← Chapters

ဝံပုလွေနှင့် လောက (၄)

Vol. 22 Ch. 303

ဝံပုလွေနှင့် လောက (၄)

Vol. 22 Ch. 303

ဟူး... ဟူး...

တစ်ချိန်တည်း၌ ဝေ့ဝူယင်နှင့် စုမေ့တို့ နှစ်ယောက်သားမှာ အလွန် ထူထဲသော ဝိညာဥ်အလင်း တစ်ခုထဲ၌ မထိမခိုက် ရှိနေသေးဆဲ ဖြစ်သည်။

“သူ့မှာလည်း ကွင်းကိုးကွင်း ဝိညာဥ်ဆင်းတု ရှိနေတာပဲ”

စုမေ့က လင်းမင်ကို ကြည့်ရင်း မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်၏။ သူမသည် ကွင်းကိုးကွင်း ဝိညာဥ် ဆင်းတု တစ်ခု ဖွဲ့စည်းရန် မရှိမဖြစ် အ‌ရေးပါသည့် လိုအပ်ချက်များကို ကောင်းစွာ  သိထားသည်။ ကျုးဟိုင်ဆိုလျှင် ထိုအရာကို အောင်မြင်ရန် အတွက် အဆင့်ရှစ် အဂ္ဂိရတ် ထုတ်ကုန် မြောက်များစွာကို စားသုံးခဲ့ရသည်။ ထို့အပြင် သူသည် ခြောက်လလုံးလုံး မအိပ်မနားပဲ အပြင်းအထန် ကြိုးစားခဲ့ရသေးသည်။

သို့သော်လည်း ယခု လင်းမင်၏ ဝိညာဥ်ခွန်အားမှာ ကျူးဟိုင်ထက် နည်းနည်းမျှ အားနည်းခြင်း မရှိချေ။ ပြောရလျှင် အားသာချက် အနည်းငယ်ပင် ရှိနေသေးပုံ ပေါ်သည်။

စုမေ့ ငြိမ်သက်စွာ ရပ်နေသည့် ဝေ့ဝူယင်ကို မော့ကာ ကြည့်လိုက်၏။ သူ၏ ချောမောသော မျက်နှာထက်တွင် အံ့သြမှု အရိပ်အငွေ့ တစ်ခုမှ ရှိမနေခဲ့ချေ။

ဘာဆိုဘာမှ မထူးဆန်းချေ။ လင်းမင်မှာ ကောင်းချီးခံ တစ်ယောက် ဖြစ်ကြောင်း အစောကတည်းကပင် သူ အတည်ပြုခဲ့ပြီး ဖြစ်သည်။ အမှားအယွင်း တစ်ခုတစ်လေသာ မရှိပါက ထိုလူငယ်မှာ လုံချန် ကဲ့သို့ပင် မျက်မှောက်ခေတ်၏ အထွတ်အထိပ်ကို တက်လှမ်းမည့် ပုဂ္ဂိုလ် ဖြစ်သည်။ သူ့ကဲ့သို့ လူတစ်ယောက်တွင် ကွင်းကိုးကွင်း ဝိညာဥ်ဆင်းတုကို မပိုင်ဆိုင်ထားမှသာ အံ့သြစရာ ကောင်းပေလိမ့်မည်။

ဝေ့ဝူယင် တည်ငြိမ်စွာ ကြည့်နေစဥ်မှာပင် ကျူးဟိုင်နှင့် လင်းမင်တို့ အကြားမှ တိုက်ပွဲမှာ စတင် နေခဲ့ပြီ ဖြစ်လေတော့သည်။

ကျူးဟိုင်သည် မီတာကိုးရာ မြင့်မားသော ဖင်းနော့ ဝံပုလွေကြီးနှင့် အတူ ရပ်ရင်း လင်းမင်ကို မျက်တောင် တစ်ချက် မခပ် ကြည့်နေခဲ့၏။ အဆုံးမဲ့ ဝိညာဥ် ခွန်အားများမှာ သူ့ ခန္ဓာကိုယ် တစ်ခုလုံးတွင် ပြည့်လျှံနေကာ ကြောက်မက်ဖွယ် သွေးရောင် မျက်လုံးများမှာ တဖိတ်ဖိတ် တောက်ပနေ၏။

