← Chapters

အခန်း (၄၁၀)

Vol. 28 Ch. 410

အခန်း (၄၁၀)

Vol. 28 Ch. 410

ရွှမ်ယီ၏ ရုပ်ခန္ဓာသာမက ဖန်ဂျီဓားကလည်း မိုးကြိုးလျှပ်စီးများ၏ ပြုပြင်ပုံသွင်းခြင်းကို ခံယူနေခဲ့သည်။

သို့ဖြစ်ရာ ရွှမ်ယီ တိုက်ခိုက်လိုက်သည့် အချိန်တိုင်း ရုပ်ခန္ဓာရော ဖန်ဂျီဓားပါ တဖြည်းဖြည်း ပို၍ အားကောင်းလာနေ၏။

ကောင်းကင်ထက်၌ မိုးကြိုးစွမ်းအားများ ၊ သွေးနီရောင်လျှပ်စီး အလင်းများနှင့် ကျယ်လောင်သော မိုးခြိမ်းသံများ ပေါက်ကွဲထွက်ပေါ်နေခဲ့သည်။

ရွှမ်ယီက (၆)ကောင်မြောက် မိုးကြိုးနဂါးအား ဓားဖြင့် ခုတ်ပိုင်းလိုက်၏။

ထိုအခါ ကောင်းကင်နှင့် မြေပြင်တစ်ခုလုံး တုန်ခါသွားပြီး လက်ကျန် ကြက်သွေးရောင် မိုးကောင်းကင် နတ်မိုးကြိုးများ ရွှမ်ယီထံသို့ တစ်စင်းပြီးတစ်စင်း အဆက်မပြတ်ကျဆင်းလာလေသည်။

လျှပ်စီးအလင်းများက ဒီရေလှိုင်းလုံးကြီးပမာ ရွှမ်ယီအား ထပ်မံနှစ်မြှုပ်လိုက်ပြန်သည်။

ကြည့်ရှုနေသူတိုင်း နှလုံးသားများ တုန်ယင်နေကြချေပြီ။

ရုတ်တရက် သွေးနီရောင် နဂါးတစ်ကောင်၏ လက်သည်းချက်ကြောင့် ရွှမ်ယီ နောက်သို့ လွင့်စင်သွားသည်ကို မြင်လိုက်ရသည်။

ထိုအချိန်တွင် အနောက်ဘက်မှ နဂါးတစ်ကောင်က အခွင့်အရေးကို အမိအရဖမ်းဆုပ်ပြီး ရွှမ်ယီအား လှမ်းကိုက်ရန် ပြင်လိုက်သည်။

ရွှစ်..

ရွှမ်ယီ၏ မျက်၀န်းများအတွင်း အလင်းတစ်ချက် လက်သွား၏။

လက်တွင်းမှ ဖန်ဂျီဓားအား အပေါ်သို့မြှောက်လိုက်ပြီး ဟွမ်ဂျီကျင့်စဉ်အား အဆုံးအစွန်အထိ လည်ပတ်စေလိုက်သည်။

“ မဟာ အင်ပါယာဓား… လာစမ်း…”

ဓားအလင်းတစ်ခုအား ဗဟိုပြုပြီး စိတ်ဝိညာဉ်ဓားပေါင်း (၁)သောင်းတိတိ ထွက်ပေါ်လာ၏။

ထို့နောက် ဓားရည်ရွယ်ချက် စွမ်းအားများဖုံးလွှမ်းလျက် ကြက်သွေးရောင် ကောင်းကင်နဂါးကြီးတစ်ကောင်အဖြစ် ပေါင်းစပ်သွားကြသည်။

ရွှမ်ယီအား အလစ်ကိုက်ဖြတ်ရန် ကြိုးစားလိုက်သည့် မိုးကြိုးနဂါး ထက်ပိုင်းပြတ်သွားခဲ့၏။

၎င်းက အစသာရှိသေးသည်။

ရွှမ်ယီ၏ မျက်၀န်းများက တောက်ပနေပြီး ၎င်း၏ စွမ်းအားများ အထွတ်အထိပ်သို့ရောက်နေချေပြီ။

သူ့ ပုံရိပ်က ဝေဝါးနေခဲ့ပြီး မကြာမီ ကောင်းကင်ဘုရင်အဆင့်သို့ ရောက်တော့မည့်ဟန် ဖြစ်နေ၏။

“ ပိုင်းဖြတ်လိုက်စမ်း…”

စကြာ၀ဠာကြီးတစ်ခုလုံး တိတ်ဆိတ်သွားသည့်အလား ဖြစ်သွားပြီး ရွှမ်ယီ၏ စကားသံတစ်ခုတည်း ဟိန်းထွက်လာသည်။

