← Chapters

အဆုံးသတ်

Vol. 22 Ch. 304

အဆုံးသတ်

Vol. 22 Ch. 304

ထိုအချိန် ကောင်းကင်ထက်၌...

ဘုန်း...

အလွန် ပြင်းထန်သော ပေါက်ကွဲမှု တစ်ခုနှင့် အတူ ပုံရိပ် နှစ်ခုမှာ ကွဲကွာသွားကြ၏။ သို့သော်လည်း သူတို့၏ မျက်လုံးများကတော့ တစ်‌ယောက်ကို တစ်ယောက် မမှိတ်မသုန် စူးစိုက် ကြည့်နေကြဆဲ ဖြစ်လေသည်။

ကျူးဟိုင်၏ လက်ချောင်းများနှင့် လက်မောင်းများမှာ သွေးများဖြင့် ရွှဲနစ်နေ၏။ သူ၏ ငွေရောင် ဆံပင်ရှည်များက ဝံပုလွေ သားရဲတစ်ကောင်လို ရှုပ်ထွေးပွေလီနေသည်။

အခြားတစ်ဖက်၌ လင်းမင်၏ အဝတ်အစားများမှာ လုံးဝ ဖျက်ဆီးခံလိုက်ရပြီ ဖြစ်သည်။ လတ်တလော၌ သူသည် ကြယ်တာရာ အင်အားဖြင့် ချပ်ဝတ်တစ်ခု ဖန်ဆင်းကာ ခန္ဓာကိုယ်ကို ဖုံးအုပ်ထား၏။ ထိုချပ်ဝတ်၏ မျက်နှာပြင်ထက်၌ နက်ရှိုင်းသော လက်သည်းအရာ အချို့ ထင်ကျန်နေကာ သွေးရောင် အလင်း ခပ်ဖျော့ဖျော့ လင်းလက်နေ၏။ တစ်ချိန်တည်း၌ သူ၏ နှုတ်ခမ်းထောင့်စွန်းတွင်မူ သွေးစအချို့ ရှိနေခဲ့၏။

သူတို့ နှစ်ယောက်၏ နောက်တွင်မူ မီတာ ကိုးရာ မြင့်မားသော ဝိညာဥ်ဆင်းတုကြီးများ ရှိနေကြသေးဆဲ ဖြစ်သည်။ ၎င်းတို့မှာ စတင် ဆင့်ခေါ်ချိန်တုန်းကလိုပင် အစွမ်းထက် နေကြဆဲ ဖြစ်၏။

“နောက်ဆုံး တိုက်ခိုက်မှု...”

လင်းမင်နှင့် ကျူးဟိုင်တို့မှာ ပြိုင်တူ ပြောလိုက်ကြ၏။ ထို့နောက် သူတို့ နှစ်ယောက်စလုံး ခေါင်းညိတ် လိုက်ကြသည်။

သူတို့ နှစ်‌ယောက်စလုံး၏ ခွန်အားများမှာ တစ်ယောက်နှင့် တစ်ယောက် ကွာခြားမှု မရှိရာ အနိုင်အရှုံး ပေါ်ထွက်ရန် ခက်ခဲနေပြီ ဖြစ်သည်။ ကျူးဟိုင်၏ လက်သည်းချက်များမှာ အလွန် ကြောက်မက်ဖွယ် ကောင်းအောင် ထက်မြက်လှသလို လင်းမင်၏ ခံစစ်နည်းလမ်းများမှာလည်း ချိုးဖျက်၍ မရနိုင်အောင် ခက်ခဲလှသည်။ ထို့ကြောင့်ပင် သူတို့ နှစ်ယောက်စလုံးမှာ နောက်ဆုံး တိုက်ခိုက်မှုဖြင့် အရာရာကို အဆုံးသတ်ရန် ဆုံးဖြတ်လိုက်ကြခြင်း ဖြစ်သည်။

အရာရာကို လက်ခံရန် သူတို့ ကြိုတင် ပြင်ဆင်ထားကြပြီး ဖြစ်သည်။ သည်နောက်ဆုံး တိုက်ခိုက်မှုတွင် သူတို့ နှစ်ယောက်ထဲမှ တစ်ယောက်မှာ သေဆုံး သွားနိုင်ချေ ရှိသည်။ အကယ်၍ အခန့်မသင့်လျှင် နှစ်ယောက် စလုံးပင် ဖြစ်သွားနိုင်သည်။

သို့သော်လည်း ရလဒ်ကို‌တော့ ဆုံးဖြတ်ရပေလိမ့်မည်။

ဟူး... ဟူး...

