← Chapters

ဘယ်လို မသင့်တော်တာလဲ

Vol. 017 Ch. 1615

ဘယ်လို မသင့်တော်တာလဲ

Vol. 017 Ch. 1615

ယဲ့မန်သည် ရှန့်ရှောင်းနတ်နန်းတော်၌ ကျင့်ကြံနေသော်လည်း သူမသည် အထက်ဘုံမှ မဟုတ်ပေ။ သူမသည် သဏ္ဌာန်မဲ့ဘုံမှ ထိပ်သီးအင်အားစုတစ်ခု ဖြစ်သည့် နှင်းနတ်ပြည်ထောင်မှ လာခြင်းဖြစ်ရုံမျှမက သူမသည် နှင်းနတ်ပြည်ထောင်၏ မင်းသမီးတစ်ပါး ဖြစ်သည်။

သဏ္ဌာန်မဲ့ဘုံနှင့် သူရိယဘုံသည် ဆန့်ကျင်ဘက်ဘုံနှစ်ခု ဖြစ်သည်။ ၎င်းဘုံနှစ်ခုတွင် အဆုံးမဲ့ ယင် နှင့် အဆုံးမဲ့ ယန် စွမ်းအားတို့ ပြည့်နေသည်။ နှင်းနတ်ပြည်ထောင်တွင် အလွန် အေးစက်သော နှင်းများက တစ်နှစ်ပတ်လုံး ဖုံးလွှမ်းနေပြီး ထိုနေရာမှ တန်ခိုးရှင်များသည်လည်း နှစ်ထောင်ချီလျှင်ပင် မပျော်ကျမည့် ရေခဲကဲ့သို့ အလွန် အေးစက်သည့် သဘာဝရှိသည်။ နှင်းနတ်ပြည်ထောင်သည် ယဲ့မန်ကို အခြားထိပ်သီးအင်အားစုများမှ သင်ယူနိုင်ရန် ရည်ရွယ်ချက်ဖြင့် ရှန့်ရှောင်းနတ်နန်းတော်သို့ စေလွှတ်ခဲ့သည်။

ယဲ့မန်သည် နတ်နန်းတော်၌ နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ပြီးနောက်တွင် သူမ၏ အရှိန်အဝါက အလွန် ပြောင်းလဲသွားခဲ့လေသည်။ နှင်းနတ်ပြည်ထောင်မှ ဆက်ခံထားသည့် သူမ၏ ထူးခြားသော စရိုက်သဘာဝကိုပင် နေ့စဥ်ဘဝ၌ ခန့်မှန်း၍ မရနိုင် ဖြစ်လာပေသည်။

သို့သော် ထိုအချိန်တွင် သူမ၏ အနီး၌ ဝန်းရံထားသူတို့မှာ အလွန် အေးစိမ့်သည့် ခံစားမှုရှိပြီး သူတို့၏ မျက်လုံးများသည်ပင် ရေခဲနှင့် နှင်းများကဲ့သို့ ဖြစ်နေသည်။ အကြည့်တစ်ချက်နှင့်ပင် အခြားသူများကို အေးခဲသွားစေနိုင်ပေသည်။

ရီဖူရှင်းသည်လည်း ရိထျန်းယွီနှင့် ယဲ့မန်၏ အကြည့်တို့ကို ခံစားမိခဲ့သည်။ သူနှင့် ချင်းဟယ် နှစ်ယောက်လုံး​က လှည့်ကာ ထိုနေရာသို့ ထူးမခြားနားဟန်ဖြင့် ကြည့်လိုက်သည်။

အတိတ်ကာလတွင် ကောင်းကင်အာဏာစက်ပြည်ထောင်၏ အိမ်ရှေ့စံ ရိထျန်းယွီသည် သူ့ကို ဖိအားများ ပေးနိုင်ခဲ့သော်လည်း ယခုတွင် ဤနတ်ပြည်ထောင်မှ အိမ်ရှေ့စံက သူ့ကို မည်သည့်ခြိမ်းခြောက်မှုမှ မဖြစ်စေနိုင်တော့ပေ။

