ဒုက္ခများအကြား ရှင်သန်နိုင်ရေး
Vol. 118 Ch. 1544
မာန်ဟုန်မြစ်အထက် ကောင်းကင်တွင် ကောင်းကင်နတ်မြစ်နှစ်စင်း ပေါ်လာခဲ့ချေပြီ။ မြစ်နှစ်စင်းအနက်မှ တစ်စင်းသည် ကောင်းကင်တွင် မြောလွင့်နေသည့် မူလမာန်ဟုန်မြစ် ဖြစ်ပြီး ကျန်တစ်စင်းကတော့ လွန်ခဲ့သည့်နှစ်လေးသောင်းမှ ဖြစ်၏။ မာန်ဟုန်မြစ်ရေများက အရှိန်အဟုန်ဖြင့် တဝေါဝေါ စီးဆင်းနေပြီး သိပ်သည်းထူထဲသော မြူခိုးများ ဝေနေချေသည်။
မြူခိုးထဲတွင် မြစ်က တသွင်သွင် စီးဆင်းရင်း ပိုပို၍ ရှည်လျားလာနေသည်။ အချိန်တိုအတွင်း ၎င်းသည် ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ဖြတ်သန်းလျက် နေရာဟင်းလင်းပြင်အနက်ပိုင်းထဲသို့ ဝင်ရောက်သွား၏။
ကောင်းကင်နတ်မြစ် ဝင်ရောက်ပျောက်ကွယ်သွားသော နေရာဟင်းလင်းပြင်မှာ နတ်သက်ကြွေတောင်ကြားပင်။ ချင်မူ ယခင်က ရှာဖွေတွေ့ရှိခဲ့သည့် ချုံဧကရာဇ်ကောင်းကင်နတ်ဘုံ၏ တည်နေရာ ဆိုလည်း မမှားပေ။
ကောင်းကင်နတ်မြစ်ကလည်း နတ်သက်ကြွေတောင်ကြား၏ ကောင်းကင်ထဲသို့ စီးဆင်းလျက် ချုံဧကရာဇ်၏ ကောင်းကင်နတ်ဘုံထဲ ၀င်ရောက်နေသည်။ သို့သော် ချုံဧကရာဇ်ကောင်းကင်နတ်ဘုံမှာ ချိပ်ပိတ်ထားပြီးဖြစ်ကာ မျက်ကန်းအဘိုးအို ရီရှစ်ရှန်းသာ ကောင်းကင်နတ်အရှင်လင်၏ အလောင်းကို နေ့တိုင်း၊ နှစ်တိုင်း ဆယ်ယူရင်း မြှုပ်နှံစောင့်ရှောက်ပေးနေသည်။
ချင်မူက လက်တစ်ဖက်ဖြင့် ကောင်းကင်နတ်အရှင်လင်၏ ဆံထိုးကို အသက်သွင်းလိုက်ပြီး ကျန်လက်တစ်ဖက်ဖြင့် ဧရာမစက်၀န်းကြီးတစ်ခု ဖော်ဆောင်လိုက်သည်။ ၎င်းက ထိုက်ကျိကောင်းကင်နတ်သိုင်းအဖြစ် ဖွဲ့တည်လာပြီး ယင်နှင့်ယန်အသွင် ပြောင်းလဲကာ မီးငှက်ရုပ်ခန္ဓာ၏ တိုက်ကွက်ကို ခုခံလိုက်သည်။
ဧရာမထိုက်ကျိစက်၀န်းကြီးတစ်ခုသည် ကောင်းကင်ထက်တွင် လှည့်ပတ်သွား၏။ ထိုအခါ မဟာဧကရာဇ်က မီးငှက်၏ ရုပ်ခန္ဓာကို ထိန်းချုပ်ရင်း လက်သည်းစွယ်ကြီးများ ဆန့်ထုတ်လိုက်သည်။ သူက ထိုက်ကျိစက်၀န်းကို နှစ်ခြမ်းခွဲလိုက်ကာ တဟုန်းဟုန်း တောက်လောင်နေသည့် မီးတောက်များဖြင့် မီးမြှိုက်လောင်ကျွမ်းစေလိုက်သည်။
သူ ၎င်းကို ဆွဲဖြဲနေသည့်အချိန်မှာပင် ချင်မူက မြို့မျှော်စင်မှ ထွက်ခွာကာ မြူမှုန်များထဲ ၀င်သွားသည်ကို တွေ့လိုက်ရလေသည်။
မဟာဧကရာဇ်က မည်သည်မှ မပြောဘဲ မီးငှက်ခန္ဓာကိုယ်ကို ထိန်းချုပ်ရင်း မြူခိုးများထဲ လိုက်ဝင်သွားသည်။ တောင်နတ်မင်း၏ ရုပ်ခန္ဓာက မြူခိုးများထဲတွင် လျင်မြန်စွာ ပျံသန်းနေသော်လည်း ထူးဆန်းစွာဖြင့် မြူခိုးထဲရှိ ကောင်းကင်နတ်မြစ်သည် ဖော်ပြ၍ မရနိုင်အောင် ရှည်လျားနေ၏။
