ပထမဆုံးတိုက်ပွဲ
Vol. 118 Ch. 1543
ကောင်းကင်နတ်ဘုံသည် ဘိုးဘေးနန်းတော်သို့ ပြောင်းရွှေ့ခဲ့သောကြောင့် မာန်ဟုန်မြစ်ဖျားပိုင်းရှိ ကောင်းကင်နတ်မြစ်၏ လမ်းကြောင်းများမှာ ပြောင်းလဲသွားခဲ့သည်။ ယခုအချိန်တွင် မာန်ဟုန်မြစ်ထဲတွင် ခမ်းနားကြီးကျယ်သော ရေစီးကြောင်း မရှိတော့ပေ။
မြစ်က ရှိနေသေးသော်လည်း ကောင်းကင်နတ်မြစ်ကတော့ ကောင်းကင်ပေါ်သို့ မြောက်တတ်သွားခဲ့ချေပြီ။
မြစ်ထဲတွင် ရေများ ကျန်နေသေးသော်လည်း တိမ်၍ နောက်ကျိနေသည်။ ငါးနှင့် ပုစွန်အချို့အပြင် ရေသတ္တဝါအနည်းငယ်သာ ကျန်ရှိတော့သည်။ ဤနေရာတွင် ယခင်က နေထိုင်ခဲ့သော နဂါးမျိုးနွယ်မှာ ကောင်းကင်နတ်မြစ်နှင့်အတူ ကောင်းကင်ထက်သို့ ပြောင်းရွှေ့သွားခဲ့ပြီး နဂါးနန်းတော်အသစ်အား တခမ်းတနား တည်ဆောက်ထားကြသည်။
သို့သော် မြစ်ကမ်းတစ်လျှောက်တွင် အုပ်စိုးမင်းမူ၍ တိုက်ခိုက်ရန် အသင့်စောင့်ကြပ်နေကြသော ကောင်းကင်နတ်ဘုံမှ နတ်ဘုရားမိစ္ဆာများ ရှိကြသည်။
ကောင်းကင်နတ်အရှင်ခုနစ်ပါး ထိုက်ယီနှင့် တွေ့ဆုံရနန် အနက်ရောင်တောင်တန်းကို လာရောက်လည်ပတ်ခဲ့စဉ်က ကောင်းကင်နတ်အရှင်ဟွေ့၊ ကောင်းကင်နတ်အရှင်ကုန်းနှင့် ရှေးဟောင်းနတ်ဘုရားမယင်တို့သည် ချင်မူ ကောင်းကင်နတ်အရှင်လင်အား သွားကယ်သည်ဟု အထင်မှားခဲ့သောကြောင့် အင်အားအလုံးအရင်းဖြင့် ဤနေရာသို့ ရောက်လာခဲ့ကြ၏။ သို့သော် ရောက်သည့်အခါတွင်တော့ မည်သည်ကိုမှ မတွေ့ခဲ့ရပေ။
သူတို့သည် အဆင့်အတန်းမြင့်မားကြသည့်အပြင် ချင်မူ့ကို ကြာမြင့်စွာ စောင့်နေခဲ့ပြီးဖြစ်သည့်အတွက် အမြဲတစေ စောင့်နေကြမည်မဟုတ်ပေ။ ထို့ကြောင့် သူတို့၏လက်အောက်ငယ်သားများကိုသာ အစောင့်အကြပ်အဖြစ် ထားရစ်ခဲ့ကြသည်။
ချင်မူလည်း ပတ်ဝန်းကျင်အား အကဲခတ်လိုက်ရာ ဤနေရာတွင် စခန်းချနေထိုင်သော နတ်ဘုရားမိစ္ဆာများစွာ တွေ့မြင်လိုက်ရသည်။ သူတို့က နတ်ဘုရားမြို့ငယ်များ တည်ဆောက်ထားကြပြီး သူ့အား မဟာရန်သူတော်တစ်ဦးအဖြစ် သတ်မှတ်ထားကြလေသည်။
နတ်ဘုရားမြို့ငယ်တို့အတွင်းရှိ စခန်းများထဲမှ ထောက်လှမ်းရေးသမား နတ်ဘုရားမိစ္ဆာများက ခပ်သုတ်သုတ် ထွက်သွားနေကြသည်။ ကောင်းကင်နတ်အရှင်များနှင့် ကျန်သူများဆီ သွားရောက်သတင်းပေးကြခြင်း ဖြစ်ပေလိမ့်မည်။
ချင်မူက သူတို့ကို ဂရုမစိုက်ဘဲ နတ်ဘုရားမြို့တစ်မြို့၏ ဘေးသို့ လျှောက်လာသည်။ သူက ပြုံးလျက် မေးလိုက်သည်။ “ကောင်းကင်နတ်အရှင်ရှောင်ကို ဘယ်သူ အသိပေးချင်လဲ”
