← Chapters

အခန်း (၄၀၉)

Vol. 28 Ch. 409

အခန်း (၄၀၉)

Vol. 28 Ch. 409

ရွှမ်ယီက မိုးကြိုးများကြောင့် မသေဆုံးခဲ့ချေ။ သူ၏ ခန္ဓာကိုယ်တွင် ဒဏ်ရာများ ပြည့်နှက်နေသော်လည်း ခံနိုင်ရည်ဘောင်အတွင်း၌ ရှိနေသေးဟန်ရ၏။ သူ့ ပုံစံက ကောင်းကင်သို့ ချက်ချင်းထိုးဖောက်သွားမည့် နတ်ဓါးတစ်စင်းအလား ဖြစ်နေပြီး သူ၏ နှုတ်ခမ်းထောင့်‌တွင် ထူးမခြားနားဟန်ရသော အပြုံးတစ်ခုလည်း ရှိနေခဲ့သည်။

“ အရမ်းကောင်းတယ်… ထပ်ပြီးလာစမ်း…”

ရွှမ်ယီက မိမိကိုယ်ကိုလှုံ့ဆော်ရန်အတွက် မိုးကြိုးများအား တူတစ်လက်အလား အသုံးပြုလိုနေခဲ့သည်။ သူ၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် စိတ်ဝိညာဉ်ဒြပ်စင် (၃၆) ခု ဝဲပျံနေခဲ့ပြီး ကောင်းကင်ထက်မှ မိုးကြိုးများ ကျဆင်းလာသည်နှင့်အမျှ ၎င်းတို့၌ တောက်ပသော နတ်အလင်းများထွက်ပေါ်လာခဲ့သည်။

မိုးကြိုးနဂါးများ၏ ရိုက်ခတ်မှုကို ခံလိုက်ရပြီးတိုင်း ၎င်းတို့၏အရှိန်အဝါက ပိုမိုအားကောင်း၍ လာနေ၏။

စိတ်ဝိညာဉ်ဒြပ်စင် (၃၆) ခု၌ ခရမ်းရောင် မျဉ်းကြောင်းလေးများပင် ပေါ်လာနေချေပြီ။

“ တာအိုအမှတ်အသား…!”

မိုးတိမ်အင်ပါယာ ထိုင်နေရာမှ ရုတ်တရက် ထခုန်လိုက်၏။ ထိုခရမ်းရောင်မျဉ်းကြောင်းလေးများက သူ၏ စိတ်အစဉ်ကို အတော်လေးတုန်လှုပ်သွားစေခဲ့သည်။

သို့သော် လျှင်မြန်စွာ ပြန်လည်တည်ငြိမ်သွားခဲ့၏။ ၎င်းက တာအိုအမှတ်အသားမဟုတ်သေးချေ။ တာအိုအမှတ်အသား၏ သန္ဓေသားပုံစံမျှသာရှိသေး၏။

သို့သော် ထိုသတင်းသာ ပျံ့နှံ့သွားမည်ဆိုပါက ကမ္ဘာကြီးတစ်ခုလုံးအား လှုပ်ခတ်သွားစေလိမ့်မည်။ တောင်ပိုင်းတိုက်ကြီးသာမက ကျန်တိုက်ကြီးများလည်း ထိတ်လန့်တုန်လှုပ်သွားမည်ဖြစ်၏။

လူသားဘုရင်တစ်ယောက် ကောင်းကင်အင်ပါယာ အဆင့်ကို ချိုးဖျက်သောအချိန် ကောင်းကင်အတိဒုက္ခအတွင်း၌ တာအိုအမှတ်အသား သန္ဓေသားပုံစံနှင့် ထိတွေ့နိုင်ခဲ့သည်…!