သူ၏ အကြည့်တို့က ရိထျန်းယွီပေါ်တွင် ရှည်ကြာစွာ မတည်ရှိခဲ့ဘဲ သူ၏ အကြည့်တို့ကို အဝေးသို့ လွှဲဖယ်ကာ လူအုပ်ရှေ့ရှိ အလွန် တောက်ပသော နေရာသို့ ကြည့်လိုက်သည်။

“ဒါ ဘယ်နေရာလဲ။” ရီဖူရှင်းသည် သူ့ ရှေ့မှ ခမ်းနားထည်ဝါသော မြင်ကွင်းကို မြင်တွေ့လိုက်ရပြီး သူ့နှလုံးသားက တုန်ယင်လာသည်။ သူသည် နှိုင်းယှဥ်မရသော လေဟာနယ်အလင်းတို့ တောက်ပနေသည့် တောက်ပသော နန်းတော်တစ်ခုကို မြင်တွေ့လိုက်ရပေသည်။ ဤနေရာတွင် နန်းတော်တစ်ခုက စွန့်ပစ်မြေ တောင်ပေါ်တွင် တည်ရှိနေပြီး ၎င်းကို လေဟာနယ်စွမ်းအားတို့ဖြင့် ဖုံးလွှမ်းထားခဲ့သည်။ ၎င်း၏ ကြီးမားမှုက နားလည်ရန် ခက်ခဲလှပြီး နတ်စွမ်းအားများသည်ပင် ၎င်း၏ နယ်နိမိတ်ကို မထောက်လှမ်းနိုင်ခဲ့ပေ။

“နတ်ပစ္စည်းတွေ၊ နတ်လက်နက်တွေ။” ရီဖူရှင်း၏ နှလုံးသားက တုန်ယင်နေသည်။ မရေတွက်နိုင်သည့် ရွှေရောင်လေဟာနယ်အလင်းတန်းတို့သည် ဤကျယ်ပြောသည့် နေရာနှင့် အဆုံးမဲ့ လေဟာနယ်ခန်းမကို မတူညီသည့် နေရာနှစ်ခုအဖြစ် ပိုင်းခြားထားသည်ဟု ထင်မှတ်ရသည်။ လေဟာနယ်ဖြင့် ပိုင်းခြားခံထားရသော ထိုနေရာသည် နတ်လက်နက်ပစ္စည်းများ ထားသိုရာ နေရာဖြစ်ဟန်တူသည်။

ဤနတ်လက်နက်များက နတ်ခန်းမအတွင်း ရှိနေသည်လား။

လူအုပ်ကြီးသည် နတ်ဆိုးအင်ပါယာ သင်္ချိုင်း သို့မဟုတ် အထွတ်အထိပ်ပုဂ္ဂိုလ်တစ်ဦး၏  နတ်ဆိုးသားရဲတို့ မွေးမြူပျိုးထောင်ရာနေရာကို  ဖြတ်ကျော်လာပြီးနောက် သူတို့ရှေ့မှ မြင်ကွင်းသည် ထိုအထွတ်အထိပ်ပုဂ္ဂိုလ်၏ တစ်သက်တာ စုဆောင်းထားသမျှ ရတနာသိုက်ကြီး ဖြစ်နေခဲ့သည်။

သူသည် ဓားများနှင့် လှံများကဲ့သို့ မတူညီသည့် ရတနာများကို မြင်တွေ့ခဲ့ရသည်။ အများစုက သာမန် နတ်လက်နက်များ ဖြစ်သော်လည်း အချို့က အလွန်ရှားပါးသည့် ပစ္စည်းများ ဖြစ်ပေသည်။

ဤပစ္စည်းများကို ရှင်းလင်းစွာ မြင်နေရသော်လည်း ထိုပစ္စည်းများကို ရရှိရန် မည်သူကမှ တိုက်ခိုက်ရန် မကြိုးစားကြပေ။ သူတို့က အထဲသို့ မဝင်ရောက်နိုင်ကြသည်လား။

သူက နတ်ခန်းမ၏ အစွန်းသို့ တစ်ဖန်ကြည့်လိုက်ပြန်သည်။ မြေပြင်၌ အလောင်းများရှိနေသည်ကို မြင်လိုက်ရကာ ထိုနေရာတွင် နတ်လက်နက်များအတွက် တိုက်ခိုက်မှုတို့ ဖြစ်ပွားပြီး​ကြောင်း သိနိုင်ပေသည်။

