← Chapters

အဂ္ဂိရတ် တိုက်ပွဲ

Vol. 22 Ch. 307

အဂ္ဂိရတ် တိုက်ပွဲ

Vol. 22 Ch. 307

မကြာခင်မှာပင် ချင်ကူးယွင်သည် အဂ္ဂိရတ် အစည်းအရုံးဝင်များကို ဦးဆောင်ကာ ရောက်ရှိလာ၏။ ထိုချောမောသော အစည်းအရုံး သခင်မှာ ထုံးစံအတိုင်းပင် အပြုံးတစ်ခုကို ဆင်မြန်ထား၏။ တစ်ချိန်တည်း၌ သူ၏ ပုံစံက ပေါ့ပါးတည်ငြိမ်နေကာ ဆိုးရွားသည့် လောင်းကြေး တစ်ခု မရှုံးနိမ်ခဲ့သည့် အလားပင်။

ထို့နောက်… တစ်ခဏအတွင်းမှာပင် အဂ္ဂိရတ် အစည်းအရုံးဝင်များမှာ သူတို့ အတွက် သတ်မှတ်ထားသည့် နေရာကို ရှာတွေ့သွားကာ သွားရောက် ရပ်လိုက်ကြသည်။ လောင်းကစား ရှုံးနိမ့်မှုက အမှန်တကယ် သူတို့ အပေါ် သက်ရောက်မှု မရှိပုံ ပေါ်သည်။

ရှပ်… ရှပ်… ရှပ်…

မကြာခင်မှာပင် ခြေသံများနှင့် အတူ ပုံရိပ် တစ်ခု ထွက်ပေါ်လာ၏။ သူ၏ ချောမောသော မျက်နှာနှင့် ထူးခြားသော အသွင်အပြင်တို့က ချက်ချင်းပင် အာရုံစူးစိုက်မှုတို့၏ ဗဟိုချက် ဖြစ်သွားစေခဲ့သည်။ သူကား မဟာ ဝိညာဉ် စမ်းသပ်ပွဲ၏ အနိုင်ရရှိသူ ဝေ့ဝူယင်ပင် ဖြစ်လေသည်။

ဝေ့ဝူယင် အပြုံးဖြင့် အားလုံး၏ အလယ်ဗဟိုသို့ လျှောက်လာခဲ့၏။ သူ၏ ပုံစံက အောင်နိုင်သူ တစ်ယောက် အစား ဖော်ရွေတတ်သည့် အိမ်ရှင် တစ်ယောက်နှင့်ပင် ပိုမို တူနေသေးသည်။

"ပထမဆုံး အနေနဲ့ အနန္တ ဧကရာဇ်ဂိုဏ်း ကိုယ်စား… မဟာဝိညာဉ် စမ်းသပ်ပွဲဝင် လူငယ် အားလုံးကို ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်… ခင်ဗျားတို့တွေ ဒီအတွေ့အကြုံကို နှစ်ခြိုက်ကြလိမ့်မယ် လို့ ထင်ပါတယ်"

အားလုံး၏ မျက်နှာများက ရှုံးမဲ့ သွားကြ၏။ တစ်ပွဲပင် မတိုက်ခိုက်လိုက်ရပဲ သူရဲဘောကြောင်စွာ အရှုံးပေးလိုက်ရခြင်းကို မည်သူက နှစ်ခြိုက်မည်နည်း။

ထိုအခိုက်တွင်ပင် ဝေ့ဝူယင်က စကားဆက် လိုက်၏။

"ဒီပြိုင်ပွဲ အတွက် ဆုလာဘ်တွေကို ကျုပ် လက်ခံပါမယ်… ဒါပေမဲ့ အာကာသ ဝိညာဉ် ဆေးပြားကို ရယူဖို့ အတွက်တော့ ဆန္ဒရှိသူ အားလုံးကို တံခါးဖွင့်ထား ပါရစေ… ကျုပ် ဒီအခွင့်အရေးကို မောင်ပိုင်စီးဖို့ ဆန္ဒမရှိပါဘူး ဘာပဲဖြစ်ဖြစ် ဒီပြိုင်ပွဲကြီးရဲ့ မူလ ရည်ရွယ်ချက်က ဆေးလုံးနဲ့ သင့်တော်တဲ့လူကို ရှာဖွေဖို့ပဲ မဟုတ်လား… "

" … "

လူတိုင်းမှာ သူ၏ စကားကြောင့် ဆွံ့အ သွားကြလေတော့၏။ အားလုံးမှာ နားကြားမှားနေသလိုပင် ခံစားနေရ၏။

အဆင့်ရှစ် ဝိညာဥ်ဆေး...

