← Chapters

အဆုံးသတ် (၂)

Vol. 22 Ch. 305

အဆုံးသတ် (၂)

Vol. 22 Ch. 305

“အား...”

မကြာခင်မှာပင် ကျူးဟိုင်မှာ မန်နာ ထိန်းချုပ်နိုင်သော စွမ်းရည်မှာ တဖြည်းဖြည်း ပျောက်ဆုံးလာ၏။ သူ၏ ခန္ဓာကိုယ်က ကောင်းကင်မှ နေ၍ စတင်ကာ အောက်သို့ ကျဆင်းလာသည်။ တစ်ချိန်တည်း၌ သူ၏ သွေးရောင် မျက်လုံးများက ကြည်လင် ပြတ်သားမှု တဖြည်းဖြည်း ပျောက်ရှလာကာ ရီဝေစ ပြုလာနေခဲ့၏။

“ငါ... ရှုံးသွားတယ်...”

ကျူးဟိုင်၏ အတွေးများက နှေးကွေးကာ လေးလံလာသည်။ စောစောက ဖြစ်ပျက်ခဲ့သည့် အရာများကို တွေးရင်း သူ နာကျင်မှုကို ခံစားလိုက်ရ၏။

ထိုတိုက်ပွဲ၌ သူသည် အင်ပါယာ သွေးပန်းပဲဖို နည်းလမ်း၊ သွေးပေါက်ကွဲခြင်း၊ ဝိညာဥ် ဖျက်ဆီးခြင်း... အစရှိသဖြင့် အစွမ်းအထက်ဆုံးသော ကျင့်စဥ်များကို အိတ်သွန် ဖာမှောက် အသုံးပြုခဲ့သည်။ သို့တိုင်အောင် သူ ရှုံးနိမ့်ခဲ့ရသည်။

“ငါ... ငါ...”

အသိစိတ်များ တဖြည်းဖြည်း ဝေဝါးလာခြင်းနှင့် အတူ အတိတ်၏ အရိပ်များက သူ့စိတ် အတွင်း ရုပ်ရှင် ပိတ်ကား တစ်ခုလို ပြန်ပေါ်လာခဲ့လေ၏။

ဟိုးလွန်ခဲ့သည့် နှစ်ပေါင်းများစွာ ငယ်ရွယ်စဥ် အခါကတည်းက သူ အနန္တ ဧကရာဇ်ဂိုဏ်းသို့ ဝင်ရောက်ခဲ့သည်။ သို့သော်လည်း သူကား သိပ် သိပ်ထူးခြားခဲ့သူ တစ်ယောက် မဟုတ်ချေ။ ထူးခြားသော ဝံပုလွေ သွေးမျိုးဆက်၏ အကူအညီဖြင့် သူများနောက် ပြတ်မကျန်ရစ်အောင် ကျင့်ကြံနိုင်ခဲ့သည် ဆိုရုံလောက်မျှသာ။

ဘာပဲဖြစ်ဖြစ်... သူ ပျော်ရွှင်ပါသည်။ သူ့တွင် အလွန် လှပသည့် မိခင်နှင့် သန်မာကာ အလုပ် ကြိုးစားသော ဖခင်တို့ ရှိပေသည်။ သူ၏ ချစ်စရာကောင်းသော ညီလေးမှာလည်း ထူးချွန် ထက်မြက်ကာ ကျင့်ကြံခြင်း လမ်းစဥ်တွင် ပါရမီ မြင့်မားသူလေး ဖြစ်သည်။

ကောင်းကင်နိုဘယ်များ၊ ကောင်းကင် ဧကရာဇ်များနှင့် အားကျမိသည့်တိုင် သူ ကိုယ့်အကန့်အသတ်ကို နားလည်ခဲ့ပါသည်။ ကြယ်တာရာ အမြုတေ အဆင့်ကို တက်လှမ်းနိုင်ခဲ့လျှင်ပင် ဤသည်က သူ့အတွက် လုံလောက်ပေသည်။

