← Chapters

တစ်ဖက်ကမ်း၏ ပျက်စီးခြင်း

Vol. 118 Ch. 1545

တစ်ဖက်ကမ်း၏ ပျက်စီးခြင်း

Vol. 118 Ch. 1545

ဘိုးဘေးဝိညာဉ်လော့ရှောင်သည် မည်သူမှ မသိလိုက်သည့်အချိန်၌ နိုးထလာခဲ့ပြီး နတ်ဘုရင်လန်ဝူ၏ အသိစိတ်အလျဉ်မှတစ်ဆင့် ကမ္ဘာလောကကြီး၏ အခြေအနေအပြောင်းအလဲများကို ခံစားလိုက်ရ၏။ ထို့ကြောင့် သူက သူ၏အတွေးများကို ထုတ်ပြောတော့သည်။

“ဘိုးဘေးဝိညာဉ် လော့ရှောင်က ရူးနေတာ... ပင်မအသိစိတ်အလျဉ်က ရှိတာ မဟုတ်ဘူး”

ဘိုးဘေးဝိညာဉ်တစ်ခု၏ အသိစိတ်အလျဉ်က လှိုင်းထလာကာ ပြောသည်။ “သူ့အတွေးတွေက မရှင်းလင်းသလို၊ သူ့အသိစိတ်အလျဉ်ကလည်း မထင်ရှားဘူး... နတ်ဘုရင်လန်ဝူ၊ သူ ပြောတာ နားမယောင်နဲ့”

ဘိုးဘေးဝိညာဉ်များစွာကလည်း ထောက်ခံကြ၏။ “ဟုတ်တယ် သူ ပြောတာ နားမထောင်နဲ့”

လော့ရှောင်၏အသံမှာ ဝမ်းနည်းကြေကွဲသွားပြီး ဒေါသသံ စွက်နေသည်။ “ဒီလို သေးငယ်တဲ့ နေရာ‌လေးတစ်နေရာမှာ တိုးတက်ဖို့ လမ်းကြောင်းကို မရှာဖွေဘဲ ဒီတိုင်းနေ,နေရင် မင်းတို့တွေ မကြာခင် ဖျက်စီးခံရလိမ့်မယ်... မင်းတို့ ထွက်သွားမှ ဖြစ်မယ်... မင်းတို့တွေ ထွက်သွားမှ ဖြစ်မယ်”

“ဘိုးဘေးဝိညာဉ်လော့ရှောင်ဟာ လေးစားထိုက်ပေမယ့် သူ့စိတ်က က‌ယောင်ချောက်ချား ဖြစ်နေတယ်... သူ ပြောတာ နားမထောင်နဲ့”

ဘိုးဘေးဝိညာဉ်များစွာက ပြောနေကြသည်။ “နတ်ဘုရင် ၊ မင်း မျိုးနွယ်ကို ဦးဆောင်ပြီး ဒီနေရာကနေ ထွက်လို့ အပြင်လောကကြီးမှာ တိုက်ခိုက်ရင် မျိုးနွယ်ဝင်ဘယ်လောက် သေဆုံးကြရမယ် ထင်လဲ... ငါတို့ဖန်ဆင်းရှင်မျိုးနွယ်စုဟာ အင်အားယုတ်လျော့သွားခဲ့တာ ကြာပြီ... ဆင်းရဲဒုက္ခတွေကို မခံနိုင်ကြတော့ဘူး”

နတ်ဘုရင်လန်ဝူသည် တင့်တယ်ကြော့ရှင်းသော ဣန္ဒြေဖြင့် ဟင်းလင်းပြင်ထဲတွင် ရပ်နေ၏။ လေအဝှေ့ကြောင့် သူမ၏အဝတ်စများက တဖတ်ဖတ် လှုပ်ခါနေသော်လည်း သူမကမူ တည်ငြိမ်နေလေသည်။

တခဏကြာသည့်အခါ သူမ၏ အသိစိတ်အလျဉ်က ဘိုးဘေးဝိညာဉ်နယ်မြေထဲတွင် ပဲ့တင်ရိုက်ခတ်သွားသည်။ “ဖန်ဆင်းရှင်မျိုးနွယ်စုကို ဦးဆောင်ပြီး လေဟာနယ်တစ်ဖက်ကမ်းကနေ ထွက်ခွာမယ်... အပြင်လောကကြီးမှာ သွားတိုက်ခိုက်မယ်... ဒါက ကျွန်မဆုံးဖြတ်ချက်ပဲ... ဖန်ဆင်းရှင်မျိုးနွယ်စုအတွက် ကျွန်မအသက်ကိုပါ လောင်းကြေးထပ်ရဲတယ်.. ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ ဘိုးဘေးတို့”

သူမ၏ အသိစိတ်အလျဉ်က ဘိုးဘေးဝိညာဉ်များစွာကို ဒေါသထွက်သွားစေသဖြင့် မရေမတွက်နိုင်သော ဘိုးဘေးဝိညာဉ်များကား ဒေါသအမျက်တချောင်းချောင်း ထွက်လျက် အော်ဟစ်ဆူပူကြတော့သည်။ “လန်ဝူ၊ မင်းဟာ စိတ်ခံစားချက်တွေကြောင့် ယိမ်းယိုင်သွားမယ့်သူ မဟုတ်လို့ ငါတို့ မင်းကို ဘုရင်အဖြစ် အပ်နှင်းခဲ့ကြတာ... မင်းက ငါတို့မျိုးနွယ်စုအတွက် ကောင်းကျိုးကို အေးအေးဆေးဆေး ဆင်ခြင်သုံးသပ်ပြီး ဆုံးဖြတ်နိုင်တယ်... ငါတို့သိထားတဲ့ မင်းက စိတ်ခံစားချက်တွေကို အပြူအမူတွေအပေါ် သက်ရောက်ခွင့်ပေးမှာ မဟုတ်ဘူး... အခုတော့ မင်းက လောင်းကြေးထပ်ချင်တဲ့စိတ် ရှိနေတဲ့အတွက် မျိုးနွယ်စုဆီကို ပျက်စီးခြင်းတွေပဲ ယူဆောင်လာနိုင်လိမ့်မယ်”