မြို့ရှိ အစောင့်နတ်ဘုရားမှာ ထိတ်လန့်တုန်လှုပ်စွာဖြင့် အော်ပြောလိုက်သည်။ “ကောင်းကင်နတ်အရှင်မူ၊ သိပ်ပြီးတော့ မမောက်မာပါနဲ့…. ဒီနေရာက ခင်ဗျား စိတ်တိုင်းကျ ပြုမူရမ်းကားလို့ရတဲ့ နေရာတစ်ခုမဟုတ်ဘူး…”
ချင်မူက တောင်ကြည့်မြောက်ကြည့် ကြည့်လိုက်သည့်အခါ မြို့အထက် ကောင်းကင်တွင် အဆုံးသတ်မြို့ပျက် အသူရာချောက်နက် ထွက်ပေါ်လာသည်။ အစောင့်နတ်ဘုရား၏မျက်နှာမှာ သွေးဆုတ်ဖြူလျော့သွားပြီး မြို့ထဲရှိ မည်သည့်နတ်ဘုရားမိစ္ဆာမှ မလှုပ်ရှားရဲကြတော့ပေ။
အဆုံးသတ်မြို့ပျက် အသူရာချောက်နက်က လည်လာပြီး ပြင်းထန်အားကောင်းလှသော ကမ္ဘာမြေဆွဲအားကြီးတစ်ခုက သူတို့အပေါ် ကျရောက်လာသည်။ အဆုံးသတ်မြို့ပျက် အသူရာချောက်နက်၏ စွမ်းအား ပေါက်ကွဲထွက်လာသည်နှင့် ၎င်းသည် သူတို့အားလုံးကို ဝါးမြိုသွားပေလိမ့်မည်။
ချင်မူက နူးညံ့ကြင်နာသော မျက်နှာအမူအရာဖြင့် ပြုံးလိုက်၏။ “မကြောက်ပါနဲ့… ငါက ကောင်းကင်နတ်အရှင်တစ်ပါးပါ… မျက်တောင်မခတ်ဘဲ သွေးအေးအေး သတ်ဖြတ်တတ်တဲ့ မိစ္ဆာတစ်ကောင် မဟုတ်ပါဘူး… ကဲ ကောင်းကင်နတ်အရှင်ရှောင်ဆီ ဘယ်သူသတင်းသွားပေးချင်သလဲ”
“ကျွန်တော် အခုပဲ သွားလိုက်ပါ့မယ်”
အစောင့်နတ်ဘုရားက နတ်အလင်းတန်း အသွင်ပြောင်းသွားပြီး အနီးဆုံး စွမ်းအင်အကူးအပြောင်းတံတားဆီသို့ ဦးတည်ပျံသန်းသွားသည်။
ချင်မူက အဆုံးသတ်မြို့ပျက် ကောင်းကင်နတ်သိုင်းကို ရုတ်သိမ်းပြီးနောက် မြို့ထဲသို့ ဝင်သွားသည်။ ထို့နောက် ခပ်တည်တည်ဖြင့် မြို့မျှော်စင်ပေါ် တက်ကာ ထိုင်ချလိုက်သည်။ မြို့ထဲရှိ နတ်ဘုရားမိစ္ဆာများမှာ ကြောက်ရွံ့တုန်လှုပ်စွာဖြင့် တိတ်ဆိတ်နေကြပြီး မည်သည့်စကားမှ မပြောရဲကြပေ။ နတ်ဘုရားမိစ္ဆာတချို့က ပါးနပ်စွာဖြင့် အမွှေးကြိုင်ဆုံး ရေနွေးကြမ်း၊ အကောင်းဆုံး ဝိုင်နှင့် အသီးခြောက်များကို လာရောက်တည်ခင်းဧည့်ခံကြသည်။ သူတို့က မိန်းကလေးတချို့ ခေါ်၍ ပုလွေများ၊ တူရိယာများ တီးခတ်စေကာ ကခုန်သီဆိုရင်း ကောင်းကင်နတ်အရှင်အား ဖျော်ဖြေနေစေသည်။
ချင်မူ ပါးစပ်ဟလိုက်လျှင် သူ့ဘေးရှိ နတ်ဘုရားမတစ်ပါးက ခရမ်းရောင် စပျစ်သီးများကို အခွံခွာကာ သူ့ကို ခွံ့ကျွေးတတ်သည်။ စပျစ်သီး၏ အစေ့များကိုပင်လျှင် ထုတ်ထားလေသည်။
ချင်မူက စပျစ်သီးစားပြီးနောက် နှုတ်ခမ်းဆူလိုက်သည်။ ထိုအခါ နတ်ဘုရားမတစ်ပါးက မွှေးပျံ့နေသော ရေနွေးကြမ်းခွက်အား သူ၏နှုတ်ခမ်းတွင် ကပျာကယာ တေ့ပေးလေသည်။