သူတို့နှစ်ယောက်မှာ လေထဲတွင် မြောလွင့်နေကြ၏။ တစ်ယောက်မှာ လောကကြီး၏ အလှပဆုံး ဒြပ်စင် ရောင်စဥ်များကို ခြံရံနေကာ အခြား တစ်ယောက်မှာမူ အဆုံးမဲ့ သတ်ဖြတ်လိုခြင်းများနှင့် ရစ်သိုင်းနေသည်။ အောက်မှ မော့ကြည့်ပါက သူတို့ နှစ်ယောက်စလုံး၏ ပုံရိပ်များမှာ အဆုံးသတ် တိုက်ပွဲ ဆင်နွှဲနေသည့် စစ်နတ်ဘုရားများ အလားပင်။

ထို့နောက် စက္ကန့်ပိုင်းမျှ အတွင်းမှာပင်

“ဘုန်း...”

လင်းမင်က သူ၏ မူလလှံတံကို ရှေ့သို့ ဆန့်တန်းလိုက်၏။ တစ်ချိန်တည်း၌ သူ၏ မျက်ခုံး နှစ်ခုကြားရှိ အစက်က အလွန် စူးရှစွာ ‌တောက်ပလာကာ ကိုးရောင်ခြယ် အလင်းတန်းမှာ အရပ်မျက်နှာ ဆယ်ခုတိုင်အောင် ဖြာထွက်လာသည်။  ခြေတစ်လှမ်း အတွင်းမှာပင် သူက မိုးရွာပြီးနောက် ထွက်ပေါ်တတ်သည့် လှပသော သက်တံ့တစ်စင်း ပုံသဏ္ဌာန် ပြောင်းလဲသွား၏။

ထိုလှုပ်ရှားမှုကား အလွန် လျှင်မြန်လွန်းလှသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် သူ ကိုင်ဆောင်ထားသည့် လှံထိပ်မှာ ကျူးဟိုင်၏ ရင်ဘတ်နားသို့ ရောက်နေခဲ့ပြီ ဖြစ်လေတော့သည်။

ဘုန်း...

ကျူးဟိုင်မှာ ရှောင်တိမ်းခြင်း မပြုသလို လှုပ်ရှားခြင်းလည်း မပြုချေ။ သူက ပါးစပ်ကိုသာ စလိုက်ရာ အဆုံးမဲ့ သွေးရောင် အလင်းများမှာ ပေါက်ကွဲ ထွက်ပေါ်လာ၏။ ပတ်ဝန်းကျင် တစ်ခုလုံးကား ချက်ချင်းပင် သွေးရောင် အလင်းများ၏ သိမ်းပိုက်ခြင်းကို ခံလိုက်ရ၏။ လျှပ်တစ်ပြက်မျှ မကြာခင် အချိန်ကလေး အတွင်းမှာပင် ကျွင်းနာဂြိုဟ်၏ မြောက်ဘက်ပိုင်း ကမ္ဘာတစ်ခုလုံးကား သွေးရောင် အဆင်းဖြင့် ရဲရဲနီ သွားခဲ့ပြီ ဖြစ်လေတော့သည်။