စကားဆုံးသည်နှင့် စိတ်ဝိညာဉ်ဒြပ်စင်(၃၆)ခုတို့က အရူးအမူးလည်ပတ်လာပြီး ၎င်းတို့စွမ်းအားများက ဖန်ဂျီဓားအထက်၌ စုဝေးလာ၏။

ရွှမ်ယီ၏ လက်တွင်းမှ ဖန်ဂျီဓားက လျှပ်စီးပင်လယ်ကြီးအတွင်း၌ နေလုံးကြီးပမာ တောက်ပနေသည်။ သူက ၎င်းအား တင်းကြပ်စွာ ဆုပ်ကိုင်လျက် ရှေ့တည့်တည့်သို့ ထိုးစိုက်ချလိုက်၏။

ဖန်ဂျီဓားက လေဟာနယ်အား ထိုးခွင်းကာ ရှေ့သို့ ပြေးထွက်သွားပြီး လမ်းကြောင်းထဲ၌ ရှိသမျှ အရာအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။

ကြက်သွေးရောင် မိုးကြိုးနဂါးတစ်ကောင်မှ ၎င်း၏ စွမ်းအားကို ခုမခံနိုင်ခဲ့ပေ။

အားလုံး ပေါက်ကွဲသွားပြီး အသန့်စင်ဆုံးသော ဥပဒေသစွမ်းအားများအဖြစ် ပြောင်းလဲသွားတော့၏။

ထိုစွမ်းအားများ ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူလိုက်ပြီးနောက် ရွှမ်ယီ၏ အရှိန်အဝါက ပို၍ မြင့်တက်လာခဲ့သည်။

ဘန်း…

ရုတ်တရက် နယ်မြေစွမ်းအားနှစ်ခု ထွက်ပေါ်လာ၏။

စိတ်ဝိညာဉ်ဒြပ်စင် (၃၆)ခုက ၎င်းအထက်၌ ညီညီညာညာလှည့်ပတ်နေခဲ့ပြီး ဗဟို၌ ပိုကြီးမားကာ အလွန်တောက်ပသော အနီရောင်ကြယ်ကြီးတစ်လုံး ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ဂျိန်း…

ထိုအနီရောင်ကြယ်ကြီး ထွက်ပေါ်လာပြီးနောက် ၎င်းအား ဗဟိုပြုကာ ကောင်းကင်နှင့် မြေပြင်တစ်ခွင်လုံး တုန်ခါသွား၏။

တစ်ခဏကြာပြီးနောက် ကြက်သွေးရောင် ‌မိုးကောင်းကင် နတ်မိုးကြိုးများ၌ ပါ၀င်သော ဥပဒေသစွမ်းအားကြောင့် အနီရောင်ကြယ် တစ်လုံးပြီးတစ်လုံး ထွက်ပေါ်လာခဲ့သည်။

အနီရောင်ကြယ် (၉)စင်း…

ခရမ်းရောင်ကြယ် (၃၆)စင်း…

[ Note- ကြယ်လို့သုံးထားပေမယ့် စိတ်ဝိညာဉ်ဒြင်တွေပါ ။ ခိုင်းနှိုင်းအသုံးပြုထားတာပါခင်ဗျ ]

ကြယ်(၄၅)စင်းက အလွန်ထွန်းလင်းတောက်ပလျက်ရှိပြီး အတိုင်းအဆမဲ့သော ဖိအားများ ထုတ်လွှတ်နေ၏။

ဝှစ်…

ရွှမ်ယီ မျက်လုံးများပွင့်လာခဲ့သည်။

သူ၏ လက်တွင်းမှ ဖန်ဂျီဓားကလည်း အဆက်မပြတ်တုန်ခါနေ၏။

ရွှမ်ယီ လေကို တ၀ရှုရှိုက်လိုက်သည်။ သူ၏ အဖြူရောင်၀တ်စုံက လေနှင့်အတူ တစ်ဖျတ်ဖျတ် လွင့်နေခဲ့ပြီး အနက်ရောင်ဆံနွယ်များက ကျောထက်၌ဖြာကျလျက် ညင်သာစွာ လှုပ်ယမ်းနေ၏။

သူ့မျက်၀န်းများက ကြယ်များအလား တောက်ပနေပြီး လေထဲ၌ တည်ငြိမ်စွာ ရပ်နေခဲ့သည်။

ပတ်၀န်းကျင်တစ်ခွင်လုံးလည်း တိတ်ဆိတ်နေပြီး လူတိုင်း၏ မျက်လုံးများက ရွှမ်ယီ၏ ခေါင်းထက်၌ ဖြည်းညှင်စွာ လှည့်ပတ်နေသော စိတ်ဝိညာဉ်ဒြပ်စင် (၄၅)ခု အပေါ်သို့ ကျရောက်နေ၏။

