနိုင်သည်လား။
ယွမ်ဟုန်က ထိုအတွေးကို ဆက်မတွေးနေပေ။ သူက အပြုံးနှင့် နှုတ်ဆက်ပြီး သူ့လူများနှင့်အတူ ထွက်ခွာသွားပေသည်။
ယခုတွင် ဤနေရာ၌ ရီဖူရှင်းနှင့် ဆန့်ကျင် ယှဥ်ပြိုင်နိုင်မည့်သူ မည်သူမှ မရှိတော့ပေ။
ရီဖူရှင်းသည် ဗြဟ္မာ့သန့်စင်ကောင်းကင်ဘက်သို့ လှည့်ကြည့်ကာ ပြောလိုက်သည်။ “နတ်မိမယ်ချင်း... ခင်ဗျားရဲ့ အဖွဲ့က တခြားနေရာတွေကို သွားကြည့်ဖို့ စိတ်ကူးမရှိဘူးလား။”
“ကျွန်မတို့က သခင်လေးရီနဲ့ အတူ သွားချင်လို့ပါ။” ချင်းဟယ်က ပြုံးကာ ပြန်ဖြေလိုက်သည်။ ရီဖူရှင်းက ကြက်သေသေသွားတော့၏။ ချင်းဟယ်၏ မျက်လုံးများတွင် ပျော်ရွှင်မှု ရောင်စဥ်များ ထုတ်လွှတ်နေပြီး အလွန်ပင် ဆွဲဆောင်မှု ရှိလှသည်။ “ဘာလို့လဲ။ သခင်လေးရီက ကျွန်မတို့ကို မကြည်ဖြူလို့များလား။”
“နတ်မိမယ်ချင်းက ဆန္ဒရှိမှတော့ ကျွန်တော်က ဘယ်ငြင်းပယ်နိုင်ပါ့မလဲ။” ရီဖူရှင်းက ခေါင်းညိတ်၍ ပြုံးကာ ပြန်ဖြေလိုက်သည်။ သူ မငြင်းပယ်ခဲ့ခြင်းက ဗြဟ္မာ့သန့်စင်ကောင်းကင် အကြောင်းကို ပိုမို သိရှိနိုင်ရန် မျှော်လင့်၍ ဖြစ်လေသည်။
ဗြဟ္မာ့သန့်စင်ကောင်းကင်နှင့် သူ့တွင် မပြီးပြတ်သေးသော ကိစ္စများ ရှိနေသည်။
“ကျေးဇူးပါ သခင်လေးရီ” ချင်းဟယ်က အနည်းငယ် ဦးညွှတ်လိုက်သည်။ ဗြဟ္မာ့သန့်စင်ကောင်းကင်မှ နတ်မိမယ်နှစ်ဦးက သူတို့ကို စူးစိုက်ကြည့်နေသည်။ ယခင် သူတို့ ရွှမ်ထျန်းစံအိမ်၌ ပထမဆုံး ဆုံတွေ့စဥ်က ရီဖူရှင်းသည် နတ်မိမယ် ချင်းဟယ်အတွက် အရဲစွန့်ပေးခဲ့ပြီး သူတို့သာ လက်ထပ်ဖြစ်ခဲ့လျှင် သူတို့၏ အချစ်ပုံပြင်က ဒဏ္ဍာရီပင် တွင်စေပေလိမ့်မည်။
သူတို့နှစ်ယောက်သည် ကောင်းကင်နတ်ဖက်စုံတွဲပင် ဖြစ်၏။
ဗြဟ္မာ့သန့်စင်ကောင်းကင်မှ နတ်မိမယ်အားလုံးသည် ရီဖူရှင်းကို အသင့်တော်ဆုံး ခင်ပွန်းလောင်းအဖြစ် မှတ်ယူထားကြသည်။ သူတို့၏ အလှပအမြင့်မြတ်ဆုံး နတ်မိမယ်ချင်းဟယ်သည် သူ့ကို လက်ထပ်ပါက သူမ၏ အဆင့်အတန်းက အနည်းငယ် လျော့ကျသွားနိုင်လျှင်ပင် အခြားသူများအားလူံးက သူတို့အချင်းချင်းက လိုက်ဖက်သည်ဟု တွေးနေကြဆဲ ဖြစ်သည်။ နတ်မိမယ်အားလုံးက ရီဖူရှင်းကို အထင်ကြီးလေးစားကြပေသည်။