ထိုအခိုက်၌ ပရိသတ်များမှာ ဘာကိုမှ မြင်တွေ့နိုင်စွမ်း မရှိတော့ချေ။ အလင်း မျက်နှာပြင်များမှ ကြည့်နေကြသော လူများမှာလည်း မျက်နှာပြင်တစ်ခုလုံး အနီရောင် အလင်းများဖြင့် ဖုံးလွှမ်းနေသည်ကိုသာ တွေ့ရှိရသည်။ သို့သော်လည်း တစ်ချက်တစ်ချက် ခပ်သဲ့သဲ့ ထွက်ပေါ်လာသည့် ရှေးဟောင်း စစ်သည်တော်များ၏ မာန်သွင်း အော်ဟစ်သံများနှင့်  ရက်စက်ကြမ်းကြုတ်သော ခွေးများ၏ ဟိန်းဟောက်သံများကိုတော့ ကြားနေရ၏။

စက္ကန့်ပိုင်းမျှ ကြာပြီးသည့်နောက် အလင်းများမှာ တဖြည်းဖြည်း ပြန်လည် ပျောက်ကွယ်သွား၏။ ပုံရိပ်နှစ်ခုကတော့ လေထဲတွင် လွင့်မြောနေဆဲ ဖြစ်သည်။ သို့သော်လည်း သူတို့မှာ မူလ နေရာများ၌ မဟုတ်တော့သလို မျက်နှာချင်း ဆိုင်နေကြခြင်းလည်း မရှိတော့ချေ။ ကောင်းကင်တစ်ဖက်ခြမ်းနှင့် အခြား တစ်ဖက်ခြမ်း၌ တစ်ယောက်ကို တစ်ယောက် ကျောခိုင်းရင်း ရပ်နေကြခြင်း ဖြစ်သည်။

“ဝေါ့...”

ကျူးဟိုင်မှာ ပထမဆုံး သွေးများကို အန်ထုတ်လိုက်ရ၏။ ထိုအခိုက်၌ သူ့မျက်လုံးများထဲမှ သွေးရောင် အလင်းတန်းများကား မှိန်ဖျော့ကာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ သူ၏ အရေပြားများ အောက်တွင်မူ အရောင် ကိုးခုမှာ အဆုံးမဲ့စွာ ကူးခပ်နေကြ၏။

ထိုအရာများထက် ပို၍ အရေးကြီးသည့် အချက်ကား သူ့ရင်ဘတ် အလယ်တည့်တည့်တွင် ဘောလုံးတစ်လုံး အရွယ်အစားမျှ အပေါက်ကြီး တစ်ခု ဖြစ်ပေါ်နေခြင်းပင် ဖြစ်လေသည်။ ၎င်းက ‌ကျောထိတိုင်အောင် ထုတ်ချင်းပေါက်ကာ အရောင် ကိုးခုမှာ ဒဏ်ရာ အနားသတ်များတွင် အဆက်မပြတ် စီးဆင်းနေ၏။ တစ်ချိန်တည်း၌ ကျူးဟိုင်၏ လက်များက တုန်ရီနေကာ ခန္ဓာ၊ ဝိညာဥ်နှင့် အသက် အ‌ရောင်အဝါများမှာလည်း လျှင်မြန်စွာ ကျဆင်းနေသည်။ တစ်ချက် ကြည့်ရုံဖြင့်ပင် ကျူးဟိုင်မှာ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိသွားခဲ့ပြီ ဖြစ်ကြောင်း ထင်ရှားလှပေသည်။

အခြားတစ်ဖက်၌ လင်းမင်မှာလည်း ကျူးဟိုင်ထက် အခြေအနေ ကောင်းခြင်း မရှိချေ။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးရှိ အရေပြားများမှာ ပျက်စီးသွားခဲ့ပြီ ဖြစ်ကာ အသားနှင့် ကြွက်သားစများသာလျှင် ကျန်ရစ်ခဲ့၏။ ပေါက်ပြဲနေသော သွေး‌ကြောမျှင်များမှ သွေးများမှာ အဆက်မပြတ် စီးထွက်နေလေရာ သူ့ခန္ဓာကိုယ် တစ်ခုလုံးမှာ ချင်းချင်းနီနေ၏။ တစ်ချိန်တည်း၌ သူ့နဖူးထက်ရှိ ကိုးရောင်ခြယ် အစက်တွင်လည်း အက်ကွဲမှု တစ်ခု ရှိနေခဲ့သည်။

