← Chapters

ရွှင်ပျော်ပျော်ကျေးရွာမှ ထွက်ခြင်း

Vol. 118 Ch. 1542

ရွှင်ပျော်ပျော်ကျေးရွာမှ ထွက်ခြင်း

Vol. 118 Ch. 1542

ချင်မူလည်း ခိုင်ဧကရာဇ်၏ အပြုံးကို မြင်လျှင် လိုက်ပြုံးလိုက်မိသည်။

ခိုင်ဧကရာဇ် နတ်ဘုရားစီရင်ရာစင်မြင့်ပေါ်မှ ဆင်းလာပြီးနောက် နတ်ဘုရားစီရင်ရာဓားမနှစ်လက်မှာ တဖြည်းဖြည်း ပြန်လည်ပေါင်းစည်းသွားကြသည်။ သို့သော် ဓားနှစ်လက်မှာ ခိုင်ဧကရာဇ်၏ ဓားတာအိုဖြင့် တစ်ကြိမ် ဖျက်စီးခံခဲ့ရသောကြောင့် အားပြန်ပြည့်လာသော်လည်း ယခင်ကလောက် မကြမ်းကြတော့ပေ။

ချင်မူမှာ စိတ်ထဲတွင် နောင်တရနေမိသည်။

“ကျွန်တော် ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်ဆီ သွားခဲ့တုန်းက ရှေးဟောင်းနတ်ဘုရားဘုရင်ဆီကနေ ကောင်းကင်တာအိုလက်နက်တွေအကုန်လုံး ရခဲ့တယ်…. နတ်ဘုရားစီရင်ရာစင်မြင့်ရဲ့ ဓားမနှစ်လက်ပါ ပေါင်းလိုက်မယ်ဆိုရင် ကျွန်တော့်မှာ ကောင်းကင်တာအိုလက်နက် ၅၀ ရှိနေပြီ … ကောင်းကင်တာအိုလက်နက် ၅၀ ကို တစ်ခုတည်းအဖြစ် ပေါင်းစည်းပြီး ထူးကဲတဲ့ ကောင်းကင်တာအိုအထွတ်အမြတ်ရတနာအဖြစ် သွန်းလုပ်ချင်တယ် … ဖြစ်နိုင်ပါ့မလား”

ခိုင်ဧကရာဇ်က အံ့ဩမှင်သက်နေသော မျက်နှာအမူအရာဖြင့် မေးလိုက်သည်။ “မင်း ရှေးဟောင်းနတ်ဘုရားဘုရင်ကိုတောင် သတ်ခဲ့တာလား”

ချင်မူက နှိမ့်ချစွာ ဖြေလိုက်သည်။ ။ “သတ်နိုင်လောက်တဲ့အထိ ဘယ်ဟုတ်ပါ့မလဲ … ကောင်းကင်နတ်အရှင်တွေ ကျွန်တော့်ကို ပေါင်းတိုက်ခိုက်လာတဲ့အချိန်မှာပဲ အနိုင်ယူခဲ့တာပါ... ပညာတော့ သေချာပြသေးခဲ့တယ်... ရှေးဟောင်းနတ်ဘုရားဘုရင်လည်း သူတို့ထဲမှာ ပါတာပေါ့… ဒါပေမဲ့ ရှေးဟောင်းနတ်ဘုရားဘုရင်ကို သတ်နိုင်မယ့် အခွင့်အရေး မရှိခဲ့တဲ့အတွက် သူ့ဆီကနေ ကောင်းကင်တာအိုလက်နက် ၄၈ ခု ကိုပဲ လုယူလာခဲ့တာ”

ခိုင်ဧကရာဇ်မှာ ပို၍ပင် အံ့အားသင့်သွားသည်။ “ကောင်းကင်နတ်အရှင်ခုနစ်ပါးကို မင်း အနိုင်ယူခဲ့တာလား… သူတို့က မင်းကို ဝိုင်းတိုက်ကြတာပေါ့”

ချင်မူသည် သူ့ကိုယ်သူ ဂုဏ်ယူနေ၏။

ခိုင်ဧကရာဇ်က အတွေးနက်သွားသည်။ “ဘိုးဘေးနန်းတော်ရဲ့ ကျောက်စိမ်းမြို့တော်မှာ တစ်ခုခု ထူးဆန်းနေတာတော့ ရှိတယ်… အဲဒါက ကောင်းကင်နတ်အရှင်ခုနစ်ပါးရဲ့ စွမ်းဆောင်ရည်တွေကို ကန့်သတ်ထားခဲ့ပေမယ့် မင်းရဲ့စွမ်းဆောင်ရည်ကိုတော့ ကန့်သတ်မထားခဲ့ဘူး… သူတို့မှာ ခုခံနိုင်စွမ်း မရှိတဲ့အတွက် မင်း အနိုင်ယူတာခံခဲ့ရတာ ဖြစ်မှာ … ငါတော့ ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်ဆီ တစ်ခါမှ မရောက်ဖူးဘူး”