တစ်ချိန်တည်း၌ လင်းမင်မှာမူ လှံနှင့် ကမ္ဘာလောကကို အပြီးပြည့်စုံဆုံး ပုံစံဖြင့် ပေါင်းစပ်ထားဟန် ရသည်။ သူ၏ အရှိန်အဝါက ကျူးဟိုင်ကဲ့သို့ ကြီးကျယ် ခမ်းနားကာ လွှမ်းမိုးချုပ်ကိုင်လိုခြင်းများ မပါဝင်နေသည့်တိုင် သဘာဝကျစွာပင် အရာရာအား ထိန်းချုပ်ထားနိုင်ပုံ ပေါ်သည်။

ဝှစ်... ဝှစ်...

တိတ်တဆိတ် သဘောတူညီမှု တစ်ခု ရသွားသကဲ့သို့ လင်းမင်နှင့် ကျူးဟိုင်တို့မှာ တစ်ယောက်ထံ တစ်ယောက် ပြေးဝင်သွားကြ၏။ သူတို့နှစ်ယောက်စလုံးကား အနီးကပ် တိုက်ခိုက်‌ရေး သမားများ ဖြစ်ကြပြီး ပြိုင်ဘက်နှင့် တိုက်ရိုက် ရင်ဆိုင်ရသည်ကို နှစ်သက်ကြသူများ ဖြစ်သည်။

ဘုန်း... ဘုန်း...

စက္ကန့်ပိုင်းမျှ အတွင်းမှာပင် ပေါက်ကွဲမှုများစွာ ဖြစ်ပေါ်လာကာ တိုက်ခိုက်‌ရေး စင်မြင့်မှာ လုံးဝ ပေါက်ကွဲသွားလေတော့၏။ ချက်ချင်းပင် ပေါက်ကွဲမှု ဗဟိုမှ ကျောက်တုံး အပိုင်းအစ မြောက်များစွာမှာ ဥက္ကာပျံများ အလား အဖက်ဖက်သို့ ပျံ့နှံ့ ထွက်ပေါ်လာသည်။ ထိုအခိုက်၌ မိုးကြိုးကဲ့သို့ ပေါက်ကွဲသံများမှာ ကျွင်းနာဂြိုဟ် တစ်ခုလုံးတွင် ပဲ့တင်ထပ်နေ၏။ ထိုအခိုက်၌ ဟင်းလင်းပြင် ပင်လျှင် တုန်ခါသည့်  အရိပ်အယောင်များကို ပြသနေသည်။

ကျူးဟိုင်နှင့် လင်းမင်တို့မှာ မျက်စိနှင့် လိုက်မမှီနိုင်အောင် မြန်ဆန်လှသော်လည်း သူတို့၏ ဝိညာဥ် ဆင်းတုများမှာမူ အလွန် ကြီးမားကာ ထင်သာ မြင်သာ ရှိလှသည်။ မရေမတွက်နိုင်သော ပေါက်ကွဲသံများနှင့် အတူ ဖင်းနော့နှင့် အဖြူရောင် လောကတို့မှာ ကြမ်းတမ်း ခက်ထန်စွာဖြင့် အကြိမ်ကြိမ် အခါခါ ထိပ်တိုက်တွေ့ကာ တိုက်ခိုက်နေ၏။

ဟူး... ဟူး...