ချင်မူသည် ရေနွေးကြမ်းသောက်လိုက်၊ ကပြဖျော်ဖြေနေသည့် မိန်းကလေး၏ တင့်တယ်လှပသော ခန္ဓာကိုယ်များကို ကြည့်လိုက်ဖြင့် အရသာခံနေတော့သည်။ သူမ၏အကမှာ ဆွဲဆောင်မှုရှိလွန်းသဖြင့် ရင်ဖိုစိတ်လှုပ်ရှားလာစေသည်။ သူမ၏သီချင်းဆိုသံကလည်း သာယာနာပျော်ဖွယ်ကောင်းလှသည်။
ချင်မူက လက်နှစ်ဖက်လုံးကို မြှောက်လိုက်သည်။ ထိုအခါ သူ၏တစ်ဖက်တစ်ချက်ရှိ နတ်ဘုရားမနှစ်ပါးလုံးက သူ၏လက်များကို ဆွဲကိုင်ကာ လက်ခုပ်တီးပေးလိုက်ကြသည်။
ဖြောင်း… ဖြောင်း.. ဖြောင်း
ချင်မူက လက်ခုပ်တီး၍ ချီးကျူးလိုက်၏။ “ကောင်းလိုက်တာ… ဒီသီချင်းက နေဝင်တောင်ကြားမှာ သူတို့ရဲ့အသက်တွေကို ကောင်းကင်ဘုံအတွက် ပေးဆပ်ခဲ့ကြတဲ့ စစ်သည်တော်တွေအတွက် ချီးကျူး ရေးသားထားတာမလား… ကောင်းကင်နတ်ဘုံက စစ်သည်တော်တွေရဲ့ သစ္စာရှိမှုကို ဖော်ကျူးထားတာပဲ…. အညံ့ခံမယ့်အစား အသေခံကြမယ့်ပုဂ္ဂိုလ်တွေတဲ့လေ… ကောင်းလိုက်တဲ့ သီချင်းပဲ… ငါ ငိုတောင် ငိုမိတော့မလို့”
မြို့မျှော်စင်ရှိ ကောင်းကင်နတ်ဘုံ တပ်မှူးများက အနေရခက်စွာဖြင့် စပ်ဖြဲဖြဲ ရယ်လိုက်ကြသည်။ သူတို့ထဲမှ တစ်ယောက်က မေးသည်။ “သီချင်းဆိုနေတဲ့တစ်ယောက်က ကျွန်တော့်ရဲ့ သမီးပါ… ညကျရင် ကောင်းကင်နတ်အရှင်ရဲ့ အခန်းထဲ လွှတ်လိုက်ရမလားခင်ဗျ”
ချင်မူက ဘေးသို့ လှည့်ကြည့်ရင်း ပြော၏။ “ခင်ဗျားရဲ့ သမီးက အသံကောင်းတာပဲ… သူ့အမေကလည်း မဆိုးဘူးနော်…”
နတ်တပ်မှူးက ချက်ချင်းပင် လျှောက်တင်သည်။ “ကောင်းကင်နတ်အရှင် သဘောကျတယ်ဆိုရင် သူ့ကိုလည်း အခန်းထဲ လွှတ်ပေးလိုက်ပါ့မယ်…”
ချင်မူသည် တဟားဟား ရယ်လိုက်သဖြင့် နတ်တပ်မှူးကလည်း သူနှင့်အတူ လိုက်ရယ်၏။ သို့သော် ရယ်နေရင်းတန်းလန်း ချင်မူ့မျက်နှာအမူအရာက ရေတမျှ အေးစက်သွားရာ စစ်သည်တော်များ၏ အပြုံးများလည်း ပျောက်ကွယ်သွားကြသည်။ မြို့မျှော်စင်မှာ ချက်ချင်း တိတ်ဆိတ်သွားပြီး ပုလွေသံပင်လျှင် ငြိမ်ကျသွား၏။
ချင်မူက ဖြည်းဖြည်းချင်း ပါးစပ်ဟလိုက်ရာ သူ့ဘေးရှိ နတ်ဘုရားမမှာ အခွံခွာထားသော စပျစ်သီးကို ခွံ့ကျွေးလိုက်သည်။ ထိုအချိန်မှသာ ကောင်းကင်နတ်ဘုံ၏ စစ်သည်တော်များသည် စိတ်အေးသက်သာစွာ သက်ပြင်းချလိုက်ကြပြီး ပုလွေသံလည်း ပြန်လည်ထွက်ပေါ်လာတော့သည်။
ထိုစဉ် ချင်မူသည် ထရပ်၍ ကျယ်လောင်စွာ ရယ်လိုက်သည်။ “မဟာဧကရာဇ်၊ ခင်ဗျား ရောက်လာပြီပဲ”
ပုလွေသံကား တုံ့ခနဲ ရပ်တန့်သွားပြီး မြို့မျှော်စင်ထက်၌ ရှိသမျှပုဂ္ဂိုလ်အားလုံးက ချင်မူ့ဆီသို့ တစ်ပြိုင်နက် လှမ်းကြည့်လိုက်ကြသည်။ “ကောင်းကင်နတ်အရှင်မူ၊ မင်းက သေကြောင်းကြံနေတာပဲ”