သူ့တို့နှစ်ယောက် မြူခိုးထဲ ၀င်ရောက်သွားသည်နှင့် ကောင်းကင်နတ်အရှင်ဟောင်က မာန်ဟုန်မြစ်အထက်တွင် ဖျတ်ခနဲ ပေါ်လာသည်။
မြူခိုးသည် သိပ်သည်းအားကောင်းစွာ တထောင်းထောင်း ထနေပြီး အချိန်အတော်ကြာသည်အထိ ပျောက်ကွယ်မသွားပေ။
တစ်ချိန်တည်းမှာပင် ကောင်းကင်နတ်အရှင်ကုန်း၊ ကောင်းကင်နတ်အရှင်ရှု၊ ရှေးဟောင်းနတ်ဘုရားဘုရင်နှင့် နတ်ဧကရာဇ်လန်ရွှမ်တို့က မဟာလေဟာနယ်မြေထုဆီသို့ အရှိန်အဟုန်ဖြင့် ထွက်ခွာသွားကြသည်။ သူတို့ မဟာလေဟာနယ်မြေထုသို့ မရောက်ခင်တွင် ထိုက်ရှိရှေးဟောင်းနတ်ဘုရားနှစ်ပါးပါ ရောက်လာသည်ကို တွေ့လိုက်ရသည်။ ကြယ်အလင်းရောင်များက ထိုက်ကျိရှေးဟောင်းနတ်ဘုရားနှစ်ပါး၏ ဦးနှောက်အနောက်ရှိ ထိုက်ကျိသဲခုံတွင် တောက်ပနေသည်။
ကောင်းကင်နတ်အရှင်များက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ “ကောင်းကင်နတ်အရှင်ရှောင်က ဒီရှေးဟောင်းနတ်ဘုရားနှစ်ပါးကို လွှတ်လိုက်တာပဲ… ကြည့်ရတာ သူက ရွှင်ပျော်ပျော်ကျေးရွာကို အတော်လေး အရေးထားတဲ့အတွက် ခိုင်ဧကရာဇ် မဟာလေဟာနယ်တစ်ဖက်ခြမ်းက ထွက်လာတာကို သည်းမခံနိုင်ဘူး ဖြစ်ရမယ်”
ခိုင်ဧကရာဇ်နှင့် ရွှင်ပျော်ပျော်ကျေးရွာမှာ ကြွက်တွင်းထဲတွင် ပိတ်မိနေကြသော ကြွက်များကဲ့သို့ မဟာလေဟာနယ်ထဲတွင် ပိတ်မိနေခဲ့ကြသည်။ သူတို့ကို သတ်လိုလျှင် အချိန်မရွေး သတ်ဖြတ်ရှင်းလင်းပစ်နိုင်ခဲ့၏။
သို့သော် ခိုင်ဧကရာဇ်နှင့် ရွှင်ပျော်ပျော်ကျေးရွာက လွတ်မြောက်လာခဲ့ပြီဖြစ်ရာ မျိုးသုဉ်းသတ်ဖြတ်ရန် မလွယ်ကူတော့ပေ။
ကောင်းကင်နတ်အရှင်ရှောင်နှင့် ကောင်းကင်နတ်အရှင်ဟောင်တို့သည် တစ်ဦးနှင့် တစ်ဦး အတိုက်အခံ ဖြစ်နေကြသော်လည်း အကျိုးအမြတ်များနှင့် ပက်သက်လျှင်တော့ သဘောထားတူညီကြဆဲပင်။ ထို့ကြောင့် ခိုင်ဧကရာဇ် မဟာလေဟာနယ်တစ်ဖက်ကမ်းမှ ထွက်လာသည့်အချိန်တွင် ကောင်းကင်နတ်အရှင်ဟောင်နှင့် ကောင်းကင်နတ်အရှင်ရှောင် နှစ်ယောက်လုံးက တားဆီးရန် သိုင်းပညာရှင်များ လွှတ်လိုက်ခြင်း ဖြစ်ပေသည်။
ကောင်းကင်နတ်အရှင်အချို့နှင့် ရှေးဟောင်းနတ်ဘုရားနှစ်ပါးက ဘေးချင်းယှဉ်လျက် လျှောက်သွားကြသည်။ သူတို့ မဟာလေဟာနယ်သို့ ရောက်သည်နှင့် မီးများ တဟုန်းဟုန်းး တောက်လောင်နေသည့် ယောက်ျားတစ်ဦးက နောက်ပြန် ပျံသန်းလာသည်ကို တွေ့လိုက်ရ၏။ သူ၏ခန္ဓာကိုယ်တွင် ဒဏ်ရာထောင်ပေါင်းများစွာ ရှိနေပြီး သွေးများက အရပ်လေးမျက်နှာသို့ ပန်းထွက်နေကြသည်။
