← Chapters

မျိုးဖြုတ်ခြင်း

Vol. 118 Ch. 1546

မျိုးဖြုတ်ခြင်း

Vol. 118 Ch. 1546

ကောင်းကင်နတ်အရှင်ရှောင်က မူလကျောက်တုံးကို လက်ထဲတွင် ကိုင်ထားလျက် ဘေးဘီဝဲယာအား ကြည့်နေသည်။ သူ၏အကြည့်ထဲတွင် ပျော်ရွှင်မှုနှင့် ဝမ်းနည်းမှုတို့ ရောထွေးနေသည့်အလားပင်။

မရေမတွက်နိုင်သော ဖန်ဆင်းရှင်များက သူ့ထံ ပြေးဝင်လာကြသည်။ မဟာလေဟာနယ်တစ်ဖက်ကမ်းရှိ ဖန်ဆင်းရှင်များသည် ကောင်းကင်နတ်ဘုံစစ်တပ်နှင့် တိုက်ပွဲများစွာ အသေအကြေ တိုက်ခိုက်ခဲ့ဖူးသဖြင့် တိုက်ခိုက်ရေး ကျွမ်းကျင်ကြလေသည်။

ထိုမျှသာမက လန်ဝူသည် ကိုယ်တိုင်ဦးဆောင်၍ ပြုပြင်ပြောင်းလဲမှုအား မျှဝေခဲ့၏။ မူလအသိစိတ်အလျဉ်ကျင့်စဉ်စနစ်ကို ကောင်းကင်ရတနာနှင့် ကောင်းကင်နန်းဆောင်ကျင့်စဉ်စနစ်ဖြင့် ပေါင်းစည်းခဲ့သည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာသို့လည်း ဖန်ဆင်းရှင်များ စေလွှတ်ကာ ပြုပြင်ပြောင်းလဲမှုကို ရယူစေသည်။ လက်ရှိဖန်ဆင်းရှင်မျိုးနွယ်သည် ကမ္ဘာဦးခေတ် ဖန်ဆင်းရှင်မျိုးနွယ်ထက် အဆပေါင်းများစွာ အင်အားကြီးမား၏။

သူတို့က မူလဝိညာဉ်များကို ကျင့်ကြံထားကြပြီးသည့်အပြင် တာအိုကျင့်စဉ်စနစ်ကိုလည်း သင်ယူထားကြသည်။ သူတို့၏စွမ်းဆောင်ရည်များက အလွန်တရာ ထူးကဲကောင်းမွန်ပြီး ကောင်းကင်နတ်သိုင်းများကလည်း ထူးချွန်ပြောင်မြောက်ကြ၏။ အသိစိတ်အလျဉ်ကို အဓိက အသုံးပြုကာ တိုက်ခိုက်ကြသော်လည်း ချီစွမ်းအင်တို့ကပါ သိပ်သည်းအားကောင်းကြသည်။

သို့သော် သူတို့မှာ ကောင်းကင်နတ်အရှင်ရှောင်ဘေးသို့ မရောက်ခင်မှာပင် ကောင်းကင်နန်းဆောင်များက သူ့အနောက်တွင် ပေါ်လာကြ၏။ နှိုင်းယှဉ်မရနိုင်အောင် ပြင်းထန်သည့် စွမ်းအင်အရှိန်အဝါတို့က သူတို့ကို လွှမ်းခြုံသွားသဖြင့် အကုန်လုံး နွံထဲ နစ်သွားသကဲ့သို့ မလှုပ်နိုင်ကြတော့ပေ။

သူတို့အကြား စွမ်းအားကွာခြားမှုမှာ ကြီးမားလွန်းသည် မဟုတ်ပါလော။ လန်ဝူကို ဖိနှိပ်နိုင်သည့် ဘိုးဘေးဝိညာဉ်ကမ္ဘာပင်လျှင် ကောင်းကင်နတ်အရှင်ရှောင် အရှေ့၌ ရွှံ့ရုပ်သာသာ,သာ ရှိလေသည်။ သူ၏ လက်တစ်ဖက် မြှောက်လိုက်ရုံနှင့် ကမ္ဘာတစ်စင်းလုံး ပြိုလဲသွားလေရာ သူတို့ကိုတော့ ထည့်တွက်နေစရာပင် မလိုချေ။