မျက်ခွံကင်းမဲ့နေသည့် လင်းမင်၏ မျက်လုံးများမှာ တွေ‌ဝေကာ မယုံကြည်နိင်ခြင်းများနှင့် ပြည့်နှက်နေသည်။ အကယ်၍ အသက်ကယ် ဝှက်ဖဲများကြောင့်သာ မဟုတ်ပါက တိုက်ပွဲအတွင်း သူ သေဆုံး၍ပင် သွားလောက်ပြီ ဖြစ်သည်။

နောက်ဆုံး၌ သူက သက်ပြင်းတစ်ချက် ချလိုက်၏။ ယခုကဲ့သို့ အပျက်အစီး ကြယ်တာရာ နယ်မြေတွင်ပင် ထူးချွန်သည့် ပါရမီရှင်များ ရှိနေသေးကြောင်း သူ နားလည်သွားခဲ့ပြီ ဖြစ်သည်။ ဆန်းကြယ် ဧကရာဇ် ဟန်ရှဲ့၏ အမွေအနှစ်... ထိုအရာက သူ ထင်သလို ပြိုင်ဘက် မကင်းပါချေ။

ဤအတွေ့အကြုံမှာ လောကနှင့် ပတ်သက်သည့် သူ၏ အတွေးအမြင်များကို လုံးလုံး ပြောင်းလဲစေခဲ့ပြီ ဖြစ်သည်။ နောက်ဆုံး အနေဖြင့် ကျူးဟိုင်ကို လှည့်ကြည့်လိုက်စဥ်မှာပင် အဖြူရောင် အလင်းများက သူ့ခန္ဓာကိုယ်ကို ဝန်းရံလာ၏။

ဝှစ်...

ထို့နောက်  သူ၏ ခန္ဓာကိုယ်က မူလ နေရာမှ ပျောက်ကွယ်သွားလေတော့၏။

“ ... “

ထိုအခိုက်၌ ကျွင်းနာဂြိုဟ် တစ်ခုလုံးမှာ တိတ်ဆိတ်ငြိမ်သက်နေသည်။ တုန်လှုပ်ချောက်ချားမှု လှိုင်းများသည် အားလုံး၏ နှလုံးသားများထံ အဆက်မပြတ် စီးဆင်းနေ၏။ ကောင်းကင်ကိုပင် အံ့တုနိုင်ဟန် ရသည့် ထိုပါရမီရှင် နှစ်ယောက်၏ တိုက်ခိုက်မှုများကား အလွန် ပြင်းထန်လွန်းလှသည်။ အထူးသဖြင့် ဒွိဟ အခြေအနေမျိုးဖြင့် ပြီးဆုံးသွားသည့် အဆုံးသတ်ကလည်း အနည်းငယ် ပဟေဠိ ဆန်နေသည်။

ဆန်းကြယ် ဒြပ်စင် နန်းတော်၏ ပြိုင်ပွဲဝင် လင်းမင်သည် အရေပြား အကုန်လုံး ဆုတ်ဖြဲခံရကာ ရုပ်ပျက်ဆင်းပျက် ဖြစ်သွားခဲ့သည်။ ထို့နောက် သေလား ရှင်လား မသိရသေးခင်မှာပင် အဖြူရောင် အလင်းများက သူ့အား ဝန်းရံလာကာ ပျောက်ကွယ်သွားခဲ့သည်။

၎င်းက အခြား တစ်နေရာသို့ရွှေ့ပြောင်း ခံလိုက်ရခြင်းလော... သို့မဟုတ် ငွေရောင်အမှုန်အမွှားများ အသွင် ပြောင်းလဲကာ သေဆုံးသွားခြင်းလော... မည်သူမှ မပြောနိုင်ပါချေ။