သူတို့၏ ခန္ဓာကိုယ်များက ကောင်းကင်သို့ ပို၍ မြင့်တက်လာကြသည်။ ထိုအခိုက်၌ သူတို့၏ တိုက်ခိုက်‌ရေးစင်မြင့်မှာ ကျောက်ဖျာတစ်ခု မဟုတ်တော့။ ကျွင်းနာဂြိုဟ် တစ်ခုလုံး ဖြစ်သွားခဲ့ပြီ ဖြစ်လေတော့သည်။

ထိုအချိန် လုံခြုံဘေးကင်းသော နေရာ တစ်ခု၌ လူနှစ်ယောက်မှာ တိုက်ပွဲကို အံ့သြ ထိတ်လန့်စွာဖြင့် ကြည့်နေခဲ့ကြသည်။ မိန်းကလေးမှာ အလွန် ချောမောသည့် အယ်ဗန်မျိုးနွယ် မိန်းကလေး ဖြစ်ကာ ယောက်ျားလေးမှာမူ အနက်ရောင် ဆံပင်၊ အနက်ရောင် မျက်လုံးများနှင့် လူငယ် တစ်ယောက်ပင် ဖြစ်သည်။ သူတို့ကား ချင်ချူးမူနှင့် လုံချန်တို့ပင် ဖြစ်လေသည်။  သူတို့ နှစ်ယောက်မှာ ပထမ၌ တစ်ကွဲတစ်ပြား ရှိနေခဲ့ကြသော်လည်း ပေါက်ကွဲမှုများ စတင်ခဲ့သည်နှင့် လုံချန်က သူမကို ရှာဖွေကာ ဘေးကင်းသော နေရာရောက်အောင် ခေါ်လာခဲ့ခြင်း ဖြစ်သည်။

ချင်ချူးမူမှာ ကောင်းကင်ရှိ တိုက်ပွဲကို ကြည့်ရင်း ဆွံအ နေ၏။ သူမ၏ နှလုံးသားကတော့ မထိန်းချုပ်နိုင်အောင် တုန်ရီနေသည်။ ထိုနှစ်ယောက်မှာ တိုက်ကွက်ပေါင်း သုံးရာကျော် ဖလှယ်ခဲ့ကြပြီး ဖြစ်ကာ တိုက်ခိုက်မှု တစ်ခုချင်းစီကလည်း ကြောက်မက်ဖွယ် ကောင်း‌အောင် ပြင်းထန်လွန်းလှသည်။ အကယ်၍ သူမသာ ထိုတိုက်ပွဲအတွင်း ပါဝင်ရပါက စက္ကန့်ပိုင်းမျှ အတွင်းမှာပင် အပိုင်းပိုင်း ပြတ်ကာ သေဆုံးသွားရပေလိမ့်မည်။

“ဘယ်လိုဖြစ်နိုင်မှာလဲ...”

ထိုမေးခွန်းက သူမ၏ စိတ်အတွင်း ပေါက်ကွဲ နေ၏။ သူမက ဖြေရှင်းချက် တစ်ခုခု ရလိုရငြား ဘေးနားရှိ လုံချန်ကို ကြည့်လိုက်သော်လည်း တူညီစွာပင် လုံချန်၏ မျက်နှာက အံ့သြထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။

"သူတို့က အရမ်းကို သန်မာလွန်းတယ်...”

လုံချန်၏ အသံက အလွန် တိုးလျနေ၏။ သူသည် သိပ်မကြာခင်ကပင် ကောင်းကင် အုပ်စိုးသူ အဆင့်ကို ရောက်ရှိခဲ့ကာ ထူးဆန်းသော သေမျိုးအဆင့်တစ်ခုနှင့် ထိတွေ့နိုင်ခဲ့သည်။ သို့တိုင်အောင် ထိုနှစ်ယောက်ကို အနိုင်တိုက်ခိုက်ရန် သူ့တွင် ယုံကြည်ချက် တစ်ဝက်ပင် မရှိချေ။

အထူးသဖြင့် ငွေရောင် ဆံပင်ရှည် တစ်လွင့်လွင့်ဖြင့် လေထဲ၌ ပျံဝဲနေသည့် အလွန် ချောမောသော ရှို့ရန်ကို ကြည့်မိသော အခိုက်၌ သူ ထိတ်လန့်မှုကိုပင် ခံစားနေရသည်။

ကျူးဟိုင်...

