← Chapters

ယန္တရား အလား အသံ

Vol. 22 Ch. 308

ယန္တရား အလား အသံ

Vol. 22 Ch. 308

ဒင်… ဒင်… ဒင်…

စည်းချက်ညီသည့် ခေါင်းလောင်းသံ ကိုးချက်မှာ တစ်ချက်ပြီး တစ်ချက် ထွက်ပေါ်လာသည်။ နောက်ဆုံး အသံ ထွက်ပေါ် အပြီးတွင် ဝေ့ဝူယင် အထက် ကောင်းကင်၌ အလွန် တောက်ပလှသော ရွှေရောင် အလင်းတန်း တစ်ခု ထွန်းလင်းလာ၏။ ၎င်းမှာ အလွန်တရာ တောက်ပလွန်းရကား ဝေ့ဝူယင်မှာ မျက်လုံးများ ကန်းသွားသလိုပင် ခံစားလိုက်ရသည်။

ဘုန်း…

ထိုအခိုက်တွင်ပင် အလွန်တရာ ကျယ်လောင်လှသည့် ပေါက်ကွဲသံ တစ်ခုက နားစည်များ ကွဲမတတ် ထွက်ပေါ်လာသည်။ ကျောရိုးများထဲမှ အလွန် ပြင်းထန်သည့် နာကျင်မှု တစ်ခုကို ဝေ့ဝူယင် ခံစားလိုက်ရ၏။ သူ၏ နားများကား အူဝေသွားကာ အမြင်အာရုံမှာလည်း ချက်ချင်းပင် အနက်ရောင် အဖြစ် ပြောင်းလဲသွားသည်။

သို့သော်လည်း ဝေ့ဝူယင် အသိစိတ် မလွတ်သေးချေ။

သူ စိတ်အာရုံကို စုစည်းရင်း ဦးနှောက်ကို အသည်းအသန် အလုပ်ပေးနေ၏။ မည်သည့် အရာများ ဖြစ်ပေါ်နေသနည်း။ ထိုပေါက်ကွဲမှုနှင့် အသံများက မည်သည့် နေရာမှ လာသနည်း။

"ဟင်း…"

ထိုအခိုက်တွင်ပင် သူ အသံတစ်ခုကို ကြားလိုက်ရ၏။

ထိုအသံ…

ဝေ့ဝူယင် ချက်ချင်းပင် ညာဘက်လက်ရှိ အပြစ်သား တက်တူးကို သတိရလိုက်၏။ အကယ်၍ သူသာ မြင်နိုင်မည် ဆိုပါက ကြောက်မက်ဖွယ် ကောင်းအောင် တဖြည်းဖြည်း တောက်ပလာနေသည့် အနီရင့်ရောင် သင်္ကေတများကို မြင်တွေ့ရလိမ့်မည် ဖြစ်သည်။

ဟူး… ဟူး…

လျှင်မြန်စွာပင် သင်္ကေတများက မီးတောက်များ အသွင် ပြောင်းလဲသွားကာ သူ့ခန္ဓာကိုယ်ကို စတင် လောင်ကြွမ်းလာ၏။ တစ်ခဏအတွင်းမှာပင် ၎င်းတို့မှာ ပို၍ သည်းကြီးမည်းကြီး ဖြစ်လာကာ အဆုံးမဲ့စွာ လောင်ကြွမ်းလေတော့သည်။

သို့သော်လည်း ထူးဆန်းစွာပင် ဝေ့ဝူယင်၏ အသွေးအသားများထက်၌ လောင်မြိုက်သည့် အမှတ်အသား တစ်ခုမှ မကျန်ရစ်ချေ။ ထိုမီးတောက်များမှာ သူ့ခန္ဓာကိုယ်ကို မဟုတ်ပဲ အခြား ဖြစ်တည်မှု တစ်ခုကို လောင်ကြွမ်းနေခြင်းသာ ဖြစ်ကြောင်း သူ လျှင်မြန်စွာပင် သိရှိလိုက်သည်။  ကောင်းကင်တာအို၏ စွမ်းအားများကိုပင်။

ဟူး… ဟူး…

မကြာခင်မှာပင် သူ မျက်လုံးများကို ပြန်လည် လှုပ်ရှားနိုင်စွမ်း ရှိလာခဲ့၏။

ထို့နောက် ညာဘက်လက်… ညာဘက် ခြေထောက်… ဤသို့နှင့် တစ်ဆင့်ပြီး တစ်ဆင့် … သူ ခန္ဓာကိုယ် တစ်ခုလုံးကို ပြန်လည် ထိန်းချုပ်လာနိုင်ခဲ့သည်။