ရွှမ်ယီ၏ အဆင့်ချိုးဖျက်မှုအား ကြည့်ရန်ရောက်လာကြသည့် လူများက မိုးတိမ်အင်ပါယာကဲ့သို့ လက်ရှိအခြေအနေအား အတိအကျမြင်နိုင်စွမ်းမရှိကြချေ။ သို့သော် ရွှမ်ယီက အလွန်အရေးပါသော အသွင်ကူးပြောင်းမှုတစ်ခုကို ခံယူနေရကြောင်းသူတို့ သိနိုင်သည်။

သူသာ ခံနိုင်ရည်ရှိပြီး ဖြတ်ကျော်နိုင်ပါက နဂါးဂိတ်ကို ခုန်ကျော်ခဲ့သည့် ငါးကြင်းတစ်ကောင်အလား ဖြစ်သွားပေလိမ့်မည်။

လူတိုင်းအသက်ရှူရန်ပင် မဝံ့ရဲပဲ ငြိမ်သက်စွာ စောင့်ကြည့်နေကြ၏။

ရွှမ်ယီက ကြုံးဝါးပြီး မိုးကြိုးနဂါးအများအပြားကို သတ်ပစ်ခဲ့သည်။ နောက်ဆုံးတွင် သူက လျှပ်စီးရေကန်အတွင်းမှ လွတ်မြောက်သွား၏။ ထို့နောက် ပြိုကွဲပျက်စီးသွားသည့် မိုးကြိုးနဂါး (၄၄) ကောင်က သန့်စင်‌သော စွမ်းအားများအဖြစ်သို့ ပြောင်းလဲကာ ရွှမ်ယီ၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်‌၍ ဒဏ်ရာများအားလုံးကို ပြုပြင်ပေးပြီး သူ့ခန္ဓာကိုယ်ကိုလည်း အပစ်အနာအဆာ မရှိအောင် ပြန်လည်တည်ဆောက်ပေးလိုက်၏။

ကောင်းကင်အတိဒုက္ခ၏ ပထမအကျော့ မိုးကြိုးကျဆင်းခြင်းပြီးဆုံးသွားချေပြီ။ သို့သော် ကောင်းကင်အတိဒုက္ခကမူ ပြီးဆုံးခြင်းမရှိသေးချေ။

ရွှမ်ယီက တည်ငြိမ်စွာ ရပ်နေခဲ့သည်။ သူ၏ အဝတ်အစားများက ရစရာမရှိအောင် စုတ်ပြဲနေပြီဖြစ်သော်လည်း သူ၏ ခန့်ငြားသော အသွင်အပြင်ကို အနည်းငယ်မျှ ယုတ်လျော့သွားစေခြင်းမရှိချေ။ ထိုအစား ကမ္ဘာကြီးအား အပေါ်စီးမှ ငုံ့ကြည့်နေသော စစ်နတ်ဘုရားတစ်ပါးနှင့် အလားသဏ္ဍန်တူနေ၏။

သူ၏ ခေါင်းပေါ်တွင် ကြက်သွေးရောင် ကောင်းကင်နတ်မိုးကြိုး (၂၇) ခုရှိနေခဲ့သည်။

၎င်းတို့ထံမှ တအုန်းအုန်းမြည်သံများ ပဲ့တင်ထပ်ကာ ထွက်ပေါ်နေ၏။

ထိုကြက်သွေးရောင် မိုးကောင်းကင် မိုးကြိုးများက မိုးကြိုးကပ်ဘေး၏ ပထမအကျော့၌ ကျဆင်းလာခဲ့သော ခရမ်းရောင်မိုးကြိုးများထက် အဆပေါင်းများစွာ ပို၍ ကြောက်မက်ဖွယ်ကောင်းသည်။

ထိုမိုးကြိုးများက သွေးများအလား ရဲရဲနီနေပြီး ကောင်းကင်နှင့်မြေကြီးအကြားမှ သတ္တဝါတိုင်း၏ နှလုံးသားကို အဆင်မပြတ်တုန်ခါစေနိုင်စွမ်းရှိနေ၏။ တစ်ချို့အားနည်းသာ ကျင့်ကြံသူများမှာ ၎င်းအား တိုက်ရိုက်ကြည့်ရန်ပင် သတ္တိမရှိကြတော့ချေ။

လူအုပ်ထဲတွင် ကျင်းယွဲ့ နှင့် ကျန်းဂျီတို့ အတူတကွယှဉ်တွဲရပ်နေခဲ့ပြီး ကောင်းကင်ထက်မှ ကြက်သွေးရောင်မိုးကောင်းကင် နတ်အလင်း (၂၇) ခုအား ကြည့်နေခဲ့ကြသည်။

၎င်းတို့၏ အကြည့်များထဲတွင် ကျန်လူများကဲ့သို့ ထိတ်လန့်အံ့သြမှုများ ရှိမနေပဲ ခါးသက်မှုများသာ ရှိနေခဲ့၏။