ထိုမျှသာမက ထိုက်ချူတာအိုတွင် အသိစိတ်အလျဉ်နှင့် မွေးရာပါချီတို့ ပါဝင်ကြသည်။ မွေးရာပါချီသည် ထိုက်ချူချီစွမ်းအင် ဖြစ်ပြီး အလွန်တရာ အဆင့်မြင့်၏။ သူတို့၏အသိစိတ်အလျဉ်နှင့် ချီစွမ်းအင်တို့ ထိတွေ့တိုက်ခိုက်ကြသည့်အခါတွင် အသိစိတ်အလျဉ်တို့မှာ ကောင်းကင်နတ်အရှင်ရှောင်၏ စုပ်ယူခြင်း ခံရပြီး သူ့အတွက် အာဟာရများ ဖြစ်လာကြသည်။

သူတို့၏အသိစိတ်အလျဉ်များသည် ထိုက်ချူမူလကျောက်တုံးမှတဆင့် ရရှိခဲ့ကြခြင်း ဖြစ်၏။ ကောင်းကင်နတ်အရှင်ရှောင်အတွက်တော့ ပိုင်ရှင်ဆီသို့ ပြန်ရောက်သွားကြခြင်းပင်။

ကောင်းကင်နတ်အရှင်ရှောင်က သူ့ကို တိုက်ခိုက်နေကြသည့် ဖန်ဆင်းရှင်များကို ဂရုမစိုက်ဘဲ မူလကျောက်တုံးကို မြှောက်ကာ အကဲခတ်ကြည့်နေသည်။ သူမျက်နှာပေါ်ရှိ ဝမ်းနည်းမှုများက ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားပြီး ပျော်ရွှင်မှုများသာ ကျန်ရစ်ခဲ့တော့သည်။

သူ၏ပျော်ရွှင်မှုက ပိုပို၍ အားကောင်းလာပြီး သူ့လက်ထဲရှိ မူလကျောက်တုံးက တဖြည်းဖြည်း မြောက်တက်သွား၏။ သူကား မွေးရာပါချီနှင့် အသိစိတ်အလျဉ်ကို ပေါင်းစည်းထားသော ထိုက်ချူတာအိုကို သုံး၍ မူလကျောက်တုံးကို အသက်သွင်းရန် ကြိုးစားနေချေပြီ။

သူ့အနောက်တွင် နောက်ထပ်ဖန်ဆင်းရှင်များက ထပ်မံပြေးဝင်လာနေကြ၏။ သို့သော် သူတို့အားလုံး ကြက်သေသေကုန်ကြသည်။ အင်အားကြီးမားသော မျိုးနွယ်စုခေါင်းဆောင်များနှင့် အကြီးအကဲများမှာ အချိန်နှေးကွေးသွားသကဲ့သို့ နှေးသွားကြပြီး ပို၍အားနည်းသူများကတော့ လုံးဝရပ်တန့်သွားကြလေသည်။

ထိုက်ချူတာအို၏ စွမ်းအားကား သူတို့၏ရှေ့မှောက်က ထွက်ပေါ်လာသည်။

ကောင်းကင်နတ်အရှင်ရှောင် မူလကျောက်တုံး၏စွမ်းအားကို အသက်သွင်းလိုက်သည်နှင့် သူ့အနီးတွင် ရှိနေသော နတ်ဘုရင်ကျုံးယွဲ့၏ မူလဝိညာဉ်၊ ရုပ်ခန္ဓာနှင့် ဝိညာဉ်တို့မှာ လွင့်ပြယ်ပျောက်ကွယ်ကုန်ကြသည်။

သူမသည် လန်ဝူပြီးလျှင် အသန်မာဆုံး ဖန်ဆင်းရှင် ဖြစ်သည်။ သို့သော် သူမပင်လျှင် ကောင်းကင်နတ်အရှင်ရှောင်ကဲ့သို့ ပုဂ္ဂိုလ်မျိုးနှင့် ရင်ဆိုင်ရသည့်အခါတွင် စွမ်းအားမဲ့သွားရ၏။

ကောင်းကင်နတ်အရှင်ရှောင်က သူတို့၏ရန်သူ ဖြစ်သည်သာမက သူတို့အားကိုးထားသော အသိစိတ်အလျဉ်၏ မူလရင်းမြစ်လည်း ဖြစ်နေသည်။

ထိုသို့ပုဂ္ဂိုလ်မျိုးကို ရင်ဆိုင်နေရသည့်အတွက် သူတို့၏နှလုံးသားထဲတွင် အကြောက်တရားများ ကြီးထွားလာတော့သည်။