ဝေ့ဝူယင် ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ရာ အရာရာက ရုပ်တုများလို ငြိမ်သက်နေကြောင်း တွေ့လိုက်ရသည်။ လောက တစ်ခုလုံး၌ သူကား တစ်ဉီးတည်းသော လှုပ်ရှားနိုင်သူ ဖြစ်ပုံပေါ်သည်။

"ငါ ဘာလို့ လွတ်မြောက်သွားတာလဲ…"

ဝေ့ဝူယင် ကိုယ့်ကို အသံထွက်ကာ မေးလိုက်၏။ သို့သေည်လည်း အံ့အားသင့်စွာပင် မည်သည့် အသံမှ သူ့နားထဲ ဝင်မလာခဲ့ချေ။ ကြည့်ရသည်က ဤ ရပ်တန့်နေသော ကမ္ဘာတွင် အသံပင်လျှင် သွားလာနိုင်ပုံ မရချေ။

ဝေ့ဝူယင် ကောင်းကင်သို့ အမှတ်တမဲ့ မော့ကြည့်လိုက်၏။

"နေဦး…"

ရုတ်ချည်းပင် ထိတ်လန့် တုန်လှုပ်ခြင်းများက သူ၏ မျက်နှာထက်၌ ဖြစ်ပေါ်လာသည်။ အချိန်များ ရပ်တန့်ကာ အေးခဲနေသည်က ကျွင်းနာဂြိုဟ် တစ်ခုတည်း မဟုတ်ချေ။ သုံးလွှာ ကြယ်တာရာ နယ်မြေအတွင်းရှိ နေသုံးစင်းနှင့် အခြား ဂြိုဟ်များ အားလုံးပါ အေးခဲ နေကြခြင်း ဖြစ်သည်။ ၎င်းတို့ကား လက်ရာမြောက်သော ပန်းပုများ လိုပင်။

ဝေ့ဝူယင်  အတွေးထဲ နစ်မြုပ်နေစဉ်မှာပင် သူ၏ ညာဘက်လက်မှာ အလိုလို လှုပ်ရှားလာ၏။ ၎င်းက လက်ညိုးကို ဆန့်ထုတ်ရင်း ရွှေရောင် အလင်းတန်း တစ်ခုကို အမှောင် အာကာသ အတွင်း ပစ်တင်လိုက်သည်။ တစ်ချိန်တည်း၌ သွေးနီရောင် သင်္ကေတများမှာ တစ်စုံတစ်ရာနှင့် ဆက်သွယ်နေသည့် အလား လင်းလိုက် မှောင်လိုက် ဖြစ်နေခဲ့၏။

ဝှစ်…

မကြာခင်မှာပင် အလင်းတန်း တစ်ခုမှာ သူနှင့် မီတာ အနည်းငယ် အကွာအဝေး၌ ပေါ်လာခဲ့သည်။ ၎င်းက လျှင်မြန်စွာပင် ကြီးထွားလာကာ ပုံရိပ် တစ်ခု အသွင် ဖွဲ့စည်းသွားသည်။

ထိုပုံရိပ် တဖြည်းဖြည်း ထင်ရှား အမျှ ဝေ့ဝူယင်၏ ‌ငွေရောင် မျက်လုံးများမှာ မထိန်းချုပ်နိုင်အောင် တုန်ရီသွားလေတော့၏။ ၎င်းကား အရာအားလုံးကို စတင် စေခဲ့ခြင်း ဖြစ်သည်။

အနက်ရောင် အရိုးစုသည် သန့်စင်သည့် အဖြူရောင် ဝတ်စုံ တစ်ခုကို ဝတ်ဆင်ထားကာ ခါတိုင်း ကဲ့သို့ပင် လက်နှစ်ဖက်ကို ရင်ဘတ်တွင် ယှက်ထားခဲ့၏။ သို့သော်လည်း  ပထမတစ်ကြိမ်က ခြားနားစွာပင် ထင်ရှားမှုနှင့် ပေါ်လွင် တိကျမှုတို့ကမူ ကင်းမဲ့နေသည်။ ကြည့်ရသည်က သူမ ဤနေရာ၌ အမှန်တကယ် ရှိနေပုံ မရချေ။

အနက်ရောင် အရိုးစုက ဝေ့ဝူယင်ကို စိုက်ကြည့် လိုင်၏။ သူမ၏ ခေါင်းပေါက် မျက်လုံးများက ကြောက်မက်ဖွယ် ကောင်းသည့် သားရဲ တစ်ကောင်လို ဝေ့ဝူယင်၏ ခန္ဓာကိုယ်ကို ဖက်တွယ်ထားသည်။

