အဆုံးသတ် (၃)
Vol. 22 Ch. 306
“မင်း... မင်းသားဝေ့ ကျွန်မမှာ မေးစရာ တစ်ခု ရှိလို့ပါ”
မိန်းကလေးက တွန့်ဆုတ်သော လေသံဖြင့် ပြောလိုက်၏။ ဝေ့ဝူယင်က သူမကို ပြုံးကာ ကြည့်လိုက်သည်။
“မေးပါ...”
ဝေ့ဝူယင် တိုက်ရိုက် ပြုံးပြနေတာကို မြင်ရတော့ သူမ စိတ်များက လှုပ်ရှားသွားသည်။ သူမ၏ ခန္ဓာကိုယ်ထဲတွင်မူ အပူချိန် လှိုင်းတစ်ခုမှာ ရုတ်ချည်း ထိုးတက် လာခဲ့၏။ သူမက နှုတ်ခမ်းကို ကိုက်ရင်း စိတ်တည်ငြိမ်မှု ရရှိရန် ကြိုးစားလိုက်သည်။
"ဒီမဟာ ဝိညာဉ် စမ်းသပ်ပွဲမှာ မင်း… မင်းသားလေးဝေ့ ဝင်ပြိုင်တာက မမျှတဘူးလို့ မထင်ဘူးလား"
ထိုအရာကား သူမ စိတ်ထဲမှ သိချင်နေသည့် အရိုးသားဆုံး မေးခွန်း ဖြစ်သည်။
အသက် ငါးဆယ် မပြည့်သေးသည့် ကျင့်ကြံသူ တစ်ယောက် အနေဖြင့် ကြည့်လျှင်တော့ သူ၏ ဝင်ရောက် ယှဉ်ပြိုင်မှုက တရားဝင်ပေသည်။ သို့သော်လည်း သူကား နာမည်ကျော် ထာဝရ မင်းသားလေး ဖြစ်သည်။ မဟာ အင်ပါယာ သူတော်စင်များနှင့်ပင် နှိုင်းယှဉ်နိုင်သည့် ဂုဏ်သတင်း ကျော်စောမှုများကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။
ကျူးဟိုင် ကဲ့သို့ ကောင်းကင်ကိုပင် တော်လှန်နိုင်သည့် ပါရမီရှင်ပင် ဝေ့ဝူယင်၏ လက်အောက်ငယ်သား တစ်ဦးသာ ဖြစ်သည်။ ထုတ်ဖော်မပြောကြသည့်တိုင် လူငယ်အားလုံး၏ စိတ်ထဲတွင် ဝေ့ဝူယင်နှင့် ဆက်ဆံရေးကောင်း တစ်ခု တည်ဆောက်လိုသည့် ဆန္ဒကတော့ ရှိနေကြသည်။ ထို့ကြောင့်ပင် ဝေ့ဝူယင်နှင့် ရန်ငြိုး ဖြစ်စေနိုင်သည့် စိန်ခေါ်မှုမျိုး သူတို့ မလုပ်လိုကြချေ။
အကယ်၍ စိန်ခေါ်ခဲ့လျှင်ရော သူတို့ သူ့ကို နိုင်ပါမည်လော။ ထိုသို့ တွေးမိသည်နှင့် ထာဝရ မင်းသားလေး၏ အောင်မြင်မှုများက သူတို့စိတ်ထဲ တိုးဝင် လာခဲ့သည်။
စမ်းသပ်မှု စတင်ပြီး တစ်နာရီ အတွင်းမှာပင် ထိုလူငယ်သည် ရွှေအဆင့် သားရဲ သုံးကောင်ကို ထိန်းချုပ်် နိုင်ခဲ့သည်။ ဒုတိယ စမ်းသပ်မှုသို့ အရောက်တွင် ပြိုင်ပွဲဝင် ခြောက်ဆယ် ရာနှုန်းခန့်ကို ရှင်းထုတ်ပစ်ခဲ့ ပြန်သည်။