သို့သော် နတ်ဘုရင်ကျုံးယွဲ့ကား အခိုင်မာဆုံး ကျင့်ကြံခြင်းအခြေခံကို ပိုင်ဆိုင်ထားသည့်အလျောက် သူမရုပ်ခန္ဓာမှာ မွေးရာပါချီအဖြစ် ဖြည်းဖြည်းချင်းသာ ပြိုကွဲနေသည်။ သူမ၏အသိစိတ်အလျဉ်သည် မူလကျောက်တုံး၏ ဖိနှိပ်ခြင်းခံထားရသဖြင့် တခဏအတွင်း မသေနိုင်သေးပေ။

သို့သော် ကျန်မျိုးနွယ်စုခေါင်းဆောင်များနှင့် အကြီးအကဲများမှာတော့ လျင်မြန်စွာ ပြိုကွဲကုန်ကြသည်။

နတ်ဘုရင်ကျုံးယွဲ့၏ မျက်နှာမှာ စာရွက်အလွှာများကဲ့သို့ တစ်လွှာချင်း ပြိုကွဲနေပြီး သူမ၏အရေပြားမှာလည်း တစ်လွှာပြီးတစ်လွှာ လောင်ကျွမ်း‌နေ၏။

သူမက ပြေးဝင်လာနေကြသော ဖန်ဆင်းရှင်များကို အော်ဟစ်သတိပေးရန် ပါးစပ်ဟလိုက်သော်လည်း သူမ၏အသံမှာ သံရှည်ဆွဲသွားပြီး အသိစိတ်အလျဉ်ကိုလည်း မထုတ်လွှတ်နိုင်တော့ပေ။

ဤအခြေအနေမှာ မဟာဧကရာဇ်၏ မဟာခြုံလွှမ်းအဆင့်မြင့် အသိစိတ်အလျဉ်နယ်ပယ်ကဲ့သို့ ဖြစ်ချေသည်။ မဟာဧကရာဇ်သည် သူ၏ကိုယ်ပိုင်နယ်ပယ်ကို နားလည်သိမြင်ခဲ့သူဖြစ်ပြီး ထိုသို့နားလည်သိမြင်ခဲ့သည့် ပထမဦးဆုံးပုဂ္ဂိုလ်ဆိုလည်း မမှားပေ။ မဟာခြုံလွှမ်းအဆင့်မြင့် အသိစိတ်အလျဉ်နယ်ပယ်က အသိစိတ်အလျဉ်ကို သုံး၍ အချိန်ရပ်တန့်သည့် နယ်ပယ်တစ်ခု ဖန်တီးခြင်း ဖြစ်သည်။

သူသည် ဤနည်းလမ်းကို သုံး၍ ကောင်းကင်နတ်အရှင်လင်နှင့် မတွေ့ခင်အချိန်အထိ ပြိုင်ဖက်ကင်းခဲ့သည်။ ကောင်းကင်နတ်အရှင်လင် ထွက်ပေါ်လာသည့်အခါ အချိန်၏ မတည်ရှိမှုကို ထွင်းဖောက်မြင်သွားပြီး မပြောင်းလဲသော ကောင်းကင်နတ်သိုင်းကို ဖန်တီးကာ ‘မဟာဧကရာဇ်၏ အဆင့်မြင့်အသိစိတ်အလျဉ်နယ်ပယ်က ပြိုင်ဘက်ကင်းသည်’ ဟူသော ဒဏ္ဍာရီကို ဖျက်ဆီးခဲ့၏။

ကောင်းကင်နတ်အရှင်ရှောင်အနေဖြင့် မဟာဧကရာဇ်၏ အသိစိတ်အလျဉ်နယ်ပယ်ကို မြင်ဖူးသော်လည်း တစ်ခါမှ သင်ကြားပေးခြင်း မခံခဲ့ရပေ။ သို့သော် သူ၏အသိစိတ်အလျဉ် လျင်မြန်စွာ ကြီးထွားလာသည်နှင့်အမျှ မဟာခြုံလွှမ်းအဆင့်မြင့် အသိစိတ်အလျဉ်နယ်ပယ်ကို အလိုအလျောက် သဘောပေါက်လာသည်။