ကောင်းကင်နတ်အရှင်လေးပါးနှင့် ရှေးဟောင်းနတ်ဘုရားနှစ်ပါးမှာ အံ့ဩမှင်သက်သွားကြ၏။ ရုတ်တရက် ဓားရောင်တစ်ရောင်က သူတို့ဆီသို့ ဦးတည်လာသည်။ ကောင်းကင်နတ်အရှင်လေးပါးက တစ်ပြိုင်နက် အော်ဟစ်၍ တားဆီးလိုက်ကြ၏။ ဓားရောင်နှင့် ထိတွေ့သွားလျှင်ချင်း သူတို့၏ ကောင်းကင်နတ်သိုင်းများ ပျက်စီးသွားကြသည်။
ကောင်းကင်နတ်အရှင်ကုန်းက ခရာကို မှုတ်လျက် အားလုံး၏ ချီနှင့်သွေးကို တိုးပွားလာစေသည်။ နောက်တစ်ခဏတွင် ခရာမှာ ကျိုးသွားပြီး သွေးဆူပွက်လာစေသော ခရာသံမှာလည်း ရပ်တန့်သွားချေပြီ။
ကောင်းကင်နတ်အရှင်ကုန်း၏ အသိစိတ်အလျဉ်က ပေါက်ကွဲထွက်လာသည်။ သူမ ဓားရောင်နှင့်အတူ ရှေသို့ တက်၍ တိုက်ခိုက်ရန် ပြင်လိုက်စဉ် သူမ၏ တာအိုနှလုံးသားအတွင်းပိုင်းထဲမှ ဓားသံတစ်ချက် ထွက်ပေါ်လာ၏။
ကောင်းကင်နတ်အရှင်ကုန်းမှာ မျက်နှာအကြီးအကျယ် ပျက်သွားသည်။ သူမ၏ တာအိုနှလုံသားထဲ၌ ငုပ်လျှိုးနေခဲ့သော ခိုင်ဧကရာဇ်၏ ဓားရောင်ကား ပေါက်ကွဲထွက်လာချေပြီ။
ချွင်… ချွင်… ချွင်...
သူမခန္ဓာကိုယ်ထဲရှိ ဓားရောင်တို့က အတွင်းမှ အပြင် ပျံ့ထွက်လာပြီး အတွင်းကလီစာများနှင့် အရေပြားကို ဖောက်ထွက်ခုတ်ဖြတ်သွားသည်။ မျက်စိတစ်မှိတ်အတွင်း သူမမှာ သွေးသံရဲရဲဖြင့် ထိခိုက်ဒဏ်ရာရသွားပြီး သိုင်းအခြေခံမှာလည်း အပြင်းအထန် ကျဆင်းသွားတော့သည်။
သူမဦးခေါင်းအနောက်ရှိ ကောင်းကင်နန်းဆောင်မှာလည်း ပြိုလဲသွားသည်။ သိုင်းအခြေခံ လျင်မြန်စွာ ကျဆင်းနေသည့်အချိန်တွင် ကောင်းကင်နတ်အရှင်ကုန်းသည် ချက်ချင်း ပြေးထွက်သွား၏။ သူမမှာ အံ့ဩဒေါသထွက်နေသည်။ “ထိုက်စုက ငါ့ဓားဒဏ်ရာကို ဘယ်တုန်းကမှ အပြည့်အ၀ ကုမပေးခဲ့ဘူးပဲ…. ရွှမ်တုတိုက်ပွဲတုန်းက ခိုင်ဧကရာဇ်ကြောင့် ရခဲ့တဲ့ ဓားဒဏ်ရာက အခုထိ ရှိနေသေးတယ်”
သူမ၏ ခန္ဓာကိုယ်ပေါ်၌ ဓားဒဏ်ရာများ ထွက်ပေါ်လာသည့် တစ်ချိန်တည်းမှာပင် နတ်ဧကရာဇ်လန်ရွှမ်၏ နတ်ဘုရားလက်ချောင်းသည် ဓားရောင်များကို ဖြတ်သန်းသွား၏။ သို့သော် နတ်ဘုရားလက်ချောင်း ကောင်းကင်နတ်သိုင်းကို အသက်သွင်းလိုက်သည်နှင့် သူ၏ လက်ရှိ လက်ချောင်းဆယ်ချောင်းစလုံး တစ်ချောင်းပြီးတစ်ချောင်း ပြတ်တောက်သွားတော့သည်။
နတ်ဧကရာဇ်လန်ရွှမ်မှာ နတ်ဘုရားလက်ချောင်း ကောင်းကင်နတ်သိုင်းကို မြင်လိုက်သည့်အချိန်မှ ညွှန်ပြလိုက်သော လက်ချောင်းသည် သူ၏လက်ချောင်း မဟုတ်တော့မှန်း သတိထားမိလိုက်သည်။ ထိုအစား ကျိုးထားဖူးသည့် သူ၏လက်ချောင်းမှ နတ်ဘုရားသွေးများ ထွက်သွားပြီး သွေးမြားများအသွင် ပြောင်းသွားလေသည်။