ဤနေရာတွင် မည်သို့ ဖြစ်သွားခဲ့သနည်း။

“ဒီမှာ ဘာတွေ ဖြစ်နေတာလဲ။” ရီဖူရှင်းက တစ်နေရာသို့ ကြည့်ကာ နတ်ဆင်ကလန်မှ တန်ခိုးရှင် ရှန်းမန်ကို မေးလိုက်သည်။ သူနှင့် နတ်ဆင်တို့ ပြန်သွားလမ်း၌ ရှန်းမန်နှင့် သူသည် အကြောင်းအရာများစွာကို ဖလှယ်ဖြစ်ခဲ့ပြီး သူက နတ်ဆင်ကလန်၌ နေထိုင်စဥ်က ရှန်းမန်သည် သူ့ကို လေးစားထိုက်သော ပြိုင်ဘက်အဖြစ် ရှုမြင်ခဲ့သည်။

“ပစ္စည်းတွေ အများကြီးကို အဲဒီလေဟာနယ်ခန်းမမှာ ချိပ်ပိတ်ထားတယ်။ ရတနာတစ်ခုစီက တသီးတခြား ရှိနေတာမို့လို့ တစ်ခုချင်းစီဖွင့်ပြီး ထုတ်ဖို့လိုတယ်။” ရှန်းမန်က ရီဖူရှင်းကို ရှင်းပြလိုက်သည်။ “မင်း အဲဒီရတနာတစ်ခုစီ အရှေ့ကို မြင်လား။ အဲဒီသင်္ကေတပုံစံတွေ သီးခြားလေဟာနယ်အဖြစ် ရပ်တည်နေစေတာပဲ။ သင်္ကေတတွေကို ဖြိုခွဲနိုင်မှ အဲဒါကို ဖွင့်နိုင်လိမ့်မယ်။”

“ဒီလိုဆို ဘာလို့ ဘယ်သူမှ မကြိုးစားကြည့်ကြတာလဲ။” ရီဖူရှင်းက သံသယနှင့် မေးလိုက်သည်။

“သူတို့ လုပ်ပြီးပြီ။” ရှန်းမန်က ပြန်ဖြေလိုက်သည်။ “ဒါပေမယ့် လေဟာနယ်ခန်းမက အရမ်းထူးဆန်းတယ်။ သင်္ကေတကို ဖျက်ဆီးပစ်လိုက်ပြီးတော့ ရတနာစွမ်းအားတွေက ကောင်းကင်ထက်ကို ပျံသန်းထွက်သွားတယ်။ အဲဒါကြောင့် မင်းက ချိပ်စည်းကို ဖွင့်နိုင်ရင်တောင် ရတနာက ကိုယ်တိုင် ထွက်ပြေးနိုင်သေးတယ်။ ပဟေဠိဖြေရှင်းတာက အခွင့်အရေးကို စောင့်နေတဲ့ တခြားအချောင်သမားတွေကို အကျိုးရှိအောင် လုပ်ပေးလိုက်သလိုပဲ။ တဖြည်းဖြည်းနဲ့ တချို့က သတိကြီးကြီးနဲ့ လှုပ်ရှားလာပြီး အခွင့်အရေးရအောင် စောင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။”

ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ နောက်ဆုံး၌ သူက မည်သည်တို့ ဖြစ်ပျက်သွားသည်ကို နားလည်လိုက်သည်။

လူတိုင်းသည် ချိပ်စည်းကို သူတို့ ဖြေရှင်းနိုင်လျှင် ရတနာက သူတို့အပိုင် ဖြစ်မည်ဟု တွေးထင်ခဲ့ကြသည်။ သို့သော် ရတနာ ပျံသန်းထွက်ပြေးသွားသည့်အတွက် အခြားသူများ၏ ယူငင်ခြင်းကို ခံခဲ့ရသည့်အခါ မည်သူကမှ မလှုပ်ရှားလိုတော့ပေ။