ချင်မူမှာ အောင့်သက်သက် တုံ့ပြန်သည်။ “ခင်ဗျား အကြောင်းအရင်းရှာတာ နားထောင်ဖို့ ကျွန်တော် လာခဲ့တာမဟုတ်ဘူး… ကောင်းကင်တာအိုရဲ့ အထွတ်အမြတ်ရတနာကို သွန်းလုပ်နိုင်မယ့် နည်းလမ်းရှိလား”

ခိုင်ဧကရာဇ်က ခေါင်းရမ်းသည်။ “ပညာရပ်တစ်ခုချင်းဆီမှာ ကိုယ်ပိုင်ထူးခြားမှုတွေ ရှိတယ်… ဒါပေမဲ့ ငါက ကောင်းကင်တာအိုမှာ မကျွမ်းကျင်ဘူးလေ”

ချင်မူမှာ တစ်ခဏကြာသည့်တိုင်အောင် စဉ်းစားနေမိသည်။ ကောင်းကင်နယ်စားမင်းသည် တစ်လောကလုံး၌ ကောင်းကင်တာအိုအရာတွင် အထူးချွန်ဆုံးဖြစ်၏။ သို့သော် ပြန်လည်မွေးဖွားလာသော ကောင်းကင်နယ်စားမင်းမှာ ယိုတုမီးသံသရာထဲ၌ ကံကြွေးပေးဆပ်နေရသည်။

ချင်မူကတော့ ယိုတုသို့ မဝင်ရောက်နိုင်ပေ။

“ငါ ဘိုးဘေးနန်းတော်ကျောက်စိမ်းမြို့တော်ကို ကြည့်ချင်တယ်”

“ဘိုးဘေးနန်းတော်မှာ တာအိုသိုင်းပညာရှင်တစ်ယောက်အနေနဲ့ ငါ့အတွက် သိပ်ကို ဆွဲဆောင်မှုရှိတဲ့ နေရာနှစ်နေရာ ရှိနေတယ်လို့ ခံစားနေရတယ်… အဲဒါ့တွေက ငါ့ကို သွားဖို့ လှုံ့ဆော်နေတယ်… တစ်နေရာက မင်းရဲ့ပိုင်နက် ဖြစ်ပြီးတော့ နောက်တစ်နေရာကတော့ ကျောက်စိမ်းမြို့တော်ပဲ” ခိုင်ဧကရာဇ်က ပြောသည်။

ချင်မူ့မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားပြီး တည်ကြည်လေးနက်သွား၏။ သူက ခပ်ပြတ်ပြတ် တားသည်။ “ခင်ဗျား ဘိုးဘေးနန်းတော်ကျောက်စိမ်းမြို့တော်ဆီ သွားချင်လို့ မဖြစ်ဘူး”

ခိုင်ဧကရာဇ်က ဇဝေဇဝါဖြစ်နေသော မျက်နှာအမူအရာဖြင့် သူ့ကို တစ်ချက်ကြည့်လိုက်၏။

ချင်မူက တည်ကြည်လေးနက်စွာ ရှင်းပြသည်။ “ထိုက်ယီလည်း သွားခဲ့ပေမယ့် လေးခုမြောက် စကြ၀ဠာမှာ ပိတ်မိနေပြီး ပြန်ထွက်မလာနိုင်ခဲ့ဘူး… ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်ဆိုတာ ခင်ဗျားထင်ထားတာထက် အများကြီး ပိုကြောက်ဖို့ကောင်းတယ်…. အဲဒီမှာ အထွတ်အမြတ် နေရာတစ်နေရာ ရှိပြီးတော့ တာအိုသစ်ပင်တွေပေါ်မှာ တာအိုသစ်သီးတွေ ခုနစ်လုံး၊ ရှစ်လုံးလောက် တွဲလောင်းခိုနေကြတာ… ခင်ဗျား သွားရင် ခင်ဗျားလည်း အသက်ရှင်လျက် ပြန်ထွက်လာနိုင်မှာမဟုတ်ဘူး”