သူ့အတွက် အရာအားလုံး အလွယ်တကူ ဖြစ်လာကြ၏။

ထိုမျှသာမက သူ၏အသိစိတ်အလျဉ်နယ်ပယ်ကား မဟာဧကရာဇ်၏ အသိစိတ်အလျဉ်နယ်ပယ်ထက် ပြီးပြည့်စုံကာ ပြစ်ချက်နည်းသည်။

သူ၏ အသိစိတ်အလျဉ်နယ်ပယ်က မွေးရာပါချီနှင့် ထိုက်ချူတာအိုတို့၏ ခမ်းနားမှုတို့ကိုလည်း ပေါင်းစည်းထားလေသည်။ ၎င်းက တခြားသူများ၏ ချီစွမ်းအင်ကို သိမ်းပိုက်ကာ မွေးရာပါချီအဖြစ် ပြောင်းလဲပေးနိုင်သလို၊ အသိစိတ်အလျဉ်များကိုလည်း စုပ်ယူ၍ သူ၏ကိုယ်ပိုင်အသိစိတ်အလျဉ်အဖြစ် ပြောင်းပေးနိုင်၏။

“ပြေးကြ”

အသိစိတ်အလျဉ်နယ်ပယ်၏ အစွန်းရှိ ဖန်ဆင်းရှင်တစ်ဦးက အန္တရာယ်ကို အာရုံခံမိသွားသဖြင့် ချက်ချင်း ရပ်တန့်လိုက်သည်။ သူက ချာခနဲ လှည့်ပြီး အသည်းအသန် ထွက်ပြေးကာ အော်ဟစ်လိုက်၏။ “အားလုံးပဲ ပြေးကြတော့”

ပြေးဝင်လာကြသော အခြားဖန်ဆင်းရှင်များက သူ့ကို ဖြတ်သွားပြီး ကောင်းကင်နတ်အရှင်ရှောင်ထံ ဦးတည်နေကြသော်လည်း အားလုံး ရပ်တန့်ကုန်ကြသည်။

ပို၍များပြားသော ဖန်ဆင်းရှင်များမှာ အန္တရာယ်ကို သဘောပေါက်သွားကြသည့်အတွက် ပြန်လှည့်ကုန်ကြ၏။ ကံကောင်းထောက်မ၍ ထွက်ပြေးနိုင်ခဲ့သော အကြီးအကဲတစ်ဦးက ကြေကွဲဝမ်းနည်းစွာဖြင့် အော်ဟစ်လိုက်လေသည်။ “နတ်ဘုရင်လန်ဝူ ပြောတာမှန်တယ်… ရွှင်ပျော်ပျော်ကျေးရွာသာ မရှိရင် မဟာလေဟာနယ်က လှောင်အိမ်ကြီးတစ်ခုပဲ… မျိုးနွယ်ဝင်တွေအားလုံး နားထောင်ကြ… လေဟာနယ်တံတားဆီ ချက်ချင်း သွားကြတော့… မဟာလေဟာနယ်ကို ထားခဲ့ကြတော့”

ဖန်ဆင်းရှင်အားလုံးမှာ မျိုးနွယ်ဝင်ကျန်ခဲ့ရာဆီသို့ အသည်းအသန် ထွက်ပြေးရင်း မျိုးနွယ်ဝင်များနှင့်အတူ လေဟာနယ်တံတားသို့ သွားရောက်ရန် စီစဉ်နေကြ၏။ လေဟာနယ်တံတားသို့ ထွက်ပြေးနိုင်ပါက ရှင်သန်နိုင်မည့် အခွင့်အရေး ရှိသေးသည်။

သို့သော် ကောင်းကင်နတ်အရှင်ရှောင် ထိုက်ချူကျောက်တုံးကို အသက်သွင်းနေသည့်အခါ သူ၏အသိစိတ်အလျဉ်နယ်ပယ်ကလည်း ကြောက်မက်ဖွယ်ကောင်းစွာ ပျံ့ကားလာနေသည်။

သူတို့ ထွက်ပြေးနေကြသော်လည်း အသိစိတ်အလျဉ်နယ်ပယ်က လျင်မြန်စွာပင် ကျယ်ပြန့်လာကြသောကြောင့် နောက်ကျကျန်ခဲ့သည့်သူများမှာ ကြက်သေသေကာ မလှုပ်ရှားနိုင်ကြတော့ပေ။