“မင်း စိတ်ခံစားချက်တွေကို အပြုအမူတွေအပေါ် သက်ရောက်ခွင့်ပေးလိုက်ရင် မဟာဧကရာဇ်လို၊ ပိုယန်လို၊ ရှုကျွင်းလိုပဲ ဖြစ်လာလိမ့်မယ်”

“ငါတို့က မင်းကို နတ်ဘုရင်ဘွဲ့ ပေးနိုင်သလို၊ ပြန်လည်း ယူနိုင်တယ်ဆိုတာ မမေ့လိုက်နဲ့”

“မင်း မင်းနည်းမင်းဟန်နဲ့ ဆက်လုပ်ဖို့ပဲ ခေါင်းမာနေရင်တော့ မင်းက ငါတို့ဖန်ဆင်းရှင်မျိုးနွယ်ရဲ့ နတ်ဘုရင် မဟုတ်တော့ဘူး”

နတ်ဘုရင်လန်ဝူသည် တည်ငြိမ်နေသော ပင်လယ်ပြင်ပမာ ခံစားချက်ကင်းမဲ့နေ၏။ သူမက အနိမ့်အမြင့်မရှိသော လေသံဖြင့် တုံ့ပြန်သည်။ “နတ်ဘုရင်ဘွဲ့ကို ရှင်တို့တွေ အပ်နှင်းထားတာ ဖြစ်တဲ့အတွက် ပြန်သိမ်းပိုင်ခွင့် ရှိတယ်... ဒါပေမဲ့ ကျွန်မ မျိုးနွယ်ဝင်တွေရဲ့ ရွေးချယ်မှုကို ထိန်းချုပ်လို့ မရဘူး... လေဟာနယ်တစ်ဖက်ကမ်းက ဖန်ဆင်းရှင်တွေဟာ ရွှင်ပျော်ပျော်ကျေးရွာကို အားပြုပြီးတော့ အသက်ရှင်နေကြရတာ.. အခု ရွှင်ပျော်ပျော်ကျေးရွာဟာ နေရာပြောင်းရွှေ့နေပြီမလို့ ကျွန်မလည်း လိုက်ရွှေ့မယ်”

“ဒါဖြင့် မင်းရဲ့ နတ်ဘုရင်ဘွဲ့ကို ပြန်ရုတ်သိမ်းတာပေါ့” ဘိုးဘေးဝိညာဉ်ကမ္ဘာ၏ ဘိုးဘေးများက တညီတညွတ်တည်း အော်ဟစ်လိုက်ကြသည်။

နတ်ဘုရင်လန်ဝူက အသိစိတ်အလျဉ်ကို ပြန်ရုတ်သိမ်းလိုက်သည်။ ဤအခိုက်အတန့်တွင် ဘိုးဘေးဝိညာဉ်ကမ္ဘာသည် လေဟာနယ်တစ်ဖက်ကမ်း၏ ကောင်းကင်ထက်၌ ပေါ်လွင်လာ၏။ ၎င်းက တစ်ဖက်ကမ်းရှိ ကမ္ဘာလောကအပေါ် လွှမ်းခြုံသွားသည်။ ဖန်ဆင်းရှင်များလည်း ဘိုးဘေးဝိညာဉ်ကမ္ဘာအား မော့ကြည့်လိုက်ကြသည်။

ဘိုးဘေးဝိညာဉ်ကမ္ဘာအတွင်းရှိ ဘိုးဘေးဝိညာဉ်တစ်ခုပြီးတစ်ခု ကိုယ်ထင်ပြလာကြသည်။ သူတို့သည် မြင့်မားကြီးထွားပြီး ခံ့ညားထည်ဝါနေကြ၏။ သူတို့၏ အသိစိတ်အလျဉ်များက လှိုင်းထလာကြကာ ဖန်ဆင်းရှင်အားလုံး၏ စိတ်ထဲသို့ ဝင်ရောက်လာကြသည်။ သူတို့သည် လန်ဝူ၏ နတ်ဘုရင်ဘွဲ့အား ပြန်လည်ရုတ်သိမ်းလိုက်ပြီ ဖြစ်ကြောင်း၊ လန်ဝူ၏ အမိန့်များကို နာခံရန် မလိုအပ်တော့သည့်အကြောင်း ကြေညာလိုက်ကြ၏။

ဖန်ဆင်းရှင်မျိုးနွယ်များ အုတ်အော်သောင်းနင်း ဆူညံကုန်ကြသည်။ အားလုံးက တီးတိုးတီးတိုး ပြောရင်း ဆွေးနွေးနေကြလေသည်။ သူတို့အတွက် ဤဆုံးဖြတ်ချက်ကို လက်ခံရန် ခက်နေသည်။