အစစအရာရာ သာယာ အဆင်ပြေနေချိန်တွင်... ကံကြမ္မာဆိုးကြီး တစ်ခု ဘဝထဲကို ဖြတ်သန်း တိုက်ခိုက်လာလိမ့်မည်ဟု သူ မည်ကဲ့သို့ ထင်မိခဲ့လိမ့်မည်နည်း။

တစ်နေ့၌ သေမျိုးခေါင်းဆောင် အဆင့် အကြီးအကဲ တစ်ဦးမှာ သူ၏ မိခင် ဖြစ်သူကို တွေ့ရှိကာ စိတ်ဝင်စားသွားခဲ့သည်။ ထိုလူယုတ်မာ၏ မျက်နှာပြောင် တိုက်သော ပေါ်တင် ကြိုးစားမှုများအောက်တွင် ဖခင်ဖြစ်သူမှာ မခံမရပ်နိုင်ဖြစ်ကာ သေခြင်းရှင်ခြင်း တိုက်ပွဲဆင်နွှဲရန် စိန်ခေါ်ခဲ့တော့သည်။  သို့သော်လည်း အကျိုးဆက် အနေဖြင့် ကျင့်ကြံခြင်း ဖျက်ဆီးခံရခြင်းသာ အဖတ်တင်ခဲ့လေ၏။

သူ၏ ကံဆိုးမှုများကား ထိုမျှပင် ရပ်တန့်ခြင်း မရှိချေ။ နောက်ထပ် ရက်ပိုင်း အတွင်းမှာပင် သူ၏ ညီငယ်လေးမှာ ဂိုဏ်းစည်းကမ်းများကို ချိုးဖောက်သည်ဟု စွပ်စွဲခံရကာ ခေါင်းဖြတ် ကွပ်မြက် သတ်ဖြတ်ခံရပြန်သည်။ ထိုနေ့တွင်ပင် အကူအညီသွားတောင်းခဲ့မိသော သူ့မိခင် ဖြစ်သူမှာ လူယုတ်မာ အကြီးအကဲ၏ မဒိန်းကျင့်ခြင်းကို ခံခဲ့ရသည်။

နေ့ချင်းညချင်းပင် ကျူးဟိုင်၏ သာယာချမ်းမြေ့သော ဘဝလေးကား လုံးဝကို ဖျက်ဆီးခံလိုက်ရပြီ ဖြစ်သည်။ ဒုက္ခိတ ဖြစ်နေသည့် ဖခင်၊ စိတ်ဒဏ်ရာဖြင့် အိပ်ရာထဲ လဲနေသည့် မိခင်၊ ယင်တဟောင်းဟောင်း ဝိုင်းနေသည့် ညီလေး ဖြစ်သူ၏ အလောင်းတို့မှ လွဲ၍ သူ့တွင် ဘာမှ မကျန်ရစ်တော့။ ဘာဆိုဘာမှ မကျန်ရစ်တော့။

ကျူးဟိုင် လုံးဝကို ရူးသွပ်သွားခဲ့တော့၏။ ထိုအခိုက်၌ လက်စားချေရန်မှ လွဲ၍ သူ့စိတ်ထဲတွင် ဘာမှ မရှိတော့ချေ။ ပြင်းထန်သော စိတ်ဆန္ဒနှင့် အတူ သူ ထိုညတွင်ပင် သတ်ဖြတ်ခြင်းနှင့် စစ်ပွဲ ရည်ရွယ်ချက် နှစ်ခုကို မွေးဖွားခဲ့သည်။ ထိုညတွင်ပင် လက်စားချေရေး လမ်းကြောင်းကို သူ စတင်ခဲ့သည်။ လူယုတ်မာ၏ အိမ်သို့ ရောက်သည်အထိ လမ်းတစ်လျှောက်လုံး သူ သတ်ဖြတ်ခဲ့သည်။ သူ၏ လက်ချက်ဖြင့် စစ်တောင်ထွတ်၏ အလွှာပေါင်း များစွာမှာ သွေးစွန်းခဲ့ရသည်။

သို့သော်လည်း နောက်ဆုံးတွင် သူ ဘာရခဲ့သနည်း။ ကျင့်ကြံခြင်း ဖျက်ဆီးခံရခြင်းနှင့် မသေမချင်း အကျဥ်းချခြင်းကိုသာ ခံခဲ့ရသည်။ ကံဆိုးစွာပင် ရှို့ရန် တစ်ယောက် အနေဖြင့် သူ၏ သက်တမ်းမှာ သာမန် လူသားများထက် များစွာ ပိုမို  မြင့်မားသည်။

နှစ်ထောင်ပေါင်းများစွာ...