ထိုသို့ ရပ်တန့်သွားကြသည့် ဖန်ဆင်းရှင်များ၏ မျက်လုံးထဲတွင် သူတို့မျိုးနွယ်ဝင်များမှာ မှန်းမဆနိုင်သော အမြန်နှုန်းများဖြင့် ထွက်ပြေးနေကြသော်လည်း အချိန်တို့က ရပ်တန့်နေကြသည့်အလားပင်။

ကောင်းကင်ရှိ ကြယ်တာရာများပင်လျှင် ပျံ့ကားလာနေသော အသိစိတ်အလျဉ်နယ်ပယ်ကြောင့် ရပ်တန့်နေကြသည်။ ကြီးမားကျယ်ပြန့်သည့် နဂါးငွေ့တန်းကြီးပင်လျှင် အသိစိတ်အလျဉ်နယ်ပယ်အတွင်း၌ အလုပ်မလုပ်နိုင်တော့ပေ။

ကောင်းကင်နတ်အရှင်ရှောင်၏ အသိစိတ်အလျဉ်နယ်ပယ်က ဆက်လက်ဖြန့်ကျက်လာပြီး မကြာမီ ဖန်ဆင်းရှင်တို့၏ ပထမဆုံးကောင်းကင်ဘုံသို့ ရောက်ရှိလာ၏။

နယ်ပယ်က ကောင်းကင်ဘုံတစ်ဘုံလုံးအား လွှမ်းခြုံသွားချေပြီ။ ဤကောင်းကင်ဘုံတွင် ဖန်ဆင်းရှင် တစ်သိန်းကျော် နေထိုင်ပြီး သူတို့အားလုံး ချက်ချင်း အေးခဲရပ်တန့်ကုန်ကြသည်။ သူတို့၏ခန္ဓာကိုယ်များမှာ အမျိုးမျိုးသော အနေအထားများ ဖြစ်နေကြသည်။ တချို့က မိသားစုများနှင့်အတူ ထွက်ပြေးနေကြပြီး တချို့ကတော့ ကောင်း‌ကင်ပေါ် ပျံတက်နေကြ၏။ တချို့က အိမ်၏ အရိပ်ထဲတွင် ပုန်းနေကြပြီး တချို့ကတော့ ဒေါသထွက်နေကြသည်။ ဒေါသထွက်နေကြသူများက ပြန်သွား၍ ကောင်းကင်နတ်အရှင်ရှောင်နှင့် အသေအကြေ တိုက်ခိုက်ရန် စီစဉ်နေကြခြင်း ဖြစ်လိမ့်မည်။

တချို့မှာ ကြောက်ရွံ့နေကြပြီး တချို့ကတော့ ကြေကွဲဝမ်းနည်းနေကြသည်။ တချို့သည် ကြောက်ရွံ့တုန်လှုပ်နေကြသော်လည်း မည်သူမှ ထွက်ပြေးလွတ်မြောက်နိုင်ခြင်း မရှိကြပေ။

အသိစိတ်အလျဉ်နယ်ပယ်က ဆက်လက်ပျံ့ကားနေဆဲပင်။ မကြာမီ ၎င်းသည် ဒုတိယကောင်းကင်ဘုံ၊ တတိယကောင်းကင်ဘုံနှင့် စတုတ္ထကောင်းကင်ဘုံများအထိ ရောက်လာခဲ့ချေပြီ။

မဟာလေဟာနယ်တစ်ဖက်ကမ်းတွင် ဖန်ဆင်းရှင်များသည် ကြီးမြတ်ထည်ဝါသော လူနေမှုအဖွဲ့အစည်းတစ်ခုကို တည်ထောင်ခဲ့ကြ၏။ ကမ္ဘာဦးခေတ်တုန်းကလောက် မခမ်းနားသော်လည်း ကောင်းကင်ဘုံများတွင် နေထိုင်နေကြသော ဖန်ဆင်းရှင်များ သန်းပေါင်းများစွာ ရှိနေသေးကြသည်။

သို့သော် တစ်ယောက်မှ မလွတ်မြောက်တော့ပေ။

“မင်းတို့ ဘယ်လိုလုပ် လွတ်နိုင်မှာလဲ”