လန်ဝူသည် တည်ငြိမ်အေးဆေးလျက်သာ ရှိနေ၏။ သူမက ဘိုးဘေးဝိညာဉ်များအား သူမဆီမှ အရာအားလုံး ယူပိုင်ခွင့်ပြုထားသည်။ ဘိုးဘေးဝိညာဉ်များ သူမဆီမှ အရာအားလုံး ပြန်လည်ရုတ်သိမ်းပြီးသည့်အခါ သူမ၏အသိစိတ်အလျဉ်က ဖြာထွက်သွားပြီး ကမ္ဘာလောကအပေါ် လွှမ်းခြုံသွားတော့သည်။

“ငါ့နောက်က လိုက်ပြီး လေဟာနယ်တစ်ဖက်ကမ်းအပြင် ထွက်ချင်တဲ့သူ ရှိလား... ငါတို့ ဘိုးဘေးမြေကို ပြန်လည်သိမ်းပိုက်ပြီး လူလိုသူလို အသက်ရှင်နိုင်မယ့် အခွင့်အရေးအတွက် အပြင်လောကမှာ တိုက်ခိုက်ချင်တဲ့သူ ရှိလား”

သူမအသံက ဖန်ဆင်းရှင်တိုင်း၏ စိတ်ထဲတွင် ဟိန်းထွက်နေသည်။ “ဒီမှာ အနာဂတ် မရှိဘူး... ပုံ‌ရိပ်ယောင် အသိစိတ်အလျဉ်နဲ့ ဖန်ဆင်းထားတဲ့ ကမ္ဘာပဲ ရှိတယ်... အပြင်လောကကြီးမှာတော့ အလားအလာကောင်းတယ်... ဒါပေမဲ့ ရန်သူတွေဟာ ငါတို့ကို တားဆီးမှာပဲ.... ငါတို့ကို ထွက်ပြေးနိုင်မယ့် အခွင့်အရေး ပေးမှာ မဟုတ်ဘူး”

“ငါ့နောက်က လိုက်ခဲ့ကြ”

“အပြင်လောကကြီးဟာ မင်းတို့တွေးထင်ထားတာထက်တောင် ပိုကျယ်တယ်”

ဘိုးဘေးဝိညာဉ်ကမ္ဘာမှာ အမျက်တချောင်းချောင်း ထသွားသည်။ ဘိုးဘေးဝိညာဉ်တို့၏ အသိစိတ်အလျဉ်က ပေါင်းစည်းသွားပြီး နတ်ဘုရင်လန်ဝူ၏ အသိစိတ်အလျဉ်အပေါ် ဖိနှိပ်ကာ ဖန်ဆင်းရှင်များကို မစည်းရုံးနိုင်အောင် တားလိုက်ကြသည်။

လန်ဝူသည် အသိစိတ်အလျဉ်ကို ဆက်လက်ထုတ်လွှတ်ရင်း သူမ၏အတွေးကို ပြောပြနေ၏။ “အဲဒီမှာ အပြင်းအထန် ပြိုင်ဆိုင်ကြရလိမ့်မယ်... သေလည်း သေကြရလိမ့်မယ်... ဒါပေမဲ့ ငါတို့တတွေ သင်ယူလေ့လာပြီး အချိန်နဲ့ တစ်ပြေးညီ တိုးတက်လာအောင် ကြိုးစားနိုင်သေးတယ်”

“ငါတို့မျိုးနွယ်စုရဲ့ အနာဂတ်အတွက်... ငါတို့မျိုးဆက်တွေအတွက် ငါ့နောက်က လိုက်ခဲ့ကြပါ”

ဘိုးဘေးဝိညာဉ်ကမ္ဘာသည် ရုတ်တရက် မျက်လုံးကြီးတစ်လုံးအဖြစ် ပြောင်းလဲသွား၏။ ၎င်းက ဘိုးဘေးဝိညာဉ်ကမ္ဘာကို တည်ဆောက်ထားသည့် အခြေခံအုတ်မြစ်၊ ကမ္ဘာဦးအစ မူလကျောက်တုံးတစ်တုံး ဖြစ်ပေသည်။

ဘိုးဘေးဝိညာဉ်များ၏ အသိစိတ်အလျဉ်များသည် ဆယ်ဆကျော် အားကောင်းပြင်းထန်လာ၏။ သူတို့က နတ်ဘုရင်လန်ဝူ၏ အသိစိတ်အလျဉ်အပေါ် ဖိနှိပ်လိုက်ကြရာ လန်ဝူမှာ ဖန်ဆင်းရှင်များနှင့် မဆက်သွယ်နိုင်တော့ပေ။

လန်ဝူကား တည်ငြိမ်အေးဆေးသော အမူအရာဖြင့်် ဟင်းလင်းပြင်ထဲ၌ တိတ်ဆိတ်စွာ ရပ်လျက် သူမ၏မျိုးနွယ်ကို ကြည့်နေသည်။

ဖန်ဆင်းရှင်မျိုးနွယ်များဖြစ်သည့် ကျစ်လီမျိုးနွယ်စု၊ ကန်နွီမျိုးနွယ်၊ ကျူချိုးမျိုးနွယ်စု၊ တုံးမင်မျိုးနွယ်စု၊ ယန်လုံမျိုးနွယ်စု၊ ရှားထိုက်မျိုးနွယ်စု အစရှိသော မျိုးနွယ်စုများမှ ဖန်ဆင်းရှင်တစ်ယောက်မှ ထွက်မလာကြပေ။ သူမ နောက် လိုက်ခဲ့မည်ဟု တစ်ယောက်မှ ထွက်မပြောကြပေ။