ခိုင်ဧကရာဇ်သည် တခဏတိတ်ဆိတ်သွားပြီးနောက် ပြုံးလိုက်လေသည်။ “စိတ်မပူပါနဲ့ ငါ ဘာလုပ်ရမလဲ သိပါတယ်”

ချင်မူက သူ့ကို စူးစူးဝါးဝါး စိုက်ကြည့်နေသဖြင့် ခိုင်ဧကရာဇ်မှာ ပြောလိုက်ရသည်။ “အေးပါကွာ… မသွားတော့ပါဘူး… မင်းက မသွားနဲ့ဆိုတော့ ငါလည်း မသွားတော့ပါဘူးကွာ”

ချင်မူက နှာခေါင်းရှုံ့ကာ လေပူတစ်ချက် မှုတ်ထုတ်လိုက်သည်။ “ခင်ဗျားက ရူးကြောင်ကြောင် သမင်လေးတစ်ကောင်လိုပဲ… မသွားနဲ့လို့ ပြောပြီးရင် ပိုလို့တောင် သွားဦးမှာ… ခင်ဗျားသွားတာ မသွားတာက ခင်ဗျားကိစ္စပဲ… ဒါပေမဲ့ ကောင်းကင်နတ်အရှင်လင်နဲ့ ကောင်းကင်နတ်အရှင်ယွင်ကို ကယ်ပြီးမှ သွားရမယ်… သူတို့ ကယ်ပြီးရင် ခင်ဗျားဘာသာ တုံးလုံးပက်လက် သေချင်သေ၊ ကင်းမြီးကောက်ထောင်ပြီး သေချင်သေ”

သူက ခိုင်ဧကရာဇ်အား ဆူပြီးနောက် စပ်စပ်စုစု မေးလိုက်သည်။ “ဘိုးဘေးနန်းတော်မှာ ခင်ဗျားကို ဆွဲဆောင်နေတဲ့ နေရာနှစ်နေရာ ရှိတယ်လို့ ပြောခဲ့တယ်နော်… ဟုတ်တယ် ကျွန်တော့်ရဲ့အထွတ်အမြတ်နယ်မြေက သိပ်ကို စွမ်းအားကြီးတာလေ … ဒါပေမဲ့ ကျွန်တော် ပိုပြီးသိချင်တာက ဘိုးဘေးနန်းတော်အပြင် ခင်ဗျားကို ဆွဲဆောင်နေတဲ့ တခြားနေရာတွေကို အာရုံခံမိသေးလား..”

ခိုင်ဧကရာဇ်က ဖြေသည်။ “မဟာခြုံလွှမ်းကောင်းကင်ဘုံက အရာရာတိုင်းကို လွှမ်းမိုးထားပြီး ဒီစကြ၀ဠာထက် အဆပေါင်း မရေမတွက်နိုင်အောင် ကြီးမားတယ်.. ငါ့ရဲ့ကိုယ်ပိုင် မဟာတာအိုကို မဟာခြုံလွှမ်းကောင်းကင်ဘုံမှာ တံဆိပ်ခတ်နှိပ်လိုက်တုန်းက စကြ၀ဠာထဲက ဆန်းကြယ်တဲ့နေရာတချို့ကို အာရုံခံခဲ့မိတယ်… မင်း အဲဒီထဲက နေရာတစ်နေရာကို သိသင့်တယ်… ချိမင်ရဲ့ လက်ကျန်မျိုးနွယ် ရှိတဲ့နေရာပဲ”

ချင်မူ့မျက်နှာအမူအရာက အနည်းငယ်ပြောင်းလဲသွားသည်။ “ခင်ဗျားက တာအိုရသွားပြီဆိုတော့ အဲဒီနေရာမှာ မူမမှန်တာတစ်ခုခု အာရုံခံမိလား”

“ပုံမှန်မဟုတ်တဲ့ မဟာတာအိုလှိုင်းထမှုတွေ ရှိနေတယ်”

ခိုင်ဧကရာဇ်က ပြော၏။ “ဒါပေမဲ့ ဘိုးဘေးနန်းတော်ကျောက်စိမ်းမြို့တော်နဲ့ အနက်ရောင်တောင်တန်းတွေလိုပဲ အဲဒီနေရာရဲ့ အတိမ်အနက်ကိုလည်း ငါ မမြင်ရဘူး”

ချင်မူမှာ ရင်ထဲတွင် ဒိန်းခနဲ ခုန်သွားသည်။ “အဲဒီနေရာက သူ့ကို ကယ်ဖို့ ထိုက်ယီ လိုက်လာစေချင်တဲ့ နေရာများလား”