ကောင်းကင်နတ်အရှင်ရှောင်က မူလကျောက်တုံးကို မော့ကြည့်လိုက်သည်။ သူသည် ၎င်းထံမှ အကြည့်မလွှဲသော်လည်း မဟာလေဟာနယ်တစ်ဖက်ကမ်းရှိ ဖန်ဆင်းရှင်အမျိုးမျိုးကို တွေ့မြင်နေရသည့်အလားပင်။ “မင်းတို့က ငါ့ရဲ့အသိစိတ်အလျဉ်ကို သုံးပြီး မဟာလေဟာနယ်တစ်ဖက်ကမ်းကို တည်ထောင်ခဲ့ကြတာကိုး” သူက ပြုံးလျက် ပြောနေသည်။ “ငါ့အတွက် ဒီနေရာကို လာဖျက်ဆီးဖို့က အလွယ်ကူဆုံးပဲ… တခြားနေရာမှာသာ ဆိုရင် ငါ့ရဲ့ အသိစိတ်အလျဉ်နယ်ပယ်က ဒီလောက်မြန်မြန် ပျံ့ကားနိုင်မှာ မဟုတ်သလို ဒီလောက်နေရာများများကိုလည်း လွှမ်းခြုံနိုင်မှာမဟုတ်ဘူး… ဒါပေမဲ့ ဒီနေရာမှာတော့…”

သူက တစ်ခဏ ရပ်ပြီးနောက် မဲ့သလို ပြုံးလိုက်သည်။ “မဟာလေဟာနယ်တစ်ခုလုံးက ငါ့ရဲ့ပိုင်နက်ပဲ… ငါက ငါ့ပိုင်နက်ကို ကျူးကျော်လာနေကြတဲ့ ပုရွက်ဆိတ်လေးတွေကို လာနင်းချေပေးရုံပဲ ရှိတာ”

သူက သူနှင့်အနီးဆုံး ဖြစ်သော နတ်ဘုရင်ကျုံးယွဲ့အား လှမ်းကြည့်လိုက်ပြီး အေးအေးလူလူ ပြော၏။ “မင်းက မသေသေးဘူးဆိုတော့ မင်းရဲ့ ကျင့်ကြံခြင်းအခြေခံက မဆိုးဘူးပဲ… ဒါပေမဲ့ မင်းက တုံးလွန်းတယ်… ညီလေးသုံးလော့ရှောင်နဲ့ မဟာဧကရာဇ်နီးနီးကို တုံးတာ… အင်း ညီအငယ်ဆုံးလေးကလည်း အဲ့လောက် ဉာဏ်မကောင်းပါဘူးလေ”

သူ၏မျက်နှာပေါ်ရှိ အပြုံးက ပို၍တောက်ပလာသည်။ “ညီအငယ်ဆုံးလေးက ငါ ကမ္ဘာဦးဘုံမာန်ဟုန်မြစ်ဆီ သွားပြီး ငါ့ရဲ့ ရုပ်ခန္ဓာအတွက် အသက်ကို ရင်းလိမ့်မယ် ထင်နေတာ… သူက မာန်ဟုန်မြစ်တိုက်ပွဲကို ရင်ဆိုင်ဖို့ ကောင်းကင်နတ်အရှင်ယွဲ့နဲ့ ခိုင်ဧကရာဇ်ကို သွားရှာခဲ့တယ်လေ… အဲ့ဒါတင် မဟုတ်သေးဘူး… အသည်းအသန် သတင်းဖြန့်ပြီးတော့ ငါ့ရဲ့သား ကောင်းကင်နတ်အရှင်ဟောင်ကိုလည်း ငါနဲ့ တိုက်ခိုက်အောင် မျှားခေါ်ခဲ့သေးတယ်”

သူက ကျောနောက်သို့ လက်ပစ်လိုက်ပြီး နတ်ဘုရင်ကျုံးယွဲ့ကို ပြောသည်။ “သူ့အစီအစဉ်က သိပ်ကို ကောင်းတယ်.. ခိုင်ဧကရာဇ်၊ ကောင်းကင်နတ်အရှင်ယွဲ့နဲ့ ကောင်းကင်နတ်အရှင်ဟောင်တို့သာ ရှိနေရင် ငါ့ရုပ်ခန္ဓာကို ပြန်ယူနိုင်ရင်တောင်မှ အပြင်းအထန် ဒဏ်ရာရသွားလိမ့်မယ်လေ… သူကတော့ အကျိုးအမြတ်တွေကို သိမ်းပိုက်နိုင်သွားမှာပေါ့… ဒါပေမဲ့ သူလို ငချွတ်လေးက ဘယ်လိုလုပ် ငါ့ကို အနိုင်ယူနိုင်မှာလဲ… ငါ ဖြစ်စေချင်တဲ့အတိုင်း ခိုင်ဧကရာဇ်နဲ့ ကောင်းကင်နတ်အရှင်ယွဲ့ကို သွားရှာခဲ့တာပဲ”