မည်သူက ထိုသို့ အရူးလုပ်ရပ်ကို လုပ်ပါမည်နည်း။

ထို့ကြောင့်ပင် သူတို့အရှေ့မှ မြင်ကွင်း ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

“ဒီ လေဟာနယ်ခန်းမမှာ ရတနာတွေ ဘယ်လောက်များများ မြှုပ်နှံထားတာလဲ။ ပြီးတော့ ဖွင့်ရ ခက်ခဲတယ်တဲ့လား။” ရီဖူရှင်းက မေးလိုက်သည်။

“ဖွင့်ဖို့ တကယ်ပဲ အရမ်းခက်တယ်။ ဟိုမှာကြည့် ရတနာတွေ အများကြီးပဲ ရှိတယ်။” ရှန်းမန်က ပြန်ဖြေလိုက်သည်။ “အဲဒါ အားလုံးက ထိပ်တန်းရန်ဟောင်အဆင့်မှာ ရှိတယ်။”

ရီဖူရှင်းက ခေါင်းညိတ်လိုက်ပြီး သူ၏ နှလုံးသားက မငြိမ်မသက် ဖြစ်နေသည်။ ထိုအချိန်တွင် အချို့သော ခရမ်းရွှေကြွက်တို့က အခြား အပျက်အစီးနယ်မြေမှ ဝင်ရောက်လာသည်။ ဤခရမ်းရွှေကြွက်တို အရှိန်မှာ အလွန် လျင်မြန်လှပြီး သူတို့ ပထမဆုံး ဤနေရာကို ရောက်စဥ်ကထက် နှေးကွေးခြင်း မရှိပေ။

နေရာတစ်ခုတွင် ခရမ်းရွှေကြွကတစ်ကောင်သည် များပြားလှသည့် မြင့်မြတ်သစ်ပင်တို့နှင့် အဖိုးတန်သစ်ဥသစ်ဖု ပန်းပွင့်တို့ကို တွေ့ရှိခဲ့သည်။ ရီဖူရှင်း လမ်းစဥ်ဖော်ဆောင်ခြင်းနယ်မြေသို့ လမ်းစဥ်ပင်လယ်အား ဖြတ်သန်းသွားစဥ်ကကဲ့သိုပင် များပြားလှသည့် လမ်းစဥ်သစ်သီးများစွာ ရှိပေသည်။

ထိုနေရာ၏ ဘေးဘက်၌ ကောင်းကင်သို့တိုင် မြင့်မားသည့် ရွှေရောင်မြင့်မြတ်သစ်ပင်သည် မဟာလမ်းစဥ်ဖြင့် ပြည့်ဝနေသော အနန္တကြာပန်းများနှင့် အခြားထူးခြားဆန်းကြယ်သော သစ်ပင်ပန်းမန်မျိုးစုံရှိလေသည်။

ဤသည်မှာ နတ်ဥယျာဥ်တစ်ခုဟုပင် ရီဖူရှင်းကို ခံစားမိစေပေသည်။

ထို့ပြင် ရီဖူရှင်းသည် ထိုခရမ်းရွှေကြွက်က သူနှင့် အလွန်နီးကပ်နေသည်ကို ခံစားမိသည့်အတွက် နေရာသာ အနည်းငယ် ကွာခြားသည့် နယ်မြေတစ်ခုတည်းတွင်  ဖြစ်နိုင်ပေသည်။

အကယ်၍ ဤနေရာက အပြည့်အစုံ တည်ရှိနေပြီး ကျယ်ပြောသည့် နယ်မြေ၌ အဓိကအရပ်မျက်လေးခုလုံးပါဝင်သည့် ဤအရာအားလုံးက ထို အထွတ်အထိပ်ပုရဂ္ဂိုလ်၏ ရတနာသိုက်ပေလား။ နတ်ဆိုးအင်ပါယာအဆင့်များက ဤနေရာကို စောင့်ကြပ်နေပြီး ထိုမြေပြင်သည် အထွတ်အထိပ် ပုဂ္ဂိုလ်၏ ဥယျာဥ် ဖြစ်သည်။