“အဲဒီနေရာအပြင် ငါ အတိမ်အနက် မမြင်ရတဲ့ နောက်ထပ်နေရာတစ်နေရာ ရှိသေးတယ်”

ခိုင်ဧကရာဇ်က ဆက်ပြော၏။ “အဲဒီ့နေရာက ငါ့ကိုတောင် နည်းနည်း ကြောက်ရွံ့မိစေတယ်”

ချင်မူ့မျက်လုံးများက တဖျတ်ဖျတ် တောက်ပလာပြီး သူ ဆက်ပြောမည်ကို စောင့်ဆိုင်းနေသည်။

ရုတ်တရက် ခိုင်ဧကရာဇ်က မှင်သေသေ မေးလေသည်။ “ရူးကြောင်ကြောင်သမင်က ဘယ်သူတုန်း”

“ကျွန်တော်လေ”

ချင်မူက အမှန်အတိုင်း ဝန်ခံလိုက်ရင်း တိုက်တွန်းနေသည်။ “ခင်ဗျားတောင် နားမလည်နိုင်တဲ့နေရာက ဘာလဲဆိုတာ မြန်မြန်ပြောပြပါတော့”

“အဆုံးသတ်မြို့ပျက် အောက်မှာပဲ”

ခိုင်ဧကရာဇ်က ပြောသည်။ “အဲဒီနေရာက ငါ့ရဲ့ ဓားတာအို မဝင်ရောက်နိုင်တဲ့ နေရာလည်း ဟုတ်တယ်”

ချင်မူမှာ အံ့ဩမှင်သက်သွားပြီး မျက်ခုံးပင့်လိုက်သည်။ “အဆုံးသတ်မြို့ပျက်လား”

“အဆုံးသတ်မြို့ပျက်မဟုတ်ဘူး... အဆုံးသတ်မြို့ပျက်ရဲ့အောက််”

ခိုင်ဧကရာဇ်က ရှင်းပြသည်။ “ငါ့ဓားတာအို အဲဒီ့နေရာအထိ ဖြာဆင်းသွားတုန်းက မှောင်မိုက်နေပြီး အလင်းရောင်မရှိတဲ့ ဂူပေါက်ဝတစ်ဝရဲ့ ဝါးမြိုခံခဲ့ရတာကို အာရုံခံခဲ့မိတယ်… ဝါးမြိုခံလိုက်ရတာနဲ့ ငါ့ရဲ့ အာရုံငါးပါးလုံး ပျောက်ကွယ်သွားတယ်… အဲဒီနေရာက ငါ့ရဲ့ ဓားတာအိုကိုတောင် တုန်လှုပ်ခြောက်ခြားစေခဲ့တာ”

ချင်မူသည် အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး ဟိုလျှောက်သည်လျှောက် လျှောက်နေ၏။

ခိုင်ဧကရာဇ် ပြောသော နေရာနှစ်နေရာလုံးသို့ သူ ရောက်ဖူးထားသည်။ ချိမင်မျိုးနွယ်၏ ချိမင်ရွှမ်းခုံးကမ္ဘာလောကသို့ သွားရောက်ခဲ့တုန်းက သူတို့နှင့် ပူးပေါင်းခဲ့သော်လည်း ထိုနေရာအကြောင်း ဘာမှမသိခဲ့ပေ။ ကောင်းကင်နတ်အရှင်ယွဲ့လည်း ထိုနေရာသို့ ရောက်ဖူးခဲ့သည်ကိုသာ သိခဲ့၏။ သူမမှာ အသက်ရှင်လျက်ပင် ပြန်မထွက်လာနိုင်အောင် ဖြစ်ခဲ့သည်ဟု ဆိုခဲ့သည်။

အဆုံးသတ်မြို့ပျက်၏ အမှောင်ထုထဲတွင်မူ သခင်မယွမ်မု၏ အလောင်းနှင့် ကောင်းကင်နတ်အရှင်လင်၏ ဆံထိုးတို့ကို တွေ့ခဲ့ရဿည်။ အဆုံးသတ်မြို့ပျက်၏ အနက်ပိုင်းထဲအထိ ဝင်ရောက်ခဲ့ဖူးသော်လည်း အမြွှာကြာပန်းနှစ်ပွင့်ကို ဖြတ်သန်းကာ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