ယခုအဖြစ်မတိုင်ခင်၌ လူတိုင်းသည် ကောင်းကင်အာဏာစက်ဘုံ၏ လူငယ်မျိုးဆက်များအကြား၌ ဂူတုံးလျှိုနှင့် ကျန်းယွမ်က အားအကောင်းဆုံးဟု မှတ်ယူထားကြသည်။ ယခုတွင် နတ်မိမယ်များ ခံစားမိသည်မှာ ရီဖူရှင်းသည်သာ အထူးချွန်ဆုံး ဖြစ်သည်ဟူ၍ပင် ဖြစ်လေသည်။
ရီဖူရှင်းသည် သူတို့၏ အတွေးများကို မသိရှိပေ။ သူ၏ အကြည့်များကို လီဟန်ဓားသမားထံသို့ ပြောင်းရွှေ့လိုက်သည်။
ထိုအချိန်တွင် လီဟန်ဓားသမားအနီးမှ လေဟာနယ်တွင် ဓားများဖြင့် ရစ်ပတ်ဖွဲ့နှောင်ထားသကဲ့သို့ ဖြစ်လာပေသည်။ မရေတွက်နိုင်သည့် ဓားစွမ်းအားများက ထိုအနှောင်အဖွဲ့အတွင်းမှ လီဟန်ဓားသမား၏ ခန္ဓာကိုယ်ကို လွှမ်းခြုံဖြတ်သန်းနေသည်။ ဓားမြို့တော်တစ်ခုလုံးမှ ဓားစွမ်းအားများက ဤနေရာသို့ စီးဆင်းလာနေသည်။ အလွန် အားနည်းနေရာမှ သူ၏ အရှိန်အဝါသည် ပို၍ အားကောင်းကာ အစွမ်းထက်လာသည်။ သူသည် သူ၏ အနီးမှ အဆုံးမဲ့ ဓားစွမ်းအားများကို တဖြည်းဖြည်း ပေါင်းစပ်လာနေနိုင်သည်။
နတ်ဓားသည် ဓားဝိညာဥ်အတွင်းသို့ ရောက်ရှိလာသည်။ ယခု ဤ ဓားဝိညာဥ်သည် လီဟန်ဓားသမား၏ စိတ်ဝိညာဥ်နှင့် ပေါင်းစပ်ပြီး ဖြစ်ကာ တသားတည်း ဖြစ်လာခဲ့သည်။ သူ၏ ဓားဝိညာဥ်သည် ဖျက်ဆီးခံရပြီးနောက် ပြန်လည်ဖွဲ့စည်းလာခဲ့ပြီး ဖြစ်သည်။ ချက်ချင်းပင် လီဟန်ဓားသမားသည် သေချာသည့် အခြေအနေသို့ ဝင်ရောက်သွားသည်ကို မြင်တွေ့ရပေသည်။ သူက ဓားတစ်လက် ဖြစ်လာသကဲ့သို့ ဖြစ်၏။ သူသည် ဓားလောကအလယ်တွင် ရှိနေသည်။ သူသည် ဓားမြို့တော်တစ်ခုလုံးမှ ဓားစွမ်းအားတို့်အား အာရုံခံမိပေသည်။ သူ၏ စွမ်းအားများက နေရာအနှံ့တွင် ရှိနေသကဲ့သို့ ထင်မှတ်ရပေသည်။
ရီဖူရှင်းက သူ့ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေသည်။ သူက လီဟန်ဓားသမား ဤအခြေအနေနှင့် မည်မျှ ကြာကြာ ရှိနေမည်ကို မသိရှိပေ။