ရီဖူရှင်းစည် ဤနေရာကို 'နတ်ဘုရားအမွေအနှစ် နယ်မြေ' ဟု ခေါ်ရခြင်းမှာ ရှေးဟောင်းဒဏ္ဍာရီ နတ်ဘုရားတစ်ပါးမှ ချန်ရစ်ခဲ့သည့် အမွေအနှစ်တို့ကြောင့် ဖြစ်မည်ဟု တွေးလိုက်သည်။

နတ်ဘုရားက တော်ဝင်ဘုံ၏ အထွတ်အမြတ် ဖြစ်နေမလားဟု သူ သိချင်မိပေသည်။

သူက သူ့အနီးကို တစ်ချက်ကြည့်လိုက်ပြီး အထက်ကိုးဘုံမှ ထိပ်သီးအင်အားစု အားလုံး ဤနေရာ၌ စုစည်းနေသည်ကို မြင်လိုက်ရသည်။ သူတို့အကြားတွင် ရန်ဟောင်အဆင့်များပင် ပါဝင်သည့်အတွက် မည်သူမှ အလျင်စလို မလှုပ်ရှားရဲကြပေ။

ထိုအချိန်၌ လူတစ်စုက ရီဖူရှင်းထံ လျှောက်လာခဲ့သည်။ ရီဖူရှင်း၏ အာရုံက သူတို့ထံ ပြောင်းလဲသွားခဲ့ပြီး ထိုသူတို့သည် ယခင်က မြေအောက်နန်းတော်၌ သူနှင့် တိုက်ခိုက်ခဲ့သည့် သောမျိုးနွယ်စုမှ တန်ခိုးရှင်များ ဖြစ်သည်ကို မြင်လိုက်ရသည်။ အဖွဲ့ကို ဦးဆောင်လာသူမှာ သောကျောက် ဖြစ်ပေသည်။

သူတို့သာလျှင် မဟုတ်ဘဲ ယခင်က သူနှင့် အမွေအနှစ်အတွက် နှစ်ကြိမ် ယှဥ်ပြိုင်ဖူးခဲ့သော ထိပ်သီးအင်အားစုများအားလုံးလည်း ရောက်လာကြပေသည်။

ကျီဝေးနန်းတော်၊ ဝရိန်ခုနစ်ပါးကလန်၊ ကောင်းကင်ဓားခန်းမ၊ ယွမ်ယန်ကလန်နှင့် ချီရှောင်းနတ်တောင်မှ လူများလည်း အားလုံးကိုပါ ပေါင်းလျှင် အလွန်ပင် ကြီးကျယ်ခမ်းနားသည့် အင်အားဖြစ်ပေသည်။

ထိုသို့သော အခြေအနေအောက်၌ မည်သူကမှ အလျင်စလို မလှုပ်ရှားရဲကြပေ။

မည်သည့် အင်အားစုက ပြိုင်ဘက်ကင်းသည်ဟု ယူဆရဲပါမည်နည်း။

သူတို့က အမှန်တကယ် ပြိုင်ဘက်ကင်းလျှင်ပင် အခြား မဟာမိတ်အဖွဲ့တို့ကို ရိုက်နှက်နိုင်ရန် လုံလောက်ပြီလား။

“မင်းအခုမှ ရောက်တာလား။” သောကျောက်က မေးလိုက်သည်။ သူသည် ရီဖူရှင်းက အရှေ့ဘက်သို့ ဦးတာ်သွားသည်ကို သတိပြုမိသော်လည်း ရီဖူရှင်းက သူ့ထက် နောက်ကျမှ ရောက်လာပေသည်။

“ကျုပ် တခြားအမွေအနှစ် နေရာတစ်ခုကို သွားခဲ့သေးတယ်။ ပြီးတော့ အဲဒီမှာ ခဏနေခဲ့တယ်။” ရီဖူရှင်းက အပြုံးနှင့် ပြောလိုက်၏။

သောကျောက်သည် ရီဖူရှင်းကို အဓိပ္ပါယ်ပါပါ ကြည့်လိုက်သည်။ သူက တိုက်ပွဲစွမ်းရည်ကို ရရှိပြီး လှံကို သိမ်းယူခဲ့ပြီးနောက် ဤလူက အခြားအမွေအနှစ်နယ်မြေတစ်ခုကို သွားရောက် ဆက်ခံခဲ့ပြန်သည်လား။