“မင်းရဲ့ မဖြစ်နိုင်တဲ့အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ မကြိုးစားနဲ့လို့ ငါ အစောကြီးတည်းက သတိပေးခဲ့တယ်”
“ကောင်းကင်နတ်အရှင်လင်ကို ကယ်ဖို့ မကြိုးစားနဲ့”
ချင်မူက ကျယ်လောင်စွာ ရယ်မောလိုက်ရင်း မြို့မျှော်စင်အပြင်သို့ လျှောက်သွားသည်။ ကောင်းကင်နတ်ဘုံမှ နတ်ဘုရားမိစ္ဆာအားလုံးသည် သူ့ကို စူးစူးစိုက်စိုက် ကြည့်နေကြ၏။ ထောင်ပေါင်းများစွာသော ပုဂ္ဂိုလ်များနှင့် ထောင်ပေါင်းများစွာသော မျက်နှာများ ရှိကြသော်လည်း သူတို့အားလုံးမှာ မဟာဧကရာဇ်ပင် ဖြစ်သည်။
“ဒါတောင်မှ မင်းက မင်းလုပ်ချင်တာကို လုပ်ပြီး သေကြောင်းကြံနေသေးတယ်”
မြို့ထဲရှိ ထောင်ပေါင်းများစွာသော နတ်ဘုရားမိစ္ဆာတို့သည် နားစည်ကွဲမတတ် ဟိန်းဟောက်လိုက်ကြသည်။ “ငါ ကိုယ်တိုင်တောင် လှုပ်ရှားစရာ မလိုဘူး… တခြားကောင်းကင်နတ်အရှင်တွေက မင်းကို သတ်ကြလိမ့်မယ်”
ချင်မူက အဝေးတွင် နေရာယူထားကြသော အခြားကောင်းကင်နတ်အရှင်များ၏ လက်အောက်ရှိ စစ်တပ်စခန်းများဆီသို့ လှမ်းကြည့်လိုက်သည်။ ထိုစစ်စခန်းများနှင့် နတ်ဘုရားမြို့ထဲရှိ နတ်ဘုရားမိစ္ဆာအားလုံးသည် သူရှိရာသို့သာ လှမ်းကြည့်နေကြ၏။ အလွန်တရာ ထူးဆန်းသော မြင်ကွင်းတစ်ခု ဖြစ်ပေသည်။
မာန်ဟုန်မြစ်၏ တစ်ဖက်တစ်ချက်ရှိ ကောင်းကင်နတ်ဘုံစစ်တပ်များက ပြိုင်တူအော်ဟစ်လိုက်ကြသည်။ “အတိတ်တုန်းက ငါ မင်းကို သည်းခံပေးခဲ့ပေမယ့် အခုတော့ သည်းမခံနိုင်တော့ဘူး”
ချင်မူ လက်မြှောက်လိုက်သည့်အခါ နတ်ဘုရားစီရင်ရာစင်မြင့်က သူ၏ ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာထဲမှ ပျံထွက်လာသည်။ နတ်ဘုရားစီရင်ရာဓားမနှစ်လက်သည် မိစ္ဆာနဂါးများကဲ့သို့ နတ်ဘုရားစီရင်ရာစင်မြင့်ပေါ်တွင် ရစ်ပတ်နေကြပြီး ကြောက်မက်ဖွယ်ကောင်းသော အသတ်အဖြတ်အရှိန်အဝါတို့ကို ထုတ်လွှတ်နေကြ၏။
“မဟာဧကရာဇ်၊ နတ်ဘုရားစီရင်ရာစင်မြင့်နဲ့ နတ်ဘုရားစီရင်ရာဓားမနှစ်လက်ကို မြင်ရဲ့လား”
ချင်မူ့နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ဖြစ်ထွန်းလာပြီး သူက အေးအေးလူလူ ဆက်ပြော၏။ “ကျွန်တော် ခင်ဗျားရဲ့ လူဝင်စားဖြစ်တဲ့ နတ်အရှင်မချန်းကို သတ်လိုက်ပြီ… နတ်ဘုရားစီရင်ရာစင်မြင့်နဲ့ နတ်ဘုရားစီရင်ရာဓားမကလည်း ကျွန်တော့်လက်ထဲ ရောက်နေပြီ… ဒီမြင်ကွင်းကို မြင်တာတောင် နားမလည်သေးဘူးလား”