ရွှမ်ယီ၏ ဒဏ္ဍာရီဆန်သော အဆင့်ချိုးဖျက်မှုအား မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရပြီးဖြစ်သည်တိုင် အစစ်အမှန်ဟု မယုံကြည်နိုင်သေးပေ။

အိမ်မက်တစ်ခုပမာ ခံစားနေရ၏။

ထိုအချိန်တွင် မူလက အနှိုင်းမဲ့ သန်မာနေသော ရွှမ်ယီ၏ အရှိန်အဝါက ရုတ်တရက် ထိုးကျသွားလေသည်။

ထိုအချင်းအရာအား ရွှမ်ယီအပေါ် အလွန်အာရုံစိုက်နေသူများ သတိပြုမိသွားလျှင် အလွန်အံ့ဩသွားကြ၏။

“ဘာဖြစ်တာလဲ…?”

“ လျှို့ဝှက်ဘုရင်က ကောင်းကင်ဘုရင်အဆင့်ကို ရောက်သွားပြီမဟုတ်လား…? သူ့ အရှိန်အဝါက ဘာလို့ ရုတ်တရက်ကြီး အားနည်းသွားတာလဲ…”

“ မဟုတ်သေးဘူး… သူ့အဆင့်တွေကျကုန်ပြီ…”

လူတိုင်း အုတ်အော်သောင်းတင်းဖြစ်သွား၏။ မိုးတိမ်အင်ပါယာလည်း ငြိမ်ပြီး ထိုင်မနေနိုင်တော့ချေ။

နတ်တိမ်တိုက်များ ရွေ့လျားပြီး ရွှမ်ယီထံသို့ ဦးတည်လိုက်သည်။

ဘာတွေဖြစ်နေကြောင်း သူသိချင်နေ၏။

ထိုအချိန်တွင် သူ၏ လမ်းကြောင်းအား အေးခဲနေသော စွမ်းအားများက ရုတ်တရက် ပိတ်ဆို့လိုက်သည်။

ထို့နောက် ပင်းယု ထွက်ပေါ်လာ၏။

“ ရွှမ်ယီက အရေးကြီးတဲ့ အခိုက်အတန့်တစ်ခုကို ရောက်နေပါတယ်… ကျေးဇူးပြုပြီး အနှောက်အယှက်မပေးပါနဲ့ လေးစားရပါသော မိုးတိမ်အင်ပါယာ…”

“ ပင်းယု…!”

ပတ်၀န်းကျင်မှ ဘုရင်များက ပင်းယုအား မှတ်မိသွားပြီး အော်ဟစ်လိုက်ကြသည်။

မိုးတိမ်အင်ပါယာက ရွှမ်ယီအား အလွန်အလေးထားသူဖြစ်၏။ သို့ဖြစ်ရာ ထိုအမျိုးသမီးက ရွှမ်ယီ၏ တာအိုကာကွယ်သူများ အနက်မှ တစ်ယောက်ဖြစ်ကြောင်း သိထားသည်။

ပင်းယုက သူ့အား တားဆီးခဲ့ခြင်းအပေါ် အနည်းငယ်မှ စိတ်မရှိပေ။ ထိုအစား အလွန်သိချင်နေသဖြင့်

“ ကောင်းပြီ.. ဒါဆို ငါ ရှေ့ဆက်မသွားတော့ဘူး… ဒါပေမယ့် ပင်းယု.. မင်း ရိုးရိုးသားသားဖြေပေးပါ… ရွှမ်ယီ ဘာဖြစ်သွားတာလဲ…”

ပင်းယုက နောက်လှည့်ပြီး ရွှမ်ယီရှိရာသို့ လှည့်ကြည့်လိုက်သည်။ ထို့နောက် သူမ မျက်နှာထက်၌ ထူးဆန်းသော အလင်းတစ်ခု ဖြတ်ပြေးသွား၏။

“ သူ… သူရဲ့ ကျင့်စဉ်ကို ပြောင်းနေတာ…”

“ ဟမ်…”

လူတိုင်း ထိတ်လန့်တကြား ရေရွတ်လိုက်ကြ၏။

ပတ်၀န်းကျင်ကြောင့် အနှောက်အယှက်မဖြစ်စေရန် အလို့ငှာ ရွှမ်ယီ မျက်လုံးမှိတ်ပြီး အာရုံ(၅)ပါးကို ပိတ်ဆို့ထားလိုက်သည်။