မဟာဝိညာဉ် စမ်းသပ်ပွဲမှာ လူငယ် မျိုးဆက်တို့၏ ပြိုင်ပွဲ တစ်ခုနှင့်ပင် မတူတော့ချေ။ လူကြီး တစ်ယောက်နှင့် ငါးနှစ် ကလေးတို့၏ ပြိုင်ပွဲ အလား တစ်ဖက်စောင်းနင်း ဖြစ်နေခဲ့ပြီ ဖြစ်သည်။
ဝေ့ဝူယင်က ခေါင်းအား ညင်သာစွာ ခါယမ်း လိုက်၏။ သူ့နှုတ်ခမ်းထက်တွင်မူ အပြုံး တစ်ခုက ရှိနေဆဲ ဖြစ်သည်။
"မိန်းကလေး… မဟာ ဝိညာဉ် စမ်းသပ်ပွဲက အသက်သုံးရာအောက် လူငယ် အားလုံးကို မျှမျှတတ ဝင်ပြိုင်ဖို့ တံခါးဖွင့်ထားပါတယ်… ကျုပ် ဝေ့ဝူယင် ဆိုတာကလည်း တမူ ထူးခြားနေတဲ့လူ မဟုတ်ပါဘူး… ပြိုင်ပွဲဝင်တွေထဲက ပြိုင်ပွဲဝင် တစ်ယောက်ပါပဲ… ဒီတိုက်ပွဲ စင်မြင့်ထက်မှာ ဘယ်သူမဆို ကျုပ်ကို လွတ်လွတ်လပ်လပ် စိန်ခေါ် နိုင်ပါတယ်… တကယ်လို့ သတ်နိုင်မယ် ဆိုရင်တောင် သတ်သွားလို့ ရပါတယ်"
" … "
အားလုံး၏ မျက်နှာများက အကျဉ်းတန် သွားကြ၏။ ထာဝရ မင်းသားလေးကို မည်သူက သတ်နိုင်မည်နည်း။ သတ်နိုင်မည် ဆိုလျှင်ပင် မည်သူက သတ်ရဲမည်နည်း။
လုံချန်က လက်သီးကို တင်းတင်း ဆုပ်လိုက်၏။ သူ၏ ပထမ ရည်ရွယ်ချက်က ပြိုင်ပွဲကို အနိုင်ယူကာ ဆုလာဘ် အားလုံးကို သိမ်းပိုက်ရန် ဖြစ်သည်။ ထိုရင်းမြစ်များမှာ သူ၏ ကျင့်ကြံခြင်းကို နောက်တစ်ဆင့်သို့ ရောက်အောင် တွန်းပို့ပေးနိုင်စွမ်း ရှိသည်။
လုံချန် သတ်ဖြတ်လိုစိတ် ပြည့်နေသော မျက်လုံးများဖြင့် ကောင်းကင်ကို မော့ကြည့်လိုက်၏။
ဝေ့ဝူယင်ကို မကြောက်ချေ။ အနိုင်တိုက်ခိုက်ရန်ပင် သူ့တွင် ယုံကြည်ချက် ရှိသည်။ သို့သော်လည်း အေးစက်စက် မျက်လုံးများနှင့် စုမေ့…
ထိုမိန်းကလေးမှာ ဝေ့ဝူယင်နှင့် ပိုမို နီးကပ်သူ ဖြစ်သည်။ အနန္တ ကုန်းမြေတိုက်ကြီးမှာ ကတည်းက ဝေ့ဝူယင် နံဘေးတွင် ရှိခဲ့သူ ဖြစ်သည်။ သူ့ ခန့်မှန်းချက်သာ မလွဲပါက ထိုမိန်းကလေးမှာ ကျူးဟိုင်ထက်ပင် ကျိန်းသေ ပိုအစွမ်းထက်ရမည်။ ဝိညာဉ် ဆင်းတု အဆင့်သို့ မရောက်မချင်း ထိုမိန်းမအား အနိုင်ယူရန် သူ့တွင် ယုံကြည်ချက် မရှိချေ။
"အချိန်မကျသေးဘူး…"