လန်ဝူ၏ နှုတ်ခမ်းပါးလေးများ တုန်ရီလာသည်။ သူမက အသိစိတ်အလျဉ်ကို မသုံးဘဲ တောင်းပန်နေသည့်အလား တိုးညှင်းနေသော အသံလေးဖြင့် ပြောလေသည်။ “ငါနဲ့ လိုက်ခဲ့ကြပါ... ဒီမှာ မနေကြပါနဲ့”

သူမမှာ ခံစားချက်များကို မထိန်းချုပ်နိုင်တော့ဘဲ မျက်ရည်များ စီးကျလာတော့သည်။ သူမက ကျယ်လောင်စွာ အော်ဟစ်လိုက်တော့၏။ “ငါနဲ့ လိုက်ခဲ့ကြ... ဒီမှာ နေရင် ဖန်ဆင်းရှင်မျိုးနွယ် မျိုးသုဉ်းသတ်ဖြတ်ခံရလိမ့်မယ်... ငါနဲ့ လိုက်ခဲ့ပါ...”

သို့တိုင်အောင် မည်သူမှ အသံမထွက်သေး။

လန်ဝူသည် ဝမ်းနည်းကြေကွဲနေသော မျက်ဝန်းများဖြင့် သူတို့ကို ကြည့်လိုက်၏။ အားလုံးက သူမနှင့် မျက်ဝန်းချင်း မဆုံရဲပေ။၊

သူတို့သည် ဘိုးဘေးဝိညာဉ်များအပေါ် အားကိုးနာခံလွန်း၏။ ဘိုးဘေးဝိညာဉ်များက သူတို့ကိုယ်သူတို့ စတေးကာ လေဟာနယ်၏ တစ်ဖက်ကမ်း ၊ ဤနေရာတွင် ကမ္ဘာတစ်စင်း ဖန်ဆင်းပေးထားခြင်း မဟုတ်ပါလော။ ဘိုးဘေးဝိညာဉ်ကမ္ဘာ တည်ဆောက်၍ သူတို့အား နှစ်ပေါင်းသန်းနှင့်ချီ ကာကွယ်ပေးနေခဲ့သည်မှာလည်း ဘိုးဘေးဝိညာဉ်များသာ ဖြစ်သည်။

ရွှင်ပျော်ပျော်ကျေးရွာနှင့် မတည့်ခင်တုန်းကလည်း ဘိုးဘေးဝိညာဉ််များသည် လန်ဝူကို ကူညီပေးပြီး ခိုင်ဧကရာဇ်အား ခုခံခဲ့ကြ၏။

လန်ဝူသည် ဘိုးဘေးဝိညာဉ်များ တင်မြှောက်ထားသော နတ်ဘုရင်သာ ဖြစ်ပေသည်။ ဘိုးဘေးဝိညာဉ်များအနေဖြင့် သူမကို နတ်ဘုရင်တစ်ပါးအဖြစ် မြှောက်စားနိုင်သလို၊ အခြားသူများကိုလည်း မြှောက်စားနိုင်၏။ အပြင်ပန်းတွင် လန်ဝူကား အကြီးမားဆုံး အာဏာကို ဆုပ်ကိုင်ထားသယောင် ထင်ရသော်လည်း တကယ်တမ်းတွင် ဘိုးဘေးဝိညာဉ်ကမ္ဘာ၏ ဘိုးဘေးဝိညာဉ်များကသာ သူမကို အာဏာပေးထားခြင်း ဖြစ်သည်။

ဘိုးဘေးဝိညာဉ်များသည် နတ်ဘုရင်များ၊ အထွတ်အမြတ်ကလေးငယ်များ ရွေးချယ်ပိုင်ခွင့် ရှိ၏။

လန်ဝူမှာ ဟင်းလင်းပြင်ထဲတွင် ရပ်လျက် သူမ၏မျိုးနွယ်ဝင်များအား မျှော်လင့်တကြီး ကြည့်နေမိသည်။ သို့သော် မည်သူမှ သူမကို မတုံပြန်ပေ။ မည်သူမှ ထရပ်ပြီး ‘လိုက်ခဲ့မယ်’ ဟု မပြောပေ။

သူမကို လေးစားယုံကြည်ခဲ့သောသူများပင်လျှင် သူမနှင့် အကြည့်ချင်း မဆုံရဲကြပေ။

ဖန်ဆင်းရှင်မျိုးနွယ်စုအတွက် လန်ဝူသည် စိတ်ခံစားချက်မှန်သမျှ ဖြတ်တောက်စွန့်ပစ်ခဲ့၏။ သို့သော် ဤအခိုက်အတန့်တွင်တော့ သူမ သိမ်းဆည်းထားသမျှ စိတ်ခံစားချက်များ ပေါက်ကွဲထွက်လာတော့သည်။ သူမမှာ စိတ်မထိန်းနိုင်တော့သည့်အပြင် သူမ လုပ်ခဲ့သမျှ အရာအားလုံး သဲထဲ ရေသွန်လိုက်သလို ခံစားနေရသည်။

သူမနှလုံးသားထဲရှိ စိတ်ခွန်အားတို့လည်း အားနည်းလာသည်။ သူမ၏ကျင့်စဉ်၊ လမ်းစဉ်သည်လည်း ပြိုလဲပေတော့မည်။