ထိုတိရစ္ဆာန် တစ်ပိုင်း လူတစ်ပိုင်းကောင်ကား ဝေ့ဝူယင်၏ ခွေးတစ်ကောင်မျှသာ ဖြစ်သည်။ သူ့အမြင် အရဆိုလျှင် စုမေ့၏ အဆင့်အတန်းက ထိုအကောင်ထက် ပိုမို မြင့်မားသည်။ ကျူးဟိုင်တောင် သည်လောက် သန်မာနေလျှင် စုမေ့ဆိုရင်ကော...။

“လုံချန်... သူတို့က ဘာလို့ ဒီလောက် ကြာကြာတောင် တိုက်ခိုက်နိုင်ကြတာလဲ... သူတို့ ပိုင်ဆိုင်ထားတဲ့ ကြယ်တာရာ အင်အား ပမာဏက...”

လုံချန် အတွေးနက် နေစဥ်မှာပင် ချင်ချူးမူ၏ အသံက သူ့နားထဲ တိုးဝင်လာသည်။ ထိတ်လန့်မှုများမှာ သူမ၏ လေသံထဲတွင် အထင်းသား နေရာယူထား၏။

မည်ကဲ့သို့ မထိတ်လန့်ပဲ နေနိုင်ပါမည်နည်း။ အကယ်၍ သာမန် ဝိညာဥ်ဆင်းတု အဆင့်များထက် အဆ တစ်ရာသော ကြယ်တာရာ အင်အားကို ပိုင်ဆိုင်ထားမည် ဆိုလျှင်ပင် သူတို့ နှစ်ယောက်မှာ သည်လောက် ကြာကြာ တိုက်ခိုက်နိုင်မည် မထင်ချေ။ အချိန်တိုင်း၊ စက္ကန့်တိုင်း၌ သူတို့ အသုံးပြုနေသည့် ကြယ်တာရာ အင်အား ပမာဏက တောင်တစ်တောင်ကိုပင် ဖျက်ဆီးနိုင်သည် အထိ များပြားလှသည်။

“ထာဝရ တည်မြဲခြင်း... သူတို့ရဲ့ ကြယ်တာရာ ဝိညာဥ်တွေက သေမျိုး မိုးကုပ်စက်ဝိုင်း အဆင့်ကို ရောက်နေကြပြီ...”

လုံချန်က လေးနက်သော အမူအရာနှင့် အသက်ပြင်းပြင်း ရှူလိုက်၏။

သေမျိုး မိုးကုပ်စက်ဝိုင်း အဆင့်...

သူ ကိုယ်တိုင်သည်လည်း ထိုအဆင့်ကို အောင်မြင်ခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့်ပင် ၎င်း၏ အားသာချက်များကို နက်ရှိုင်းစွာ နားလည်သည်။ သေမျိုး မိုးကုပ်စက်ဝိုင်း အဆင့်မှာ သူ ကျင့်ကြံခြင်း အဆင့် ကျော်လွန်၍ အနိုင်ယူ တိုက်ခိုက်နိုင်ခဲ့သည့် လျှို့ဝှက်ချက်များထဲမှ တစ်ခုပင် ဖြစ်သည်။

“သူတို့က ဘာလို့ အစီအရင်တွေ မသုံးကြတာလဲ...”

ချင်ချူးမူက နားမလည်စွာ မေးလိုက်၏။ သူမ၏ အမြင်အရဆိုလျှင် လင်းမင်နှင့် ကျူးဟိုင်တို့မှာ ခန္ဓာကိုယ် ခွန်အားနှင့် ကြယ်တာရ အင်အားတို့ကိုသာ သုံးကာ ထိပ်တိုက် တိုက်ခိုက်နေကြခြင်း ဖြစ်သည်။ ယခုအချိန်ထိ အစီအရင် တစ်ခုတစ်လေကိုမှ သူမ မတွေ့ရသေးချေ။

သို့သော်လည်း လုံချန်က ဖြည်းညင်းစွာဖြင့် ခေါင်းကို ခါယမ်းလိုက်၏။

“သူတို့က အစီအရင်တွေ သုံးနေပါတယ်...”