နတ်ဘုရားမြို့ထဲရှိ ထောင်သောင်းချီသော နတ်ဘုရားမိစ္ဆာတို့၏ အကြည့်များက နတ်ဘုရားစီရင်ရာစင်မြင့်နှင့် နတ်ဘုရားစီရင်ရာဓားမတို့ကို ကြည့်ရင်း အံ့သြဒေါသထွက်နေကြသည်။
“နတ်အရှင်မချန်းကို ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်ထဲက ဖရိုဖရဲမြစ်ထဲမှာ ဖြည်းဖြည်းချင်း ရေနှစ်သတ်ခဲ့တာ… သူ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ပြာကျသွားတာကို ကြည့်ခဲ့တာပေါ့”
ချင်မူက ပြုံးလိုက်သည်။ “မဟာဧကရာဇ်၊ ခင်ဗျားက အိုပြီး ဘာမှအသုံးမဝင်တော့ဘူး… ခင်ဗျားရဲ့ အသိစိတ်အလျဉ်ကို မဟာခြုံလွှမ်းကောင်းကင်ဘုံမှာ တံဆိပ်ခတ်နှိပ်ထားပြီး မသေနိုင်တော့ရော ဘာလုပ်ရမှာလဲ… ခင်ဗျားဟာ အဲဒီနေရာမှာပဲ ပုန်းနေရလိမ့်မယ်... တစ်ယောက်ယောက် ခင်ဗျားကို ကျော်တက်နိုင်တဲ့ အဆင့်အထိ ရောက်ပြီး မဟာခြုံလွှမ်းကောင်းကင်ဘုံမှာ ခင်ဗျားကို လာသတ်တာကိုပဲ စောင့်နေရလိမ့်မယ်”
ကောင်းကင်နတ်ဘုံ၏ ထောင်ပေါင်းများစွာသော စစ်သည်တော်များက ဒေါသတကြီး နှာမှုတ်လိုက်ကြသည်။
“ခင်ဗျားက နောက်ကျကျန်နေခဲ့ပြီဆိုတာ သိရဲ့လား… မဟာခြုံလွှမ်းကောင်းကင်ဘုံမှာ ခင်ဗျားကို လာသတ်နိုင်တဲ့သူ လေးယောက်ထက်မနည်း ရှိနေပြီ”
ချင်မူက ခပ်ရွဲ့ရွဲ့ ပြုံးလိုက်သည်။ “ကျွန်တော့်ကို ခုခံဖို့ စဉ်းစားမနေဘဲ ကောင်းကင်နတ်အရှင်ယွင်ကို ပြန်ပေးလိုက်ပါ… ကောင်းကင်နတ်အရှင်လင်ကို ကယ်ခွင့်ပေးရင် ခင်ဗျားရဲ့ မူလဝိညာဉ် မင်ဖန်းယွီအတွက် အခက်တွေ့အောင် မလုပ်တော့ဘူး… ကောင်းကင်နတ်ဧကရာဇ်ရဲ့ ရုပ်ခန္ဓာကိုလည်း ယူသွားလို့ရတယ်… မဟုတ်ရင် ခင်ဗျား ဒီကပ်ဘေးကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး… နတ်အရှင်မချန်းလို ပြာကျသွားလိမ့်မယ်”
သူ့စကားဆုံးသည်နှင့် ကောင်းကင်သည် ရုတ်တရက် ပုံပျက်သွားပြီး တောင်အရပ်မှ မီးတောက်များ ထွက်ပေါ်လာကြသည်။ မီးငှက်တစ်ကောင် ပျံသန်းလာသဖြင့် ၎င်း၏ ထိတ်လန့်ဖွယ် နတ်စွမ်းအားက မာန်ဟုန်မြစ်ရေများကို ချက်ချင်း ဆူပွက်လာစေသည်။ ငါးများ၊ ပုစွန်များနှင့် မြစ်ထဲရှိ ရေသတ္တဝါအားလုံးမှာ နီရဲလာကြပြီး သေဆုံးကုန်ကြချေပြီ။
“ကောင်းကင်နတ်အရှင်ဟွေ့ ရောက်မလာသေးပေမယ့် တောင်နတ်မင်းကျုချွဲရဲ့ ရုပ်ခန္ဓာကတော့ ရောက်လာပြီ”
ချင်မူက လှောင်ပြောင်သော မျက်နှာအမူအရာဖြင့် ပြောသည်။ “သူမျိုးနွယ်ကို သူ ပြန်သတ်တဲ့နေရာမှာတော့ ကောင်းကင်နတ်အရှင်ဟွေ့က အမြန်ဆုံးပဲ”
“သူက ရတနာလာပေးတဲ့ ကောင်လေးတစ်ကောင်ပဲ”