ဆယ်သက်၊ ဆယ်ကမ္ဘာတိုင်အောင် များပြားလှသည့် နှစ်ထောင်ပေါင်းများစွာကို ထိုငရဲခန်းထဲတွင် ဖြတ်သန်းရင်း အဓိပ္ပာယ် မဲ့စွာ သူ ရှင်သန်ရတော့မည် ဖြစ်လေသည်။ ကိုယ့်ကိုယ်ကို သတ်သေဖို့လား... သူ အကြိမ်ကြိမ် ကြိုးစားခဲ့ဖူးပါသည်။ သို့သော်လည်း လက်တစ်ချောင်း လှုပ်ရှားဖို့ပင် သူ့တွင် ခွန်အား မရှိခဲ့ချေ။

ဤသို့ဖြင့် နှစ်ပေါင်း တစ်ရာ့ခြောက်ဆယ် ကြာမြင့်သွားခဲ့၏။ ထိုအတောအတွင်း သူ့ စိတ်ခွန်အားများမှ ပြိုလဲ ကျဆင်းသွားခဲ့ပြီး ဖြစ်သည်။ လက်စားချေရန်၊ ရှင်သန် နေထိုင်ရန်၊ မိမိကိုယ်ကို အဆုံး စီရင်ရန်... သူ အရာရာကို လက်လျှော့ခဲ့ပြီး ဖြစ်သည်။

ထိုကဲ့သို့သော အချိန်တွင် ဝေ့ဝူယင် ရောက်ရှိလာခဲ့သည်။ သူ့ဘဝမှာလည်း လုံးဝ ပြောင်းလဲသွားခဲ့၏။ နောက်ဆုံး၌ ဝေ့ဝူယင်၏ အကူအညီနှင့် အတူ သူ လက်နှစ်ဖက်ဖြင့် ကိုယ်တိုင် လက်စားချေနိုင်ခဲ့သည်။ အပြန်အလှန် အနေဖြင့် သူ့ဘက်ကလည်း ဝေ့ဝူယင် အပေါ် သစ္စာရှိကာ တစ်ဘဝလုံး အမှုထမ်းပေးရန် ဆုံးဖြတ်ခဲ့သည်။

သူ့၏ လက်သည်းများ အနေဖြင့်၊ သူ၏ အစွယ်များ အနေဖြင့်...

...

ကျူးဟိုင်၏ မျက်လုံးများမှာ ပို၍ ဝေဝါးလာခဲ့၏။ တစ်ခဏအတွင်းမှာပင် သူ ဘာကိုမှ မမြင်နိုင်တော့။ သူ ဘာကိုမှ မခံစားနိုင်တော့။

“ကျေးဇူးပြုပြီး... ကျုပ်ကို ခွင့်လွှတ်ပေးပါ... သခင်...”

ကျူးဟိုင် ခပ်တိုးတိုး ရေရွတ်လိုက်၏။ ကြည့်ရသည်က သူ ဝေ့ဝူယင်၏ လက်သည်းနှင့် အစွယ်များ ဆက်လက် ဖြစ်ပေးနိုင်မည့်ပုံ မပေါ်တော့ချေ။

“မင်းကို ဘယ်သူက သေခွင့်ပြုသေးလို့လဲ...”

အသိစိတ် ပျောက်လုဆဲဆဲ အချိန်မှာပင် အသံတစ်ခုမှာ သူ့နားအတွင်း တိုးဝင်လာသည်။ ထိုအသံအား ကြားသည်နှင့် ကျူးဟိုင်၏ ခန္ဓာကိုယ်က မသိမသာ တုန်ရီသွား၏။ မသိစိတ်၏ စေ့စော်မှုနှင့် အတူ ပြင်းထန်သော မျှော်လင့်ချက် တစ်ခုမှာ သူ့စိတ်အတွင်း မီးစတစ်ခုနှယ် ထတောက်လာ၏။

“ငါ... ငါ မသေနိုင်ဘူးလား...”