ယခင်တုန်းက သူတို့နှင့် ရွှမ်ယီကြားမှ ကွာဟချက်က ဖြတ်ကျော်ရန်မဖြစ်နိုင်ခြင်းမဟုတ်ဟု ထင်မှတ်ခဲ့ကြသည်။

အထူးသဖြင့် သူတို့က ကောင်းကင်ဘုရင်အဆင့်သို့ ရောက်ရှိပြီးချိန်တွင် ရွှမ်ယီက လူသားဘုရင်အဆင့်၌သာ ရှိနေသေး၏။

ရွှမ်ယီက လူသားဘုရင်အဆင့်၌သာ တစ်ဘဝလုံး သောင်တင်နေရန် ဖြစ်နိုင်ချေရှိ၏။

သို့သော် လက်ရှိ‌ ရွှမ်ယီခံယူနေသော မိုးကြိုးကပ်ဘေးအား မြင်ပြီးနောက် ၎င်းတို့၏အတွေးများ မည်မျှကလေးဆန်ကြောင်းနားလည်သွားခဲ့ကြသည်။

ရွှမ်ယီအား ပြိုင်ဘက်အဖြစ် ခံယူထားသော စိတ်များလည်း နေနှင့်ထိတွေ့သည့် နှင်းများအလား ပျောက်ကွယ်သွားချေပြီ။ အကြောင်းပြချက်က တစ်ခြားမဟုတ်ချေ။

သူတို့နှင့် ရွှမ်ယီအကြားမှ ကွာဟချက်က အလွန်ကြီးမားလွန်းသောကြောင့်ဖြစ်၏။ အကယ်၍ ရွှမ်ယီက လူသားဘုရင်အဆင့်၌သာ တစ်သက်လုံးဖြတ်မကျော်နိုင်ဘဲ ရှိသွားသည့်တိုင်အောင် သူ၏အောင်မြင်မှုနှင့် စွမ်းအားများက သူတို့အား ကျိုးနွံခဲ့စေပြီးဖြစ်သည်။

“ အင်း… ရွှမ်ယီ… ငါသူ့ကို ဘယ်တော့မှ မှီနိုင်မှာမဟုတ်ဘူး…”

အချိန်အတန်ကြာပြီးနောက် ကျန်းဂျီက အားလျော့စွာပြုံးလျက်ပြောလိုက်သည်။ သူ့ မျက်ဝန်းများထဲတွင် ဝမ်းနည်းမှုများ ပြည့်နေခဲ့၏။

တစ်ဖက်တွင် ကျင်းယွဲ့ကလည်း ထူးထူးခြားခြားတိတ်ဆိတ်နေခဲ့သည်။

သူ၏လက်ထဲ၌ ကိုင်ထားသည့် အလွန်ကြီးမားသည့် စပ်ပုဆိန်က ဖြောင့်တန်းနေဆဲဖြစ်သော်ငြား ၎င်းအပေါ်ရှိတိုက်ခိုက်လိုစိတ်များမှာ မှိန်ဖျော့နေချေပြီ။

လူတိုင်းအံ့အားသင့်စွာ တုန်လှုပ်နေချိန်တွင် ရွှမ်ယီက မိုးကြိုးကပ်ဘေး ဒုတိယအကျော့ကို ရင်ဆိုင်နေပြီဖြစ်၏။ ကြက်သွေးရောင် မိုးကောင်းကင် နတ်မိုးကြိုးများမှ ဖန်တီးထားသော မိုးကြိုးနဂါးများနှင့် တိုက်ခိုက်နေချေပြီ။

အနီရောင် မိုးကောင်းကင် နတ်မိုးကြိုးများက ပထမအကြိမ်ကျဆင်းခဲ့သော ခရမ်းရောင်မိုးကြိုးများထက် အဆပေါင်းများစွာ သာလွန်သည်။ ၎င်းတို့က ဖန်တီးလိုက်သော မိုးကြိုးနဂါးများတွင် အသိစိတ်အနည်းငယ်ပင် ကိန်းအောင်းနေပြီဖြစ်၏။