ကောင်းကင်နတ်ဘုံ၏ ထောင်သောင်းပေါင်းများစွာသော စစ်သည်တော်များသည် ပြိုင်တူအော်ဟစ်လိုက်ကြပြီး အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသည့် အသိစိတ်အလျဉ်ကြီးတစ်ခုက ကောင်းကင်ထဲမှ ကျဆင်းလာသည်။ ၎င်းက အန္တိမဟင်းလင်းပြင်၏ မဟာခြုံလွှမ်း အဆင့်မြင့် အသိစိတ်အလျဉ် ကောင်းကင်ဘုံမှ ပေါ်ထွက်လာကာ တောင်ပံခတ်နေသည့် တောင်နတ်မင်း၏ ခန္ဓာကိုယ်ဆီသို့ ဦးတည်သွားတော့သည်။
တောင်နတ်မင်း၏ ခန္ဓာကိုယ်အား ကောင်းကင်နတ်အရှင်ဟွေ့မှ ယူထားခြင်း ဖြစ်သည်။ ကောင်းကင်နတ်အရှင်ဟွေ့သည် ချင်မူ မာန်ဟုန်မြစ်သို့ ရောက်နေကြောင်း သိရသည်နှင့် သူကိုယ်တိုင် လာလျှင် အချိန်ကြာမည်မှန်း သိ၏။ ထို့ကြောင့် သူ ထွက်လာလျှင်ချင်း တောင်နတ်မင်း၏ရုပ်ခန္ဓာကို စေလွှတ်လိုက်ခြင်းပင်။
တောင်နတ်မင်း၏ ရုပ်ခန္ဓာသည် တာအိုမီးတောက်မှ မွေးဖွားလာခဲ့သည့်အလျောက် ၎င်းဖြတ်သန်းသွားတိုင်း ကောင်းကင်သည် ပြိုကျ၍ နေရာဟင်းလင်းပြင်များ ပြိုလဲသွားပေလိမ့်မည်။ အဝေးရှိ နေရာဟင်းလင်းပြင်ပင် လှိုင်းထပုံပျက်လာပြီး မီးငှက်၏ ပတ်ပတ်လည်တွင် နေရာဟင်းလင်းပြင်စက်ဝန်းများ ထွက်ပေါ်လာသည်။ ၎င်းတို့က မီးတရှိန်းရှိန်းဖြင့် အင်မတန်ပူပြင်းစွာ တောက်ပနေကြ၏။
ဤရုပ်ခန္ဓာ၏ စွမ်းအားမှာ ကြီးမားလွန်းသဖြင့် ကောင်းကင်နတ်အရှင်တစ်ပါးနှင့်ပင် နှိုင်းယှဉ်နိုင်ပေသည်။
သို့သော် နောက်တစ်ခဏတွင် မဟာဧကရာဇ်၏ အသိစိတ်အလျဉ်က တောင်နတ်မင်း၏ ရုပ်ခန္ဓာထဲသို့ အတင်းအကြပ် ဝင်ရောက်သွား၏။ ၎င်းက ကောင်းကင်နတ်အရှင်ဟွေ့၏ တံဆိပ်ကို ချိုးဖျက်ကာ ရုပ်ခန္ဓာကို ထိန်းချုပ်လိုက်သည်။
မီးငှက်သည် တောင်ပံတဖျတ်ဖျတ် ခတ်နေပြီး မီးတောက်များက ပို၍ပင် အားကောင်းလာသည်။ ၎င်း၏အမြန်နှုန်းက ပိုပို၍မြန်ဆန်လာပြီး နောက်တခဏတွင် မာန်ဟုန်မြစ်သို့ ရောက်လာခဲ့ချေပြီ။ ၎င်း၏လက်သည်းစွယ်များက လေထုကိုထိုးဖောက်၍ မြို့မျှော်စင်ပေါ်တွင် ရပ်နေသော ချင်မူ့ထံ ဦးတည်လာ၏။
ကောင်းကင်နတ်အရှင်ဟွေ့မှာ ပျံသန်းနေစဉ် ဤအခြင်းအရာကို ခံစားလိုက်ရသည့်အခါ ဒေါသထွက်သွားသည်။ “မဟာဧကရာဇ်၊ ခင်ဗျားက ဘာအစွမ်းမှ မရှိတော့တာတောင် ကျုပ်နဲ့ တိုက်ခိုက်ရဲတယ်ပေါ့”
သူ့မှာ အမှန်တကယ် ဒေါသအမျက်တချောင်းချောင်း ထွက်နေတော့သည်။ ထိုအခိုက်အတန့်တွင် နှိုင်းယှဉ်မရနိုင်အောင် တောက်ပသော ဓားရောင်တစ်ရောင်က မဟာလေဟာနယ်မှ ဖြာထွက်လာ၏။ ဓားရောင်က လေဟာနယ်တံတား၏ ဟင်းလင်းပြင်အလွှာ ၃၅ လွှာကို ဖောက်ထွက်ကာ ထိုနေရာကို စောင့်ကြပ်နေသည့် ကောင်းကင်နတ်ဘုံ၏ စစ်စခန်းအား ဖြတ်သန်းသွား၏။ ဤဓားရောင် ဖြတ်သွားသည့်နေရာတိုင်းရှိ ကောင်းကင်နတ်ဘုံစစ်သည်တော်များ ပြာကျသွားကြသည်။