နောက်ဆုံး၌ လုံချန် လက်သီးဆုပ်များကို ဖြည်းညင်းစွာ ပြန်ဖြေလိုက်၏။ မည်သို့ပင် ဆိုစေ… ဝူယု၏ ဝိညာဉ်မှာ သူ့နံဘေးတွင် ရှိမနေတော့ချေ။ သူ အရင်ကို တဇောက်ကန်း လုပ်၍ မဖြစ်တော့ချေ။
" … "
စက္ကန့်များမှာ မိနစ်တိုင်အောင် တရွေ့ရွေ့ ဖြတ်ကျော် နေကြ၏။ မကြာခင်မှာပင် အချိန် တစ်နာရီ ကုန်လွန်သွားသည်။
မဟာဝိညာဉ် စမ်းသပ်ပွဲကား မမျှော်လင့်ထားမှု များစွာဖြင့် အဆုံးသတ်ခဲ့ပြီ ဖြစ်သည်။ ဝေ့ဝူယင်သည် တစ်ပွဲပင် မတိုက်ခိုက်လိုက်ရပဲ ပထမဆုကို ဆွတ်ခူးခဲ့သည်။ မည်သည့်ဂိုဏ်း… မည်သည့် လူငယ် ပါရမီရှင်ကမှ ထာဝရ မင်းသားလေးကို စိန်ခေါ်ရန် သတ္တိမရှိခဲ့ကြချေ။
အနန္တဧကရာဇ်ဂိုဏ်း အပါဝင် မဟာ ဂိုဏ်းကြီး လေးဂိုဏ်းမှာ ထိုအဖြစ်အပျက် အပေါ် ဖြူရော်စွာ ပြုံးရုံမှ လွဲ၍ ဘာမှ မတတ်နိုင်ခဲ့ကြချေ။
အဂ္ဂိရတ် အစည်းအရုံး၏ တဲနန်း အတွင်းတွင်မူ…
အစည်းအရုံး အကြီးအကဲများမှာ လက်မှိုင်ချကာ ခြေပြစ်လက်ပြစ် ထိုင်နေခဲ့ကြ၏။ ပထမ၌ သူတို့သည် စမ်းသပ်ပွဲကို အသုံးပြုကာ ဝေ့ဝူယင်ကို ထိန်းချုပ်ရန် စီစဉ်ခဲ့ကြသော်လည်း သူတို့ ရွေးချယ်ခဲ့သည့် ပြိုင်ပွဲဝင်က ဒုတိယ အဆင့်မှာတည်းက ရှင်းလင်း ခံလိုက်ရသည်။
ဆိုးရွားလှသည့် ကံကြမ္မာကို ကျိန်ဆဲရုံမှ လွဲ၍ သူတို့ ဘာတတ်နိုင်တော့မည်နည်း။
"ငါတို့ ရှုံးသွားပြီ…"
မီးခိုးရောင် ဆံပင် မုတ်ဆိတ်များနှင့် အိုမင်းနေသည့် အကြီးအကဲကြီး တစ်ဦးက သက်ပြင်းချလိုက်၏။ သူ၏ အသံက စိတ်ဓာတ်ကျဆင်းမှုများ၊ အိုစာမှုများနှင့် ပြည့်နှက်နေသည်။
"အဆင့်မြင့် ကြယ်တာရာ ပင်လယ်ဆေး တစ်ရာ… ကောင်းကင်လောကဆေး တစ်ရာ… ကြယ်တာရာ တူးဖော်ခြင်း ဆေးပြား တစ်သောင်း… အဆင့်ရှစ် အာကာသ ဝိညာဉ်ဆေး ဆယ်လုံး… ဝိညာဉ် မူလဝိညာဉ် ဆေး ဆယ်လုံး… ကြယ်တာရာ သမုဒ္ဒရာဆေး တစ်လုံး…"
အဘိုးအိုက ဆက်လက် ရေရွတ် လိုက်၏။ ထိုအခိုက်၌ သူ၏ မျက်နှာကား မူလကထက်ပင် ပိုမို ရင့်ရော်သွားသယောင် ထင်ရသည်။
ရှင်းလင်းစွာပင် ထိုအရာမှာ အလွန် များပြားလှသည့် ပမာဏ တစ်ခု ဖြစ်သည်။ ၎င်းအား ပေးဆောင်ပါရန် ဘယ်တော့မှ ဖြစ်နိုင်လိမ့်မည် မဟုတ်ပါချေ။ တကယ်တော့ သူတို့ လောင်းကြေးကို သဘောတူညီခဲ့ခြင်းမှာ လွယ်လွယ်ကူကူ အနိုင်ရရှိမည်ဟု ထင်ခဲ့မိသောကြောင့်သာ ဖြစ်သည်။