အချိန်တစ်ခု ကြာပြီးနောက် လီဟန်ဓားသမားအနီးမှ ဓားစွမ်းအားများသည် ထူးဆန်းစွာ လှုပ်ရှားလာခဲ့သည်။ ပြင်းထန်သည့် ဓားစွမ်းအားလှိုင်းတို့က သူ့ခန္ဓာအနီးတွင် ပေါ်ပေါက်လာသည်။ ရီဖူရှင်းသည် သူ့ခေါင်းကို မော့လိုက်ပြီး ကြည့်သည်။ အလွန် အံ့အားသင့်ဖွယ် ကောင်းသည့် ခံစားမှုက သူ၏ ခန္ဓာကိုယ် အတွင်းပိုင်းမှ ထွက်ပေါ်လာသည်။ ကြည့်ရသည်မှာ လီဟန်ဓားသမားသည် အနီးဝန်းကျင်မှ ဓားစွမ်းအားများကို ထိန်းချုပ်သွားနိုင်ပုံရလေသည်။
သူတို့အားလုံး၏ အနီးတွင် ရစ်ပတ်လာသည့် စိတ်စွမ်းအားတစ်ခု ဖြစ်ပေါ်လာသည်ဟု ခံစားရပေသည်။ ထိုသည်မှာ လီဟန်ဓားသမား၏ စွမ်းအားပင် ဖြစ်သည်။
ထိုတခဏတွင် လီဟန်ဓားသမားက သူ၏ မျက်လုံးများကို ဖွင့်လိုက်၏။ သူသည် ရီဖူရှင်းကို ကြည့်ကာ ခေါ်လိုက်သည်။ “ဖူရှင်း”
“လီဟန်ဓားသမား ဘယ်လိုခံစားရလဲ။” ရီဖူရှင်းက လီဟန်ဓားသမားကို ကြည့်လိုက်သည်။ လီဟန်ဓားသမား၏ အကြည့်တို့က ယခင်ကထက် ပို၍ စူးရှလာသည်။ သူ၏ အရှိန်အဝါကလည်း ပြောင်းလဲသွားသည်။ သူသည် ဓားခန္ဓာအစစ်အမှန်ကို ရရှိခဲ့ပြီး သူကိုယ်တိုင် ဓားတစ်လက် ဖြစ်လာခဲ့သည်။
“အခု ရန်ဟောင်အဆင့်ကို ရောက်ဖို့ နောက်ဆုံးခြေလှမ်းဖြစ်နေပြီလို့ ခံစားရတယ်။ အရင်နဲ့ လုံးဝကွဲပြားသွားတာကိုလည်း ခံစားမိတယ်။ ဒီခံစားမှုက ဖော်ပြဖို့ ခက်ခဲတယ်။” လီဟန်ဓားသမားက ပြောလိုက်သည်။ ရီဖူရှင်းက ပြုံးပြလိုက်၏။ ကြည့်လိုက်ရုံနှင့်ပင် လီဟန်ဓားသမားက လုံးဝ ပြောင်းလဲသွားသည်အား မြင်တွေ့နိုင်ပေသည်။
“အဆင့် တက်နိုင်ပြီလား” ရီဖူရှင်းက မေးလိုက်သည်။
“အင်း။ အရာအားလုံးက ငါ့ရဲ့ နားလည်သဘောပေါက်မှုထဲမှာ ရှိနေသလိုပဲ။” လီဟန်ဓားသမားက ပြန်ဖြေလိုက်သည်။
“စီနီယာက အခု ရှန့်ထိုအဆင့်နဲ့ ရန်ဟောင်အဆင့်ကြားမှာ ရောက်နေတာ ဖြစ်မယ်။ ဒီအချက်ကို ကျော်ဖြတ်နိုင်တာနဲ့ ရန်ဟောင်ဖြစ်လာလိမ့်မယ်။ ရီဖူရှင်းက ရှင်းပြလိုက်သည်။
“အင်း။” လီဟန်ဓားသမားက ခေါင်းညိတ်လိုက်သည်။ “ငါ့ကို စောင့်ကြည့်ပေးနေဖို့ မလိုတော့ပါဘူး။ ဒါပေမယ့် ငါ့အတွက် ကျင့်ကြံဖို့ အချိန်တော့ လိုနေသေးတယ်။ အချိန်ဘယ်လောက်ကြာမလဲတော့ မသိဘူး။ နတ်ဘုရားအမွေအနှစ် နယ်မြေမှာ ပိုပြီး များပြားတဲ့ ကံကောင်းမှုတွေကို သိုလှောင်ထားတယ်။ မင်း ငါ့ကို ဒီမှာ စောင့်ကြပ်ပေးနေဖို့ မလိုဘူး။ သွားပြီး မင်းရဲ့ ကောင်းမွန်တဲ့ ကံတရားကို သွားရှာလိုက်ပါ။”
