အခန်း (၄၁၁)
Vol. 28 Ch. 411
ကောင်းကင်အတိဒုက္ခက ပျောက်ကွယ်သွားပြီဖြစ်သော်လည်း လျှပ်စီးရေကန်ကမူ ကျန်နေသေး၏။
၎င်းအတွင်း၌ ပါ၀င်သော စွမ်းအားများမှာ သဘာ၀တရားကြီးမှ မွေးဖွားလာသည့် ကောင်းကင်နှင့် မြေပြင်အကြား အသန့်စင်ဆုံးသော ဥပဒေသ စွမ်းအားများဖြစ်သည်။
တာအိုအရင်းအမြစ်များထက်ပင် ပို၍ အဖိုးတန်၏။
မှန်ပေသည်။ ဆိုးကျိုးသက်ရောက်မှုများလည်းရှိ၏။
သို့သော် ရွှမ်ယီက အနည်းငယ်မျှ စိတ်ပူခြင်းမရှိချေ။
စနစ်၏ အကူအညီဖြင့် ပြသနာအားလုံး ဖြေရှင်းပြီးသားပင်။
သူ့တွင် သတ္တိနှင့် လုပ်နိုင်စွမ်းမရှိပါက စနစ်ကို အားကိုးမည်။
မည့်သို့သော ဓားသမားမျိုးနည်း…!
ထို့နောက် ရွှမ်ယီ၏ အကြည့်များက စနစ် သိုလှောင်အိတ်ထံ ကျရောက်သွားခဲ့သည်။
ထိုနေရာတွင် အနီရောင်အလင်းများ ဖြာထွက်နေ၏။
ရွှမ်ယီ၏ အကြည့်များက အနီရောင်စိတ်ဝိညာဉ်အလင်းများအား ဖြတ်ကျော်ပြီး အတွင်းရှိ ပစ္စည်းထံ တိုက်ရိုက် ကျရောက်သွားသည်။
ထိုနေရာတွင် ကြက်သွေးရောင်ဓားရှည်များ ရှိနေခဲ့၏။ စုစုပေါင်း (၇)လက်ဖြစ်ပေသည်။
ဖန်ဂျီဓားလည်း ထိုနေရာ၌ ရှိနေ၏။
“ ခုနှစ်သွယ် သတ်ဖြတ်ခြင်း ဓားအစီအရင်… ဓားတစ်လက်စီက ထိပ်တန်းအဆင့်(၆) မှာရှိတယ်… ခုနှစ်လက်ကို ပေါင်းစပ်အသုံးပြုရင် အလယ်အလတ် တာအို မှော်ရတနာနဲ့ ယှဉ်နိုင်တယ်…”
သို့သော် ရွှမ်ယီအား အဓိက၀မ်းသာသွားစေသောအရာက နောက်ဆုံးမှ မှတ်ချက်ဖြစ်၏။
“ ဓားများအား ဆက်လက်သန့်စင်ပြီး အဆင့်မြှင့်နိုင်သည်…”
ရွှမ်ယီ၏ မျက်၀န်းများတောက်ပသွား၏။ ပြစ်ဒဏ်လျှပ်စီးများထက် စိတ်ဝိညာဉ်ပစ္စည်းများအား အဆင့်မြှင့်ရန်ပို၍ သင့်တော်သော အရာ ရှိဦးမည်လော။
ရွှစ်…
အနည်းငယ်မျှ နှောင့်နှေးမနေပဲ လျှပ်စီးရေကန်အတွင်း ပြေး၀င်သွားလိုက်၏။
ဘုန်း…
ထိုအခါ ပျောက်ကွယ်သွားတော့မည့် လျှပ်စီး ရေကန်က တုန်ခါသွားခဲ့သည်။
ရွှမ်ယီ၏ လုပ်ရပ်က ကောင်းကင်အား ရန်စလိုက်ခြင်းပင်။
“ လျှို့ဝှက်ဘုရင် ရူးသွားပြီလား…”