“မင်း ဒဏ်ရာက သက်သာပြီလား။” ရီဖူရှင်းက မေးလိုက်သည်။

“အဲဒီလမ်းစဥ်သစ်သီးက အရမ်းကောင်းတယ်။ ကျေးဇူးပဲ။” သောကျောက်က တောက်ပစွာ ပြောလိုက်သည်။ “မင်းကို ကျေးဇူးတင်တဲ့အနေနဲ့ ငါတို့ သောမျိုးနွယ်စုက မင်းနဲ့ ပူးပေါင်းပြီး ရတနာတွေကို ငါးဆယ် ငါးဆယ် ခွဲယူမယ်။ ဘယ်လို သဘောရလဲ။”

“ဒီနေရာက ထွက်သွား” ရီဖူရှင်း၏ စကားများ ထွက်ကျလာသည်။ ဤအရှုံးသမားက မည်သို့ဖြစ်၍ ခွဲဝေရန်ပင် ရည်ရွယ်နေသနည်း။

“ဒါဆို သုံးဆယ် ခုနစ်ဆယ်။ ငါတို့က သုံးဆယ်။ မင်းက ခုနစ်ဆယ်။” သောကျောက်က စိတ်ထဲထားဟန်မတူဘဲ ရူးကြောင်ကြောင် အပြုံးနှင့် ဆက်ပြောလိုက်သည်။

သူသည် ရီဖူရှင်း နတ်ဘုရားလှံကို ရယူနိုင်သည့် အရှိန်နှုန်းဖြင့်ဆိုလျှင် လေဟာနယ်ခန်းမအတွင်းမှ ရတနာများကို တစ်တန်ခန့် ယူနိုင်သင့်သည်ဟု တွေးနေခဲ့၏။

ရီဖူရှင်းက သူ့ကိုပင် မော့မကြည့်နေခဲ့ပေ။

“နှစ်ဆယ် ရှစ်ဆယ်ကွာ” သောကျောက်က အံကြိတ်ကာ ပြောလိုက်သည်။ သူတို့သည် ကျိန်းသေ ထို့ထက်ပို၍ မနှိမ့်ချနိုင်တော့ပေ။

သူသည် ခန္ဓာကိုယ်အတွင်း တိုက်ပွဲနတ်ဘုရား၏ သွေးများစီးဆင်းနေသည့် သောမျိုးနွယ်စု၏ မျိုးဆက်ဖြစ်ကာ ယခု သူက မည်သို့ဖြစ်၍ ဤကဲ့သို့ စျေးညှိခြင်းဖြင့် စော်ကားခံနေရပါသနည်း။

“ကျုပ် ဘယ်သူ့အကူအညီမှ မလိုဘူး။” ရီဖူရှင်းက သောကျောက်ကို အပြုံးနှင့် ကြည့်လိုက်သည်။

“ဝါး....” သောကျောက်က ရီဖူရှင်းကို ကြည့်လိုက်ပြီး သူ၏ မျက်နှာကို လက်သီးနှင့် အထိုးခံလိုက်ရသကဲ့သို့ ခံစားမိလိုက်ပေသည်။  မိတ်ဆွေဖြစ်ချင်သည်ဟု မည်သူက ပြောခဲ့ပါသနည်း။

အလွန် နှလုံးသားကင်းမဲ့လှသည်။

သူသည် တိုက်ပွဲနတ်ဘုရား၏ မျိုးဆက်ဖြစ်သော်လည်း နောက်သို့ ဆုတ်ပြီးရင်း ဆုတ်နေရသည်။ 'ထားလိုက်ပါတော့လေ'

“ဒါဆိုလည်း မင်းပဲ ဆုံးဖြတ်ပါတော့။” သောကျောက်က ပြောလိုက်သည်။ မကြာခင်က ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်များကို ဆုံးဖြတ်ရလျှင် သူသည် ဤနေရာမှ ရတနာများကို ရနိုင်ရန် မျှော်လင့်ချက်မရှိဟု ခံစားရပေသည်။ သူက ထိုရှန့်ထိုအဆင့်များကို မကြောက်ရွံ့သော်လည်း အခြားသော ထိပ်သီးအင်အားစုများတွင် ရန်ဟောင်အဆင့် ပုဂ္ဂိုလ်များ ပါဝင်နေခဲ့သည်။ သူက သူတို့နှင့် ယှဥ်ပြိုင်နိုင်ရန် ခက်ခဲပေလိမ့်မည်။

“...”