“ငါ လိုက်ခဲ့မယ်” အသံတစ်သံက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။

လန်ဝူ ဝမ်းသာသွားသည်။ အသံလာရာဆီသို့ လှမ်းကြည့်လိုက်သည့်အခါ မတ်တပ်ရပ်နေသော ရှို့ချုံးအား မြင်လိုက်ရ၏။ သူက လေးနက်တည်ကြည်သော အသံဖြင့် ပြောသည်။ “ငါ လိုက်ခဲ့မယ် လန်ဝူ... မင်းက ငါ့ထက် ငယ်ပေမယ့် မင်းရဲ့အသိအမြင်က ငါ့ကို မင်းအပေါ် ယုံကြည်အားကိုးမိစေတယ်... မင်းရဲ့ အမြော်အမြင်ကို ငါ ယုံကြည်တယ်”

သူက ချာခနဲ လှည့်ကာ ကျယ်လောင်စွာ မေးလိုက်၏။ “ငါ့မျိုးနွယ်ဝင်အပေါင်းတို့၊ ဘယ်သူ ငါနဲ့ လိုက်ချင်လဲ”

သူသည် အသိစိတ်အလျဉ်ကို မသုံးထားပေ။ သူ၏အသံက မာန်အပြည့်ဖြင့် ကျယ်လောင်ပြတ်သားစွာ ပဲ့တင်ထပ်သွားသည်။ သူ၏မျိုးနွယ်စုမှ ဖန်ဆင်းရှင်အတော်များများ ထရပ်လာကြပြီး သူ့ဘေးတွင် တိတ်ဆိတ်စွာ လာရပ်ကြသည်။

လန်ဝူ အားတက်လာသည်။ ပြိုလဲတော့မည့် သူမ၏ တာအိုနှလုံးသားသည် ချက်ချင်း တည်ငြိမ်သွား၏။ တာအိုအဆင့်လည်း နိမ့်ဆင်းမနေတော့ပေ။

“ဘယ်လိုအကြောင်းတွေပဲ ဖြစ်ပါစေ၊ လန်ဝူက ငါ့ရင်ထဲမှာတော့ နတ်ဘုရင် ဖြစ်နေဆဲပဲ”

ကန်နွီမျိုးနွယ်စုမှ ခေါင်းဆောင်မိန်းကလေးက ထရပ်ပြီး ပြုံးပြသည်။ “သူက တစ်ကိုယ်ကောင်းဆန်တဲ့သူလည်း မဟုတ်လို့ ငါ သူ့စကား နားထောင်မယ်... ငါ့မျိုးနွယ်ဝင်တို့၊ ငါ့အပေါ် ယုံကြည်ကြလား”

ဖန်ဆင်းရှင်များစွာ ထရပ်ပြီး သူမဘေးသို့ တိတ်ဆိတ်စွာ လျှောက်လာကြသည်။

ရှားထိုက်မျိုးနွယ်စု၊ ကျူချုံးမျိုးနွယ်စု၊ တုံးမင်မျိုးနွယ်စုနှင့် ကျန်မျိုးနွယ်စုများမှလည်း ဖန်ဆင်းရှင်များ ကျိုးတိုးကြဲတဲ ထရပ်ပြီး လန်ဝူ့ဘေးသို့ လျှောက်လာကြ၏။

လန်ဝူမှာ စိတ်တည်ငြိမ်သွားပြီး ငြိမ်သက်စွာ စောင့်နေသည်။ တဖြည်းဖြည်း အရေအတွက် များလာသော်လည်း အင်အားတစ်သောင်းပင် မပြည့်ပေ။

လန်ဝူက မျိုးနွယ်စုတစ်စုချင်းအား လိုက်ကြည့်သော်လည်း မည်သူကမှ တုတ်တုတ်မလှုပ်ကြပေ။

“မင်းတို့ မဟာလေဟာနယ်တစ်ဖက်ကမ်းကနေ ထွက်ခွာသွားတာနဲ့ ဘယ်တော့မှ ပြန်မလာကြနဲ့” ဘိုးဘေးဝိညာဉ်ကမ္ဘာထဲရှိ အသိစိတ်အလျဉ်များက ဟိန်းဟောက်လိုက်ကြသည်။

လန်ဝူက ဝိညာဉ်ကမ္ဘာကို မော့ကြည့်လိုက်၏။ “ဘိုးဘေးကြီးလော့ရှောင်၊ ကျွန်မနဲ့ လိုက်ခဲ့မလား”

“မလိုက်တော့ဘူး”

ဝိညာဉ်လော့ရှောင်၏ မျက်နှာ ပေါ်လာသည်။ သူ၏ပုံစံမှာ ယခင်ကကဲ့သို့ ရူးသွပ်နေပုံမ‌ပေါ်တော့ပေ။ သူက တည်ငြိမ်အေးဆေးစွာ ပြော၏။ “ဘိုးဘေးဝိညာဉ်ကမ္ဘာနဲ့ မဟာလေဟာနယ်ကို ငါ့ရဲ့‌ဟောကိန်းအရ တည်ဆောက်ခဲ့ကြတာ…သူတို့ကို စွန့်ပစ်ခဲ့လို့ မဖြစ်ဘူး”

လန်ဝူသည် တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်ပြီး အင်အားတစ်သောင်းပင် မပြည့်သော ဖန်ဆင်းရှင်များဖြင့် လေဟာနယ်တံတားဆီသို့ ထွက်ခွာသွားသည်။