နတ်ဘုရင်ကျုံးယွဲ့၏ မျက်လုံးများတွင် ကြေကွဲဝမ်းနည်းမှုတို့ ပြည့်လျှံနေသည်။ သူမ၏မျက်ဝန်းထဲတွင် မဟာလေဟာနယ်ရှိ အရာအားလုံး ရပ်တန့်နေကြ၏။ မဟာလေဟာနယ်တစ်ခုလုံးမှာ အထွတ်အထိပ် အသိစိတ်အလျဉ်နယ်ပယ်အဖြစ် ဖွဲ့တည်နေသည်။

နယ်ပယ်ထဲတွင် ဖန်ဆင်းရှင်အားလုံးသည် မွေးရာပါချီမျှင်များအဖြစ် ပြောင်းလဲလျက် ကောင်းကင်နတ်အရှင်ရှောင်၏ ခန္ဓာကိုယ်ထဲ ဝင်ရောက်ကာ ပေါင်းစည်းသွားကြ၏။

ဖန်ဆင်းရှင်များ၏ အသိစိတ်အလျဉ်များ ပျံ့လွင့်လာရင်း ကောင်းကင်နတ်အရှင်ရှောင်၏ အသိစိတ်အလျဉ်အဖြစ် ပြောင်းလဲအားဖြည့်ပေးနေရသည်ကိုလည်း နတ်ဘုရင်ကျုံးယွဲ့ တွေ့မြင်နေရသည်။

သူမ၏မျိုးနွယ်ဝင်များ သေဆုံးနေကြခြင်းက သူမ၏နှလုံးသားကို ဓားဖြင့် သွေးအေးအေး မွှမ်းနေသကဲ့သို့ နာကျင်နေစေ၏။

“ခိုင်ဧကရာဇ်က သိပ်ကို စွမ်းအားကြီးတယ်… လန်ဝူနဲ့ ကောင်းကင်နတ်အရှင်ယွဲ့ရဲ့ အကူအညီနဲ့ပါဆို ငါ သူ့ကို အနိုင်ယူဖို့ ယုံကြည်ချက် မရှိဘူး”

ကောင်းကင်နတ်အရှင်ရှောင်က သူမကို ပြုံးပြနေသည်။ “ဒါကြောင့် ငါ အခွင့်အရေးတစ်ခုကို စောင့်ရတာပဲ… ခိုင်ဧကရာဇ်၊ ကောင်းကင်နတ်အရှင်ယွဲ့နဲ့ လန်ဝူ ဒီနေရာက ထွက်သွားမယ့် အခွင့်အရေးပေါ့… ငါ စောင့်ခဲ့တယ်”

သူကား ပြုံးနေဆဲပင်။ “ငါက တခြားသူတွေထက် ပိုပြီး စိုးရိမ်ပူပန်တတ်တယ်လို့ ကောင်းကင်နတ်အရှင်မူက ထင်နေတာ… ဒါပေမဲ့ သူ မှားတယ်… စိုးရိမ်ပူပန်တတ်ဆုံးသူက ငါ မဟုတ်ဘူး… သူ၊ မဟာဧကရာဇ်နဲ့ ဟောင်အာပဲ… ငါကတော့ လုံးဝ မစိုးရိမ်တတ်ဘူး”

ဖန်ဆင်းရှင်များ၏ ရုပ်ခန္ဓာများမှာ နယ်ပယ်ထဲတွင် တစ်ခုပြီးတစ်ခု လွင့်ပြယ်ပျောက်ကွယ်နေကြသည်။ သူ၏ သိုင်းအခြေခံက ပို၍မြင့်မားလာသလို မှော်စွမ်းအင်ကလည်း ပို၍ပြင်းထန်အားကောင်းလာ၏။

သူ၏ကောင်းကင်နတ်ဘုံအဆင့်မှာ ပြီးပြည့်စုံသောအခြေအနေဖြင့် နီးကပ်နေပြီ ဖြစ်သည့်အတွက် သိုင်းအခြေခံနှင့် ခွန်အားသည် ဆက်လက်တိုးတက်ရန် ခက်ခဲခဲ့သည်။ သို့သော် ယခုတွင်တော့ သိုင်းအခြေခံနှင့် ခွန်အားကား အဆပေါင်းများစွာ တိုးတက်လာခဲ့ပြီး အလွန်လျင်မြန်သော အမြန်နှုန်းဖြင့် ဆက်လက်တိုးတက်နေဆဲပင်။