ရီဖူရှင်းသည် အံ့သြစွာဖြင့် သောကျောက်ကို ကြည့်လိုက်သည်။ သူက အတော် သည်းခံနိုင်လှပေသည်။

“သဘောတူတယ်။” ရီဖူရှင်းက မည်သည့် ငြင်းဆန်မှုမှ မပြုဘဲ ချက်ချင်း သဘောတူလိုက်သည်။

တကယ့်ကိုပင် သောကျောက်က ယူချင်း၏ လက်အောက်ခံဖြစ်သည်ထိ ရိုက်နှက်ခံခဲ့ရခြင်း ဖြစ်ပေလိမ့်မည်။

သောကျောက်က ရီဖူရှင်းကို ​ကြည့်ကာ စိတ်ထဲမှ သက်ပြင်းကြိတ်ချလိုက်သည်။ သူသည် စွမ်းရည်နိမ့်ကျကာ တစ်ဖက်အဖွဲ့ကို ရှုံးနိမ့်ခဲ့ခြင်းကြောင့် အညံ့ခံခဲ့ရပေသည်။

အခြားသော အင်အားစုများမှ တန်ခိုးရှင်များ အထူးသဖြင့် ရီဖူရှင်းကို သိကျွမ်းဖူးသူများက သူတို့ထံ ကြည့်နေကြသည်။ သူနှင့် မဟာမိတ်ဖွဲ့လိုသည့် ထိပ်သီးအင်အားစုများပင် ဖြစ်နေသော်လည်း သူ၏ သဘောထားကြောင့် လန့်နေကြပေသည်။

ထိုအဖြစ်က ရိထျန်းယွီနှင့် ကျန်းယွမ်ကို မျက်မှောင်ကြုတ်သွားစေသည်။ ထိုထိပ်သီးအင်အားစုများသည်ပင် သူ၏ အကူအညီကို ရယူရန် ဆန္ဒရှိကြသည်လား။

သူက အမှန်တကယ် ထိုမျှ အားကောင်းသည်လား။

ရိထျန်းယွီသည် နတ်ဘုရားနန်းတော်၌ ရီဖူရှင်း၏ ခွန်အားကို မျက်မြင်တွေ့ဖူးခဲ့သော်လည်း ကျန်းယွမ်သည် နတ်ဘုရားနန်းတော်၌ မည်သို့ ဖြစ်ပျက်ခဲ့သည်ကို ကြားဖူးရုံသာ ရှိပေသည်။

“ကျုပ်ကို အရင်ဆုံး လူတစ်ယောက် ရှင်းဖို့ ကူပေး။” ရီဖူရှင်းက သောကျောက်ကို ပြောလိုက်သည်။

သောကျောက်က ရီဖူရှင်းကို ကြည့်ကာ ပြောလိုက်၏။ “မင်းက ရက်စက်တာပဲ။”

“ဘယ်သူလဲ။” သူက အံကြိတ်ကာ မေးလိုက်၏။

“သူ့ကို” ရီဖူရှင်းက တစ်နေရာသို့ ညွှန်ပြလိုက်သည်။ ထိုနေရာတွင် ရီဖူရှင်းကို ကြည့်နေသည့် ခရမ်းရင့်ကောင်းကင်နန်းတော်၏ မဟာလမ်းစဥ်ခန္ဓာပိုင်ရှင် ကျန်းယွမ် ရှိနေပြီး ထိုခဏတွင် သူက တောင့်တင်းသွားခဲ့လေသည်။