နတ်ဧကရာဇ်လန်ရွှမ်၏ မျက်နှာအမူအရာမှာ အလွန်တရာ ထူးဆန်းနေသည်။ သူ၏ နတ်ဘုရားလက်ချောင်းသည် ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်တွင် ချင်မူ့ကို တိုက်ခိုက်ခဲ့တုန်း ချင်မူ့ကြောင့် ပြတ်တောက်ခဲ့ဖူး၏။
ဤအမှားကိုပင် ထပ်မှားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ချင်မူသည် ဓားသမား ဖြစ်သလို၊ ခိုင်ဧကရာဇ်ကလည်း ဓားကို အသုံးပြု၏။ ဓားသိုင်းကွက်ကလည်း အတူတူနီးပါး ဖြစ်သော်လည်း နတ်ဧကရာဇ်လန်ရွှမ်မှာ အတွေ့အကြုံရှိထားပြီးပြီ မဟုတ်ပါလော။
ထိုအချိန်တုန်းက နတ်ဧကရာဇ်လန်ရွှမ်အနေဖြင့် အိုမင်းနေခဲ့သော်လည်း ယခုတွင်တော့ အထွတ်အထိပ်အခြေအနေသို့ ပြန်လည်ရောက်နေခဲ့ပြီ ဖြစ်သည်။ သူ၏လက်ချောင်းသည် ဓားတစ်လက်ကြောင့် ပြတ်တောက်သွားလိမ့်မည်ဟု ထင်မထားခဲ့ပေ။
သူ၏လက်ချောင်းဆယ်ချောင်း ပြတ်သွားသည့်အချိန်မှာပင် ခိုင်ဧကရာဇ်၏ ဓားရောင်က သူ၏မျက်ခုံးနှစ်ဖက်ကြားသို့ ရောက်လာခဲ့ချေပြီ။
“ချင်ယဲ့က ဘာလို့ ဒီလောက်အစွမ်းထက်နေရတာလဲ” နတ်ဧကရာဇ်လန်ရွှမ်မှာ တုန်လှုပ်ခြောက်ခြားလာတော့သည်။
ဤအခိုက်အတန့်တွင် သူ့ဦးခေါင်းအနောက်ရှိ ကောင်းကင်နန်းဆောင်ထဲမှ တာအိုသစ်သီးက ရုတ်တရက် အသက်ဝင်လာသည်။ ၎င်းက သူ၏ ချီ၊ သွေးနှင့် သိုင်းအခြေခံတို့ကို ထိန်းချုပ်လိုက်သည်။ မရေမတွက်နိုင်သော သံကြိုးများက ကောင်းကင်နန်းဆောင်ထဲမှ ပေါ်လာပြီး တစ်ကြိုးနှင့်တစ်ကြိုး ရစ်ပတ်လိုက်ကြသည်။ ၎င်းတို့က ခိုင်ဧကရာဇ်၏ ဓားရောင်ကို ထိပ်တိုက်တွေ့ဆုံသွားသည့် ကောင်းကင်နတ်သိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။
နတ်ဧကရာဇ်လန်ရွှမ် ကြက်သီးမွေးညှင်းများ တဖြန်းဖြန်း ထသွားသည်။ ဤအခိုက်အတန့်တွင် သူ၏ ချီနှင့်သွေး၊ သိုင်းအခြေခံ၊ ကောင်းကင်နန်းဆောင်နှင့် မူလဝိညာဉ်တို့အားလုံးက သူ၏ကိုယ်ပိုင် မဟုတ်တော့သလို ခံစားလိုက်ရသည်။
သူ၏ခန္ဓာကိုယ်ထဲတွင် တခြားတစ်ယောက် နေထိုင်နေသည့်အလားပင်။ ထိုပုဂ္ဂိုလ်သည် အတောမသတ်နိုင်သော သိုင်းအခြေခံကို ပိုင်ဆိုင်ထားကာ သူ၏ခန္ဓာကိုယ်နှင့် မူလဝိညာဥ်ကို ဖြည်းဖြည်းချင်း သိမ်းပိုက်နေသည်။
ယခင်က သတိမထားခဲ့မိသော်လည်း ယခု ခိုင်ဧကရီ၏ အသက်နှုတ်တိုက်ကွက်ကို ရင်ဆိုင်နေရသည့်အချိန်တွင်တော့ သူ၏ခန္ဓာကိုယ်အတွင်းရှိ ပုဂ္ဂိုလ်မှာ သည်းခံမနေနိုင်တော့ဘဲ သူ၏ခန္ဓာကိုယ်နှင့် မူလဝိညာဉ်ကို စတင်သိမ်းပိုက်လိုက်ချေပြီ။
“ကောင်းကင်နတ်အရှင်မူ ပြောတာ မှန်တယ်… ဒီတာအိုသစ်သီးက သိပ်ကို ထူးဆန်းတယ်”