အဆုံးသတ်မြို့ပျက် မည်သည့်နေရာတွင် ရှိသည်လဲ အတိအကျတော့ မသိပေ။

‘အဲဒီနေရာနှစ်ခုက အရာတော်တော်များများကို ဝှက်ထားဖို့ နေရာကောင်းတွေပဲ… ခိုင်ဧကရာဇ်က အဲဒီနေရာနှစ်နေရာကို အသေအချာ ပြောခဲ့တာဆိုတော့ ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်နဲ့ လောကသစ်ပင်တို့နဲ့ အဆင့်အတူတူပဲ ဖြစ်လိမ့်မယ်…. ကြည့်ရတာ အဲဒီနေရာနှစ်နေရာက ထိုက်ယီရဲ့ မြေပုံ မှတ်ထားတဲ့ နေရာနှစ်နေရာဖြစ်မယ် ထင်တယ်…”

ခိုင်ဧကရာဇ်က သူ့ကို တစ်ချက်ကြည့်ပြီး မှင်သေသေ ပြောသည်။ “မင်း အဲဒီနေရာတွေကို သွားစူးစမ်းဖို့ လက်လျှော့လိုက်တာ ကောင်းမယ်နော် … အန္တရာယ်တွေက မင်း မှန်းဆနိုင်တဲ့အရာတွေတောင် မဟုတ်ဘူး… ငါတောင်မှ ဘေးမသီရန်မခ ပြန်ထွက်လာနိုင်လိမ့်မယ်လို့ မပြောနိုင်ဘူး”

ချင်မူက မှင်သေသေ တုံ့ပြန်သည်။ “စိတ်မပူပါနဲ့… ကျွန်တော်ဘာလုပ်နေလဲ ကျွန်တော်သိပါတယ်”

ခိုင်ဧကရာဇ်က မျက်မှောင်ကြုတ်လိုက်သည်။ သူ့မှာ သူ့စကားနှင့်သူ ပြန်လည်ချေပခံလိုက်ရချေပြီ။

ချင်မူကလည်း သတိထားမိသွားသဖြင့် နှစ်ယောက်သား တခဏတိတ်ဆိတ်နေပြီးနောက် ပြိုင်တူပြောလိုက်ကြ၏။ “နှစ်ယောက်လုံး မသွားရဘူး”

စကားဆုံးသည်နှင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ရုတ်တရက် ကျယ်လောင်စွာ ရယ်မောလိုက်ကြသည်။

ချင်မူက နတ်ဘုရားစီရင်ရာစင်မြင့်နှင့် နတ်ဘုရားစီရင်ရာဓားမတို့ကို သိမ်းဆည်းလိုက်ရင်း အေးအေးလူလူ ပြော၏။ “ကောင်းကင်နတ်အရှင်လင်ကို ကယ်ဖို့ အချိန်ဆွဲနေလို့ မရဘူး… မြန်လေ ကောင်းလေပဲ… အဆင်သင့်ပြင်ထားပါတော့”

ခိုင်ဧကရာဇ်က အသာအယာ ခေါင်းညိတ်လိုက်သည်။

ချင်မူက ကောင်းကင်အထက် ပျံတက်၍ လောကပေါင်းကူးရွှေသင်္ဘောပေါ်သို့ ဆင်းသက်လိုက်သည်။ ဆင်းသက်လိုက်စဉ်မှာပဲ သင်္ဘောပေါ်တွင် လူရိပ်တစ်ခုကို အမှတ်တမဲ့မြင်လိုက်ရသည်။

ခိုင်ဧကရာဇ်လည်း ထိုအရိပ်ကို မြင်လိုက်ရသောကြောင့် မျက်မှောင်အနည်းငယ်ကြုတ်သွားသည်။ သူသည် တာအိုရရှိပြီ ဖြစ်သော်လည်း သင်္ဘောပေါ်ရှိပုဂ္ဂိုလ်မှာ မည်သူဖြစ်မှန်း မမြင်ရသေးပေ။

“ကျွန်တော့်ဆီက သတင်းစကားကို စောင့်နေပါ… ထာဝရငြိမ်းချမ်းရေးအင်ပါယာ မာန်ဟုန်မြစ်မှာ ပြန်တွေ့ကြမယ်” ချင်မူက အင်္ကျီလက်စကို ခပ်ဆတ်ဆတ် ခါလိုက်သည့်အခါ လောကပေါင်းကူးရွှေသင်္ဘောကြီးသည် ရွက်လွှင့်၍ မဟာလေဟာနယ် တဖက်ကမ်းမှ ထွက်ခွာသွားတော့သည်။