“သုံးနေတာလား... “

ချင်ချူးမူ၏ မျက်လုံးများက အနည်းငယ် ကျဥ်းမြောင်းသွား၏။ လုံချန်က ခေါင်းညိတ်ရင်း လေထဲကို လက်ညိုးထိုးပြလိုက်သည်။

“အဲဒီ ကျူးဟိုင်နဲ့ လင်းမင်တို့ရဲ့ မျက်လုံးတွေကို ကြည့်လိုက်... အဲဒီအရာတွေက အဆုံးမဲ့ တွင်းပေါက်ကြီးတွေလို ဝိညာဥ်အင်အားတွေကို ထုတ်လွှတ်ပြီး ပြိုင်ဘက်ကို အသံတိတ် ချေမှုန်းဖို့ ကြိုးစားနေကြတာ... သတိတစ်ချက် လစ်တာနဲ့ လစ်တဲ့လူက သွားပြီပဲ”

လုံချန်မှာ ရှင်းပြရင်း လင်းမင်နှင့် ကျူးဟိုင်တို့၏ တိုက်ပွဲကို စိတ်ထဲမှ ကြိတ်ကာ ချီးကျူး လိုက်မိ၏။ သူကိုယ်တိုင်မှာလည်း သိုင်းပညာတာအိုကို လျှောက်လှမ်းနေသည့် ကျင့်ကြံသူ တစ်ယောက် ဖြစ်ရာ ဤတိုက်ပွဲ ရေချိန်မည်မျှ မြင့်မားကြောင်း နားလည်ထားသည်။

အခြားတစ်ဖက်၌ ချင်ချူးမူမှာမူ သိပ်နားမလည်သေးသည့်တိုင် မလုံခြုံမှုနှင့် ကြောက်ရွံ့မှုတို့ကို ခံစားလိုက်ရသည်။ သူက စိတ်ရှုပ်ထွေးစွာဖြင့် ကျူးဟိုင်နှင့် လင်းမင်တို့၏ တိုက်ပွဲကို ဆက်လက် ကြည့်နေလိုက်၏။ သူတို့ နှစ်ယောက်မှာ လေထဲတွင် တိုက်ခိုက်ရင်း အထက်သို့ မြင့်သထက် မြင့်တက်လာနေခဲ့သည်။ ဤအတိုင်းသာ ဆိုပါက... အနှေးနှင့် အမြန်ဆိုသလို ကျောက်ဖျာကြီးဆီသို့ ရောက်ရှိပေတော့မည်။

“ဘယ်သူနိုင်မယ် ထင်လဲ...”

ချင်ချူးမူက မေးလိုက်၏။ သူမ ကိုယ်တိုင်မှာ တိုက်ပွဲကို ရှင်းလင်းစွာ မမြင်ရသည့်တိုင် လုံချန်တွင်မူ ထိုအရာကို လေ့လာရန် နည်းလမ်းပေါင်း များစွာ ရှိနေကြောင်း သူမ သိရှိထားသည်။

လုံချန်က မျက်မှောင်ကြုတ် လိုက်၏။ အတန်ကြာပြီးနောက်မှ သူက လေးနက်သော လေသံဖြင့် ပြောလိုက်လေသည်။

“ငါ သေချာ မသိဘူး... ဒါပေမဲ့ ဒီအတိုင်း ဆက်ပြီး တိုက်ခိုက်နေမယ် ဆိုရင်တော့ အနိုင်ရတဲ့လူ ဘယ်တော့မှ ပေါ်ထွက်လာမှာ မဟုတ်ဘူး”