ထိုမြင်ကွင်းအား မြင်လိုက်လျှင် လူအများ ငြိမ်မနေနိုင်တော့ပေ။ မိုးတိမ်အင်ပါယာပင် အလွန်ထိတ်လန့်ပြီး ဆွံ့အသွားခဲ့ရသည်။
ရှေးဟောင်းစစ်မြေပြင်မှ အလွန်ဝေးကွာသော ဓားကိုးစင်းတောင်ထိပ်တွင်
ရွှမ်ယီ၏ အဆင့်ကျော်ဖြတ်မှု အောင်မြင်စွာ ပြီးမြောက်သွားသောကြောင့် ကောင်းကင်ဓားအင်ပါယာက သူကြည့်ရှုနေခဲ့သော အလင်းဖန်သားပြင်အား ပိတ်ရန်ပြင်လိုက်သည်။
သို့သော် သူပိတ်တော့မည့်အချိန် မြင်လိုက်ရသော မြင်ကွင်းကြောင့် တစ်ကိုယ်လုံး တောင့်တင်းသွားခဲ့ရ၏။
ဘုန်း…
လူအများ၏ ထိတ်လန့်နေသော အကြည့်များအောက်တွင် ကောင်းကင်ထက်မှ ပြစ်ဒဏ်မိုးကြိုး (၉)စင်း ကျဆင်းလာခဲ့သည်။
လက်ရှိအချိန်တွင် သူတို့အားလုံး အလွန်ထိတ်လန့်နေကြသဖြင့် မည်သည့်စကားမှ မဆိုနိုင်ကြတော့ချေ။
ရွှမ်ယီက ကျဆင်းလာသည့် မိုးကြိုးများအား လက်သီးဖြင့် ဖြိုခွင်းလိုက်ပြီးမှ သတိပြန်လည်လာကြသည်။
“ ကောင်းကင်ရဲ့ အမျက်ဒေါသကိုသွားဆွနေတာပဲ… လျှို့ဝှက်ဘုရင်က သူ့ကိုယ်သူ တစ်လောကလုံးမှာ ပြိုင်ဘက်ကင်းသွားပြီး ထင်နေတာလား…?”
ကောင်းကင်ဘုံ၏ စွမ်းအားက အတိုင်းအဆကင်းမဲ့လှသည်။ ၎င်းအား သွားရောက် ရန်စခြင်းက ဖြစ်သင့်သော ကိစ္စမဟုတ်ချေ။
ပြစ်ဒဏ်မိုးကြိုး (၉)စင်းက အမြည်းသဘော ကျဆင်းလာခြင်းသာဖြစ်၏။
ထို့နောက် အသံကျယ်ကြီးများမြည်ဟည်းလျက် ပြစ်ဒဏ်မိုးကြိုး (၁၈)စင်း ထပ်မံကျဆင်းလာခဲ့သည်။
ဂျိန်း.. ဒလိန်း..
အုန်း…
ရွှမ်ယီ၏ ပုံရိပ် မိုးကြိုးလျှပ်စီးများအောက်၌ နစ်မြုပ်သွားလေသည်။
သို့သော် ရွှမ်ယီက အနည်းငယ်မျှ ထိတ်လန့်မသွားခဲ့ပေ။
ရုပ်ခန္ဓာချည်းသက်သက်ဖြင့် ၎င်းတို့အား ခုခံလိုက်၏။ သူ၏ ခန္ဓာကိုယ်က ကောင်းကင်ဘုရင်အဆင့်သို့ ရောက်ရှိပြီးနောက် ယခင်ထက် များစွာ သန်မာလာခဲ့သည်။
လက်ရှိအချိန်တွင် သူ၏အရှိန်အဝါက များစွာ လျော့ကျနေပြီး စိတ်ဝိညာဉ်ဒြပ်စင်များကလည်း ပျက်စီးလုနီးပါးဖြစ်နေ၏။
သို့သော် ထို မိုးကြိုးများအား ဆန့်ကျင်ရန် လုံလောက်ပေသည်။
အုန်း..ဘန်း..