"ကောင်းကင်တာအိုက အပေါ်ယံ အားဖြင့် မျှတတယ်… ဒါပေမဲ့ တကယ်တမ်းမှာ ကြောက်ဖို့ကောင်းအောင် ရက်စက်တယ်"

"သူတို့ ဉီးစားပေးတာကို ခံရတဲ့ ကောင်းချီးခံတွေဟာ အသက်ရှည် အနာမဲ့စွာနဲ့ ကပ်ဘေး အားလုံးကို ဖြတ်ကျော် နိုင်ကြတယ်… ရန်စွယ် အားလုံးကို ဖြတ်ကျော် နိုင်ကြတယ်… သူတို့ဟာ အဆုံးမဲ့ ကြယ်တာရာရဲ့ အုပ်စိုးသူတွေ ဖြစ်လာကြတယ်"

"ဒါပေမဲ့ အပြစ်သားတွေကတော့ ဘာကို ရရှိကြလဲ…  ကံဆိုးမိုးမှောင်ကျမှုတွေ၊ ဒုက္ခတွေနဲ့ သေဆုံးမှုတွေက လွဲရင် သူတို့ ဘာကို ပိုင်ဆိုင်နိုင်ကြလဲ… အဲဒါက စည်းမျဉ်း ဆိုရင် ငါတို့ရဲ့ စည်းမျဉ်း မဟုတ်ဘူး… ငါတို့ရဲ့ တာအို မဟုတ်ဘူး"

အနက်ရောင် အရိုးစုက စတင် စကားပြော လိုက်၏။  ၎င်းက ကြိုတင် အသံဖမ်းထားသည့် ယန္တယား တစ်ခုအား ကြားနေရသလို အသက်ဓာတ် ကင်းမဲ့လှသည်။ သို့သော်လည်း ဆန်းကြယ်စွာပင်… ထိုစကားလုံးများအား ကြားသည်နှင့်  သူ့ခန္ဓာကိုယ်ရှိ မီးတောက်များကို အရှိန်အဟုန် ပြင်းပြင်းဖြင့် ထပ်မံ တောက်လောင်လာသည်။

"ဒါပေမဲ့ ကောင်းကင်တာအိုရဲ့ အကူအညီနဲ့တောင် အဲဒီ ကောင်းချီးခံတွေ မရှောင်လွှဲနိုင်တဲ့ ကပ်ဘေးတွေလည်း ရှိသေးတယ်… အချိန်အခါ မဟုတ် ကျရောက်လာတဲ့ ကပ်ဘေးမျိုး… ကြိုတင် ရှောင်လွှဲလို့ မရတဲ့ ကပ်ဘေးမျိုးပေါ့… တစ်စက္ကန့် ဆိုတဲ့အချိန်က အားလုံးကို ပြောင်းလဲ ပစ်နိုင်တယ်"

"တစ်စက္ကန့်အတွင်းမှာပဲ သူတို့ရဲ့ ကံကြမ္မာတွေကို ပြောင်းလဲပစ်နိုင်တယ်… တစ်စက္ကန့်အတွင်းမှာ သူတို့ရဲ့ အနာဂတ်ကို ပြောင်းလဲပစ်နိုင်တယ်… ပြန်လည် မွေးဖွားခြင်း ဆိုတာ မရှိရင် ကောင်းကင်တာအိုက ဘာကို ဆုံးဖြတ်မှာလဲ… အမွေခံ အပြစ်သား ဆိုတာက လောကီ ပြန်လည် မွေးဖွားခြင်းကို လုပ်ဆောင်ခြင်းပဲ"

" … "

အနက်ရောင် အရိုးစု၏ လေသံ အရိုင်းဆန် လာသည်နှင့် အမျှ ဝေ့ဝူယင်၏ နှလုံးသားမှာလည်း ပိုမို လျှင်မြန်စွာ  လှုပ်ရှားလာ၏။ပြန်လည် မွေးဖွားခြင်း ဆိုတာ မရှိလျှင်… ကောင်းကင်တာအိုက ဘာကို ဆုံးဖြတ်မည်နည်း။ ထို့အပြင်… လောကီပြန်လည် မွေးဖွားခြင်း ဆိုသည်က အဘယ်နည်း။

သို့သော်လည်း အနက်ရောင် အရိုးစုမှာ ဤနေရာ၌ ရှိမနေလေရာ သူ့အသံကို ကြားနိုင်စွမ်း မရှိပါချေ။ ၎င်းက  ကြိုတင် အသံဖမ်းထားသည့် ယန္တရား လေသံမျိုးဖြင့်သာ စကားဆက် လိုက်၏။