သူ၏ ခန္ဓာကိုယ်နှင့် စိတ်အစဉ်က စနစ်မှပေးအပ်သော ကျင့်စဉ်ထဲ၌ နစ်မြုပ်သွားတော့၏။

နီဗားနားကျမ်းစာ…

အဆင့်မြင့် တာအိုအဆင့် ကျင့်စဉ်…

အမှန်တွင် ကျင့်ကြံသူများအနေဖြင့် လူသားဘုရင်အဆင့်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် ၎င်းတို့၏ ကျင့်စဉ်ကိုပြောင်းလဲရန် မဖြစ်နိုင်တော့ပေ။

အကယ်၍ မဖြစ်မနေပြောင်းလဲလိုပါက ၎င်းတို့ကျင့်ကြံမှုအား ဖျက်ဆီးပြီး အစောပိုင်း မူလဘုရင်အဆင့်မှ ပြန်လည် ကျင့်ကြံရပေလိမ့်မည်။

သို့သော် ထိုလုပ်ငန်းက အချိန်နှင့် အရင်းအမြစ် များစွာလိုအပ်သည်။

မိမိ၏ ကျင့်ကြံမှုအား ကိုယ်တိုက်ဖျက်ဆီးရသည်မှာ မလွယ်ကူသည့်အပြင် တန်ပြန်ရိုက်ခတ်မှုများလည်း ရှိနိုင်၏။

၎င်းက ကောင်းကင်ဓားအင်ပါယာ အဘယ်ကြောင့် ၎င်း၏ ကျင့်စဉ်သာမက အရင်းအမြစ်များပါ အမွေအနှစ်အဖြစ်ပေးမည်ဟု ပြောခဲ့ရခြင်း အကြောင်းအရင်းပင်။

တောင်ပိုင်းတိုက်ကြီးမှ ပါရမီရှင်များအနေဖြင့် ကျင့်စဉ်ပြောင်းလဲခြင်းကို အလွယ်တကူ ဆုံးဖြတ်ချက် မချနိုင်ကြပေ။

၎င်းက ယာယီပျက်စီးခြင်းမဟုတ်ဘူး မိမိ၏ စွမ်းအားအရင်းအမြစ်ကို တိုက်ရိုက်ထိခိုက်စေသည်။

သူတို့အနေဖြင့် အင်ပါယာအဆင့် ကျင့်စဉ်၏ အကူအညီဖြင့်ပင် တစ်ဘ၀လုံး ရှေ့သို့ အနည်းငယ်မျှ မတိုးတက်တော့သည့် အခြေအနေမျိုးပင် ဖြစ်နိုင်ချေရှိ၏။

သို့သော် စနစ်မှ ထုတ်ပေးခဲ့သော နီဗားနားကျမ်းစာ၌ ထိုကဲ့သို့ပြစ်ချက်များ မရှိပေ။

အဘယ်ကြောင့်ဆိုသော် နီဗားနားကျမ်းစာက ဟွမ်ဂျီဆုဒြာ၏ ပြည့်စုံသော ဗားရှင်းဖြစ်ပေသည်။

တိတိကျကျဆိုရလျှင် ဟွမ်ဂျီဆုဒြာအား စနစ်မှ အဆင့်မြှင့်ပေးထားခြင်းဖြစ်၏။

ဟွမ်ဂျီဆုဒြာအား ကျင့်ကြံခဲ့သော ရွှမ်ယီအနေဖြင့် စနစ်မှထုတ်ပေးသော နီဗားနား ကျမ်းစာနှင့် အလွယ်တကူ ချိတ်ဆက်နိုင်ခဲ့သည်။

၎င်းအား အသုံးပြုပြီး သူ၏ ကျင့်ကြံမှုလမ်းကြောင်းကို ပြန်လည်တည်ဆောက်နိုင်သည်။

“ ဒီကိစ္စက အန္တရာယ်မရှိပေမယ့် ဥပဒေသစွမ်းအားတွေ အများကြီးလိုအပ်တယ်…”

ရွှမ်ယီ မျက်မှောင်ကြုတ်လိုက်၏။ သို့သော် တစ်ခဏမျှအကြာတွင် စိတ်သက်သာရာရသွားဟန်ဖြင့် သက်ပြင်းချလိုက်သည်။

“ ငါ တော်တော်လေး ကံကောင်းတာပဲ…”

ရွှမ်ယီ မျက်လုံးဖွင့်လိုက်ပြီးနောက် သူ့အကြည့်များက မလှမ်းမကမ်းမှ လျှပ်စီး ရေကန်ပေါ်သို့ ကျရောက်သွားခဲ့သည်။

All Chapters