သူ ထိုသို့တွေးနေသည့်အချိန်တွင် တာအိုသစ်သီးကား သူ၏ ချီစွမ်းအင်တို့ကို ထိန်းချုပ်လျက် ခိုင်ဧကရာဇ်၏ ဓားကို ခုခံလိုက်သော တာအိုသံကြိုးများအဖြစ် ပြောင်းလဲသွားသည်။
နတ်ဧကရာဇ်လန်ရွှန်၏ မျက်ခုံးနှစ်ဖက်ကြား၌ အက်ကွဲကြောင်းတစ်ကြောင်း ထင်းလာကာ ဓားရောင်က သူ၏ဦးနှောက်ထဲအထိ ဝင်ရောက်တော့မတတ် ဖြစ်နေသည်။ တာအိုသစ်သီးက ဓားရောင်ကို ခုခံကာကွယ်ပေးပြီးနောက် တိတ်ဆိတ်သွားသည်။
နတ်ဧကရာဇ်လန်ရွှမ်လည်း အခွင့်အရေးကို အသုံးချကာ ထွက်ပြေးတော့၏။ သူ ချာခနဲ လှည့်လိုက်သည်နှင့် ကောင်းကင်နတ်အရှင်ရှု၏ ဦးခေါင်းတွင် ကျန်ရှိသော ဦးချိုတစ်ဖက်မှာ ဓားရောင်ဖြင့် ခုတ်ပိုင်းခံလိုက်ရသည်ကို တွေ့လိုက်ရသည်။
ကောင်းကင်နတ်အရှင်ရှု၏ ဒဏ်ရာများက ဘိုးဘေးနန်းတော်ကျောက်စိမ်းမြို့တော်တွင် ရရှိခဲ့သော ဒဏ်ရာများနှင့် တူညီနေ၏။ ချင်မူကလည်း တူညီသော ဓားသိုင်းကွက်တစ်ခုတည်းကို သုံး၍ ကောင်းကင်နတ်အရှင်ရှု၏ ဦးချိုကို ခုတ်ပိုင်းပစ်ခဲ့သည်။
ယခုတွင် ခိုင်ဧကရာဇ်ကလည်း ထိုဓားကွက်ဖြင့် သူမ၏ လက်ကျန်ဦးချိုကို ခုတ်ပိုင်းလိုက်လေပြီ။
နတ်ဧကရာဇ်လန်ရွှမ် ထွက်ပြေးနေစဉ်တွင် ရှေးဟောင်းနတ်ဘုရားဘုရင်သည် သူ့အနောက်မှ ပို၍မြန်ဆန်သော အမြန်နှုန်းဖြင့် ပြေးလိုက်လာပြီး သူ့ကို ကျော်တက်သွားကြောင်း တွေ့လိုက်ရသည်။
သူ တစ်ချက်လှမ်းကြည့်လိုက်ရာ ရှေးဟောင်းနတ်ဘုရားဘုရင်၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများမှာလည်း ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်တွင် ချင်မူ ပေးခဲ့သောဒဏ်ရာများနှင့် တစ်ထပ်တည်းနီးပါး ဖြစ်နေသည်ကို သတိထားမိလိုက်ရသည်။
‘ကောင်းကင်နတ်အရှင်မူနဲ့ ခိုင်ဧကရာဇ်က ချင်မျိုးရိုးဆိုတဲ့အတိုင်း ဓားသမားတွေဖြစ်ဖို့ ထိုက်တန်တယ်… ဓားကွက်တစ်ကွက်ချင်းစီက ငါတို့ရဲ့အားနည်းချက်ကို ဦးတည်တိုက်ခိုက်တဲ့အတွက် ဒဏ်ရာတွေအားလုံးက ဆင်တူနီးပါးဖြစ်နေတာပဲ’
သူ့မှာ အံ့ဩမှင်သက်နေတော့သည်။ ‘ဒါပေမဲ့ ကောင်းကင်နတ်အရှင်မူက အိုမင်းနေတဲ့ ငါတို့ကို အနိုင်ယူခဲ့တာ.. ခိုင်ဧကရာဇ်ကတော့ ငါတို့နဲ့တောင် မတွေ့သေးပေမယ့် အပြင်းအထန် ဒဏ်ရာရစေခဲ့ပြီ … ဒီခွေးကောင်ကတော့…’’
သူ၏စိတ်ထဲတွင် ထိတ်လန့်တုန်လှုပ်ဖွယ် အတွေးတစ်ခု ပေါ်လာသည်။ ‘သူ တာအိုများ ရသွားပြီလား… ရှေးဟောင်းနတ်ဘုရားဘုရင်က ဘာလို့ ငါ့ထက် မြန်နေရတာလဲ… ဟုတ်သားပဲ… ဒီခွေးကောင် ငါ့ထက်မြန်မြန ပြေးရင် သူ လွတ်မြောက်နိုင်မှာလေ …မြေနိုးကောင်…’’