အခြားတစ်ဖက်၌… အစည်းအရုံးသခင် ချင်ကူးယွင်မှာမူ တည်ငြိမ်စွာပင် ရှိနေသေးဆဲ ဖြစ်သည်။ သူက မျက်မှောင်ကြုတ်ကာ တစ်စုံတစ်ရာကို အလေးအနက် စဉ်းစားနေဟန် ရ၏။ ယခုကဲ့သို့သော အချိန်တွင်ပင် တည်တည်ငြိမ်ငြိမ်နေနိုင်ခြင်းကို ထောက်ရှုရပါက သူ၏ စိတ်ခွန်အား မည်မျှ မြင့်မားကြောင်း သိရှိနိုင်ပေသည်။
"အစည်းအရုံးသခင်… ကျုပ်တို့ ဘာဆက်လုပ်ကြမလဲ"
လူအိုကြီး၏ အသံက အနည်းငယ် တုန်ရီနေ၏။ သူတို့အားလုံးမှာ ဝိညာဉ် ကျိန်ဆို ထားရလေရာ မကြောက်ရွံ့ပဲ မနေနိုင်အောင် ဖြစ်နေကြသည်။ အစည်းအရုံး သခင်၏ တည်ငြိမ်မှုသာလျှင် သူတို့ အတွက် တစ်ခုတည်းသော မျှော်လင့်စရာ ဖြစ်ပေသည်။
ချင်ကူးယွင်က ညင်သာစွာပင် ပြုံးလိုက်၏။
"ဒီတိုက်ပွဲမှာ ရှုံးနိမ့်ခဲ့တယ် ဆိုပေမဲ့ ငါတို့မှာ အစွမ်း အထက်ဆုံး ဝှက်ဖဲတွေ ရှိနေတုန်းပါပဲ… သူ့အကြောင်းကို ငါတို့ သိထားတာပဲ… သူ့မှာ အခြား ရွေးချယ်စရာ မရှိဘူး… ငါတို့ ထောင်ချောက်ထဲ ကျိန်းသေ ရောက်လာမှာပါ"
ထို့နောက် သူက ဇာပုဝါ အုပ်ထားသည့် မိန်းကလေး ဘက်သို့ လှည့်ကာ ကြည့်လိုက်၏။ ချင်ကူးယင်မှာ သူ့မျိုးနွယ် တစ်ခုလုံးတွင် ဂုဏ်အယူရဆုံး ကလေး ဖြစ်သည်။ အမှားအယွင်းသာ မရှိပါက သူမမှာ တစ်ချိန်တွင် အဂ္ဂိရတ် အစည်းအရုံး ဆိုသော နာမည်ကို အဓိပ္ပာယ် ဖွင့်လှစ်ပေးမည့်လူ ဖြစ်သည်။
အကယ်၍ ထာဝရ ဧကရာဇ်က ကိုယ့်လမ်းစဉ်ကို ဖောက်လုပ်ခဲ့သည် ဆိုလျှင် သူမမှာ သူ့ခြေရာကို နင်းကာ ကြီးမားသော အောင်မြင်မှုများကို ရယူမည့်လူ ဖြစ်လာပေလိမ့်မည်။
…
ဟူး… ဟူး…
အဖြူရောင် အာကာသ အလင်းများမှာ ပြိုင်ပွဲဝင် အားလုံး၏ ခန္ဓာကိုယ်များကို ဝန်းရံသွားကာ ကျောက်ဖျာကြီးထက်သို့ ပြန်လည် ပို့ဆောင်လိုက်၏။
အားလုံး ပါဝင်ယှဥ်နွှဲခဲ့သည့် မဟာ ဝိညာဉ် စမ်းသပ်ပွဲကြီးကညး ပြည်ဖုံးကားချခဲ့ပြီ ဖြစ်သည်။ ဤကျွင်းနာဂြိုဟ်တွင်ပင် အနိုင်ရရှိသူ အတွက် ဆုချီးမြှင့်ခြင်း အခမ်းအနားကိုပါ ကျင်းပလိမ့်မည် ဖြစ်သည်။