ရွှမ်ယီအနေဖြင့် ၎င်းတို့နှင့် တိုက်ခိုက်နေရသည်မှာ အစစ်အမှန်နဂါးတစ်ကောင်နှင့် တိုက်ခိုက်နေရသည့်အလား ခံစားနေရသည်။

ရွှမ်ယီ၏ တစ်ကိုယ်လုံး သွေးများ ချွဲစိုနေသော်လည်း သူ၏ တိုက်ခိုက်လိုစိတ်က အနည်းငယ်မျှ လျော့ကျသွားခြင်းမရှိချေ။

ကြက်သွေးရောင်မိုးကောင်းကင် နတ်မိုးကြိုးများ၏ ဖိအားကို ကြံ့ကြံ့ခံရင်ဆိုင်ပြီး အပေါ်သို့ အရှိန်အဟုတ်ပြင်းစွာ ပျံတက်ပြီး ၎င်းတို့နှင့် အပြန်အလှန်တိုက်ခိုက်နေခဲ့သည်။

နောက်ဆုံးတွင် သူ၏ပုံရိပ်က လျှပ်စီးတန်းတစ်ခုအလား လျှင်မြန်စွာ လှုပ်ရှားသွား၏။ လေဟာနယ်အား ထိုးခွင်းနေသော အထက်မြိဆုံးဓါးတစ်ချောင်းနှင့် တူနေပေသည်။

ကောင်းကင်ထက်တွင် ပေ (၁) ထောင်ကျော် ရှည်လျားသည့် အက်ကြောင်းကြီးတစ်ခုထွက်ပေါ်လာပြီး ကြက်သွေးရောင်မိုးကြိုးနဂါးလည်း ထက်ပိုင်း ပိုင်းခံလိုက်ရသည်။

ထို့နောက် ၎င်းတို့က အသန့်စင်ဆုံးသော ဥပဒေသစွမ်းအားများအဖြစ်ပြောင်းလဲသွား၏။

ရွှမ်ယီက ၎င်းတို့အား တိုက်ရိုက်စုပ်ယူလိုက်သည်။ သို့သော် ပထမဆုံးသော ကြက်သွေးရောင်မိုးကြိုးနဂါး ဖျက်ဆီးခြင်းခံလိုက်ရလျှင် ကြက်သွေးရောင်မိုးကောင်းကင် နတ်မိုးကြိုးတိမ်တိုက်က မတည်မငြိမ်ဖြစ်လာခဲ့၏။

ထို့နောက် ရွှမ်ယီအား ဤနေရာ၌ပင် ဖျက်ဆီးရန် ရည်ရွယ်ချက်ဖြင့် ကြက်သွေးရောင် မိုးကြိုးနဂါး (၆) ခုတိုက်ရိုက်ဆင်းသက်လာခဲ့သည်။

ရွှမ်ယီ အသက်တစ်ရှိုက်ဝအောင်ရှူလိုက်၏။ ထိုအခါ ကောင်းကင်‌၌ တုန်ခါမှုတစ်ခုဖြစ်ပေါ်လာလေသည်။

ကြောက်မက်ဖွယ်ကောင်းသော စိတ်ဆန္ဒစွမ်းအားတစ်ခု ကောင်းကင်နှင့် မြေပြင်အကြား ထွက်ပေါ်လာ၏။

အုန်း…

ထိုအချိန်တွင် ဖန်ဂျိဓါးလည်း ဓါးအိမ်အတွင်းမှ ထွက်ပေါ်လာခဲ့သည်။ အထွတ်အထိပ်အဆင့် (၅) ဓါးရည်ရွယ်ချက်ကလည်း ၎င်း၏ အစွမ်းကို ပြသကာ အလွန်စူးရှထက်မြိသော အလင်းတန်းများ ထွက်ပေါ်လာ၏။

ထို့နောက်ရွှမ်ယီက စစ်နတ်ဘုရားတစ်ပါးအလား မိုးကြိုးနဂါး (၆) ကောင်နှင့် အပြင်းအထန်တိုက်ခိုက်လိုက်၏။

တစ်ချိန်တည်းတွင် သူ၏ ခန္ဓာကိုယ်ကလည်း မိုးကြိုးကပ်ဘေးမှစွမ်းအားများဖြင့် ပြုပြင်ကာ ပြန်လည်ပုံသွင်းခြင်းကို ခံယူနေခဲ့သည်။

All Chapters