ကောင်းကင်နတ်အရှင်ဟွေ့သည် ဤဓားရောင်ကို လှမ်းမြင်လိုက်ရသည်အချိန်တွင် ရင်ထဲ ဒိန်းခနဲ ခုန်သွား၏။
ဓားရောင်က ခိုင်ဧကရာဇ်၏ ဓားတာအို ဖြစ်ပေသည်။ ခိုင်ဧကရာဇ်ချင်ယဲ့ကား ဤအခြေအနေတွင် ရုတ်တရက် တိုက်ခိုက်လာချေပြီ။
ကောင်းကင်နတ်ဘုံ၏ မဟာစစ်တပ်ကြီးသည် လေဟာနယ်တံတားနှင့် မဟာလေဟာနယ်အရှေ့တွင် စောင့်ကြပ်ကာကွယ်နေကြသည်။ ကောင်းကင်ဆရာသခင်များနှင့် ကောင်းကင်နတ်မင်းများလည်း စခန်းချကာ စောင့်ကြပ်နေကြသည်။ ရှေးဟောင်းနတ်မင်းလေးပါး လက်နက်တို့ကလည်း ဖိအားပေးထား၏။
ဤအတောအတွင်း အရာအားလုံး အေးချမ်းသာယာနေခဲ့သည်။
ယခုတွင် ခိုင်ဧကရာဇ်ကား မဟာလေဟာနယ်တစ်ဖက်ကမ်းမှ ရောက်လာခဲ့လေပြီ။ ကောင်းကင်နတ်အရှင်များ မရှိသည့် အခြေအနေကို အခွင့်ကောင်းယူ၍ ကောင်းကင်နတ်ဘုံ၏ နတ်ဘုရားမိစ္ဆာစစ်တပ်ကို တိုက်ခိုက်ခြင်းလော။
သူ ထိုသို့တွေးနေသည့်အချိန်မှာပင် နောက်ထပ် ခမ်းနားသော မြင်ကွင်းတစ်ခုကို တွေ့မြင်လိုက်ရသည်။
မဟာလေဟာနယ်တစ်ဖက်ကမ်းတွင် ရွှင်ပျော်ပျော်ကျေးရွာ၏ ကောင်းကင်ဘုံ ၃၃ ဘုံကို သယ်ဆောင်ထားသော သင်္ဘောကြီးတစ်စင်းသည် လေဟာနယ်တံတားကို ဖြတ်သန်းကာ ကောင်းကင်နတ်ဘုံစစ်တပ်အရှေ့သို့ ရောက်လာ၏။
ကောင်းကင်နတ်အရှင်ဟွေ့၏ နှလုံးသားမှာ အဆက်မပြတ် ခုန်နေတော့သည်။ ‘ချင်ယဲ့တော့ ရူးသွားပြီ…. ဘာလို့ မဟာလေဟာနယ် တစ်ဖက်ကမ်းကနေ ထွက်လာရတာလဲ… သေကြောင်းကြံဖို့ ကြိုးစားနေတာလား’
သူ့မှာ တွန့်ဆုတ်သွားပြီး မာန်ဟုန်မြစ်သို့ သွားရမည်လော၊ လေဟာနယ်တံတားသို့ သွားရမည်လော မဝေခွဲနိုင်တော့ပေ။
ခိုင်ဧကရာဇ်နှင့် ချင်မူတို့နှစ်ယောက်လုံးသည် လူသားများ ဖြစ်ကြ၏။ သူတို့နှစ်ယောက်က ကောင်းကင်နတ်ဘုံကို အကြိမ်ကြိမ် ဆန့်ကျင်ကာ နတ်ဘုရားတစ်ပိုင်းများကို အကြိမ်ကြိမ် တိုက်ခိုက်ခဲ့သည်။ သူတို့၏လုပ်ရပ်များက လူသားမျိုးနွယ် ကောင်းကင်နတ်အရှင်ဟွေ့အတွက် ကောင်းကင်နတ်ဘုံတွင် လှုပ်ရှားရ ခက်ခဲစေရာ နှစ်ယောက်လုံးကို ရှင်းလင်းသတ်ဖြတ်ချင်ခဲ့မိသည်။
ယခုတွင် သူတို့နှစ်ယောက်လုံး တစ်ပြိုင်တည်း လှုပ်ရှားနေကြလေရာ မည်သူ့ကို အရင်သတ်ရမည်လဲ မဆုံးဖြတ်နိုင်တော့ပေ။
'ချင်မူက ပိုပြီးအန္တရာယ်များတယ်… သူ အောင်မြင်သွားရင် နောက်ထပ်ကောင်းကင်နတ်အရှင်လင်တစ်ယောက် ရှိလာမှာ စိုးရိမ်ရတယ်...’