ထိုအတွေးက သူ့စိတ်ထဲ ဝင်ရောက်လာသည်။ သခင်မှာ ပထမ တစ်ကြိမ်ကလို သူ့ကို အမှောင်မိုက်ဆုံး အခြေအနေမှ ဆွဲထုတ်ပေးနိုင်ပါမည်လား။ သူ့အား တဖန် ပြန်လည် မွေးဖွားစေကာ ဘဝသစ် တစ်ခုကို စတင်စေမည်လား။

“စုမေ့... ငါ သူ့ကို သေခွင့်ပြုလား...”

ဝေ့ဝူယင်က စုမေ့ဘက်သို့ လှည့်ကာ မေးလိုက်၏။

“မပြုပါဘူး... အရှင်ဝေ့”

စုမေ့က ခေါင်းခါလိုက်သည်။

“မှန်တယ်...”

ဝေ့ဝူယင်က အနည်းငယ် ပြုံးလိုက်ရင်း သလင်းကျောက်သားများဖြင့် ပြုလုပ်ထားသည့် အခေါင်း တစ်ခုကို ထုတ်ယူလိုက်၏။ ထို့နောက် သူက ကျူးဟိုင်၏ ခန္ဓာကိုယ်ကို မရင်း ထိုခေါင်းတလား အတွင်း အသာအယာ ထည့်သွင်းလိုက်သည်။

“မင်း ငါမျှော်လင့်ထားတာထက် ပိုပြီး လုပ်နိုင်ခဲ့တယ်... မင်းရဲ့ ရည်ရွယ်ချက်က ခုထိ မပြီးသေးဘူး... ဒါပေမဲံ အခုတော့ ကောင်းကောင်း အနားယူလိုက်ဦး...”

ထိုအသံအား ကြားပြီးနောက်တွင် ကျူးဟိုင်၏ ကမ္ဘာမှာ တဖြည်းဖြည်းပင် အမှောင်အတိ ကျသွားလေတော့သည်။ ဝေ့ဝူယင် သလင်းကျောက် ခေါင်းတလားကို ချိပ်ပိတ်ရင်း စုမေ့ထံ ကမ်းပေးလိုက်၏။ စုမေ့က ကြယ်တာရာ အင်အားကို အသုံးပြုကာ ဂရုတစိုက် လက်ခံရယူလိုက်သည်။

ဟူး... ဟူး...

ခေါင်းတလားထဲတွင်မူ... သွေးနီရောင် အလင်းတန်းများမှာ အဆက်မပြတ် ထွက်ပေါ်နေကာ ဆဲအသစ်များကို ပြန်လည် မွေးဖွားနေ၏။ ၎င်းတို့က နှလုံးသား အပါအဝင် ကျူးဟိုင်၏ ပျက်စီးသွားသော အစိတ်အပိုင်း အားလုံးကို တစ်ဆင့်ချင်း ပြန်လည် တည်ဆောက်ရန် ကြိုးပမ်းနေသည်။

သို့သော်လည်း... အားလုံး ပြန်လည် ကောင်းမွန်ရန် အတွက်မူ အချိန်ကာလ တစ်ခုကြာသည် အထိ လိုအပ်လိမ့်မည် ဖြစ်သည်။

ဝေ့ဝူယင် သက်ပြင်းတစ်ချက် ချလိုက်၏။ သူ ကိုယ်တိုင် မလုပ်ချင်ခဲ့သော်လည်း အဆုံးသတ်ရန် အချိန်ကား ကျရောက်လို့ လာခဲ့ပြီ ဖြစ်သည်။ သူက စုမေ့ဘက်သို့ လှည့်ကာ မှာလိုက်၏။

“စုမေ့ သူ့ကို သေချာ ကြည့်ထားလိုက်ပါ”

စုမေ့က ခေါင်းကိုသာ ညိတ်လိုက်၏။ ထို့နောက်တွင်... လေတိုးသံ တစ်ခုနှင့် အတူ ဝေ့ဝူယင် မူလနေရာမှ ပျောက်ကွယ်သွားကာ တိုက်ပွဲစင်မြင့် တည်ရှိခဲ့သည့် နေရာသို့ ရောက်ရှိသွားသည်။ သူ လက်နှစ်ဖက်ကို နောက်ပစ်ကာ လေထဲတွင် ရပ်ရင်း အားလုံးကို ဝှေ့ကြည့်လိုက်၏။

ဝမ်...