တစ်ချိန်တည်း၌ သူတို့နှင့် သိပ်မနီးမဝေး နေရာတစ်ခုတွင် စုမေ့နှင့် ဝေ့ဝူယင်တို့ ရှိနေခဲ့ကြသည်။ သူတို့သည်လည်း ငြိမ်သက်စွာပင် တိုက်ပွဲအား ကြည့်နေခဲ့ကြ၏။

“သူ့မှာလည်း သေမျိုး မိုးကုပ်စက်ဝိုင်း အဆင့် ကြယ်တာရာ ဝိညာဥ် ရှိနေတာပဲ...”

စုမေ့က ရေရွတ်လိုက်၏။ သေမျိုး မိုးကုပ်စက်ဝိုင်း အဆင့်ကို ရောက်ရှိရန် အတွက် ပင်ကိုယ် ပါရမီ တောင်းဆိုမှု အလွန် များပြားလှသလို မရေမတွက်နိုင်သည့် ရင်မြစ်များ လိုအပ်သေးသည်။ အကယ်၍ ဝေ့ဝူယင်၏ အဆင့်မြင့် အဂ္ဂိရတ် ထုတ်ကုန်များကြောင့်သာ မဟုတ်ပါက သူမနှင့် ကျူးဟိုင်တို့မှာ ထိုအဆင့်ကို ဘယ်တော့မှ လက်လှမ်းမှီလိမ့်မည် မဟုတ်ပါချေ။

ဝေ့ဝူယင်၏ အမူအရာမှာမူ အနားယူနေသလိုပင် သက်တောင့်သက်သာပင် ရှိနေခဲ့၏။ စိုးရိမ်မှု၊ အံ့သြမှု အစွန်းအထင်း တစ်စုံတစ်ရာမှ သူ၏ သူ၏ ငွေရောင် မျက်လုံးများထဲတွင် ရှိမနေခဲ့ချေ။ သူက အနည်းငယ် ပြုံးလိုက်ရင်း စုမေ့ကို လှည့်ကြည့်လိုက်သည်။

“နင် သူ့အကြောင်းကို မသိသေးလို့ပါ... တကယ်တော့ လင်းမင်က ဆန်းကြယ် ဧကရာဇ် ဟန်ရှဲ့ရဲ့ အမွေဆက်ခံသူပဲ... သူ့ရဲ့ တိုက်ရိုက် တပည့်တောင် ဖြစ်နေနိုင်သေးတယ်”

“ဘယ်လို...”

စုမေ့၏ မျက်လုံးများမှာ ပြူးကျယ်သွား၏။ သူမ မည်ကဲ့သို့ ဆန်းကြယ်ဧကရာဇ်ကို မသိပဲ နေပါမည်နည်း။ ဆန်းကြယ် ဧကရာဇ် ဆိုသည်က မည်သူနည်း။

သူကား သမိုင်းများထဲမှ အလွန် ကြီးမြတ်လှသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ မဟာ ဧကရာဇ် ဝူယု၊ အသူရာ နတ်ဆိုး သခင်၊ အထွတ်အမြတ် ဧကရီ တို့ကဲ့သို့သော ပုဂ္ဂိုလ်ကြီးများနှင့် အတူ ခေတ်တစ်ခေတ်ကို ထူထောင်ခဲ့သူ ဖြစ်သည်။ သည်လင်းမင်က ထိုကဲ့သို့သော ပုဂ္ဂိုလ်ကြီး၏ အမွေအနှစ်ကို ရရှိထားသည်လား။ သူ၏ တိုက်ရိုက် တပည့်ပင် ဖြစ်နေနိုင်သည်လား။

စုမေ့ အတွေးနက်နေစဥ်တွင် ဝေ့ဝူယင်မှာမူ တည်ငြိမ်စွာပင် တိုက်ပွဲကို ကြည့်နေခဲ့လေတော့သည်။

***

All Chapters