ကောင်းကင်နတ်အရှင်ဟွေ့သည် မျက်ဝန်းများ တောက်ပသွားပြီး မဟာလေဟာနယ်ဆီသို့ ပျံသန်းသွား၏။ ‘ဒါပေမဲ့ ကောင်းကင်နတ်အရှင်မူကို တားဖို့ မဟာဧကရာဇ် ရှိနေတဲ့အတွက် သူ မအောင်မြင်နိုင်ဘူး… ဆိုတော့ ခိုင်ဧကရာဇ်ချင်ယဲ့က အန္တရာယ်အများဆုံးပဲ’
တစ်ချိန်တည်းမှာပင် ကောင်းကင်နတ်အရှင်ဟောင်က မျက်မှောင်ကြုတ်လိုက်သည်။ သူသည် ကောင်းကင်နတ်အရှင်ကုန်း၊ ကောင်းကင်နတ်အရှင်ရှု၊ ရှေးဟောင်းနတ်ဘုရားဘုရင်နှင့် နတ်ဧကရာဇ်လန်ရွှမ်တို့နှင့်အတူ မာန်ဟုန်မြစ်ဆီ လာနေဆဲ ဖြစ်၏။ သို့သော် မဟာလေဟာနယ်ရှိ အပြောင်းအလဲက သူ့ကိုလည်း အခက်တွေ့နေစေသည်။
“ခိုင်ဧကရာဇ်နဲ့ ရွှင်ပျော်ပျော်ကျေးရွာ ကောင်းကင်နတ်ဘုံစစ်တပ်ကို ဖယ်ရှားလိုက်လို့ မဖြစ်ဘူး… သူ အောင်မြင်သွားရင် လောကတစ်သောင်းနဲ့ ကောင်းကင်ဘုံတွေအပေါ် ထိန်းချုပ်ထားတဲ့ ကောင်းကင်နတ်ဘုံရဲ့ အာဏာ သိသိသာသာ လျော့နည်းသွားလိမ့်မယ်”
ထို့နောက် ကောင်းကင်နတ်အရှင်ဟောင်သည် စိတ်ပိုင်းဖြတ်လိုက်ပြီး မာန်ဟုန်မြစ်ထံ ဆက်လက်ဦးတည်သွား၏။ “ဒါပေမဲ့ ခိုင်ဧကရာဇ်ချင်ယဲ့နဲ့ ယှဉ်ရင် ကောင်းကင်နတ်အရှင်မူက ပိုပြီး အရေးကြီးတယ်… ဒါ့အပြင် ကောင်းကင်နတ်ဧကရာဇ်ရဲ့ ရုပ်ခန္ဓာလည်း ကောင်းကင်နတ်အရှင်ရှောင်လက်ထဲ ရောက်သွားလို့ မဖြစ်ဘူး… သူ့ရဲ့ မွေးရာပါ ရုပ်ခန္ဓာက တစိလောကလုံးမှာ အသန်မာဆုံး လက်နက်ပဲ”
ကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာ မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း အခြားသူများ မသိကြသော်လည်း သူကတော့ ကောင်းကောင်းသိထား၏။
ကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာသည် တစ်ကြိမ်တစ်ခါမှ ဒဏ်ရာမရခဲ့ဖူးပေ။
ကောင်းကင်နယ်စားမင်းနှင့် မြေအောက်ဘုံအရှင်သခင်ကဲ့သို့ ပုဂ္ဂိုလ်များပင်လျှင် ကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာကို ဒဏ်ရာရအောင် မလုပ်နိုင်ကြချေ။
ကောင်းကင်နတ်အရှင်ရှောင်သာ သူ၏ရုပ်ခန္ဓာကို ပြန်လည်ရရှိသွားပါက သူ၏ ကောင်းကင်နတ်ဘုံသည် ပြီးပြည့်စုံသွားလိမ့်မည်။ ထိုအခါ အန္တိမဟင်းလင်းပြင်သို့ သွားရောက်၍ မဟာခြုံလွှမ်းကောင်းကင်ဘုံတွင် သူ၏ကိုယ်ပိုင်စွမ်းအားကို တံဆိပ်ခတ်နှိပ်နိုင်ပေလိမ့်မည်။
အခြားသူများ၏ ရုပ်ခန္ဓာများမှာ အန္တိမဟင်းလင်းပြင်သို့ မဝင်ရောက်နိုင်ကြဘဲ အန္တိမဟင်းလင်းပြင်၏ ဖျက်ဆီးခြင်းခံကြရသည်။ သို့သော် ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူ၏ ရုပ်ခန္ဓာကတော့ ဖျက်စီးခြင်းခံရမည် မဟုတ်ပေ။
‘ကောင်းကင်နတ်အရှင်ရှောင်သာ ငါ့ထက် ခြေတစ်လှမ်း စောပြီး ပလ္လင်ပေါ်မှာ ထိုင်နိုင်ရင် ငါတို့အားလုံးကို သတ်ပစ်လိမ့်မယ်’
တောင်နတ်မင်း၏ ရုပ်ခန္ဓာ တောင်ပံခတ်လျက် ပျံသန်းပြေး၀င်လာသည်နှင့် ချင်မူသည် ဆံထိုးကို ထုတ်ကာ ကောင်းကင်တစ်လျှောက် ခြစ်ချလိုက်၏။ လွန်ခဲ့သည့် နှစ်လေးသောင်းမှ ကောင်းကင်နတ်မြစ်တစ်စင်းကား ပြန်လည်ထွက်ပေါ်လာချေပြီ။