အခြား တစ်ဖက်၌ အနန္တဧကရာဇ်ဂိုဏ်း၏ ပြိုင်ပွဲဝင် ကျူးဟိုင်မှာလည်း ကြီးမားစွာ ထိခိုက် ဒဏ်ရာရရှိခဲ့ကာ ရင်ဘတ်တွင် ကြီးမားသော အပေါက်ကြီး တစ်ခု ဖြစ်နေခဲ့သည်။ ကြည့်ရသည်က သူ့နှလုံးသား ပင်လျှင် ဖျက်ဆီးခံလိုက်ရပုံ ရသည်။

“ ... “

ချင်ချူးမူမှာ ပါးစပ်ကို လက်နှစ်ဖက်ဖြင့် ပိတ်ထားခဲ့မိသည်။ အလွန်တရာ လှပလှသည့် သူမ၏ မြစိမ်းရောင် မျက်ဝန်းနုနုများမှာ ထိတ်လန့်မှု၊ စိုးရိမ်မှုတို့ဖြင့် ပြည့်နှက်နေ၏။ ပုဂ္ဂိုလ်ရေး အရ ခင်မင်ရင်းနှီးခြင်း မရှိသည့်တိုင် ထိုဝံပုလွေသွေးမျိုးဆက်မှာ ဝေ့ဝူယင်၏ အားအကိုးရဆုံး လက်အောက်ငယ်သား တစ်ယောက် ဖြစ်ကြောင်းကိုတော့ သူမ သိရှိပေသည်။ ထို့ကြောင့်ပင် ကျူးဟိုင် တစ်ခုခု ဖြစ်သွားမည်ကို သူမ စိုးရိမ်နေခဲ့မိသည်။

“သူ သေတော့မှာလား...”

တစ်ချိန်တည်း၌ လုံချန်၏ မျက်ဝန်းများက အနည်းငယ် ပြူးကျယ်နေ၏။ သူ၏ လေသံကလည်း မသေချာမှု၊ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။

သူ့အမြင်အရဆိုလျှင် ကျူးဟိုင်မှာ နှစ်တစ်သောင်းတွင် တစ်ယောက် ပေါ်ထွန်းခဲသည့် ပါရမီရှင်မျိုး ဖြစ်သည်။ ထိုရှို့ရန်သည် ရည်ရွယ်ချက် နှစ်ခုကို တစ်ပြိုင်နက်တည်း နားလည်ထားသည့် အပြင် သေမျိုး မိုးကုပ်စက်ဝိုင်း အဆင့်နှင့် ကွင်းကိုးကွင်း ဝိညာဥ် ဆင်းတုကိုလည်း ပိုင်ဆိုင်ထားသေးသည်။ အကယ်၍ အမှားအယွင်းသာ မရှိပါက အနာဂတ်တွင် မဟာ ဧကရာဇ် ဝူယုတို့ ကဲ့သို့ ကြယ်တာရာ အမြုတေ အဆင့်ထက် ကျော်လွန်သော အဆင့်ကိုပင် ရောက်ဖို့ ဖြစ်နိုင်ချေ ရှိသည်။

ကျူးဟိုင်၏ အသက်အင်အားများမှာ အဆက်မပြတ် လျှင်မြန်စွာ ကျဆင်းလာနေသည်ကို သူတွေ့ရ၏။ အဆုံးမဲ့သော သွေးများကလည်း သူ့နှုတ်ခမ်းမှ စီးကျလာနေသည်။ လက်မခံချင်သော်လည်း ထိုအရာက အမှန်တရား ဖြစ်သည်။ အကယ်၍ ကျူးဟိုင် အသက်ရှင်ခဲ့လျှင်ပင် သူ့နှလုံးသားက ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။ နှလုံးသားကို ထျန်းတျန် အဖြစ် အသုံးပြုသည့် ရှို့ရန် တစ်ယောက် အနေဖြင့် သူ၏ ကျင့်ကြံခြင်းက ခရီးလမ်းက ပြီးဆုံးသွားခဲ့ပြီဟု ဆိုနိုင်ပေသည်။

***

All Chapters