သူတို့ ပြန်လှည့်ကြည့်လိုက်သည့်အခါ ဘိုးဘေးဝိညာဉ်ကမ္ဘာ၏ ဘိုးဘေးဝိညာဉ်များသည် ခေါင်းဆောင်အသစ်များ ထပ်မံရွေးချယ်ကာ တင်မြှောက်နေကြ၏။ နောက်ဆုံးတွင် အကြီးအကဲများနှင့် မျိုးနွယ်စုခေါင်းဆောင်များ၏ ပူးပေါင်းထောက်ခံမှုအောက်တွင် နတ်ဘုရင်အသစ်တစ်ပါး ရွေးချယ်လိုက်ကြသည်။

လန်ဝူက ရှေ့သို့ ပြန်လှည့်ပြီး သူမ၏မျိုးနွယ်ဝင်များအား လေဟာနယ်တံတားမှ အခန်းသုံးခန်းဆီ ခေါ်ဆောင်သွားလေသည်။

လေဟာနယ်တံတားအပြင်တွင် ရွှင်ပျော်ပျော်ကျေးရွာနှင့် ကောင်းကင်နတ်ဘုံကြားရှိ တိုက်ပွဲမှာ ဖြစ်ပွားနေဆဲဖြစ်သည်။ ခိုင်ဧကရာဇ်က ရွှင်ပျော်ပျော်ကျေးရွာမှ ဦးစွာထွက်ခွာသွားခဲ့ပြီး ကောင်းကင်နတ်အရှင်ယွဲ့ကလည်း ထွက်ခွာသွားခဲ့၏။ ထို့ကြောင့် ကောင်းကင်နတ်ဘုံ၏ စစ်တပ်သည် ကောင်းကင်ဆရာသခင်များ၊ ကောင်းကင်နတ်မင်းများနှင့် နတ်မင်းလေးပါးလက်နက်အား အင်အားစုစည်းကာ ခြေကုပ်ယူ၍ ရွှင်ပျော်ပျော်ကျေးရွာအား ဝိုင်းဝန်းတိုက်ခိုက်နေစေတော့သည်။

ရွှင်ပျော်ပျော်ကျေးရွာတွင် ကောင်းကင်နတ်ဘုံကဲ့သို့ နတ်ဘုရားမိစ္ဆာများစွာ မရှိသဖြင့် ခံစစ်အနေအထားဖြင့်သာ ကောင်းကင်နတ်ဘုံ၏ နတ်ဘုရားမိစ္ဆာစစ်တပ်အလယ်တွင် ပိတ်မိနေသည်။

ရွှင်ပျော်ပျော်ကျေးရွာ၏ ကောင်းကင်ဆရာသခင်များနှင့် ကောင်းကနတ်မင်းအားလုံးက ကောင်းကင်နတ်ဘုံစစ်တပ်အား ထွက်၍ တိုက်ခိုက်နေကြသည်။

ဧရာမကလေးကြီး ချင်ဖုန်းကျင့်၏ ဦးဆောင်မှုအောက်တွင် ချင်မျိုးနွယ်သည်လည်း ကောင်းကင်ယင်သားတော်အပြင် ကျန်နတ်မင်းများအား တိုက်ခိုက်နေကြသည်။ သူတို့က ကောင်းကင်ပြိုလဲ၍ မြေကြီးအက်ကွဲလာသည့်အထိ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်နေကြ၏။ ချင်ဖုန်းကျင့်သည် အလွန်တရာ အင်အားကြီးမားသည့် မြေအောက်ဘုံအရှင်သခင်အသေးစားလေးဟု သိထားကြသည့်တိုင်၊ ချင်မျိုးနွယ်သည် အတိုက်အခိုက် ထူးချွန်၍ ရဲရင့်ကြပြီး သေရမည်ကို မကြောက်ကြသည်တိုင် ကောင်းကင်နတ်ဘုံ၏ နတ်ဘုရားမိစ္ဆာစစ်တပ် ဝိုင်းထားကြားမှ မဖောက်ထွက်နိုင် ဖြစ်နေကြလေသည်။

လန်ဝူ သူမ၏မျိုးနွယ်စုကို ဦးဆောင်၍ ဝင်ရောက်လာသည့်အချိန်တွင် ရွှင်ပျော်ပျော်ကျေးရွာမှာ သေရေးရှင်ရေး အခြေအနေသို့ ရောက်နေချေပြီ။ ကောင်းကင်နတ်ဘုံစစ်တပ်သည် ၃၃ခုမြောက် ကောင်းကင်ဘုံအထိ ကျူးကျော်လာခဲ့သည်။ သူတို့က ကောင်းကင်ပြိုကျပြီး ကောင်းကင်အောက်တွင် မြှုပ်နှံထားသော ဧရာမသံမဏိနဂါးချိပ်တံဆိပ်များ ပေါ်လာသည့်တိုင်အောင် ဖိဖိစီးစီး တိုက်ခိုက်နေကြသည်။

ရွှင်ပျော်ပျော်ကျေးရွာ၏ ကောင်းကင် ၃၃ ခုစလုံးသည် ဧရာမလက်နက်ယန္တရားကြီး ၃၃ ခု ဖြစ်ကြ၏။ ၎င်းတို့က ခိုင်ဧကရာဇ်ခေတ်မှ ကောင်းကင်စက်မှုလက်မှုပညာရှင်များ သွန်းလုပ်ခဲ့ကြသော အံ့မခန်းလက်ရာပင်။ သို့သော် ကောင်းကင်နတ်ဘုံ၏ ကြောက်မက်ဖွယ် ကောင်းကင်လက်နက်များနှင့် ရင်ဆိုင်ရသည့်အခါတွင်တော့ ထိုလက်နက်ယန္တရားကြီး ၃၃ ခုမှာလည်း အချိန်မရွေး ပျက်စီးပေတော့မည်။