ထိုအခိုက်တွင်ပင် အစီအရင် လည်ပတ်သံ တစ်ခုနှင့် အတူ ကောင်းကင်ထက်၌ အလင်းတန်းများ တောက်ပလာကာ စာလုံးများ ပေါ်လာခဲ့သည်။

ဝေ့ဝူယင်...

အနန္တဧကရာဇ်ဂိုဏ်း ပြိုင်ပွဲဝင်...

ကောင်းကင်အုပ်စိုးသူ ကျင့်ကြံခြင်း အခြေခံ...

ဝိညာဥ်အမှတ်... ၂၃၅၀

“...”

မြေပြင်ရှိ လူငယ် ပါရမီရှင်လေးများမှာ တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ကောင်းကင်ကို မော့ကြည့်လိုက်မိကြ၏။ သူတို့၏ မျက်လုံးများကတော့ မျှော်လင့်ချက် ကင်းမဲ့မှုများဖြင့် အသက်မဲ့နေသည်။

မကြာသေးခင်က ပြီးဆုံးသွားခဲ့သော တိုက်ပွဲမှာ အလွန် ကြီးကျယ် ခမ်းနားလွန်းသည်။ ထိုနှစ်ယောက်ကား သုံးလွှာ ကြယ်တာရာ နယ်မြေ၏ အကန့်အသတ်ကို ကျော်လွန်နေသည့် နည်းလမ်းများ သုံး၍ တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။

လင်းမင်၏ နောက်ခံမှာ လျှို့ဝှက်ချက် တစ်ခု အနေဖြင့် ဆက်လက် တည်ရှိနေဆဲ ဖြစ်သည့်တိုင်... ကျူးဟိုင်မှာ‌ ဝေ့ဝူယင်၏ လက်အောက်ငယ်သား တစ်ယောက် ဖြစ်ကြောင်း အားလုံး သိရှိထားပြီး ဖြစ်သည်။

ရည်ရွယ်ချက် နှစ်ခု၊ သေမျိုး မိုးကုပ်စက်ဝိုင်း အဆင့်၊ ကွင်းကိုးကွင်း ဝိညာဥ်ဆင်းတု...

အစေခံ တစ်ယောက်ပင်လျှင် ထိုမျှ အစွမ်းထက်နေပါက သခင် ဖြစ်သူမှာ မည်မျှ အထိ ကြောက်မက်ဖွယ် ကောင်းလိမ့်မည်နည်း။

အားလုံး ငြိမ်သက် တိတ်ဆိတ်နေကြချိန်မှာပင် ပုံရိပ် တစ်ခုမှာ လူအုပ်ကြားမှ ရှေ့သို့ တိုးထွက်လာ၏။ သူမကား အဇူရာ ဆံပင်များနှင့် လှပ ချောမောသော အယ်ဗန်မျိုးနွယ် မိန်းကလေး တစ်ဦး ဖြစ်ပြီး ခပ်ရဲရဲ ပါးပြင် မို့မို့ကို ပိုင်ဆိုင်ထားသူလေး ဖြစ်သည်။ များစွာသော လူများမှာ စိတ်ဝင်စားသွားကာ သူမကို ဝိုင်းကြည့် ကြည့်လိုက်ကြ၏။

သို့သော်လည်း.... မျှော်လင့်ထားသည်နှင့် ခြားနားစွာပင် သူမ နှုတ်မှ ထွက်ပေါ်လာခဲ့သော အရာကား...

“မင်း... မင်းသားဝေ့ ကျွန်မမှာ မေးစရာ တစ်ခု ရှိလို့ပါ”

***

All Chapters