"အမွေခံ အပြစ်သား… ခုလို အချိန်ဟာ  ငါတို့ အပြစ်သားတွေ အတွက် အခွင့်အရေး တစ်ခု ဖြစ်သလို ကံဆိုးမှု တစ်ခုလည်း ဖြစ်တယ်…"

"ကောင်းချီးခံတွေဟာ ကောင်းကင်တာအိုရဲ့ ချီးမြှောက်မှုကို ခံကြရတယ်…   မရေမတွက်နိုင်အောင် များပြားတဲ့ ကမ္မ ကံကောင်းမှုတွေရဲ့ ကာကွယ်ပေးခြင်းကို ခံကြရတယ်… ဒါပေမဲ့ သူတို့ရဲ့ အခြေအနေကို ကြိုတင် သိရှိခြင်းက အားသာချက် တစ်ခုပဲ… မင်း အနေနဲ့ သူတို့ကို သတ်ဖြတ်ပြီး  ကမ္မတန်ဖိုးတွေကို ရယူနိုင်တယ်"

"ဒါပေမဲ့ တစ်ခုတော့ သတိထားပါ… သူတို့ကလည်း မင်းကို သတ်ဖြတ်နိုင်တယ်… မင်း အနေနဲ့ ကောင်းကင်တာအိုရဲ့ သတိပေးမှု၊ ကူညီမှု တစ်ခုကိုမှ ရမှာ မဟုတ်ဘူး… ဘယ်တော့မှ သူတို့ရဲ့ သားကောင် မဖြစ်စေနဲ့"

အနက်ရောင် အရိုးစုမှာ ဝေ့ဝူယင် တစ်ဘဝလုံး ကြားခဲ့ဖူးသည့် အထူးဆန်းဆုံးသော အသံဖြင့် ရှင်းပြလိုက်သည်။ ထို့နောက်တွင် အနက်ရောင် အရိုးစုမှာ တစ်ခဏမျှ တိတ်ဆိတ်သွား၏။ ထို့နောက်တွင်မှ အရိပ်အမြွက် အနေဖြင့် ထပ်လောင်း ပြောဆိုလိုက်သည်။

"ငါတို့ဟာ ကိုယ်ကြမ္မာကို ဖန်တီးကြသူတွေပဲ… သူတို့ ဆန့်ကျင်ကြတယ်… ငါတို့ ခုခံကြတယ်… ငါတို့ အပြစ်တွေ ကျူးလွန်ကြတယ်… ဒါပေမဲ့ မင်း မနေနဲ့ မသတ်ရင် သေစရာလည်း မလိုဘူး… ကိုယ်တိုင် ရွေးချယ်ပါ"

ထိုစကားလုံးများအား ပြောဆိုပြီးနောက်တွင် အနက်ရောင် အရိုးစုမှာ ပျောက်ကွယ်သွား၏။ အပြစ်သား တက်တူးထံမှ အနီရောင် အလင်းတန်းများမှာလည်း တဖြည်းဖြည်း စတင် မှေးမှိန်လာသည်။ မိနစ် အနည်းငယ် ကြာပြီးနောက်တွင် ရွှေရောင် အလင်းတန်း တစ်ခုမှာ အမှောင်အာကာသကို ဖြတ်သန်းကာ ဂြိုဟ်တစ်ခုပေါ်သို့ ဆင်းသက်သွားသည်ကို တွေ့လိုက်ရလေသည်။

ဝေ့ဝူယင် စိတ်ရှုပ်ထွေးစွာဖြင့် ကောင်းကင် တာအို၏ အပိုင်းအစ တစ်ခု ပါဝင်နေသည့် ရွှေရောင်အလင်းတန်းကို ကြည့်လိုက်သည်။ ၎င်းကား ပြန်လည် ဝင်စားသည့် ကောင်းချီးခံ တစ်ယောက် ဖြစ်နေနိုင်သည်။

အနက်ရောင် အရိုးစု ပြောခဲ့သည့် နောက်ဆုံး စကားများမှာ ဝေ့ဝူယင်၏ နားအတွင်း တိုးဝင်လာ၏။  သူ မသေချာ မရေရာမှုကို ခံစားနေရဆဲ ဖြစ်သည်။

သူ့အတွက် သေချာသည့် တစ်ခုတည်းသော အရာကား ထိုပြန်လည် မွေးဖွားလာသည့် ကောင်းချီးခံမှာ အမှန်တကယ် ပြဿနာ တစ်ခု ဖြစ်လာနိုင်ခြင်းပင် ဖြစ်သည်။ ထိုပြဿနာက သူ့ဘဝကိုပင် အဆုံးသတ်ကောင်း သတ်သွားနိုင်ပေသည်။

***

All Chapters