ဟူး… ဟူး…
မဟာ ကျောက်ဖျာကြီး ထက်၌ မဟာဂိုဏ်းကြီး လေးဂိုဏ်းကား စုံလင်နေခဲ့ပြီ ဖြစ်သည်။ အထွတ်အမြတ် အလင်း နန်းတော်၊ အသူရာ နတ်ဆိုး တောင်တန်း၊ အနန္တ ဧကရာဇ်ဂိုဏ်းနှင့် ကောင်းကင်ဒြပ်စင် နန်းတော်တို့မှာ ကိုယ့်အစုနှင့်ကိုယ် ရပ်နေခဲ့ကြ၏။
ယနေ့၌… ကြယ်တရာ နယ်မြေ၏ လက်ရှိ အုပ်စိုးသူ စန်းမျိုးနွယ် တက်ရောက် မလာသည့်တိုင် မဟာ ဂိုဏ်းကြီးလေးဂိုဏ်းမှ ခေါင်းဆောင် ပုဂ္ဂိုလ်ကြီးကား စုံလင်နေခြင်းက ပင်လျှင် အလွန် ဖြစ်တောင့်ဖြစ်ခဲ ကိစ္စတစ်ခု ဖြစ်သည်။
အထွတ်အမြတ် အလင်းနန်းတော် သခင်မ ကျန်းဖေးလန်သည် ပြင်းထန်သော ရောင်ဝါများကို ထုတ်လွှတ်ရင်း ရပ်တန့်နေ၏။ အခြားတစ်ဖက်တွင်တော့ ခရမ်းရောင် သံချပ်ကာ ဝတ်စုံကို ဝတ်ဆင်ထားသည့် ဗလ တောင့်တောင့် နတ်ဆိုး တစ်ယောက် ရှိနေခဲ့သည်။ သူကား အသူရာ နတ်ဆိုးတောင်တန်း၏ အရှင် ကောကျီပင် ဖြစ်လေသည်။
နောက်ဆုံးသော တစ်ယောက်မှာမူ ခပ်ချွန်ချွန် မေးစေ့များနှင့် ဉာဏ်ရည် ထက်မြက်သည့် မျက်လုံးများကို ပိုင်ဆိုင်ထားသည့် လူသား မိန်းမလှလေး တစ်ယောက်ပင် ဖြစ်သည်။ သူမသည် အဖြူရောင် ဆံပင်တိုတိုနှင့် အပြာရောင် မျက်ဝန်းတို့ကို ပိုင်ဆိုင်ထားကာ ထိုအရာကပင် သူမကို အခြား ဣတ္ထိယ မိန်းမများနှင့် တမူ ကွဲပြားစေသည်။
ထိုမိန်းကလေးကား အခြားလူ မဟုတ်ချေ။ ဆန်းကြယ်ဒြပ်စင် နန်းတော်၏ သခင်မ လင်းယုရန်ပင် ဖြစ်လေ၏။ တစ်ချိန်တည်း၌ အနန္တဧကရာဇ်ဂိုဏ်းမှ ကျိချန်းကောင်း၊ ချင်းရိုင်နှင့် ယောင်ကျန်းတို့မှာလည်း ထိုနေရာတွင် ရှိနေကြပေသည်။
မဟာဝိညာဉ်စမ်းသပ်ပွဲက မည်သို့မှ ထင်မှတ် မထားသော နည်းလမ်းဖြင့် အဆုံးသတ် သွားလေရာ ရှုပ်ထွေးသည့် ခံစားချက်များမှာ အုပ်စုတစ်ချင်းစီ အကြား၌ ပျံ့နှံ့နေ၏။ သတ္တိရှိလှပါသည် ဆိုသော ပါရမီရှင် လူငယ်များမှာ စိန်ခေါ်မှု တစ်ခုတစ်လေပင် မပြုလုပ်ရဲပဲ ဝေ့ဝူယင်ထံ၌ သူရဲဘောကြောင်စွာ လက်နက်ချခဲ့သည်။ ထိုအရာက အတော်လေး စိတ်ပျက်စရာ ကောင်းသည်။
***