ဒုတိယအကျော့ ကျဆင်းလာသည့် ပြစ်ဒဏ်မိုးကြိုးများလည်း ပျက်စီးသွားပြီ သန့်စင်သော ဥပဒေသစွမ်းအားများအဖြစ်ပြောင်းလဲကာ ရွှမ်ယီ၏ စုပ်ယူခြင်းခံလိုက်ရသည်။
ပျက်စီးလုနီးပါးဖြစ်နေသော စိတ်ဝိညာဉ်ဒြပ်စင်များ ပြန်လည်တည်ငြိမ်သွားခဲ့၏။
သို့သော် ကောင်းကင်အတိဒုက္ခက ပြီးဆုံးခြင်းမရှိသေးချေ။
ရုတ်တရက် လျှပ်စီးရေကန်၏ အထက်တည့်တည့်၌ ရေဝဲကြီးတစ်ခုပုံစံ ထွက်ပေါ်လာ၏။
၎င်း ထွက်ပေါ်လာသည်နှင့် အောက်ဘက်မှ ကြည့်နေသူတိုင်း ဆံပင်များပင် ထောင်သွားသည့်အလား ခံစားလိုက်ရသည်။
ရွှမ်ယီလည်း ထိုရေဝဲသဏ္ဌာန်ကြီးအား မော့ကြည့်လိုက်လျှင် ကမ္ဘာကြီး၏ အဆုံးသတ်သို့ ရောက်သွားသည့်အလား ခံစားလိုက်ရလေသည်။
တစ်ကိုယ်လုံး အေးစက်သွားခဲ့၏။
ထိုရေဝဲကြီးထွက်ပေါ်လာသည့်နှင့် ကောင်းကင်ကြီးအား ဖိကြိတ်လိုက်သလိုဖြစ်သွားပြီး ၎င်းအတွင်း၌ ပါ၀င်သော စွမ်းအားများကြောင့် ပတ်၀န်းကျင်မှ လေဟာနယ်များပင် ပေါက်ကွဲသွားခဲ့လေသည်။
ထိုရေဝဲကြီးအတွင်းပိုင်းက လုံး၀ နက်မှောင်နေခဲ့ပြီး ၎င်း၏ အလည်တည့်တည့်တွင် ညကောင်းကင်ယံမှ လမင်းကြီးသဖွယ် လျှပ်စီးများဖြင့် ဖွဲ့စည်းထားသော အလင်းဘောလုံးကြီးတစ်ခုက ဖြည်းညှင်းစွာ လည့်ပတ်နေ၏။
တစ်ချိန်တည်းတွင်း လျှပ်စီး ရေကန်ကလည်း ပေါက်ကွဲသွားပြီး ကောင်းကင်ထက်မှ အလင်းဘောလုံးကြီးနှင့် သွားရောက်ပေါင်းစပ်သွားသည်ကို မြင်လိုက်ရသည်။
ကောင်းကင်နှင့် မြေပြင်တစ်ခုလုံး အလွန်အမင်း တုန်ခါသွား၏။
အုန်း…
အလင်းလုံးကြီးက ပေါက်ကွဲသွားပြီး ရှေးဟောင်းစစ်မြေပြင်တစ်ခုလုံး အလင်းများဖြင့် ဖုံးလွှမ်းသွားခဲ့သည်။
မိုးတိမ်အင်ပါယာလည်း ခန္ဓာကိုယ် အပြင်းအထန် တုန်ခါသွား၏။ ထို့နောက် ပေါက်ကွဲမှုမှ စွမ်းအားများကို တားဆီးရန်အတွက် သူ၏ ကိုယ်ပိုင်လက်နက်ဖြစ်သော နတ်ဘုရားတိမ်တိုင်အား အသုံးပြုလိုက်သည်။
ထို့အခါ အလင်းကန့်လန့်ကာကြီးတစ်ခုဖြစ်ပေါ်လာပြီး ရွှေနန်းတော် ပတ်၀န်းကျင်မှ လူတိုင်းအား ကာကွယ်ပေးထားလိုက်၏။
“ ဒါ ဘာကြီးလဲ…”
လူတိုင်း အလွန်တုန်လှုပ်သွားခဲ့ကြသည်။
အင်ပါယာတစ်၀က်အဆင့် ကျင့်ကြံသူများလည်း ချွင်းချက်မဟုတ်ချေ။ ထိုအလင်းလုံးကြီးက ဘာဖြစ်ကြောင့် သူတို့ မသိကြပေ။