ရီဖူရှင်းက သူ့အတွက် လိုအပ်သည်ထက် ပို၍ လုပ်ပေးခဲ့ပြီး ဖြစ်သည်။ ရီဖူရှင်းသည် သူ့ကို လမ်းစဥ်သစ်သီး ပေးခဲ့ပြီး သူ့ကို ပိုးတုံးလုံးဘဝမှ အသွင်ပြောင်းလဲသွားစေနိုင်သည့် အခွင့်အရေးကြီးကိုလည်း ပေးအပ်ခဲ့သည်။ ထိုကျေးဇူးကြွေးကို စကားဖြင့် ဖော်ပြရန်ပင် ခက်ခဲခဲ့၏။ သူ၏ သူ၏ နှလုံးသားအတွင်းမှသာ မှတ်ထားပေးနိုင်ပေသည်။
“ကောင်းပါပြီ။” ရီဖူရှင်းက မငြင်းပယ်ခဲ့ပေ။ လီဟန်ဓားသမားက ထိုသို့ ပြောလာပြီ ဖြစ်ရာ သူတို့က အချိန်ဆွဲ၍ မနေတော့ပေ။ ယခင်က သူသည် လီဟန်ဓားသမား၏ လုံခြုံရေးကို စိတ်ပူခဲ့သည်။ သို့သော် ယခုတွင် လီဟန်ဓားသမားသည် ဓားမြို့တော်အတွင်းမှ ဓားစွမ်းအားများကို ထိန်းချုပ်နေနိုင်ပြီ ဖြစ်သည့်အတွက် ကောင်းကင်ဓားခန်းမက ဤနေရာသို့ ပြန်လာလျှင်ပင် သူတို့က ဓားမြို့တော်အတွင်း၌ သူ့ကို မည်သို့မှ အန္တရာယ်ပြုနိုင်လိမ့်တော့မည် မဟုတ်ပေ။
“လီဟန်ဓားသမား ကျွန်တော် အရင်သွားတော့မယ်။ စီနီယာ ကျင့်ကြံတာ ပြီးသွားရင် အရှေ့ဘက်ကို ဦးတည်လာခဲ့ပါ။ ကျွန်တော်တို့ အဲဒီဘက်ကို သွားကြမှာ။” ရီဖူရှင်းက ပြောလိုက်သည်။
“ကောင်းပြီ။ ငါ ကျင့်ကြံပြီးသွားရင် လာရှာလိုက်မယ်။” လီဟန်ဓားသမားက ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ကျွန်တော် သွားတော့မယ်။” ရီဖူရှင်းက ထပ်မပြောတော့ပေ။ သူက ဤစကားများပြောပြီးနောက် လှည့်ထွက်သွားတော့သည်။
အခြားသူများက လီဟန်ဓားသမားကို လှမ်းကြည့်လိုက်ကြသည်။ အချို့က တည်ငြိမ်နေပြီး အချို့က သူ့ကို အံ့သြနေကြသည်။ သူတို့သည် ရီဖူရှင်းနှင့် လိုက်ကာ နေရာမှ အတူ ထွက်သွားကြပြီး အခြားသော အခွင့်အရေးများ ရရှိရန် မျှော်လင့်နေကြသည်။
“ရာရာ မင်း ငါ့ကို မကောင်းဘူးလို့ ထင်လား။” ရီဖူရှင်းက သူ့ဘေးမှ ရာရာကို မေးလိုက်သည်။ သူတို့ အဖွဲ့သည် ကောင်းကင်ကို ဖြတ်ကာ လျင်မြန်လှသည့် အရှိန်ဖြင့် ခရီးဆက်နေ၏။
လီဟန်ဓားသမား၏ တိုးတက်လာမှုကို မြင်ပြီးနောက် ရာရာက ဤအရာနှင့် ပတ်သတ်၍ အတွေးတစ်စုံတစ်ရာ ရှိနေမည်လား သူ မသိပေ။