ခိုင်ဧကရာဇ်က သူ ထွက်ခွာသွားသည်ကို ကြည့်နေပြီးနောက် ရွှင်ပျော်ပျော်ကျေးရွာ၏ အမြင့်ဆုံးကောင်းကင်ဘုံ၊ ထိုက်ချင်းကောင်းကင်ဘုံ သို့ ပြန်သွားသည်။

သူသည် စစ်ချီသံစည်ကြီးကို တီးလျက် ရွှင်ပျော်ပျော်ကျေးရွာ၏ ကောင်းကင်ဘုံ ၃၃ ဘုံတွင် ရှိနေသော အရေးကြီးပုဂ္ဂိုလ်မှန်သမျှ စုဝေးစေလိုက်၏။

စစ်ချီသံစည်ကြီးကို ရွှင်ပျော်ပျော်ကျေးရွာ၏ ကောင်းကင်ဘုံ ၃၃ ဘုံတွင် ရှိသည့် အရေးကြီးပုဂ္ဂိုလ်မှန်သမျှ စုရုံးရောက်ရှိလာစေရန် အသုံးပြုလေသည်။ ၎င်း မြည်ဟီးလာသည်နှင့် စစ်ရေးတွင် တာဝန်ယူထားကြသော အရပ်ဘက်အရာရှိများ၊ စစ်ဘက်အရာရှိများက သွားရောက်ရန် ပြင်ဆင်ကြတော့၏။

ခိုင်ဧကရာဇ်က မိုင်ပေါင်းများစွာ မြင့်မားသော စည်ကြီးကို တီးပြီးနောက် စည်ကြီး၏ အရှေ့၌ပင် ထိုင်ချလိုက်သည်။ သူက မျက်လုံးများ မှိတ်ထားပြီး မလှုပ်ရှားပေ။

လေးရက်ကြာပြီးနောက် သူ၏ မျက်လုံးများ ပွင့််လာသည်။ ထောင်သောင်းပေါင်းများစွာသော စစ်သည်တော်များသည် ဝတ်စုံအပြည့်ဖြင့် စည်ကြီးအရှေ့၏ ရင်ပြင်တွင် ရပ်နေကြချေပြီ။ သူတို့အားလုံးက အသံတစ်ချက်မှ မထွက်ဘဲ မလှုပ်မယှက် ရပ်နေကြသည်။

လေးရက်အတွင်း ကောင်းကင်ဘုံတစ်ခွင်မှ ပုဂ္ဂိုလ်များစွာ ရောက်လာခဲ့ကြသည်။ သို့သော် သူတို့သည် ရောက်လာသည့်အချိန်တွင် အသံမပေးကြဘဲ နေရာအသီးသီးယူ၍သာ တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့ကြ၏။

ကောင်းကင်နတ်အရှင်ယွဲ့လည်း ရောက်နေသည်။ သူမမှာ ဖြစ်ပျက်နေသည်များကို မြင်လျှင် ခိုင်ဧကရာဇ်စစ်တပ်ကြီး၏ စည်းကမ်းရှိမှုအပေါ် ချီးကျူးလိုက်မိသည်။

ခိုင်ဧကရာဇ်က ထရပ်လိုက်သည်။ သူ၏အကြည့်များသည် ဓားတစ်လက်ပညာ စူးရှထက်မြတ်နေပြီး စစ်သည်တော် မျိုးဆက်ဟောင်း၊ မျိုးဆက်သစ်များကို ဝေ့ဝဲကြည့်လိုက်၏။

“ငါ တာအိုရသွားခဲ့ပြီ”

သူ၏အသံက မကျယ်လွန်း မတိုးလွန်းဘဲ မာန်အပြည့်ဖြင့် ဩဇာညောင်းနေသည်။ ရင်ပြင်တစ်လျှောက် ပဲ့တင်ရိုက်ခတ်လျက် ပျံ့နှံ့သွားသည်သာမက အောက်အုံးအထပ် ထိုက်ဧကရာဇ်ကောင်းကင်ဘုံအထိ ရောက်ရှိသွားသည်။ ရွှင်ပျော်ပျော်ကျေးရွာ၏ ချောင်ကြိုချောင်ကြား၌ ရှိနေသော လူများပင်လျှင် သူ၏အသံကို ကြားနိုင်ကြသည်။