“ ဒါက အင်ပါယာအဆင့်ကျင့်ကြံသူတွေရဲ့ မိုးကြိုးကပ်ဘေးမှာတောင် ဖြစ်ပေါ်ခဲတဲ့ မိုးကြိုးပြစ်ဒဏ်ပဲ… အဲ့တာက သာမန် မိုးကြိုးမဟုတ်ဘူး… ဥပဒေသစွမ်းအားတွေကနေ ဖွဲ့စည်းလာတဲ့ မိုးကြိုးဝိညာဉ်ပဲ…”
မိုးတိမ်အင်ပါယာက တိုးညှင်းစွာ ပြောလိုက်၏။ စကားများက အနည်းငယ်တုန်ယင်နေခဲ့ပြီး ထိတ်လန့်မှုက ဖုံးကွယ်မရချေ။
ရွှမ်ယီ ကျင့်စဉ်ပြောင်းနေသည့်ဟု ပင်းယုပြောခဲ့ကတည်းက ကောင်းကင်အတိဒုက္ခအား တဖန်ပြန်လည် ခံယူမည်ဟု သူခန့်မှန်းမိခဲ့ပြီးသားပင်။
ရွှမ်ယီအနေဖြင့် ပိုမိုခိုင်မာသော အုတ်မြစ်ချကာ စိတ်ဝိညာဉ်ဒြပ်စင်များအား ပြန်လည် ပေါင်းစည်းလိုနေခဲ့သည်။
ရွှမ်ယီ၏ ဆုံးဖြတ်ချက်က ဤမျှ တဇွတ်ထိုးဆန်နေလိမ့်မည့်ဟု သူမမျှော်လင့်ထားခဲ့ချေ။
ထို့အပြင် ရွှမ်ယီ၏ ပင်ကိုယ်ပါရမီက ထိုကောင်းကင်အတိဒုက္ခအား တွန်းလှန်နိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းနေလိမ့်မည့်ဟု လုံး၀ ထင်မထားခဲ့ချေ။
ကြီးမားသော လျှပ်စီး အလင်းဘောလုံးကြီး ပေါက်ကွဲသွားပြီးနောက် ၎င်းအတွင်းမှ ခရမ်းရောင် ချီလင်တစ်ကောင် ထွက်ပေါ်လာခဲ့သည်။ ၎င်း၏ အရှိန်အဝါကြောင့် ကမ္ဘာကြီးက တုန်လှုပ်နေခဲ့ပြီး ကောင်းကင်နှင့် မြေပြင်အား ဖျက်ဆီးတော့မည့် စွမ်းအားများ သယ်ဆောင်လျက် ရွှမ်ယီထံ ဦးတည် တိုက်ခိုက်လိုက်၏။
ဘုန်း…
၎င်း၏ လက်ဖြင့် တစ်ချက်ရိုက်လိုက်ရုံမျှဖြင့် ရွှမ်ယီ နောက်သို့ လွင့်စင်သွားခဲ့သည်။ ရွှမ်ယီ၏ နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာပြီး နောက်ကျောဘက်၌ စိတ်ဝိညာဉ်ဒြပ်စင် (၄၅)ခု ထွက်ပေါ်လာလေ၏။
ဘန်း…
ရွှမ်ယီ အနည်းငယ်တုန်လှုပ်သွားခဲ့သည်။
ထို ခရမ်းရောင်ချီလင်၏ တိုက်ခိုက်မှုက သူ ထပ်မံဖွဲ့စည်းခဲ့သော ကြက်သွေးရောင် စိတ်ဝိညာဉ်ဒြပ်စင်များအား တိုက်ရိုက်ထိမှတ်ခဲ့သော ကြောင့်ပင်။
ပေါက်ကွဲသွား၏။
အစပိုင်းတွင် ရွှမ်ယီက အထွတ်အထိပ်ကောင်းကင်ဘုရင်အဆင့်၌ ရှိနေခဲ့သည်။ သို့သော် စိတ်ဝိညာဉ်ဒြပ်စင်များ ပေါက်ကွဲမှုနှင့်အတူ ကျင့်ကြံမှုက နှောင်းပိုင်း ကောင်းကင်ဘုရင်အဆင့်သို့ လျှောကျသွား၏။