ထိုဆေးကား သူတို့အားလုံး ပြိုင်ပွဲဝင်ချင်ခဲ့သည့် အဓိက အကြောင်းရင်း ဖြစ်သည်။ ထိုအရာမှာ မဟာ အင်ပါယာ သူတော်စင် ချင်းရိုင်ကို လက်ရှိ ကျင့်ကြံခြင်း အဆင့်သို့ တက်လှမ်းစေခဲ့သည့် ဆေး ဖြစ်သည်။ မည်သူက မလိုချင်ပဲ နေပါမည်နည်း။

အဂ္ဂိရတ် အစည်းအရုံးထံမှ ဝယ်ယူရန်လား... ထိုအရာက မဖြစ်နိုင်သော အိပ်မက် တစ်ခုသာ ဖြစ်သည်။ ယခုတွင်မူ ဝေ့ဝူယင်က ဆန္ဒရှိသူများအား တံခါးဖွင့်ထားသည်ဟု ပြောလာခဲ့သည်။ သူတို့ မည်ကဲ့သို့ မအံ့သြပဲ နေပါမည်နည်း။

အားလုံးမှာ ချင်းရိုင်၊ ယောင်ကျန်းနှင့် ကျိချန်းကောင်းတို့ကို လှမ်းကြည့် လိုက်မိကြ၏။ ထိုအရာက တကယ်ကြီး ဖြစ်ပျက်နေသည်လား။ သူတို့က ထိုအရာကို ခွင့်ပြုထားသည်လား။

မဟာ အင်ပါယာ သူတော်စင် သုံးယောက်မှာ တည်ငြိမ်စွာပင် ရပ်နေကြဆဲ ဖြစ်သည်။ ဝေ့ဝူယင် အဘယ်ကြောင့် ထိုကဲ့သို့ ပြုလုပ်သည်ကို သူတို့ မသိသည့်တိုင် နှောက်ယှက်တားဆီးခြင်း မပြုကြပါချေ။ ဝေ့ဝူယင်မှာ ပြိုင်ပွဲ၌ အနိုင်ရရှိခဲ့သူ ဖြစ်သည်။ သို့ဖြစ်လေရာ... ဆုလာဘ်များကို သူ့စိတ်ကြိုက် စီမံနိုင်ပေသည်။ ထို့အပြင် သည် အဆင့်ရှစ် ဝိညာဥ်ဆေးမှာလည်း သူ ကိုယ်တိုင် ဖော်စပ်ထားသည့် ထုတ်ကုန် တစ်ခုသာ ဖြစ်သည်။

“ကျုပ်တို့ စလိုက်ကြမလား...”

လောဘအလင်းရောင်ဖြင့် တောက်လောင်နေသည့် အားလုံး၏ မျက်လုံးများကို ကြည့်ရင်း ဝေ့ဝူယင် ပြုံးလိုက်၏။ အဆင့်ရှစ် ဝိညာဥ်ဆေးက သူတို့အတွက်‌ တစ်သက်မှာ တစ်ခါ ရခဲသော အခွင့်အရေး တစ်ခု ဖြစ်သော်လည်း သူ့အတွက်တော့ နှစ်နာရီစာ အချိန်ပေးလိုက်ရုံသာ ဖြစ်ပေသည်။

သူက ဆေးလုံးအား ရယူနိုင်မည့် စည်းကမ်းများကို ကြေညာရန် ဟန်ပြင်လိုက်စဥ်မျာပင် ပုံရိပ် တစ်ခုမှာ ရှေ့သို့ ထွက်ပေါ်လာသည်။ သူမကား ရင်သပ်ရှုမောဖွယ် ကောင်းလှသည့် ကောက်ကြောင်းများကို ပိုင်ဆိုင်ထားသည့် မိန်းမငယ်လေး တစ်ယောက် ဖြစ်ပြီး မျက်နှာကိုမူ ဇာပုဝါဖြင့် စည်းနှောင် ဖုံးကွယ်ထား၏။

“ထူထဲလိုက်တဲ့ အဂ္ဂိရတ် အရှိန်အဝါ...”