“ငါ တာအို ရခဲ့ပြီးပြီ… အင်အားလုံလောက်သွားပြီ ဖြစ်တဲ့အတွက် မင်းတို့တတွေ ဒီနေရာမှာ နေစရာမလိုတော့ဘူး… ရွှင်ပျော်ပျော်ကျေးရွာအတွက် မဟာလေဟာနယ် တစ်ဖက်ကမ်းကို ထွက်ခွာဖို့ အချိန်ရောက်ပြီ”

သူ၏အသံသည် ရှိသမျှသူတိုင်း၏ နားထဲသို့ ဝင်ရောက်သွား၏။ သူ၏စကားလုံးများကား သူ၏ ဓားတာအိုကဲ့သို့ ရိုးရှင်းဖြောင့်မတ်နေသည်။

“ဒီလောကမှာ ရွှင်ပျော်ပျော်ကျေးရွာအစစ် ဆိုတာ မရှိဘူး… မဟာလေဟာနယ်တစ်ဖက်ကမ်းမှာလည်း ရှိမှာ မဟုတ်သလို အပြင်လောကမှာလည်း ရှိမှာမဟုတ်ဘူး”

သူက ရှေ့သို့တက်၍ တပ်မှူးအိုကြီးများဘေးမှ ဖြတ်သွားသည်။ “ငါတို့ အပြင်လောကကို ရောက်တဲ့အခါ ဒီနေရာထက် ပိုပြီးတော့ အန္တရာယ်များတယ်… ဒီထက်ပိုပြီး လူတွေ သေဆုံးကြရလိမ့်မယ်”

ထိုအခိုက်အတန့်တွင် ချင်မူသည် ရွှေသင်္ဘောဖြင့် မဟာလေဟာနယ်အဝေးသို့ ရွက်လွှင့်သွားနေ၏။ သူက ကမ္ဘာလောကများအား ဖြတ်သန်းနေရင်း ပိုပို၍နီးကပ်လာနေသော ကမ္ဘာဦးဘုံကို ကြည့်နေသည်။ သူ၏အကြည့်မှာ ငိုင်တွေနေလေသည်။

တစ်ချိန်တည်းမှာပင် မဟာလေဟာနယ်တစ်ဖက်ကမ်း၌ ခိုင်ဧကရာဇ်၏ အသံက အားလုံး၏ နားထဲ၌ ပဲ့တင်ထပ်လာသည်။ “ငါ မင်းတို့အားလုံးကို ကမ္ဘာဦးဘုံဆီ ခေါ်သွားမယ်… ရွှင်ပျော်ပျော်ကျေးရွာ အစပြုခဲ့တဲ့နေရာ၊ မင်းတို့ရဲ့ဘိုးဘေးတွေ နေထိုင်ခဲ့တဲ့နေရာပဲ… အဲဒီနေရာမှာ သူတို့ဟာ အသက်တွေ ပေးဆပ်ပြီး သွေးချောင်းစီးခဲ့ရတယ်… နေရာတိုင်းမှာ မင်းတို့ရဲ့ဘိုးဘေးတွေရဲ့ သွေးချွေးတွေ မြေခခဲ့တယ်... နေရာတိုင်းမှာ သူတို့ရဲ့အရိုးတွေ မြှုပ်နှံခံထားရတယ်”

ရွှေသင်္ဘောပေါ်တွင် ချင်မူက အဝေးရှိ ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ကြည့်နေသည်။ ထိုနေရာတွင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ကံကြမ္မာကား တိုးတက်ဖွံ့ဖြိုးနေချေပြီ။

သူက ပြုံးလျက် သင်္ဘော၏ပဲ့ကို ထိန်းလိုက်ရင်း မာန်ဟုန်မြစ်ထံ ဦးတည်သွားစေသည်။

“မင်းတို့ထဲက တချို့တွေက စစ်သူကြီးတွေ ဖြစ်ခဲ့ပြီး ငါနဲ့အတူ တိုက်ခိုက်ခဲ့ကြဖူးတယ် ... မင်းတို့ထဲက တချို့တွေကတော့ ရွှင်ပျော်ပျော်ကျေးရွာမှာ မွေးဖွားလာခဲ့ကြတဲ့သူတွေ.. တချို့ဟာ တစ်သက်လုံး ဒီနေရာကနေ မထွက်ခွာခဲ့ဖူးကြဘူး… ဒီနေရာက မင်းတို့ရဲ့မွေးရပ်မြေလို့ ထင်နေကြတယ်”

“ဒါပေမဲ့ မဟုတ်ဘူး”

“မင်းတို့ရဲ့မွေးရပ်မြေက မင်းတို့ရဲ့ ဘိုးဘေးတွေ နေထိုင်ခဲ့တဲ့နေရာပဲ”