လန်ဝူက သူမ၏မျိုးနွယ်ဝင်များကို ဦးဆောင်ကာ ပြေးဝင်သွားသည်။ ဖန်ဆင်းရှင်တို့နှင့် သူမ၏ အသိစိတ်အလျဉ် ကောင်းကင်နတ်သိုင်းတို့က ပေါက်ကွဲထွက်လာပြီး အရှေ့ရှိ ကောင်းကင်နတ်ဘုံစစ်တပ်ကြီးအား ဖုံးလွှမ်းသွားကာ ချက်ချင်း သွေးချောင်းစီးသွားစေ၏။

ဖန်ဆင်းရှင်တို့၏ ခန္ဓာကိုယ်များသည် ကျယ်ပြန့်ကြီးမားကြသော်လည်း လျင်မြန်စွာ လှုပ်ရှားနေကြပြီး လှုပ်ရှားမှုတိုင်းတွင် ကြယ်တာရာများကိုပင် ရွှေ့နိုင်ကြ၏။

စစ်မြေပြင်ထက်၌ မဟာကောင်းကင်နတ်သိုင်းများ ထုတ်လွှတ်ရန် ခက်သောကြောင့် မိမိတို့၏ ဘက်တော်သားများအပေါ် အသက်အန္တရာယ် ရှိနိုင်ပေသည်။ သို့သော် အနီးကပ်တိုက်ပွဲတွင်တော့ ဖန်ဆင်းရှင်များသည် မှန်းဆမရနိုင်သော စွမ်းအားကို ပိုင်ဆိုင်ထားကြ၏။ အားကောင်းသော အသိစိတ်အလျဉ်များကို ပိုင်ဆိုင်ထားကြသည်သာမက သူတို့၏ရုပ်ခန္ဓာများကလည်း ရှေးဟောင်းနတ်ဘုရားများနှင့်ပင် ယှဉ်နိုင်ပေသည်။ အနီးကပ်တိုက်ပွဲတွင် နတ်ဘုရားတစ်ပိုင်းမျိုးနွယ်ထက်ပင် များစွာသာလွန်သည်။

ကောင်းကင်နတ်အရှင်တစ်ပါးနှင့် အင်အားညီမျှသော လန်ဝူလည်း ပါဝင်နေသောကြောင့် ရွှင်ပျော်ပျော်ကျေးရွာ၏ ကောင်းကင်ဘုံ ၃၃ ဘုံအတွက် လမ်းကြောင်းပွင့်သွားစေသည်။

ကောင်းကင်ဘုံ ၃၃ ဘုံစလုံး အော်မြည်ထစ်ချုံးနေကြချေပြီ။ ဖန်ဆင်းရှင်တို့က လေပေါ်ပျံတက်၍ ကောင်းကင်ဘုံများအပေါ် ဆင်းသက်ကာ ခိုင်ဧကရာဇ်၏ စစ်တပ်ဘက်မှ ကူညီရင်း ရွှင်ပျော်ပျော်ကျေးရွာထဲ ဝင်ရောက်လာကြသော ကောင်းကင်နတ်ဘုံစစ်တပ်ကို ရှင်းလင်းသတ်ဖြတ်ပေးနေကြသည်။

လန်ဝူမှာ ကောင်းကင်နတ်ဘုံစစ်တပ်၏ တားဆီးခြင်း ခံနေရသည်။ ကောင်းကင်နတ်ဘုံ၏ ကောင်းကင်နတ်မင်းလေးပါးက နတ်မင်းလေးပါးကောင်းကင်လက်နက်များကို ထိန်းချုပ်လျက် သူမအား ဝိုင်းတိုက်ခိုက်နေကြသည်။ ကောင်းကင်လက်နက်များ၏ စွမ်းအားများသည် အဆုံးအစွန်အထိ တိုးမြင့်ခံထားရပြီး နဂါးစိမ်း၊ ကျားဖြူ၊ မီးငှက်နှင့် လိပ်နက်တို့အဖြစ် အသွင်ပြောင်းနေကြ၏။

လန်ဝူက တိုက်ခိုက်လိုက်၊ နောက်ဆုတ်လိုက်ဖြင့် နတ်မင်းလေးပါးလက်နက်များကို ထိန်းထားသည်။ နတ်မင်းလေးပါးသည် ဝိုင်းထားသည့်ကြားမှပင် သူမသည် က်ပြေးလွတ်မြောက်သွား၏။

ကောင်းကင်နတ်ဘုံစစ်တပ်က ရွှင်ပျော်ပျော်ကျေးရွာနောက်မှ လိုက်ဖမ်းရင်း ကမ္ဘာဦးဘုံထဲသို့ အလုံးအရင်း ဝင်ရောက်လာကြသည်။

ဤအချိန်တွင် မဟာလေဟာနယ်တစ်ဖက်ကမ်း၌ ကျန်ခဲ့နေသော ဖန်ဆင်းရှင်မျိုးနွယ်မှ နတ်ဘုရင်အသစ်တစ်ပါး တင်မြှောက်ပြီးသည့်အချိန်၌ လူရိပ်တစ်ခုသည် လေဟာနယ်တံတားတွင် ပေါ်လာကာ မဟာလေဟာနယ်တစ်ဖက်ကမ်းသို့ ရောက်လာသည်။