“နင် ငါ့ကို နှိပ်စက်နေလို့လား။” ရာရာက သူမ၏ အကြည့်တို့ကို ရီဖူရှင်းထံပို့ကာ မေးလိုက်သည်။
“အာ...” ရီဖူရှင်းက မှင်တက်သွားလေတော့၏။ သူက အပြုံးနှင့် ပြန်ဖြေလိုက်သည်။ “မဟုတ်ပါဘူး။”
ရာရာက သူမ၏ အကြည့်ကို တခြားနေရာသို့ ရွှေ့လိုက်ပြီး မည်သည့်စကားမှ ထပ်မပြောတော့ပေ။ ရီဖူရှင်းသည်လည်း အဖြေကို သိရှိပြီးသား ဖြစ်ခဲ့၏။
ဤသည်က ရီဖူရှင်းကို ဆွံ့အသွားစေခဲ့သည်။ သူသည် တောင်တစ်လုံးကဲ့သို့ လေးလံသည့် ဝန်ထုပ်ဝန်ပိုး ဖိအားကြီး လျှောကျသွားသည်ဟု ခံစားလိုက်ရသည်။
“အရှေ့ဘက်ကို သွား” ရီဖူရှင်းက လမ်းညွှန်လိုက်သည်။ အရပ်မျက်နှာပေါင်းစုံမှ ခရမ်းရွှေကြွက်များ၏ ထောက်လှမ်းမှုအရ ထိပ်သီးအင်အားစုများက ထိုဘက်သို့ သွားရောက်ကြသည်ကို သိရှိခဲ့သည်။ ဤနေရာသည် ယခင်က ဘုံတစ်ခု၏ နယ်မြေ ဖြစ်ခဲ့သည်။ များပြားလှသည့် အကြွင်းအကျန်တို့က ယခင်လူများ၏ ရှာဖွေခြင်းကို ခံခဲ့ရပြီး ဖြစ်သည်။ ရီဖူရှင်းသည် သူတို့ မယူသွားဘဲ ချန်ရစ်ခဲ့သော ပစ္စည်းများကို ရရှိနိုင်သော်လည်း ထိုအရာများက သူ့အတွက် မည်သည့်အကျိုးမှ ရှိလိမ့်မည်မဟုတ်ပေ။
သူသည် မတူညီသည့် နေရာနှစ်ခုသို့ သွားခဲ့ပြီး လီဟန်ဓားသမားကို အချိန်တချို့ စောင့်ကြပ်ပေးခဲ့သည်။ သူက ထပ်၍ အချိန်ဆွဲမနေနိုင်တော့ပေ။
ထို့ကြောင့် သူသည် လမ်းတလျှောက်မှ အပျက်အစီးနယ်မြေအားလုံးကို ပျံသန်းဖြတ်ကျော်၍ အဆုံးသို့ အလွန် လျင်မြန်လှသော အရှိန်နှင့် ဦးတည်နေသည်။
သောကျောက်သည် သူ့ကို လိမ်ညာလိမ့်မည်တော့ မဟုတ်ပေ။
သူ၏ အဖွဲ့က အလွန် လျင်မြန်စွာ ခရီးဆက်နေကြသည်။ သူတို့သည် ကြွေကျလာသည့် ကြယ်များကဲ့သို့ပင် နတ်ဘုရားအမွေအနှစ် နယ်မြေအတွင်း ခရီးဆက်နေကြသည်။ သို့သော် သူတို့သာလျှင် ထိုသို့ လုပ်နေခြင်း မဟုတ်ခဲ့ပေ။
ယခု နတ်ဘုရားအမွေအနှစ် နယ်မြေ အစွန်အဖျားတိုင်းမှ လူများသည် ထိုနေရာသို့ အရှိန်အပြည့်ဖြင့် တိုးဝင်လာနေကြ၏။ ဗဟိုအင်ပါယာဘုံမှ အချို့သော ထိပ်သီးအင်အားစုများပင် ပါဝင်ပေသည်။ သူတို့သည် ပို၍ အသေးစိတ်ကျကျ သိရှိထားပြီး အခြားဘုံမှ လူများထက် ရည်ရွယ်ချက်ကို ပိုရှင်းလင်းပေသည်။
***