“တာအိုရသွားတဲ့အတွက် ဂုဏ်ယူပါတယ် တာအိုမိတ်ဆွေ ခိုင်ဧကရာဇ်”
လန်ရွှမ်မှာ ထိုက်ကျိရှေးဟောင်းနတ်ဘုရားနှစ်ပါး၏ အသံကို ကြားလိုက်ရသည်။ ရှေးဟောင်းနတ်ဘုရားနှစ်ပါး၏အသံမှာ ပျော်ရွှင်မှုတို့ဖြင့် ပြည့်နှက်နေ၏။ သူတို့က ပြုံးလျက် ချီးကျူးနေကြသည်။ “ဓားတာအိုက တာအိုရသွားပြီဆိုတော့ ခိုင်ဧကရာဇ်က တစ်လောကလုံးမှာ နံပါတ်တစ်ပုဂ္ဂိုလ် ဖြစ်သွားပြီ… အားကျစရာ ကောင်းပါပေတယ်”
ရုတ်တရက် ဓားရောင်သည် အလွန်တရာ ထွန်းလင်းတောက်ပလာပြီး ပေါက်ကွဲသံများ ထွက်ပေါ်လာ၏။ ထိုက်ကျိသဲခုံက လျင်မြန်စွာ ပျံ့ကားလာကာ ထိုက်ကျိကြယ်တာရာလွင်ပြင်အဖြစ် ပြောင်းလဲသွားသည်။ ထိုက်ကျိကြယ်တာရာလွင်ပြင်မှာ ကားထွက်လာကာ ထွက်ပြေးနေသော နတ်ဧကရာဇ်လန်ရွှမ်ကိုပင် လိုက်မှီလာသည်။
ထိုက်ကျိကြယ်တာရာလွင်ပြင် နတ်ဧကရာဇ်လန်ရွှမ်အပေါ် ဖုံးလွှမ်းသွားတော့မည်အချိန်တွင် ရုတ်တရက် ထိုရတနာမှာ အက်ကွဲသွားတော့သည်။ ထိုက်ကျိရှေးဟောင်းနတ်ဘုရားနှစ်ပါး၏ ညည်းညူသံက နတ်ဧကရာဇ်လန်ရွှမ်၏ အနောက်မှ လွင့်ပျံလာသည်။
နတ်ဧကရာဇ်လန်ရွှမ်မှာ ကြက်သီးမွေးညှင်းများ ထသွားသည်။ ရှေးဟောင်းနတ်ဘုရားနှစ်ပါးစလုံး သွေးကန်ထဲ နှစ်ထားသကဲ့သို့ တစ်ကိုယ်လုံး သွေးစိုရွှဲနေကြောင်း တွေ့လိုက်ရ၏။ သူတို့ခန္ဓာကိုယ်ပေါ်ရှိ မြွေအရေခွံများမှာ ဓားဖြင့် လှီးဖြတ်ခံထားရပြီး သူတို့ကလည်း သူ့ကို ကျော်တက်သွားကြချေပြီ။
ထို့နောက်မှသာ ထိုက်ကျိရှေးဟောင်းနတ်ဘုရားနှစ်ပါး၏ အထွတ်အထိပ်ရတနာ ထိုက်ကျိသဲခုံမှာ နှစ်ပိုင်းကွဲသွားပြီး ရှေးဟောင်းနတ်ဘုရားနှစ်ပါးသည်လည်း ဦးခေါင်းတစ်ခြမ်းစီသာ ကျန်ကြတော့မှန်း နတ်ဧကရာလန်ရွမ် မြင်လိုက်ရသည်။ ရတနာမှာ ခိုင်ဧကရာဇ်၏ ခုတ်ပိုင်းခံခဲ့ရခြင်း ဖြစ်ပေလိမ့်မည်။
နတ်ဧကရာဇ်လန်ရွှမ်မှာ ပို၍ပင် ကြောက်ဒူးတုန်လာမိသည်။ တာအိုရရှိသွားပြီဖြစ်သော ခိုင်ဧကရာဇ်ကား ကြောက်စရာကောင်းလွန်းလှသည်။ ခွန်အားအရာတွင် ကောင်းကင်နတ်အရှင်ရှောင်နှင့် ကောင်းကင်နတ်အရှင်ဟောင်တို့ထက်ပင် သာလွန်ပေလိမ့်မည်။
“ဒါပေမဲ့ ဒီရှေးဟောင်းနတ်ဘုရားနှစ်ပါးကလည်း ငါ့ထက် ပိုမြန်တယ်”
နတ်ဧကရာဇ်လန်ရွှမ်မှာ အကြီးအကျယ် စိတ်ဓာတ်ကျသွားတော့သည်။ သူက စိတ်ထဲမှ ခါးသီးစွာ အော်ဟစ်လိုက်မိ၏။ “အဲ့ဒီတာအိုသစ်သီးက ငါ့ရဲ့ခန္ဓာကိုယ်ကို သိမ်းပိုက်ဖို့ ကြိုးစားနေတာမလား… ဘာလို့ ခဏလေးနဲ့ ခုခံနေတာ ရပ်သွားတာတုန်း … မြန်မြန်လုပ်ပါဟ…”