ဝေ့ဝူယင် မိန်းကလေးကို စိုက်ကြည့်လိုက်၏။ သူ၏ ကောင်းကင်ဘုံ နတ်မျက်လုံးများက လွယ်ကူစွာပင် ဇာပုဝါကို ထိုးဖောက်ကာ သူမ၏ မျက်နှာထံ ရောက်ရှိသွား၏။

သူ တဒင်္ဂမျှ ကြောင်အသွားသည်။ လှပသည်။ အလွန့်ကို လှပသည်။ ထင်မှတ်မထားလောက်အောင် လှပလွန်းသည်။ ချင်ချူးမူ ပင်လျှင် သူမ၏ ရုပ်ရည်တစ်ခုတည်းကိုသာ ယှဥ်နိုင်ပေလိမ့်သည်။ ထည်ဝါမှု၊ မြင့်မြတ်မှု၊ တော်ဝင်ဆန်မှုတို့ကို ယှဥ်နိုင်ခြင်း မရှိချေ။

ဝေ့ဝူယင် ငေးမောကြည့်မိနေစဥ်မှာပင် သာယာချိုညောင်းသော အသံလေး တစ်ခုမှာ သူမထံမှ ပျံ့လွင့်လာ၏။

“ကျွန်မ နာမည်က ချင်ကူးယင်ပါ... အကြီးအကဲ အားလုံးကို နှုတ်ဆက်ပါတယ်”

“ချင်ကူးယင်...”

ချက်ချင်းပင် အားလုံးမှာ သူမ မည်သူ ဖြစ်ကြောင်း သဘောပေါက် သွားကြသည်။ ကောလဟလများ အရ... ထာဝရ မင်းသမီးလေးမှာ အဂ္ဂိရတ် အစည်းအရုံးသခင် ချင်ကူးယွင်၏ မျိုးဆက်ဟု ဆိုကြသည်။ ကြည့်ရသည်က သူမပင် ဖြစ်ရမည်။

ထိုအချိန် ထောင့်တစ်နေရာ၌ လုံချန် မျက်လုံးများက တောက်ပသွား၏။ ချင်ကူးယင်... ယခု ထာဝရ မင်းသမီးလေး၏ နာမည်ကို သူ သိရှိခဲ့ရပြီ ဖြစ်သည်။ ဝူယု၏ စကားများမှာ သူ့နားထဲတွင် ပဲ့တင်ထပ်ကာ ပြန်ပေါ် လာခဲ့၏။ ထာဝရ မင်းသမီးလေးမှာ သေမျိုး အဂ္ဂိရတ် အာဏာရှင် ဖြစ်လာနိုင်သည့် အလားအလာကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ အကယ်၍ သူမ၏ ပံ့ပိုးမှုကိုသာ ရအောင် လုပ်ဆောင်နိုင်ခဲ့ပါက သူ ဝေ့ဝူယင်ကို ယှဥ်ပြိုင်ရန် အခွင့်အရေး ရှိလာလိမ့်မည် ဖြစ်ည်။

တစ်ချိန်တည်း၌ ချင်ကူးယင်က ဝေ့ဝူယင်ကို လှည့်ကာ ကြည့်လိုက်၏။ ရှည်လျားသော အရပ်၊ ကိုယ့်ကိုယ်ကို ယုံကြည်ချက် ရှိသော အပြုံးနှင့် ကြည်လင် တောက်ပနေသည့် မျက်ဝန်းများ...

ချင်ကူးယင်၏ နှလုံးသားက အနည်းငယ် တုန်ရီသွားသည်။ ဝေ့ဝူယင်မှာ အလင်း မျက်နှာပြင်ပေါ်တွင် မြင်ရသည့် ပုံစံနှင့် လုံးဝ ခြားနားလှ၏။ ထာဝရ မင်းသားလေး ဆိုသော ဂုဏ်ပုဒ် တစ်သီတစ်တန်းကြီးကို မပိုင်ဆိုင်ထားစေဦး။ သူ၏ ချောမောသော မျက်နှာ တစ်ခုတည်းကပင်လျှင် မိန်းကလေးပေါင်း မြောက်များစွာကို ဆွဲဆောင်ရန် လုံလောက်နေခဲ့ပြီ ဖြစ်သည်။

ချင်ကူးယင် တိတ်တဆိတ်ပင် သက်ပြင်းတစ်ချက်ကို ခိုးရှိုက်လိုက်၏။ ထို့နောက် လည်ချောင်း ရှင်းလိုက်ရင်း...