“ဒီတစ်ကြိမ် အပြင်တိုက်ပွဲမှာ မင်းတို့သေဆုံးကောင်း သေဆုံးနိုင်တယ်... မင်းတို့ရဲ့သူငယ်ချင်းတွေ မိသားစုတွေ အပြင်မှာ သေဆုံးနိုင်တယ်… မင်းတို့ရဲ့ ယောက်ျားတွေ၊ မိန်းမတွေနဲ့ ကလေးတွေတောင် တိုက်ပွဲမှာ သေသွားနိုင်တယ်…”

“မင်းတို့ရဲ့ မိသားစုနာမည်နဲ့ မျိုးရိုးတွေတောင် ကျန်ခဲ့ချင်မှ ကျန်ခဲ့မှာ...”

“ဒါပေမဲ့ ငါတို့အဲဒီနေရာကို ပြန်သွားရမယ်… အဲဒီနေရာက ငါတို့ဘိုးဘေးတွေရဲ့ မြေမလို့ပဲ… အဲဒီနေရာဟာ ငါတို့တတွေ နေထိုင်ခဲ့ပြီး မျိုးဆက်ပေါင်းများစွာ တည်ရှိခဲ့တဲ့နေရာမလို့ပဲ...”

“အဲဒီနေရာမှာ ရွှင်ပျော်ပျော်ကျေးရွာ မရှိဘူး… စကြ၀ဠာတစ်ခုလုံးနဲ့ ကမ္ဘာလောကတွေမှာ ရွှင်ပျော်ပျော်ကျေးရွာဆိုတာ မရှိဘူး… ဒါပေမဲ့ ငါတို့ သွေးချွေးတွေ၊ အရိုးတွေနဲ့ ငါတို့လက်တွေနဲ့ ငါတို့ကိုယ်တိုင် ပေးဆပ်ပြီး ငါတို့ရဲ့ ရွှင်ပျော်ပျော်ကျေးရွာကို တည်ထောင်ရမယ် …”

“အဲ့ဒီနေရာမှာ နှိုင်းယှဉ်လို့မရနိုင်အောင် ထူးချွန်ထက်မြက်တဲ့ လူနေမှုအဖွဲ့အစည်းတစ်ခု ရှိခဲ့ဖူးတယ်…. သူတို့ရဲ့အိပ်မက်တွေ၊ မဖြစ်နိုင်တဲ့မျှော်လင့်ချက်တွေအတွက် ပေးဆပ်တိုက်ခိုက်ခဲ့ကြတဲ့ ဘိုးဘေးတွေ မရေမတွက်နိုင်အောင် ရှိခဲ့ဖူးတယ်… ငါတို့ကတော့ အရှုံးသမားတွေ… ကမ္ဘာဦးဘုံကနေ နှင်ထုတ်ခံခဲ့ရတဲ့ အရှုံးသမားတွေပဲ… ဒါပေမဲ့ ထာဝရ ရှုံးနေမှာတော့ မဟုတ်ဘူး”

“ငါတို့ ပြန်တိုက်ခိုက်ရမယ်”

ခိုင်ဧကရာဇ်၏ ဓားချီက ကောင်းကင်ထက်သို့ ထိုးဖောက်သွားပြီး သူက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ “ကောင်းကင်က ဘိုးဘေးတွေရဲ့ ဝိညာဉ်တွေအတွက် တိုက်ခိုက်ရမယ်… ငါတို့ရဲ့ ခမ်းနားခဲ့တဲ့ အတိတ်အတွက် တိုက်ခိုက်ရမယ်.. ပြန်တိုက်ခိုက်ရမယ်….”

“လာကြ… ရွှင်ပျော်ပျော်ကျေးရွာကနေ ငါနဲ့အတူ တိုက်ခိုက်သတ်ဖြတ်ပြီး ထွက်သွားကြစို့…”

ရွှေသင်္ဘောသည် မာန်ဟုန်မြစ်ဖျားတွင် ရပ်တန့်သွားပြီး ချင်မူက ဆင်းလာသည်။ သူက လက်ကို မြှောက်လိုက်ရာ သင်္ဘောမှာ ဖြည်းဖြည်းချင်း သေးငယ်သွာရင်း သူ၏မျက်ခုံးနှစ်ဖက်ကြားသို့ ဝင်ရောက်သွား၏။

“ကောင်းကင်နတ်အရှင်လင်၊ ကျွန်တော် ရောက်ပါပြီ”

All Chapters