ရီဖူရှင်းက သူ့ကို ညွှန်ပြနေသည်။

“အဲဒီလူက မဟာလမ်းစဥ်အထွတ်အထိပ် ခန္ဓာပိုင်ရှင်လို့ ကျော်ကြားတယ်။ မင်းမှာ တိုက်ပွဲနတ်ဘုရား ခန္ဓာရှိပေမယ့် မင်းအနိုင်ရမရတော့ အာမ မခံနိုင်ဘူး။ မင်းမှာလည်း ဘာမှလုပ်စရာ မရှိဘူးဆိုတော့ ဘာလို့ မကြိုးစားကြည့်ရမှာလဲ။” ရီဖူရှင်းက ပြောလိုက်သည်။

လုပ်စရာမရှိဘူးတဲ့လား။

ရီဖူရှင်း ဤနေရာသို့ ရောက်လာပြီးနောက် လေဟာနယ်အတွင်းရှိ အရာအားလုံးက ပြောင်းလဲသွားသကဲ့သို့ပင် ဖြစ်သည်။

သို့သော် ဤခံစားမှုက မည်သို့ ထူးဆန်းနေရသနည်း။

“ကောင်းပြီလေ” သောကျောက်က အံကြိတ်လိုက်ပြီးနောက် ခရမ်းရင့်ကောင်းကင်နန်းတော် ကျန်းယွမ်ရှိနေရာဘက်သို့ လှည့်ကာ လျှောက်သွားခဲ့သည်။ “ကျီဝေးဘုံ သောမျိုးနွယ်စုက သောကျောက်က မဟာလမ်းစဥ် အထွတ်အထိပ်ခန္ဓာကိုယ်ရဲ့ စွမ်းအားကို အတွေ့အကြုံယူချင်ပါတယ်။”

ကျန်းယွမ်၏ မျက်နှာက မည်းမှောင်သွားပြီး သူ၏ မျက်လုံးများက ရီဖူရှင်းထံ၌ စူးစိုက်နေခဲ့သည်။ ဤလူယုတ်မာက သူကိုယ်တိုင် လှုပ်ရှားရန် ပျင်းရိနေသော်လည်း အခြားအင်အားစုမှ လူတစ်ယောက်အား လွှတ်ကာ တိုက်ခိုက်ခိုင်းခဲ့၏။

ဘုန်း...

ချက်ချင်းပင် ခရမ်းရင့်မိုးကြိုးလမ်းစဥ်စွမ်းအားများက ပေါက်ကွဲထွက်လာပြီး ကောင်းကင်ကို လွှမ်းခြုံကာ သောကျောက်ထံ ပြင်းထန်စွာ တိုးဝင်သွားသည်။

ဘန်း...

သောကျောက်သည် လေထဲသို့ ခြေလှမ်းလိုက်လျှင် ကောင်းကင်နှင့် မြေကြီးအကြား၌ ခြောက်ခြားဖွယ် အသံတစ်ခု ထွက်ပေါ်လာသည်။ သူသည် နတ်အလင်းများဖြင့် တောက်ပနေသော စစ်နတ်ဘုရားအဖြစ်သို့ ပြောင်းလဲသွားပြီး စစ်နတ်ဘုရားစွမ်းအားတို့ကို ချက်ချင်း ဖွင့်ထုတ်လိုက်သည်။ သူ၏ မျက်ခုံးကြား နဖူးနေရာတွင် စစ်နတ်ဘုရား၏ အမှတ်အသားသုံးခု ပေါ်ပေါက်လာပြီး တတိယအလွှာကို ထုတ်ဖော်အသုံးပြုလိုက်၏။

မဟာလမ်းစဥ် အထွတ်အထိပ်ခန္ဓာသည် အလွန် အားကောင်းလှပေသည်။

ရီဖူရှင်းသည် သောကျောက်အပေါ်တွင် အနည်းငယ် အထင်သေးသလို ပြောဆိုခဲ့ခြင်းကြောင့် သူ၏ ဒေါသများကို မဟာလမ်းစဥ် အထွတ်အထိပ် ခန္ဓာပိုင်ရှင်အား ရိုက်နှက်ကာ ဖွင့်ထုတ်ပစ်လိမ့်မည် ဖြစ်သည်။

ထိုသည်က ကျန်းယွမ်အတွက် မည်မျှ ဝမ်းနည်းဖွယ်ကောင်းလိုက်သနည်း။

***

All Chapters