သူက အားကုန်အရှိန်မြှင့်တင်ကာ အရှေ့ရှိ ကောင်းကင်နတ်အရှင်များအား လိုက်မှီရန် ကြိုးစားလိုက်သည်။ သူ့အနောက်တွင် ခိုင်ဧကရာဇ်၏ လက်ထဲရှိ ဓားရောင်က ပျောက်ကွယ်သွားချေပြီ။
ခိုင်ဧကရာဇ်သည် ရွှင်ပျော်ပျော်ကျေးရွာမှ ထွက်လာ၍ ကမ္ဘာဦးဘုံဆီသို့ အေးဆေးတည်ငြိမ်စွာ လျှောက်နေသည်။
ခိုင်ဧကရာဇ်၏ အနောက်တွင် ရွှင်ပျော်ပျော်ကျေးရွာ၏ ကောင်းကင်ဘုံ ၃၃ ဘုံက တစ်ခုပြီးတစ်ခု ပေါ်ထွက်လာကြသည်။ အမျိုးမျိုးသော ကောင်းကင်ဘုံနယ်မြေများသည် ဖြာထွက်လာကြပြီး မရေမတွက်နိုင်သော နတ်ဘုရားမိစ္ဆာများကား ကောင်းကင်နတ်ဘုံစစ်တပ်ဆီသို့ ပြေးဝင်လာကြ၏။
“ကမ္ဘာဦးဘုံဆီ ပြန်ကြစို့”
မရေမတွက်နိုင်သော ခိုင်ဧကရာဇ်စစ်သားများက ပြိုင်တူကြွေးကြော်လိုက်ကြသည်။ အားမာန်ပြည့်နေသော သူတို့၏အသံများက ကောင်းကင်ဘုံတစ်ဘုံလုံး သိမ့်သိမ့်ခါအောင် တုန်လှုပ်သွားစေသည်။ “ကမ္ဘာဦးဘုံကို ပြန်မယ်… ငါတို့ရဲ့မွေးရပ်မြေကို ပြန်မယ်”
ဤနေရာကို စောင့်ကြပ်နေသော ကောင်းကင်နတ်ဘုံ၏ စစ်တပ်မှာ ကျဆုံးသွားချေပြီ။ ကောင်းကင်ယင်သားတော်၊ ရှန့်ပင်းယင်နှင့် ကျန်သူများက စစ်တပ်ကို မနည်းထိန်းချုပ်လျက် ခုခံနိုင်ရန် အတတ်နိုင်ဆုံး ကြိုးစားနေကြသည်။
“မာန်ဟုန်မြစ်ဆီ သွားရမယ့်အချိန်ပဲ”
ခိုင်ဧကရာဇ်က ကမ္ဘာဦးဘုံရှိရာသို့ လှမ်းကြည့်လိုက်သည်။ ဤအခိုက်အတန့်တွင် နတ်ဘုရင်လန်ဝူ၏ အသံက ပျံ့လွင့်လာလေသည်။ “ချင်ယဲ့၊ နင် တကယ်ပဲ မဟာလေဟာနယ်ကို စွန့်ပစ်ပြီး ကမ္ဘာဦးဘုံထဲ ဝင်တော့မှာလား”
ခိုင်ဧကရာဇ် ပြန်လှည့်ကြည့်လိုက်သည့်အခါ နတ်ဘုရင်လန်ဝူသည် အဝေးမှ ရပ်၍ သူ့ကို နှုတ်ဆက်နေသည့်အား တွေ့လိုက်ရသည်။
ခိုင်ဧကရာဇ်က ပြန်လည်နှုတ်ဆက်သည်။ “မဟာလေဟာနယ်တံတားက ကောင်းကင်နတ်ဘုံရဲ့ ကောင်းကင်နတ်အရှင်တွေကို မတားဆီးနိုင်ခဲ့တာ ကြာခဲ့ပြီ… မဟာလေဟာနယ်အနေနဲ့ ဆက်လက်တည်ရှိစရာ အကြောင်း မရှိတော့ဘူး… နတ်ဘုရင်၊ ခင်ဗျားတို့ဖန်ဆင်းရှင်တွေလည်း အနာဂတ်ကို ထည့်တွက်ပြီး ကပ်ဘေးကြီးကို ရင်ဆိုင်နိုင်ဖို့ လောကကြီးထဲ ဝင်ရောက်သင့်ပြီ… ကပ်ဘေးကြီးပြီးမှ ခင်ဗျားတို့ အသက်ရှင်နိုင်မယ့် အခွင့်အရေး ရှိမှာ”
“ကပ်ဘေးပြီးမှ အသက်ရှင်နိုင်မှာတဲ့လား”
နတ်ဘုရင်လန်ဝူမှာ ဆွံ့အသွားသည်။ သူမက သူ့ကို ဦးညွှတ်အရိုအသေပေးလိုက်ရင်း ကျေးဇူးတင်လိုကက်လေသည်။ “အကြံပေးတာ ကျေးဇူးတင်ပါတယ် တာအိုမောင်တော်”
သူမ ပြန်မော့ကြည့်လိုက်သည့်အချိန်တွင် ခိုင်ဧကရာဇ်ကို လုံးဝမမြင်ရတော့ပေ။