ကောင်းကင်နတ်အရှင်ရှောင်က အသစ်စက်စက်နတ်ဘုရင် ကျုံးယွဲ့၏ ဘေးတွင် ပေါ်လာသည်။ သူက ပျောက်ကွယ်မသွားသေးသော ဘိုးဘေးဝိညာဉ်ကမ္ဘာဆီသို့ မော့ကြည့်လိုက်ရင်း ပြုံးလိုက်သည်။

“ညီလေးသုံးလော့ရှောင်၊ အစ်ကိုနှစ် ရောက်လာပြီ” သူ၏အသံက ဘိုးဘေးဝိညာဉ်ကမ္ဘာတခွင် ပဲ့တင်ထပ်သွား၏။

ဘိုးဘေးဝိညာဉ်လုံရှောင်၏ မျက်နှာက ဘိုးဘေးဝိညာဉ်ကမ္ဘာတွင် ပေါ်လာပြီး ခပ်မာမာ သတိပေးလိုက်သည်။ “သတိထားကြ…”

ဘိုးဘေးဝိညာဉ်ကမ္ဘာတစ်ခုလုံး ဧရာမမျက်လုံးကြီးတစ်လုံးအဖြစ် ပြောင်းလဲသွားပြီး ဘိုးဘေးဝိညာဉ်အားလုံး၏ အသိစိတ်အလျဉ်တို့က ထိုက်ချူမူလကျောက်တုံးမှတစ်ဆင့် ပေါက်ကွဲထွက်လာကြသည်။

ကောင်းကင်နတ်အရှင်ရှောင်က ကျယ်လောင်စွာ ရယ်မောလိုက်ရင်း ဘိုးဘေးဝိညာဉ်တို့၏ အသိစိတ်အလျဉ်အား သူ့ကို တိုက်ခိုက်ခွင့်ပေးထားသည်။ ထိုအသိစိတ်အလျဉ်တို့သည် သူ့စိတ်ထဲ ဝင်ရောက်လာကြသော်လည်း မည်သည့်စွမ်းအားမှ ပေါက်ကွဲမသွားကြပေ။ သူ၏သန့်စင်ခြင်းကိုသာ ခံလိုက်ရလေသည်။

“မင်းတို့ရဲ့ အသိစိတ်အလျဉ်တွေက ငါ့ဆီကနေ ခိုးထားခဲ့ကြတာလေ’’

ကောင်းကင်နတ်အရှင်ရှောင်က လက်မြှောက်၍ ဘိုးဘေးဝိညာဉ်ကမ္ဘာ၏ ထိုက်ချူမူလကျောက်တုံးကို လှမ်းယူလိုက်သည်။ “အခုတော့ မူလပိုင်ရှင်ဆီကို ပြန်ရောက်ရတာပါပဲ … ငါ ဒီနေ့ရက်ကို စောင့်နေခဲ့တာ ကြာခဲ့ပြီ”

ဝုန်း….

ဘိုးဘေးဝိညာဉ်ကမ္ဘာမှ ဖန်ဆင်းရှင်များ၏ အသိစိတ်အလျဉ်များက ပို၍ အားကောင်းလာကြသော်လည်း ကောင်းကင်နတ်အရှင်ရှောင်ထံ ရောက်သွားသည့်အချိန်တွင် မည်သည့်တိုက်ကွက်မှ အသုံးမဝင်တော့ပေ။

နတ်ဘုရင်အသစ်ကျုံးယွဲ့က ရုတ်တရက် ခုန်တက်ကာ ကောင်းကင်နတ်အရှင်ရှောင်ကို တိုက်ခိုက်လိုက်သည်။ သို့သော် သူမ၏တိုက်ကွက်များမှာလည်း ကောင်းကင်နတ်အရှင်ရှောင်အတွက် အရာပင်မထင်ပေ။

ဖန်ဆင်းရှင်ထောင်ပေါင်းများစွာသည် ကောင်းကင်နတ်အရှင်ရှောင်ဆီ ပြေးဝင်လာကြပြီး ကောင်းကင်နတ်အရှင်ရှောင်က ဘိုးဘေးဝိညာဉ်ကမ္ဘာကို ဖွဲ့တည်ပေးထားသည့် ထိုက်ချူမူလကျောက်တုံးကို ဆွဲယူနေသည်။

သူက အားဖြင့် ဆွဲလိုက်သည့်အခါ ဘိုးဘေးဝိညာဉ်ကမ္ဘာမှာ ပြိုလဲသွား၏။ မရေမတွက်နိုင်သော ဘိုးဘေးဝိညာဉ်များ ဖျက်ဆီးခံလိုက်ရပြီး သူတို့၏အသိစိတ်အလျဉ်များမှာ ကောင်းကင်နတ်အရှင်ရှောင်၏ ဝါးမြိုခြင်း ခံလိုက်ကြရတော့သည်။

“လန်ဝူ ထွက်သွားလို့သာပေါ့…”

ဘိုးဘေးဝိညာဉ်လော့ရှောင်က ပြုံးလိုက်၏။ “အနည်းဆုံးတော့ ဖန်ဆင်းရှင်တွေက မျိုးသုဥ်းသွားတဲ့ မျိုးနွယ် မဟုတ်တော့ဘူးပေါ့လေ..”

သူ၏ ဝိညာဉ်နှင့် အသိစိတ်တို့သည် အက်ကွဲသွားပြီး သူ၏ အသိစိတ်အလျဉ်မှာ အမှောင်ထုထဲသို့ ကျဆင်းသွားတော့သည်။

All Chapters