“အဂ္ဂိရတ် ပညာရှင်ဝေ့... ကျွန်မ ချင်ကူးယင်က ရှင့်ကို အဂ္ဂိရတ် တိုက်ပွဲတစ်ခု စိန်ခေါ်ချင်ပါတယ်”

“ ... “

လူများမှာ သူမ၏ စကားလုံးများကို ကြားကာ လန့်ဖျန့် သွားခဲ့ကြ၏။ ဝေ့ဝူယင် ကိုယ်တိုင် ပင်လျှင် အနည်းငယ် ကြောင်အသွားသည်။ ယခုကဲ့သို့ စိန်ခေါ်ခံရလိမ့်မည်ဟု သူ လုံးဝ မျှော်လင့်မထားခဲ့ချေ။ ထိုအရာက အဂ္ဂိရတ် အစည်းအရုံး ကြိုးပမ်းလာသည့် ဒုတိယမြောက် ခြေလှမ်းလော။

ထာဝရ မင်းသားလေး အဖြစ် စတင် နာမည် ကျော်ကြားလာသည့် အချိန်မှ စ၍ ထိုအဖွဲ့အစည်းသည် သူ့အား ရရှိရန် နည်းလမ်း အမျိုးမျိုးဖြင့် ကြိုးစားခဲ့သည်။ မကြာသေးခင်က နာရီပိုင်းက ကျင်းပပြီးစီးခဲ့သည့် မဟာဝိညာဥ်စမ်းသပ်ပွဲ ပင်လျှင် သူ့အတွက် ရည်ရွယ်သည့် ငါးစာတစ်ခုလို ခံစားရသည်။

ယခုတစ်ဖန် သူတို့က အဂ္ဂိရတ် တိုက်ပွဲဆင်နွှဲရန် စိန်ခေါ်လာခဲ့ပြန်ပြီ ဖြစ်သည်။ ထိုအဖွဲ့အစည်း၏ ရည်ရွယ်ချက်ကို သူ မခန့်မှန်နိုင်တော့ချေ။

“နင် ဘာကို...”

ရုတ်ချည်းပင် ဝေ့ဝူယင်၏ လေသံက တစ်ဝက်တစ်ပျက်ဖြင့် ရပ်ကာ အေးခဲသွားသည်။ တစ်ကမ္ဘာလုံးမှာလည်း ရပ်တန့်သွား၏။

ထိုခံစားချက်...

ဝေ့ဝူယင် ထိုခံစားချက်ကို ရင်းနှီးသည်။ အလွန့်ကို ရင်းနှီးသည်။ ဦးနှောက်၊ အသွေးအသားများထဲမှ နေ၍ ရင်းနှီးပေသည်။

“နောက်တစ်ကြိမ် ပေါ်လာပြန်ပြီလား...”

ဝေ့ဝူယင် ခပ်တိုးတိုး ရေရွတ်လိုက်မိ၏။ သူ ထိုအရာကို ပထမဆုံး အကြိမ် ကြုံတွေ့ဖူးခြင်း မဟုတ်ချေ။ သည့်မတိုင်ခင် နှစ်ကြိမ် တိုင်တိုင် ရင်ဆိုင်ခဲ့ဖူးပြီး ဖြစ်သည်။

ယွမ်လုံရှီကို သတ်ဖြတ်ပြီး နောက်တွင် သူ ထိုအရာကို ပထမဆုံး အကြိမ် ခံစားခဲ့ရသည်။ ထိုစဉ်က ကမ္ဘာ တစ်ခုလုံး ‌အေးခဲနေကာ အနီရောင် မိုးကြိုး တစ်ခုမှာ သူ့ကို ပစ်ချခဲ့သည်။ ကံကောင်း‌ ထောက်မစွာပင် အပြစ်သား သွေးမျိုးဆက်၏ အကူအညီနှင့် အတူ သူ ကပ်ဘေးကို ကျော်လွှားနိုင်ခဲ့သည်။

ဒုတိယမြောက် တစ်ကြိမ်မှာမူ… စုမေ့ ‌ကြယ်တာရာ ကပ်ဘေးကို ဖြတ်ကျော်သည့် နေ့၌ ဖြစ်သည်။ ထိုနေ့၌ ကြောက်မက်ဖွယ်ရာ အင်အား တစ်ခုမှာ ကျဆင်းလာခဲ့ကာ သူ့၏ စိတ်နှင့် ကိုယ် နှစ်ခု စလုံးကို တိုက်ခိုက်ခဲ့သည်။ အကယ်၍ ခရာတိုနှင့် ဧဒင်တို့ကြောင့်သာ မဟုတ်ပါက ထိုအင်အား၏ တိုက်ခိုက်မှု အောက်၌ သူ သေဆုံး၍ပင် သွားလောက်ပြီ ဖြစ်လေသည်။

ယခုတစ်ကြိမ်တွင်ရော မည်သည့် အန္တရာယ်မျိုး ဆင်းသက်လာမည်နည်း။ ဝေ့ဝူယင် အေးလဲလျှက် အနေအထားကပင် ငြိမ်ငြိမ်လေး စောင့်ဆိုင်း နေလိုက်၏။

***

All Chapters