နတ်ဘုရင်လန်ဝူမှာ တွန့်ဆုတ်နေပြီးနောက် ချာခနဲ လှည့်ကာ မဟာလေဟာနယ်တစ်ဖက်ကမ်းသို့ ပြန်သွားသည်။ သူမ၏အသိစိတ်အလျဉ်က ဘိုးဘေးဝိညာဉ်ကမ္ဘာနှင့် ဆက်နွယ်သွား၏။
“ဖန်ဆင်းရှင်အပေါင်းရဲ့ ဘိုးဘေးဝိညာဉ်တို့… ဖန်ဆင်းရှင်မျိုးနွယ်အတွက် သေခြင်းနဲ့ ရှင်ခြင်းအကြား ရွေးချယ်ရမယ့်အချိန် ရောက်လာပါပြီ… ဒါကြောင့် ရှင်တို့အားလုံးကို ကျွန်မ နှိုးလိုက်ရတာပါ’’
သူမ၏ ကျယ်ပြောကာ အဆုံးမရှိသော အသိစိတ်အလျဉ်သည် ဝိညာဉ်ကမ္ဘာထဲတွင် လှိုင်းထနေ၏။ သူမက မဟာလေဟာနယ်တစ်ဖက်ကမ်းကို ဖန်တီးခဲ့သော ဖန်ဆင်းရှင်မျိုးနွယ် ဘိုးဘေးများကို မေးမြန်းနေသည်။ “ကပ်ဘေးကြီးကို ရင်ဆိုင်ဖို့ လောကကြီးအထဲ ၀င်ရောက်မယ်ဆိုရင် ကျန်တဲ့တစ်ဘဝလုံး ရှင်သန်နိုင်လိမ့်မယ်… ဖန်ဆင်းရှင်မျိုးနွယ်အနေနဲ့ လောကကြီးထဲ ဝင်ရောက်ပြီး ကောင်းကင်နှင့်မြေကြီးရဲ့ အသိအမှတ်ပြုတာခံရဖို့ တိုက်ခိုက်ကြမယ့် ကပ်ဘေးကြီးမှာ ပါဝင်ချင်ပါသလား”
ဝိညာဉ်ကမ္ဘာတွင် ဧရာမဝိညာဉ်ကြီးများက အိပ်စက်နေရာမှ နိုးထလာကြချေပြီ။ သူတို့၏အသိစိတ်အလျဉ်များက တစ်ယောက်ကို တစ်ယောက် ထိတွေ့သွားကြပြီး တစ်ခဏအတွင်း နတ်ဘုရင်လန်ဝူ သိထားသမျှ အရာအားလုံး သိရှိသွားကြ၏။
“အန္တရာယ်များလွန်းတယ်’’
ဘိုးဘေး၀ိညာဉ်တစ်ပါး၏ အသိစိတ်အလျဉ်က လှိုင်းထလာသည်။ “နတ်ဘုရင်၊ မင်းက ငါတို့ဖန်ဆင်းရှင်မျိုးနွယ်ရဲ့ အသက်တွေနဲ့ အလောင်းအစား လုပ်နေတာပဲ… မဖြစ်နိုင်တဲ့ အနာဂတ်အတွက် လောင်းကြေးထပ်နေတာ…. ငါတို့ဖန်ဆင်းရှင်တွေက ဒီရတနာနယ်မြေကို ခုခံကာကွယ်နေကြတယ်.. ဘယ်သူမှ ဒီကို ဝင်ရောက်မလာနိုင်တဲ့အတွက် ငါတို့မျိုးနွယ်အနေနဲ့ ကောင်းကင်နတ်အရှင်တွေကြားက တိုက်ပွဲမှာ ၀င်ပက်သက်ဖို့ မသင့်တော်ဘူး”
ကျန်ဘိုးဘေးဝိညာဉ်များ၏ အသိစိတ်အလျဉ်တို့လည်း တုန်ခါလာကြသည်။ “နတ်ဘုရင်၊ မင်းက ဖန်ဆင်းရှင်မျိုးနွယ်ရဲ့ တစ်ပါးတည်းသော နတ်ဘုရင်ဆိုတော့ မျိုးနွယ်ဝင်တွေအားလုံးကို တာဝန်ယူရမယ်… ငါတို့မျိုးနွယ်စုရဲ့ အသက်တွေကို မမြင်ရနိုင်တဲ့ အနာဂတ်မှာ လောင်းကြေးထပ်လို့ မဖြစ်ဘူး”
နတ်ဘုရင်လန်ဝူက မျက်မှောင်ကြုတ်သွားသည်။
“ငါတို့သွားမှ ဖြစ်မယ်”
ရုတ်တရက် ရူးသွပ်နေသော အသံတစ်သံ ထွက်ပေါ်လာပြီး ခပ်ပြတ်ပြတ် ပြော၏။ “သွားမှကို ဖြစ်မယ်… ဒီနေရာမှာ နေနေတာက အမြစ်မရှိတဲ့ မြက်ပင်တွေလို ဖြစ်နေမှာ…. အပြင်လောကတစ်ခုတည်းကပဲ ငါတို့ဖန်ဆင်းရှင်မျိုးနွယ် အသက်ရှင်နိုင်မယ့် မြေပဲ”
ဘိုးဘေးဝိညာဉ်များသည် လှည့်ကြည့်၍ မျက်မှောင်ကြုတ်လိုက်ကြသည်။ ထပြောလိုက်သည်မှာ ရူးသွပ်နေသော ဘိုးဘေးဝိညာဉ် လုရှောင်ပင် ဖြစ်ပေ၏။