“ကောင်းကင်နတ်အရှင်ယွဲ့ရဲ့ အခန်းသုံးခန်းက ရတနာတွေနဲ့ ကောင်းကင်နတ်သိုင်းတွေပါပဲ… ကောင်းကင်နတ်အရှင်ယွဲ့ကိုယ်တိုင်တောင် ငါ့ကို မတားနိုင်တာ သူ ဖန်တီးထားတဲ့ အသေးအမွှားရတနာလေးတွေနဲ့ ကောင်းကင်နတ်သိုင်းတွေက တားဆီးနိုင်မယ်တဲ့လား… မင်းတို့က အခန်းသုံးခန်းကို အားကိုးပြီး တခြားသူတွေကို မျှော်လင့်ယုံကြည်ကြတယ် … ကိုယ့်သေတွင်းကိုယ် တူးနေကြတာ မဟုတ်လား”

မဟာလေဟာနယ်ရှိ ကြယ်တာရာကောင်းကင်သည် ပြိုလဲလာပြီး မြင်ယောင်ဖန်ဆင်းထားသည့် အရာဝတ္ထုများလည်း အသိစိတ်အလျဉ်များအဖြစ် ပြန်လည်ပြောင်းလဲကုန်ချေပြီ။

ကောင်းကင်ဘုံများရှိ ဖန်ဆင်းရှင်များမှာလည်း ရှင်းလင်းသတ်ဖြတ်ခံလိုက်ရသည်။

ဖန်ဆင်းရှင်များသည် နှစ်သန်းပေါင်းများစွာကြာသည်အထိ ဤနေရာတွင် ရှိသမျှအရာအားလုံးကို အသိစိတ်အလျဉ်များဖြင့် မြင်ယောင်ဖန်ဆင်းခဲ့ကြ၏။ ယခုတွင်တော့ အရာအားလုံး မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားကြလေသည်။

ယင်းအခြေအနေကား ထိုက်ချူအခြေအနေ ဖြစ်သည်။

မျိုးသုဥ်းသတ်ဖြတ်ခြင်းက ပိုပို၍ မြန်လာသည်နှင့်အမျှ မဟာလေဟာနယ်မှာ တဖြည်းဖြည်း သေးငယ်လာသည်။ ကောင်းကင်နတ်အရှင်ယွဲ့ ထားခဲ့သည့် အခန်းသုံးခန်းက သူတို့နှင့် နီးကပ်သထက် နီးကပ်လာနေသည်။

မကြာမီ ပျက်စီးခြင်းသည် ကောင်းကင်နတ်အရှင်ရှောင်နှင့် နတ်ဘုရင်ကျုံးယွဲ့အနီးသို့ ရောက်လာ၏။ နတ်ဘုရင်ကျုံးယွဲ့မှာ အကြီးအကဲများနှင့် မျိုးနွယ်စုခေါင်းဆောင်များ မွေးရာပါချီနှင့် အသိစိတ်အလျဉ်အဖြစ် ပြောင်းလဲလျက် ကောင်းကင်နတ်အရှင်ရှောင်အတွက် အာဟာရဖြစ်လာနေသည်ကို မချိတင်ကဲ,သာ ကြည့်နေရသည်။

“အဆုံးသတ်ဖို့ အချိန်ပဲ”

ကောင်းကင်နတ်အရှင်ရှောင်က လက်မြှောက်၍ မူလကျောက်တုံးကို ယူလိုက်သည်။ နတ်ဘုရင်ကျုံးယွဲ့မှာ ဝုန်းခနဲ ပေါက်ကွဲသွားပြီး မွေးရာပါချီအဖြစ် ပြောင်းလဲသွားတော့သည်။

ကောင်းကင်နတ်အရှင်ရှောင်က ချာခနဲ လှည့်၍ အခန်းသုံးခန်းဆီသို့ လျှောက်သွားသည်။ သူက ပြုံးလျက် ‌ရေရွတ်လိုက်သည်။ “အစ်ကိုကြီးနဲ့ ညီငယ်လေးကို အကြာကြီး စောင့်ခိုင်းနေလို့ မရဘူးလေ”

All Chapters